မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတစ်ဦးဆုံးပါးသွားတဲ့အခါ ငါဘယ်လိုခံရပ်နိုင်မလဲ

မိဘတစ်ဦးဆုံးပါးသွားတဲ့အခါ ငါဘယ်လိုခံရပ်နိုင်မလဲ

အခန်း ၁၆

မိဘတစ်ဦးဆုံးပါးသွားတဲ့အခါ ငါဘယ်လိုခံရပ်နိုင်မလဲ

ဒီအခန်းမှာ မိဘတစ်ယောက်သေဆုံးသွားတာကို အဓိကဆွေးနွေးထားပေမဲ့ ဆွေမျိုးသားချင်း ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက် သေဆုံးသွားတာနဲ့လည်း သက်ဆိုင်ပါတယ်။

“အမေဆုံးသွားတုန်းက ကျွန်မ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ ဟာတာတာကြီး ဖြစ်ကျန်ခဲ့တယ်။ တကယ်တော့ ကျွန်မတို့မိသားစုဟာ အမေကြောင့် စည်းလုံးနေတာ။”—ကာရင်။

မိဘတစ်ယောက် သေဆုံးသွားတာက ဘဝမှာ နာကျင်ကြေကွဲစရာ အကောင်းဆုံးပါပဲ။ အဲဒီနောက် တစ်ခါမှမဖြစ်ဖူးတဲ့ခံစားချက်တွေနဲ့ ရင်ဆိုင်ရတော့မယ်။ နှလုံးရောဂါနဲ့အဖေသေဆုံးချိန်မှာ အသက် ၁၃ နှစ်ပဲရှိသေးတဲ့ ဘရိုင်ယန် အခုလိုပြောပြတယ်– “အဖေဆုံးပြီဆိုတာ သိလိုက်ရတဲ့ညမှာ ကျွန်တော်တို့တွေငိုပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတယ်။” ကင်ဆာရောဂါနဲ့အဖေဆုံးတုန်းက ၁၀ နှစ်ပဲရှိသေးတဲ့ နက်တလီက “အဲဒီအချိန်မှာ ငိုရမလိုရယ်ရမလိုနဲ့ ဘယ်လိုကြီးဖြစ်နေမှန်း မသိဘူး။ ခံစားချက်မဲ့နေတယ်” လို့ပြောပြတယ်။

သေခြင်းတရားကြောင့် တစ်ယောက်တစ်မျိုးစီ ခံစားရတယ်။ ကျမ်းစာက ‘ကိုယ့်ဒုက္ခ၊ ကိုယ့်ဝေဒနာကို ကိုယ်ပဲသိတယ်’ လို့ပြောထားတယ်။ (၂ ရာဇဝင်ချုပ် ၆:၂၉ကဘ) သင်ကော အဖေ/အမေ ဆုံးပါးသွားချိန်မှာ ဘယ်လိုခံစားခဲ့ရသလဲ တွေးကြည့်ပါ။ (၁) အဖေ/အမေဆုံးပြီလို့ ကြားကြားချင်း ဘယ်လိုခံစားခဲ့ရသလဲ၊ (၂) အခုရော ဘယ်လိုနေသေးလဲဆိုတာ အောက်မှာဖော်ပြပါ။ *

