မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု ပိုရှိလာအောင် ငါဘယ်လိုလုပ်ရမလဲ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု ပိုရှိလာအောင် ငါဘယ်လိုလုပ်ရမလဲ

အခန်း ၁၂

ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု ပိုရှိလာအောင် ငါဘယ်လိုလုပ်ရမလဲ

ဟုတ် မဟုတ်

မှန်ကြည့်တဲ့အခါ မြင်ရတဲ့ကိုယ့်ပုံကို သဘောကျသလား □ □

ချီးမွမ်းစရာ အရည်အချင်းကောင်းတွေရှိတယ်လို့ ခံစားရသလား □ □

ရွယ်တူချင်းဖိအားကို ကြံ့ကြံ့ခံနိုင်သလား □ □

ခိုင်လုံတဲ့ဝေဖန်ပြောဆိုမှုတွေကိုလက်ခံနိုင်သလား □ □

ကိုယ့်အကြောင်း မဟုတ်တမ်းတရမ်း အပြောခံရတဲ့အခါဖြေရှင်းနိုင်သလား □ □

အချစ်ခံရသလား □ □

ကျန်းမာရေးကိုဂရုစိုက်သလား □ □

တခြားသူတွေအောင်မြင်တဲ့အခါ ၀မ်းသာသလား □ □

သင့်ကိုယ်သင် အောင်မြင်သူတစ်ယောက်လို့ ယူဆသလား □ □

သင်ဟာ အထက်ပါမေးခွန်းအများစုကို မဟုတ်ဘူးဆိုပြီး ခြစ်ထားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုနည်းတဲ့အတွက် ကိုယ့်အားသာချက်တွေကို မမြင်တာဖြစ်မယ်။ ဒါဆို ဒီအခန်းက သင့်အားသာချက်တွေကို မြင်တတ် လာအောင် ကူညီပေးပါလိမ့်မယ်။

လူငယ်အများစုဟာ ကိုယ့်ရုပ်ရည်သွင်ပြင်၊ အစွမ်းအစတွေကို ရွယ်တူချင်းတွေနဲ့ နှိုင်းယှဉ်တာကြောင့် အခက်ကြုံနေကြတယ်။ သင်ကော အဲဒီလိုကြုံနေရသလား။ ကြုံနေရတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

“ကျွန်မရဲ့အားနည်းချက်တွေကြောင့် သိပ်အားငယ်တာပဲ။ ကိုယ့်ကိုယ်ကိုယ် အမြဲအပြစ်တင်နေမိတယ်။” —လက်တီရှာ။

“ကိုယ်က ဘယ်လောက်ပဲ ချောမောလှပနေပါစေ ကိုယ့်ထက်ပိုလှတဲ့သူတွေကို တွေ့ရတတ်တယ်။—ဟေလီ။

“ကျွန်မက အရမ်းရှက်တတ်လို့ လူတောမတိုးဘူး။ ကျွန်မကို အသုံးမကျတဲ့သူလို့ တခြားသူတွေထင်မှာ စိုးရိမ်မိတယ်။”—ရေချယ်လ်။

သူတို့ပြောသလို သင်ကြုံနေရတယ်ဆိုရင် စိတ်မပျက်ပါနဲ့။ သင် အကူအညီရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုပိုရှိစေတဲ့ အချက်သုံးချက်ကို လေ့လာကြည့်ရအောင်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

အခြားသူတွေအတွက် တစ်ခုခုလုပ်ပေးပါ

အဓိကကျမ်းချက်။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။”—တမန်တော် ၂၀:၃၅

ဘာအဓိပ္ပာယ်လဲ။ တခြားသူတွေကို ကူညီပေးတဲ့အခါ ကိုယ်တိုင်လည်း အကျိုးခံစားရတယ်။ ဘယ်လိုနည်းနဲ့လဲ။ “ရက်ရောသူက အကျိုးခံစားရလိမ့်မယ်။ သူတစ်ပါးကို ရေတစ်ခွက်တိုက်ရင် ကိုယ်လည်း ရေတစ်ခွက်ပြန်ရလိမ့်မယ်” ဆိုပြီး သုတ္တံကျမ်းမှာ ဖော်ပြထားတယ်။ (သုတ္တံ ၁၁:၂၅Contemporary English Version) သူတစ်ပါးကို ကူညီပေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုပိုရှိလာမှာ အမှန်ပါပဲ။ *

