မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် ကောင်းမလား

ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် ကောင်းမလား

အခန်း ၁၄

ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် ကောင်းမလား

‘အသက်ရှင်နေတာထက် သေသွားတာက ပိုကောင်းပါတယ်။’ ဒီစကားတွေကို ဘယ်သူပြောခဲ့တာလဲ။ ဘုရားကို မယုံတဲ့သူလား။ ဘုရားကို စွန့်ခွာသွားတဲ့သူလား။ ဘုရားစွန့်ပစ်တာကို ခံရတဲ့သူလား။ တစ်ယောက်မှမဟုတ်ဘူး။ ပြောခဲ့တဲ့သူကတော့ ဘုရားကိုယုံကြည်ပေမဲ့ အရမ်းစိတ်သောကရောက်နေတဲ့ ယောနပါပဲ။—ယောန ၄:၃ကဘ။

ယောနဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်လို့ ကျမ်းစာမပြောပါဘူး။ ဒါပေမဲ့ စိတ်ပျက်လက်ပျက်နဲ့ သူအသနားခံနေတာကိုကြည့်ရင် ဘုရားသခင့်ကျေးကျွန်တစ်ယောက်တောင် အကြီးအကျယ် စိတ်သောကရောက်တဲ့အချိန်တွေ ရှိနိုင်မှန်း သိရတယ်။—ဆာလံ ၃၄:၁၉

လူငယ်တချို့လည်း ခါးသီးတဲ့ဒုက္ခတွေ ကြုံရတဲ့အခါ အသက်ဆက်မရှင်ချင်တော့ဘူးလို့ ခံစားမိတတ်တယ်။ ၁၆ နှစ်အရွယ် လော်ရာလို တွေးမိမှာပဲ။ “စိတ်ကျရောဂါကို နှစ်နဲ့ချီခံစားခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ အကြိမ်ကြိမ်စဉ်းစားဖူးတယ်” လို့ သူပြောပြတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်တယ်လို့ ပြောတဲ့သူတစ်ယောက်ယောက်ကို သင်သိမယ်ဆိုရင် ဒါမှမဟုတ် သင်ကိုယ်တိုင် အဲဒီလိုတွေးမိတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ဘာကြောင့် ဒီလိုတွေးမိတာလဲဆိုတာ အသေးစိတ်လေ့လာကြည့်ရအောင်။

မျှော်လင့်ချက်ပျက်သုဉ်းရတဲ့ အကြောင်းရင်း

ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ဘာကြောင့်တွေးမိတာလဲ။ အခြေအနေအမျိုးမျိုး ရှိနိုင်ပါတယ်။ တစ်ခုကတော့ “ခက်ခဲကျပ်တည်းသောကာလ” မှာ အသက်ရှင်နေရတဲ့အတွက် လူငယ်တွေဟာ ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို အပြင်းအထန်ခံစားနေရတယ်။ (၂ တိမောသေ ၃:၁) ဒါ့အပြင် လူတွေရဲ့ မွေးရာပါအပြစ်ပြုလိုစိတ်ကြောင့် ကိုယ်တိုင်နဲ့တခြားသူတွေကို အပျက်သဘောထားတွေ မြင်မိနိုင်တယ်။ (ရောမ ၇:၂၂-၂၄) မတရားဆက်ဆံခံရတဲ့အတွက်လည်း ဖြစ်နိုင်တယ်။ အခြေအနေတချို့မှာတော့ ကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်တယ်။ ခန့်မှန်းချက်အရ နိုင်ငံတစ်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သူ ၉၀ ရာခိုင်နှုန်းကျော်ဟာ စိတ်ရောဂါတစ်မျိုးမျိုး ခံစားနေရတယ်။ *

ဆင်းရဲဒုက္ခတွေကို ဘယ်သူမှ မရှောင်လွဲနိုင်ပါဘူး။ ကျမ်းစာမှာ “ဖန်ဆင်းခံအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရသည်” လို့ပြောထားတယ်။ (ရောမ ၈:၂၂) အဲဒီထဲမှာ လူငယ်တွေလည်းပါတယ်။ အောက်ပါအခြေအနေဆိုးတွေက လူငယ်တွေကို အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်–

ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်း သေဆုံးသွားတဲ့အခါ

မိသားစုမှာ စကားများရန်ဖြစ်တဲ့အခါ

စာမေးပွဲကျတဲ့အခါ

ချစ်ရေးချစ်ရာ အဆင်မပြေတဲ့အခါ

မတရားဆက်ဆံခံရတဲ့အခါ (ကာယပိုင်း ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပါ၀င်)

လူငယ်တွေဟာ အထက်ပါအခြေအနေတစ်ခု ဒါမှမဟုတ် တစ်ခုထက်မကကို အနှေးနဲ့အမြန် ကြုံရမှာပဲ။ လူငယ်တချို့က အဲဒီအခြေအနေတွေကို တခြားလူငယ်တွေထက် ခါးစည်းခံနိုင်တာ ဘာကြောင့်ဖြစ်မလဲ။ ပညာရှင်တွေရဲ့အဆိုအရ ဘဝကို လက်မြှောက်အရှုံးပေးချင်တဲ့ လူငယ်တွေဟာ အကူအညီမဲ့နေ၊ မျှော်လင့်ချက်မဲ့နေတယ်လို့ ခံစားရတယ်။ နောက်တစ်မျိုးပြောရရင် အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် လမ်းမတွေ့ကြဘူး။ တကယ်တော့ သူတို့မသေချင်ပါဘူး။ ဝမ်းနည်းနာကျင်မှုတွေကိုပဲ အဆုံးသတ်ချင်တာ။

မျှော်လင့်ချက်ရှိသလား

ဝမ်းနည်းနာကျင်မှုတွေ အဆုံးသတ်သွားဖို့ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်နေတဲ့သူ တစ်ယောက်ယောက်ကို သင်သိထားတယ်ဆိုပါစို့။ ဒါဆို ဘာလုပ်နိုင်သလဲ။

သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်သတ်သေချင်တဲ့အထိ စိတ်ဓာတ်ကျနေတယ်ဆိုရင် အကူအညီယူဖို့ သူ့ကို ကြိုးစားဖျောင်းဖျပါ။ သူ့ခံစားချက်အကြောင်း သင့်ကို မပြောပြချင်ဘူးဆိုရင် ယုံကြည်ရတဲ့လူကြီးတစ်ယောက်ကို အသိပေးပါ။ အဲဒီလိုလုပ်လို့ သူငယ်ချင်းနှောင်ကြိုး ပြတ်တောက်သွားမှာ မစိုးရိမ်ပါနဲ့။ အသိပေးတာက သူငယ်ချင်းရဲ့အသက်ကို ကယ်တင်လိုက်တာပဲ။

ဒါပေမဲ့ သင်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ တွေးနေရင်ကော ဘယ်လိုလုပ်မလဲ။ ခံစားချက်ကို မဖုံးကွယ်ထားပါနဲ့။ သင့်ခံစားချက်ကို အလေးအနက်ထားပြီး ဂရုတစိုက်နားထောင်ပေးမယ့် မိဘ၊ သူငယ်ချင်း ဒါမှမဟုတ် တခြားသူကို ရင်ဖွင့်ပြောပြပါ။ သင့်ပြဿနာတွေအကြောင်း ဖွင့်ပြောလိုက်တာက အရှုံးမရှိတဲ့အပြင် အကူအညီတောင်ရနိုင်သေးတယ်။ *

တခြားသူကို ရင်ဖွင့်လိုက်တာနဲ့ ပြဿနာတွေ ပြေလည်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ယုံကြည်စိတ်ချရသူတစ်ယောက်ကို ရင်ဖွင့်လိုက်တာက ကိုယ့်အခြေအနေကို အရှိအတိုင်းမြင်နိုင်အောင် ထောက်ကူပေးတယ်။ လက်တွေ့ကျ ဖြေရှင်းနည်းတချို့တောင် တွေ့လာနိုင်တယ်။