၁ ․․․․․

၂․․․․․

ဒီအဖြေအရ သင့်ခံစားချက်တွေ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်လာတာ ဖြစ်နိုင်တယ်။ အဲဒါက သေသောသူ ကြာရင်မေ့ဆိုတဲ့ စကားအတိုင်းပါပဲ။ ဒါပေမဲ့ မိဘကို လုံးဝမေ့သွားပြီလို့ မဆိုလိုပါဘူး။ တစ်ဖက်မှာ၊ သင့်ခံစားချက်တွေက အရင်အတိုင်းဖြစ်နေနိုင်တယ် ဒါမှမဟုတ် ပိုတောင်ဆိုးနေနိုင်တယ်။ ဝမ်းနည်းပူဆွေးမှုက ဘာနဲ့တူလဲဆိုတော့ တလိမ့်လိမ့်တက်လာလိုက်၊ ကျသွားလိုက်၊ နောက်ဆုံး မမျှော်လင့်တဲ့အချိန်မှာ “ကမ်းကို ပြိုကျပျက်စီး” စေတဲ့ လှိုင်းလုံးတွေနဲ့တူတယ်။ အဲဒီလိုနှစ်အတော်ကြာခံစားရရင်တောင် ဒါကလည်း ဓမ္မတာပါပဲ။ ဘာပဲဖြစ်ဖြစ်၊ ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုခံရပ်နိုင်မလဲ။

ငိုချလိုက်ပါ။ မျက်ရည်ကျတာက ဝမ်းနည်းနာကျင်မှုကို သက်သာစေတယ်။ အမေဆုံးသွားတဲ့အချိန်မှာ ၁၉ နှစ်ရှိပြီဖြစ်တဲ့ အယ်လီရှာခံစားရသလို သင်လည်း ခံစားမိမှာပဲ။ “တကယ်လို့ ကျွန်မ ငိုချလိုက်ရင် ဘုရားကိုမယုံဘူးလို့ သူများထင်သွားမှာစိုးတယ်” လို့သူပြောပြတယ်။ ဒါပေမဲ့ ဘုရားကိုအပြည့်အဝယုံကြည်တဲ့ ယေရှုခရစ်တောင် သူ့သူငယ်ချင်းလာဇရု သေသွားတုန်းက “မျက်ရည်ကျ” ခဲ့တယ်ဆိုတာ သတိရပါ။ (ယောဟန် ၁၁:၃၅) ဒါကြောင့် ဘာမှမစိုးရိမ်ပါနဲ့။ ငိုလိုက်တာက ဘုရားကိုမယုံကြည်တာ မဟုတ်ပါဘူး။ အယ်လီရှာက “နောက်ဆုံး ကျွန်မ အားရပါးရငိုချလိုက်တယ်။ နေ့တိုင်းငိုတယ်” လို့ပြောတယ်။ *

ငါ့ကြောင့်ဆိုပြီး ခံစားရတဲ့အခါ ထုတ်ပြောပါ။ အမေဆုံးသွားတဲ့အချိန်မှာ အသက် ၁၃ နှစ်ပဲရှိသေးတဲ့ ကာရင် အခုလိုပြောပြတယ်– “ညတိုင်းမအိပ်ခင် အပေါ်ထပ်တက်သွားပြီး အမေ့ကိုနမ်းတတ်တယ်။ တစ်ခါပဲ မနမ်းမိလိုက်ဘူး။ နောက်နေ့မနက်မှာပဲ အမေဆုံးသွားတယ်။ ညက အမေ့ကို သွားမကြည့်ခဲ့တဲ့အတွက်ရော၊ နောက်မနက် အဖြစ်အပျက်တွေအတွက်ပါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ အဖေက အလုပ်ကိစ္စနဲ့ခရီးမထွက်ခင် အမေ့ကို ဂရုစိုက်နော်လို့ ကျွန်မတို့ညီအစ်မနှစ်ယောက်ကို မှာခဲ့တာ။ အဲဒီညမှာ ကျွန်မတို့ အိပ်ရာဝင်နောက်ကျတယ်။ အိပ်ခန်းထဲ ကျွန်မဝင်သွားတဲ့အချိန်မှာ အမေ အသက်မရှူတော့ဘူး။ အဖေသွားတုန်းက အမေအကောင်းကြီးရှိသေးတာဆိုတော့ ကျွန်မ အရမ်းလန့်သွားတာပဲ။”