“အသင်းတော်မှာ အကူအညီလိုအပ်နေတဲ့ ညီအစ်ကိုညီအစ်မတွေအတွက် ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားပြီး တတ်နိုင်သလောက် ကြိုးစားကူညီပေးတယ်။ အဲဒီလို သူတို့ကိုအချိန်ပေးပြီး မေတ္တာပြတာက ကျွန်မကို ပိုပျော်ရွှင်စေတယ်။”—ဘရီအဲနာ။

“အမှုတော်ဆောင်လုပ်ငန်းက အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်း မစဉ်းစားဘဲ တခြားသူတွေအကြောင်း စဉ်းစားဖို့ ကူညီပေးလို့ပဲ။”—ဂျာဗန်။

သတိပြုပါ– တစ်ခုခုပြန်ရဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ တခြားသူတွေကို မကူညီပါနဲ့။ (မဿဲ ၆:၂-၄) အဲဒါက သင့်အတွက် အကူအညီဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ သင့်မှာ စိတ်ထားမှန်မရှိတာကို လူတွေသိသွားမှာပဲ။—၁ သက်သာလောနိတ် ၂:၅၊ ၆

သင်ကော။ အရင်က သင်ကူညီပေးခဲ့ဖူးသူ တစ်ယောက်ယောက်ကို စဉ်းစားကြည့်ပါ။ သူက ဘယ်သူလဲ။ သူ့အတွက် ဘာလုပ်ပေးခဲ့သလဲ။

․․․․․

ကူညီပေးပြီးတဲ့အခါ သင်ဘယ်လိုခံစားရသလဲ။

․․․․․

သင် ကူညီပေးနိုင်တဲ့သူတစ်ယောက်ယောက်ကို စဉ်းစားကြည့်ပြီး သူ့ကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ရေးပါ။

․․․․․

သူငယ်ချင်းကောင်းရှာပါ

အဓိကကျမ်းချက်။ ‘မိတ်ဆွေစစ်ဟာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာကူညီပေးဖို့ မွေးဖွားလာတဲ့ ညီအစ်ကိုပဲ။’—သုတ္တံ ၁၇:၁၇ကဘ။

ဘာအဓိပ္ပာယ်လဲ။ သူငယ်ချင်းကောင်းဆိုတာ အခက်အခဲဒုက္ခကြုံချိန်မှာ အစွမ်းကုန်ကူညီပေးတယ်။ (၁ ဓမ္မရာဇဝင် ၁၈:၁; ၁၉:၂) ကိုယ့်ကို တစ်ယောက်ယောက် ဂရုစိုက်တယ်ဆိုတဲ့ အသိစိတ်လေးကတောင် လန်းဆန်းစေတယ်။ (၁ ကောရိန္သု ၁၆:၁၇၊ ၁၈) ဒါကြောင့် ကိုယ့်အပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးနိုင်သူတွေနဲ့ ရင်းနှီးအောင်လုပ်ပါ။

“သူငယ်ချင်းကောင်းဆိုတာ အားဆေးတစ်ခွက်ပဲ။” —ဒန်နီ။

“ကိုယ့်ကို တစ်ယောက်ယောက်က စိတ်ရင်းနဲ့ဂရုစိုက်ပေးမှန်း သိထားတာ အရမ်းကောင်းတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ခံစားရစေတယ်။” —ဟယ်သာ။

သတိပြုပါ။ အပေါင်းအသင်းဆံ့အောင်လို့ ကိုယ့်သရုပ်မှန်ကို ဖုံးကွယ်ပြီး ဟန်ဆောင်တာမျိုး မလုပ်ပါနဲ့။ (သုတ္တံ ၁၃:၂၀; ၁၈:၂၄; ၁ ကောရိန္သု ၁၅:၃၃) တခြားသူတွေအထင်ကြီးတာ ခံချင်တာနဲ့ပဲ ပညာမဲ့လုပ်ရပ်တွေ လုပ်မယ်ဆိုရင် သိမ်ငယ်စိတ်ဝင်လာမယ်၊ အသုံးချခံရတယ်လို့ ခံစားမိလာမယ်။—ရောမ ၆:၂၁

သင်ကော။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုပိုရှိလာအောင် သင့်ကို ကူညီပေးနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့နာမည်ကို အောက်မှာရေးပါ။

․․․․․

အဲဒီသူငယ်ချင်းနဲ့ အချိန်ပေးပေါင်းသင်းဖို့ စီစဉ်ပါ။ မှတ်ချက်– သူက သင်နဲ့သက်တူရွယ်တူဖြစ်ဖို့ မလိုဘူး။