အခြေအနေတွေပြောင်းလဲနိုင်

စိတ်ဓာတ်ကျနေတဲ့အခါ ဒီအချက်ကို သတိရလိုက်ပါ– ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့တဲ့အခြေအနေမျိုးဖြစ်ပါစေ အချိန်တန်တဲ့အခါ အခြေအနေတွေပြောင်းလဲသွားပါလိမ့်မယ်။ ဆင်းရဲဒုက္ခတွေ ကြုံခဲ့ရတဲ့ ဘုရင်ဒါဝိဒ်က တစ်ကြိမ်မှာ ဘုရားသခင်ဆီ အခုလိုဆုတောင်းခဲ့တယ်– ‘ကိုယ်တော်က ကျွန်တော့်ငိုကြွေးခြင်းကို ကခုန်ခြင်းအဖြစ် ပြောင်းလဲပေးတယ်။’—ဆာလံ ၃၀:၁၁ကဘ။

ဘဝမှာ ပျော်စရာတွေ အမြဲကြုံရမယ်လို့ ဒါဝိဒ် မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ဘဝပြဿနာတွေဟာ ပေါ်လာလိုက် ပျောက်သွားလိုက်ဆိုတာ အတွေ့အကြုံကနေ သူသိခဲ့တယ်။ သင့်ပြဿနာတွေလည်း အဲဒီလိုပဲဆိုတာ သတိပြုမိသလား။ အခုချိန်မှာ ပြဿနာတချို့က သင့်အတွက် မခံရပ်နိုင်အောင် ကြီးမားနေမှာပဲ။ ဒါပေမဲ့ စိတ်ရှည်သည်းခံပါ။ အခြေအနေတွေ အကောင်းဘက်ကို ပြောင်းလာနိုင်တယ်။ တစ်ခါတလေ ပြဿနာတွေက ကိုယ်မထင်ထားတဲ့နည်းနဲ့ အဆင်ပြေသွားတတ်တယ်။ ကိုယ်မစဉ်းစားမိတဲ့ဖြေရှင်းနည်းကို ရှာတွေ့တာမျိုးလည်း ဖြစ်နိုင်တယ်။ အဓိကအချက်ကတော့ စိတ်ဓာတ်ကျစေတဲ့ပြဿနာတွေဟာ ဒီအတိုင်းအမြဲရှိနေမှာ မဟုတ်ဘူးဆိုတာပဲ။—၂ ကောရိန္သု ၄:၁၇

ဆုတောင်းခြင်း အကျိုးရှိ

အရေးကြီးဆုံးကတော့ ဆုတောင်းခြင်းပါပဲ။ ဒါဝိဒ်လို သင်ဆုတောင်းနိုင်ပါတယ်– ‘အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာစစ်ဆေးပြီး ကျွန်တော့်စိတ်နှလုံးကို သိလှည့်ပါ။ ကျွန်တော့်ကိုစစ်ဆေးပြီး စိတ်သောကတွေကို သိလှည့်ပါ။ ကျွန်တော့်စိတ်က အန္တရာယ်ရှိတဲ့လမ်းဘက် ဦးတည်နေမနေဆိုတာကို ကြည့်လှည့်ပါ။ ကျွန်တော့်ကို ထာဝရလမ်းထဲ ပို့ဆောင်ပေးလှည့်ပါ။’—ဆာလံ ၁၃၉:၂၃၊ ၂၄ကဘ။

ဆုတောင်းခြင်းက ပြဿနာဖြေရှင်းနည်းတစ်ခုလောက်ပဲ မဟုတ်ဘူး။ အဲဒါက ကောင်းကင်ဖခင်နဲ့ ဆက်သွယ်နေတာ။ ကိုယ်တော်က သူ့ဆီမှာ သင့် “စိတ်နှလုံးကိုဖွင့်ပြ” စေချင်တယ်။ (ဆာလံ ၆၂:၈) ဘုရားသခင်နဲ့ပတ်သက်တဲ့ ဒီအခြေခံအမှန်တရားတွေကို လေ့လာကြည့်ပါ–

သင့်ကိုစိတ်ဓာတ်ကျစေတဲ့ အခြေအနေတွေကို ကိုယ်တော်ကောင်းကောင်းသိတယ်။—ဆာလံ ၁၀၃:၁၄

သင့်ကိုယ်သင် သိတာထက် ကိုယ်တော်ပိုသိတယ်။—၁ ယောဟန် ၃:၂၀

‘ကိုယ်တော်က သင့်ကို ဂရုစိုက်တယ်။’—၁ ပေတရု ၅:၇

ကမ္ဘာသစ်မှာ ဘုရားသခင်က သင့်မျက်စိမှာရှိတဲ့ ‘မျက်ရည်ရှိသမျှကို သုတ်ပေးမယ်။’—ဗျာဒိတ် ၂၁:၄