သင်လည်း ကာရင်လိုပဲ ငါတာဝန်မကျေဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိနိုင်တယ်။ “တကယ်လို့များ” ဆိုတဲ့ အတွေးမျိုးနဲ့ စိတ်ဆင်းရဲနေနိုင်တယ်။ ‘အဖေ့ကို ဆရာဝန်ပြခဲ့ရင်ကောင်းသား၊’ ‘အမေ့ကို စောစောသွားကြည့်ခဲ့ရင်ကောင်းသား’ ဆိုတဲ့အတွေးမျိုးနဲ့ စိတ်ဒုက္ခရောက်နေရင် ဒီအချက်ကိုသတိရပါ– ဒီလိုလုပ်ခဲ့ရင် ကောင်းသားဆိုပြီး နောင်တရတတ်တာက ဖြစ်နေကျပဲ။ အဲဒီလိုဖြစ်မယ်မှန်းသိခဲ့ရင် တစ်နည်းတစ်ဖုံ လုပ်လိုက်မှာပေါ့။ ဒါပေမဲ့ သိမှမသိခဲ့တာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ မိဘဆုံးပါးသွားတာ သင့်ကြောင့် မဟုတ်ပါဘူး။ *

ရင်ဖွင့်ပြောပြပါ။ “ကြင်နာတဲ့စကားက သင့်ကို စိတ်ရွှင်လန်းစေလိမ့်မယ်” လို့ ကျမ်းစာပြောတယ်။ (သုတ္တံ ၁၂:၂၅Today’s English Version) ခံစားချက်တွေကို မျိုသိပ်ထားမယ်ဆိုရင် ဝမ်းနည်းပူဆွေးမှုကို ဖြေဖျောက်ဖို့ ပိုခက်လိမ့်မယ်။ ယုံကြည်စိတ်ချရသူတစ်ယောက်ကို ရင်ဖွင့်လိုက်မယ်ဆိုရင်တော့ သင်ဝမ်းနည်းနေချိန်မှာ “ကြင်နာတဲ့စကား” ကြားရပြီး အားပေးမှုရရှိပါလိမ့်မယ်။

ဆုတောင်းပါ။ ယေဟောဝါဘုရားရှေ့ “စိတ်နှလုံးကို ဖွင့်ပြ” လိုက်တဲ့အခါ ပိုလို့တောင်စိတ်သက်သာမှု ရပါလိမ့်မယ်။ (ဆာလံ ၆၂:၈) ဆုတောင်းတာက ‘စိတ်သက်သာစေတဲ့ကုထုံး’ လောက်ပဲ မဟုတ်ပါဘူး။ “ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကိုနှစ်သိမ့်ပေး” တဲ့ “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ဆီ အသနားခံနေတာ။ (၂ ကောရိန္သု ၁:၃၊ ၄) ဘုရားသခင်က ကျမ်းစာကနေတစ်ဆင့် နှစ်သိမ့်ပေးတယ်။ (ရောမ ၁၅:၄) ဒါကြောင့် နှစ်သိမ့်မှုပေးတဲ့ ကျမ်းချက်တွေကို ရေးမှတ်ထားပြီး လက်လှမ်းမီတဲ့နေရာမှာထားပါ။ *

ဝမ်းနည်းပူဆွေးမှုဆိုတာ နေ့ချင်းညချင်းပျောက်သွားတဲ့အရာ မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားသခင်ကတိပေးထားတဲ့ ကမ္ဘာသစ်မှာ “သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်” ဆိုတဲ့ ကျမ်းစကားက တကယ့်ကိုနှစ်သိမ့်မှုဖြစ်စေတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) သင်လည်း အဲဒီကတိတွေကို တွေးတောမယ်ဆိုရင် မိဘတစ်ယောက်သေဆုံးသွားလို့ ခံစားရတဲ့ ဝမ်းနည်းပူဆွေးမှုကို ဖြေဖျောက်နိုင်ပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အခုအချိန်မှာ အဲဒီမေးခွန်းတွေကိုဖြေဖို့ ခက်နေမယ်ဆိုရင် နောင်တစ်ချိန် ကြိုးစားဖြေကြည့်ပါ။