အမှားလုပ်မိတဲ့အခါ စိတ်ဓာတ်မကျပါနဲ့

အဓိကကျမ်းချက်။ “လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ ဘုန်းတော်ကို မမီကြ။”—ရောမ ၃:၂၃

ဘာအဓိပ္ပာယ်လဲ။ ရှောင်လွှဲလို့မရတဲ့ အမှန်တရားကတော့ သင်ဟာ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ဘူး။ အမှားလုပ်မိတဲ့အခါတွေ ဒါမှမဟုတ် ပြောမှားဆိုမှားမိတဲ့အခါတွေ ရှိမှာပဲ။ (ရောမ ၇:၂၁-၂၃; ယာကုပ် ၃:၂) အမှားမလုပ်မိအောင် ရှောင်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အမှားလုပ်မိတဲ့အခါ သင့်ရဲ့တုံ့ပြန်ပုံကိုတော့ ထိန်းချုပ်နိုင်တယ်။ ‘ဖြောင့်မတ်သူက ခုနစ်ကြိမ်လဲရင်တောင် ပြန်ထလိမ့်မယ်’ လို့ ကျမ်းစာပြောတယ်။—သုတ္တံ ၂၄:၁၆ကဘ။

“ကိုယ့်အားနည်းချက်ကို တခြားသူရဲ့အားသာချက်နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ သိမ်ငယ်မိတယ်။”—ကယ်ဗင်။

“လူတိုင်းမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်။ အကောင်းအတွက် ဂုဏ်ယူသင့်ပြီး အဆိုးကို ကြိုးစားပြုပြင်သင့်တယ်။” —လော်ရန်။

သတိပြုပါ– ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ဘူးဆိုတဲ့အချက်ကို ခုတုံးလုပ်ပြီး အပြစ်ကျူးလွန်နေဖို့ မဟုတ်ဘူး။ (ဂလာတိ ၅:၁၃) အမှားတွေကို တမင်တကာ ကျူးလွန်မယ်ဆိုရင်တော့ အရေးကြီးဆုံးဖြစ်တဲ့ ယေဟောဝါဘုရားရဲ့မျက်နှာသာ ဆုံးရှုံးသွားနိုင်တယ်။—ဟေဗြဲ ၁၀:၂၆၊ ၂၇

သင်ကော။ သင်တိုးတက်ချင်တဲ့ အရည်အသွေးတစ်ခုကို အောက်မှာရေးပါ။

․․․․․

အဲဒီအရည်အသွေးဘေးမှာ ဒီနေ့ရက်စွဲကို မှတ်ထားပါ။ ဒီအရည်အသွေး တိုးတက်လာအောင် ဘာလုပ်ရမယ်ဆိုတာ ကင်းမျှော်စင်အသင်းထုတ်စာပေတွေမှာ ရှာဖွေလေ့လာပါ။ ပြီးရင် တစ်လအတွင်း ကိုယ်ဘယ်လောက်ထိတိုးတက်နေလဲဆိုတာ စစ်ဆေးကြည့်ပါ။

သင့်ရဲ့တန်ဖိုး

“ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက်ကြီးမြတ်” တယ်လို့ ကျမ်းစာဆိုတယ်။ (၁ ယောဟန် ၃:၂၀) အဲဒီအချက်က သင်ကိုယ်တိုင်မမြင်တဲ့ အရည်အချင်းကောင်းတွေကို ကိုယ်တော်မြင်ပြီး တန်ဖိုးထားတယ်ဆိုတာ နားလည်စေတယ်။ သင်လုပ်မိတဲ့အမှားတွေက အဲဒါကို ပြောင်းလဲသွားစေမလား။ ဥပမာအနေနဲ့၊ သင့်မှာ ဒေါ်လာ ၁၀၀ တန်တစ်ရွက် ရှိတယ်ဆိုပါစို့။ အဲဒါက နည်းနည်းလေးပြဲနေတယ်။ ဒါဆိုရင် အဲဒီပိုက်ဆံကို လွှင့်ပစ်လိုက်မလား။ တန်ဖိုးမရှိဘူးလို့ သဘောထားမလား။ ဝေးပါသေးတယ်။ ပြဲပြဲ၊ မပြဲပြဲ ဒေါ်လာ ၁၀၀ က ၁၀၀ ပါပဲ။