ကျန်းမာရေးပြဿနာကြောင့်ဆိုရင်ကော

အစမှာပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ်သတ်သေချင်တဲ့ခံစားချက်ဟာ ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ သင် အဲဒီလိုဖြစ်နေတယ်ဆိုရင် အကူအညီတောင်းဖို့ မရှက်ပါနဲ့။ ဖျားနာသူတွေ သမားတော်လိုအပ်တယ်ဆိုတာ ယေရှု အသိအမှတ်ပြုခဲ့တယ်။ (မဿဲ ၉:၁၂) ဝမ်းသာစရာက အခုဆိုရင် ရောဂါအတော်များများကို ကုသနိုင်ပြီ။ ကုသမှုခံယူလိုက်တဲ့အခါ ရောဂါသက်သာလာမှာပါ။ *

ဘုရားသခင်ပေးမယ့် ကမ္ဘာသစ်မှာ ‘ပြည်သူပြည်သားအားလုံးက “ငါ နေမကောင်းဘူး” လို့ပြောမှာမဟုတ်ဘူး။’ အဲဒီကျမ်းစာကတိက တကယ်အားရှိစရာပဲ။ (ဟေရှာယ ၃၃:၂၄ကဘ) အဲဒီအချိန်မှာ ‘အရင်တုန်းကဖြစ်ခဲ့တာတွေကို သတိရတော့မှာမဟုတ်ဘူး။ အဲဒါတွေက စိတ်ထဲပေါ်လာတော့မှာမဟုတ်ဘူး’ လို့ ဘုရားသခင်ပြောတယ်။ (ဟေရှာယ ၆၅:၁၇ကဘ) ဒီအတောအတွင်း ဘဝပြဿနာတွေကို အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းပါ။ ဘုရားသခင် သတ်မှတ်ထားတဲ့အချိန်ရောက်ရင် စိတ်ဓာတ်ကျမှုဟာ အတိတ်မှာကျန်ရစ်တဲ့အရာ ဖြစ်သွားမယ်ဆိုတာ ယုံကြည်စိတ်ချပါ။—ဗျာဒိတ် ၂၁:၁-၄

နောက်အခန်းမှာဖတ်ကြည့်ပါ

သင့်အကြောင်းအားလုံးကို မိဘတွေ သိချင်ကြတယ်။ သင်မပြောပြချင်တဲ့ကိစ္စတွေလည်း ပါတယ်။ ဒါဆို ဘယ်လိုလုပ်မလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဒါပေမဲ့ စိတ်ရောဂါရှိတဲ့ လူငယ်အများစုက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ မကြိုးစားဘူးဆိုတာ သိထားဖို့လိုတယ်။

^ အပိုဒ်၊ 18 စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကိုညီအစ်မတွေဟာ အသင်းတော်အကြီးအကဲတွေဆီကနေ ထပ်ဆင့်အကူအညီရနိုင်ပါတယ်။—ယာကုပ် ၅:၁၄၊ ၁၅

^ အပိုဒ်၊ 31 ထပ်သိချင်တယ်ဆိုရင် ဒီစာအုပ်ရဲ့အခန်း ၁၃ ကိုကြည့်ပါ။

အဓိကကျမ်းချက်

“သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇

အကြံပြုချက်

စိတ်ဓာတ်ကျနေတဲ့အခါ ခပ်သွက်သွက်လေး လမ်းလျှောက်ပေးပါ။ အပြင်ထွက် လျှောက်လည်တာ၊ လေ့ကျင့်ခန်းတစ်ခုခုလုပ်တာကလည်း စိတ်တည်ငြိမ်စေပြီး ကျန်းမာပျော်ရွှင်စေပါတယ်။

သင်သိပါသလား . . . ?

ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အခါ ကိုယ်တိုင်သာမက ကျန်ရစ်ခဲ့တဲ့ ချစ်ရသူတွေလည်း ထိခိုက် နာကျင်ရတယ်။

လက်တွေ့လုပ်ကြည့်ပါ

အသုံးမကျဘူး၊ အချစ်မခံရဘူးလို့ ခံစားရတဲ့အခါ ငါရင်ဖွင့်ချင်တဲ့သူက (ကိုယ်ရင်ဖွင့်နိုင်မယ့်သူတစ်ယောက်ရဲ့ နာမည်ကိုရေးပါ) ․․․․․

ငါ့ဘဝမှာ တကယ့်ကိုကျေးဇူးတင်စရာကောင်းတဲ့ ကောင်းချီးတစ်ခုကတော့ ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ဘယ်လောက်ကြီးမားတဲ့ပြဿနာ ဖြစ်ပါစေ ခဏပါပဲ။ အဲဒီအချက်ကို စဉ်းစားကြည့်တာက သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲ။

● လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်တဲ့အခါ သူ့ပြဿနာတွေက နောက်တစ်ယောက်ဆီ ရောက်သွားတယ်။ ဘယ်လိုနည်းနဲ့လဲ။

[စာမျက်နှာ ၁၀၄ ပါ အကျဉ်းဖော်ပြချက်]

‘‘တစ်ခါတလေ အရမ်းစိတ်ဓာတ်ကျလို့ ကျွန်မ သေချင်စိတ်ပေါက်မိတယ်။ ဒါပေမဲ့ စွဲစွဲမြဲမြဲဆုတောင်းတယ်၊ ဆေးကုသမှုခံယူတယ်။ အခုတော့ ကျွန်မဘဝ ပြန်တည်ငြိမ်လာပြီ။’’—ဟိုင်ဒီ

[စာမျက်နှာ ၁၀၀ ပါ လေးထောင့်ကွက်]

မခံရပ်နိုင်အောင် သောကဖိစီးတဲ့အခါ

ကျမ်းစာမှာပါတဲ့ သစ္စာရှိအမျိုးသား၊ အမျိုးသမီးတချို့တောင် ဘဝရဲ့စိုးရိမ် ပူပန်မှုတွေကြောင့် မခံရပ်နိုင်အောင် စိတ်သောကရောက်ခဲ့ကြတယ်။ ဥပမာတချို့ကို လေ့လာကြည့်ပါ။

ရေဗက္ကာ– ‘ဒီလိုသာဖြစ်နေရင် ငါအသက်ရှင်နေလို့ ဘာထူးမှာလဲ။’ —ကမ္ဘာဦး ၂၅:၂၂၊ ကဘ။

မောရှေ– ‘ကျွန်တော့်ကို အခုပဲ သတ်လိုက်ပါတော့။ . . . ဒုက္ခမကြုံပါရစေနဲ့တော့။’—တောလည်ရာ ၁၁:၁၅ကဘ။

ဧလိယ– ‘ယေဟောဝါဘုရား၊ ကျွန်တော့်အသက်ကို ရုပ်သိမ်းလိုက်ပါတော့။ ကျွန်တော်ဟာ ဘိုးဘေးတွေနဲ့ ဘာမှမခြားပါဘူး။’—၃ ဓမ္မရာဇဝင် ၁၉:၄ကဘ။

ယောဘ– ‘ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်းမှာ ဝှက်ထားပေးရင်၊ . . . ကျွန်တော့်အတွက် အချိန်သတ်မှတ်ပြီး သတိရပေးရင် သိပ်ကောင်းမှာပဲ။’—ယောဘ ၁၄:၁၃ကဘ။

အထက်ပါအခြေအနေတွေဟာ နောက်ဆုံးမှာ အကောင်းဘက်ကို ပြောင်းလဲသွားခဲ့တယ်။ သူတို့မထင်ထားတဲ့နည်းနဲ့ ပြောင်းလဲသွားတာ။ သင်လည်း အဲဒီလိုဖြစ်နိုင်တယ်ဆိုတာ စိတ်ချပါ။

[စာမျက်နှာ ၁၀၂ ပါ ရုပ်ပုံ]

မျှော်လင့်ချက်မဲ့တဲ့ခံစားချက်ဟာ ကောင်းကင်မှာ မိုးသားတိမ်လိပ်တွေ အုံ့ဆိုင်းနေတာနဲ့တူတယ်။ အချိန်တန်ရင်တော့ မိုးသားတွေ ကင်းစင်သွား ပါလိမ့်မယ်