^ အပိုဒ်၊ 10 ကိုယ်ဝမ်းနည်းနေမှန်း သူများသိအောင် ငိုရမယ်လို့ မယူဆပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ဝမ်းနည်းပုံချင်း မတူကြဘူး။ အရေးကြီးတာက သင်ငိုချင်လာပြီဆိုရင် အဲဒါက “ငိုရသောအချိန်” ဖြစ်တယ်ဆိုတာ သတိရလိုက်ပါ။—ဒေသနာ ၃:၄

^ အပိုဒ်၊ 12 အဲဒီလိုအတွေးတွေကြောင့် စိတ်ဆင်းရဲနေရင် ကျန်ရစ်သူမိဘ ဒါမှမဟုတ် လူကြီးတစ်ယောက်ကို ရင်ဖွင့်လိုက်ပါ။ အချိန်ကြာလာတဲ့အခါ ပိုမျှတတဲ့အမြင် ရှိလာပါလိမ့်မယ်။

^ အပိုဒ်၊ 14 ဆာလံ ၃၄:၁၈; ၁၀၂:၁၇; ၁၄၇:၃; ဟေရှာယ ၂၅:၈; ယောဟန် ၅:၂၈၊ ၂၉ စတဲ့ ကျမ်းချက်တွေကနေ တချို့သူတွေ နှစ်သိမ့်မှုရတယ်။

အဓိကကျမ်းချက်

“[ဘုရားသခင်] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာဒိတ် ၂၁:၄

အကြံပြုချက်

ဒိုင်ယာရီရေးထားပါ။ ဆုံးသွားတဲ့မိဘနဲ့ပတ်သက်တဲ့ သင့်ခံစားချက်တွေအကြောင်း ရေးထားတာက ဝမ်းနည်းမှုကို ခံရပ်နိုင်ဖို့ အများကြီးကူညီပေးတယ်။

သင်သိပါသလား . . . ?

မျက်ရည်ကျတယ်ဆိုတာ ပျော့ညံ့တာမဟုတ်ပါဘူး။ ယောက်ျားရင့်မာကြီးတွေဖြစ်တဲ့ အာဗြဟံ၊ ယောသပ်၊ ဒါဝိဒ်နဲ့ ယေရှုတို့တောင် မျက်ရည်ကျခဲ့တာပဲ။—ကမ္ဘာဦး ၂၃:၂; ၅၀:၁; ၂ ဓမ္မရာဇဝင် ၁:၁၁၊ ၁၂; ၁၈:၃၃; ယောဟန် ၁၁:၃၅

လက်တွေ့လုပ်ကြည့်ပါ

ယူကျုံးမရ ဝမ်းနည်းကြေကွဲတဲ့အခါ ငါလုပ်နိုင်တာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်ရစ်တဲ့မိဘကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● သေဆုံးသွားတဲ့ အဖေ/အမေနဲ့ပတ်သက်တဲ့ ပျော်စရာအမှတ်တရတွေကို ပြန်စဉ်းစားတာ ဘာကြောင့်ကောင်းသလဲ။

● သင့်ခံစားချက်တွေကို ရေးထားတာက ဝမ်းနည်းမှုကို ဖြေသိမ့်နိုင်ဖို့ ဘာကြောင့်အကူအညီဖြစ်သလဲ။

[စာမျက်နှာ ပါ အကျဉ်းဖော်ပြချက်]

‘‘ကျွန်တော့်ခံစားချက်အားလုံးကို မျိုသိပ်ထားခဲ့တယ်။ တကယ်လို့များ ဖွင့်ပြောခဲ့မယ်ဆိုရင် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ဝမ်းနည်းမှုကို ဖြေဖျောက်နိုင်မှာ။’’—ဒေးဗစ်