ဘုရားသခင်လည်း သင့်ကို တန်ဖိုးရှိသူတစ်ယောက်လို့ မြင်တယ်။ သင့်ရဲ့ကောင်းကွက်တွေကို ကိုယ်တော်မမြင်အောင် အပြစ်အနာအဆာတွေက မကာဆီးထားနိုင်ဘူး။ ကိုယ်တော့်စိတ်နဲ့တွေ့အောင် သင်ကြိုးစားလုပ်ဆောင်ခဲ့တာတွေဟာ ဘယ်လောက်ပဲသေးငယ်ပါစေ အဲဒါတွေကို ကိုယ်တော်သိမြင်ပြီး တန်ဖိုးထားတယ်။ မှန်ပါတယ်၊ “ဘုရားသခင်သည် သင်တို့၏လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်” လို့ ကျမ်းစာမှာကတိပြုထားတယ်။—ဟေဗြဲ ၆:၁၀

နောက်အခန်းမှာဖတ်ကြည့်ပါ

ဝမ်းနည်းပူဆွေးပြီး သောကဖိစီးနေတဲ့အခါတွေ ရှိသလား။ ဒါဆိုရင် သင်ဘာလုပ်နိုင်မလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 21 သင်ဟာ ယေဟောဝါသက်သေတစ်ယောက်ဆိုရင် တခြားသူတွေကို သတင်းကောင်းပြောပြရာကနေ ရရှိနိုင်တဲ့ရွှင်လန်းမှုတွေကို စဉ်းစားကြည့်လိုက်ပါ။—ဟေရှာယ ၅၂:၇

အဓိကကျမ်းချက်

“လူတိုင်း ကိုယ်ပြုသောအမှုကို ဆန်းစစ်ပါစေ။ သို့ပြုလျှင် သူတစ်ပါးနှင့် ကိုယ်ကိုမနှိုင်းယှဉ်ဘဲ ကိုယ့်အမှု၌သာ အားရရွှင်လန်းစရာအကြောင်း ရှိလိမ့်မည်။” —ဂလာတိ ၆:၄

အကြံပြုချက် ✔

‘ငါက အရှုံးသမားပဲ၊’ ‘ငါလုပ်လိုက်ရင် အမြဲတမ်း အမှားမှားအယွင်းယွင်းပဲ’ ဆိုတဲ့ စကားမျိုးတွေ မပြောပါနဲ့။ အဲဒီလိုပုံကြီးချဲ့ပြောဆိုမယ်ဆိုရင် စိတ်ဓာတ်ကျရုံပဲရှိမယ်။ ဒါကြောင့် ကိုယ့်မှာရှိတဲ့အားနည်းချက်တွေကို သာမက အားသာချက်တွေကိုလည်း အသိအမှတ်ပြုပါ။

သင်သိပါသလား . . . ?

သင့်ကိုယ်သင်ရှုမြင်ပုံက သင့်ကို တခြားသူတွေ ဘယ်လိုရှုမြင်တယ်၊ ဘယ်လိုပြုမူဆက်ဆံတယ်ဆိုတဲ့ အချက်ပေါ် အကျိုး သက်ရောက်နိုင်တယ်။

လက်တွေ့လုပ်ကြည့်ပါ

ငါ့ကို ရွယ်တူချင်းတွေ ပြစ်တင်ဝေဖန်တဲ့အခါ ငါလုပ်နိုင်တာက ․․․․․

ကိုယ့်အားနည်းချက်တွေကိုပဲ မြင်တဲ့အခါ ငါလုပ်နိုင်တာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● အများအားဖြင့် လူငယ်တွေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုမရှိတာ ဘာကြောင့်လဲ။

● ကိုယ့်ကိုယ်ကိုယ်လေးစားမှု အတော်အတန်ရှိဖို့ ဘာကြောင့်အရေးကြီးတာလဲ။

[စာမျက်နှာ ၈၈ ပါ အကျဉ်းဖော်ပြချက်]

‘‘အရမ်းကိုချောမောလှပတဲ့သူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးတယ်လို့ ခံစားမိနိုင်တယ်။ ဒါမှမဟုတ် ဆွဲဆောင်မှုမရှိတဲ့သူတစ်ယောက်က လူတွေကြားထဲမှာ ကိုယ်ကသာ အချောဆုံးလို့ ထင်နိုင်တယ်။ အဲဒါတွေက ကိုယ့်သဘောထားပေါ်မှာပဲ မူတည်တယ်။’’—အလီဆာ

[စာမျက်နှာ ၉၀ ပါ ရုပ်ပုံ]

ပိုက်ဆံမှာ အပြဲလေးပါနေတာနဲ့ပဲ တန်ဖိုးမလျော့သွားသလို အပြစ်အနာအဆာတွေရှိတာနဲ့ပဲ ဘုရားသခင့်အမြင်မှာ သင့်တန်ဖိုး မလျော့သွားပါဘူး