[စာမျက်နှာ ၁၁၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ချန်တဲလ်

‘‘အဖေက ၅ နှစ်လောက် ရောဂါဝေဒနာခံစားခဲ့ရပြီး ကျန်းမာရေးပိုဆိုးလာတယ်။ ကျွန်မ ၁၆ နှစ်မှာတော့ သူ့ကိုယ်သူ သတ်သေသွားတယ်။

အမေက အစ်ကိုနဲ့ကျွန်မကို ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ ဈာပနကိစ္စမှာတောင် ကျွန်မတို့ကို ဆုံးဖြတ်ခိုင်းတယ်။ ဒါကြောင့် အဲဒီလိုဝမ်းနည်းစရာ အခြေအနေဆိုးကို ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့တာ။ ကလေးတွေက အထူးသဖြင့် အခုလိုအရေးကြီးတဲ့ကိစ္စတွေအကြောင်း သူတို့ကိုပြောပြတာကို ကြိုက်ကြတယ်လို့ ကျွန်မထင်တယ်။ နောက်ပိုင်းမှာတော့ အဖေသေတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောလာနိုင်တယ်။ ငိုချင်လာပြီဆိုရင် တစ်နေရာရာကို သွားငိုလိုက်တယ် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ကိုဖက်ပြီး ငိုချလိုက်တယ်။ ကျွန်မအကြံပေးချင်တာက ရင်ဖွင့်ချင်တဲ့အခါ မိသားစုနဲ့ သူငယ်ချင်းတွေဆီသွားပါ။ ဝမ်းနည်းနေတာ ဖြေဖျောက်ဖို့ ဘာကိုပဲလုပ်ရလုပ်ရ၊ လုပ်လိုက်ပါ။’’

[စာမျက်နှာ ၁၁၃၊ ၁၁၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

လေအာ

‘‘ကျွန်မ ၁၉ နှစ်မှာ အမေလေဖြတ် သွားပြီး နောက် ၃ နှစ်ကြာတော့ ဆုံးသွားတယ်။ အမေဆုံးပြီးနောက်မှာ ‘ငါစိတ်လျှော့လို့မဖြစ်ဘူး၊ ကြံ့ခိုင်မှဖြစ်မယ်’ လို့တွေးခဲ့တယ်။ တကယ်လို့ ကျွန်မသာ စိတ်လျှော့လိုက်မယ်ဆိုရင် အဖေခံနိုင်မှာမဟုတ်ဘူး။ ငယ်ငယ်တုန်းက ကျွန်မ နေမကောင်းဖြစ်ပြီဆိုရင် အနားမှာ အမေအမြဲရှိတယ်။ အဖျားရှိလားလို့ လာစမ်းတတ်တဲ့ အမေ့လက်ကလေးတွေကို အခုထိသတိရတုန်းပဲ။ တစ်ခါတလေဆို အမေ့ကိုလွမ်းတဲ့စိတ်က မခံရပ်နိုင်လောက်အောင်ပါပဲ။ ကိုယ့်ခံစားချက်ကို မျိုသိပ်ထားတတ်လို့ စိတ်ထောင်းကိုယ်ကြေဖြစ်ရတယ်။ ဒါကြောင့် တစ်ခါတလေ အမေ့ဓာတ်ပုံတွေကြည့်ပြီး ငိုချလိုက်တယ်။ သူငယ်ချင်းတွေကို ရင်ဖွင့်တာကလည်း အကူအညီဖြစ်ပါတယ်။ ကမ္ဘာသစ်မှာ လူသေတွေထမြောက်လာမယ်ဆိုတဲ့ ကျမ်းစာကတိတော်တွေက ကျွန်မကို ခွန်အားပေးတယ်။ (ယောဟန် ၅:၂၈၊ ၂၉) အဲဒီမှာရှိနေဖို့ ဘာလုပ်ရမယ်ဆိုတာကို အာရုံစိုက်တဲ့အခါ၊ အမေနဲ့ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို အာရုံစိုက်တဲ့အခါ စိတ်သက်သာမှုရတယ်။’’

[စာမျက်နှာ ၁၁၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဗက်သနီ

‘‘အဖေ့ကို ချစ်တယ်’ လို့ ပြောဖူးရဲ့လားမသိဘူး။ ပြောခဲ့မှာပါ။ ဒါပေမဲ့ မမှတ်မိဘူး။ ပြန်မှတ်မိချင်တယ်။ အဖေဆုံးတုန်းက ကျွန်မ ၅ နှစ်ပဲရှိသေးတာကိုး။ အဖေက အိပ်နေတုန်း လေဖြတ်သွားလို့ ချက်ချင်းဆေးရုံတင်လိုက်ရတယ်။ မနက်ကျတော့ အဖေဆုံးသွားပြီဆိုတာ သိလိုက်ရတယ်။ နောက်ပိုင်း အဖေ့အကြောင်း မပြောချင်တော့ဘူး။ ဒါပေမဲ့ ကြာလာတော့ အဖေ့အကြောင်း သူများပြောပြတာကို နားထောင်ချင်လာတယ်။ ဒီလိုနဲ့ အဖေ့အကြောင်း ပိုသိလာတယ်။ ကျွန်မအကြံပေးချင်တာက သေဆုံးသွားတဲ့မိဘနဲ့ ပျော်ရွှင်ခဲ့ရတဲ့အကြောင်းတွေကို မှတ်မိသလောက် ရေးထားပါ။ ဒါဆို မေ့တော့မှာမဟုတ်ဘူး။ ပြီးတော့ ဘုရားသခင်ပေးမယ့်ကမ္ဘာသစ်မှာ ထမြောက်လာမယ့်မိဘကို ပြန်တွေ့နိုင်ဖို့ ကိုယ့်ဘက်က လုပ်စရာရှိတာလုပ်ပါ။’’

[စာမျက်နှာ ၁၁၆ ပါ လေးထောင့်ကွက်]

လေ့ကျင့်ခန်းစာရွက်

သင့်ခံစားချက်တွေကိုရေးပါ

မိဘနဲ့ပတ်သက်တဲ့ ပျော်စရာအမှတ်တရတချို့ကို ရေးပါ။ ․․․․․

အဖေ/အမေသာ အသက်ရှင်နေအုံးမယ်ဆိုရင် သင်ပြောချင်တာကို ရေးပါ။

အဖေ/အမေသေရတာ သူ့ကြောင့်လို့ခံစားနေရတဲ့ မောင်လေး/ညီမလေး ရှိတယ်ဆိုပါစို့။ သူ့ကိုနှစ်သိမ့်ပေးဖို့ ဘာပြောမယ်ဆိုတာ ရေးပါ။ (အဲဒါက အပြစ်ရှိတယ်ဆိုတဲ့ သင့်ခံစားချက်ကို အရှိအတိုင်းမြင်ဖို့ ကူညီပေးနိုင်တယ်။)

သေဆုံးသွားတဲ့ အဖေ/အမေနဲ့ပတ်သက်ပြီး သိချင်တာနှစ်ခု၊ သုံးခုကိုရေးပါ။ အဲဒီထဲကတစ်ခုအကြောင်း ကျန်ရစ်တဲ့အဖေ/အမေကို ပြောပြခိုင်းပါ။

တမန်တော် ၂၄:၁၅ ကိုဖတ်ပါ။ အဲဒီမှာပါတဲ့မျှော်လင့်ချက်က မိဘတစ်ယောက် ဆုံးပါးသွားတာကို ခံရပ်နိုင်အောင် ဘယ်လိုကူညီပေးသလဲ။

[စာမျက်နှာ ၁၁၅ ပါ ရုပ်ပုံ]

ဝမ်းနည်းပူဆွေးမှုက မမျှော်လင့်တဲ့အချိန်မှာ ကမ်းကို ပြိုကျပျက်စီးစေတဲ့ လှိုင်းလုံးတွေနဲ့တူတယ်