မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျောင်းမှာ ကိုယ့်ဘာသာရေးခံယူချက်ကို ဘာကြောင့် မပြောရဲတာလဲ

ကျောင်းမှာ ကိုယ့်ဘာသာရေးခံယူချက်ကို ဘာကြောင့် မပြောရဲတာလဲ

အခန်း ၁၇

ကျောင်းမှာ ကိုယ့်ဘာသာရေးခံယူချက်ကို ဘာကြောင့် မပြောရဲတာလဲ

“ကျောင်းမှာ ကျွန်တော့်ရဲ့ ဘာသာရေးခံယူချက်အကြောင်း ပြောပြဖို့ အခွင့်အရေးကောင်းတွေရခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေကို အသုံးမချခဲ့ဘူး။” —ခေးလက်ဘ်။

“ဆရာမက ဆင့်ကဲအယူဝါဒကို ဘယ်လိုထင်သလဲလို့ တစ်တန်းလုံးကိုမေးတယ်။ အဲဒါက ကျွန်မရဲ့ခံယူချက်ကိုပြောပြဖို့ အခွင့်ကောင်းပဲ။ ဒါပေမဲ့ ကြက်သေသေပြီး ဘာမှမပြောမိဘူး။ နောက်တော့မှ စိတ်မကောင်းဖြစ်မိတယ်။” —ဂျက်စမင်။

သင်လည်း ခေးလက်ဘ်နဲ့ဂျက်စမင်တို့လို့ ခံစားမိတဲ့အခါတွေ ရှိနိုင်တယ်။ သူတို့လိုပဲ ကိုယ်သိထားတဲ့ ကျမ်းစာအခြေခံအမှန်တရားတွေကို မြတ်နိုးပြီး တခြားသူတွေကို ပြောပြချင်မှာပဲ။ ဒါပေမဲ့ ပြောဖို့ကြောက်နေတယ်။ အဲဒီလိုဖြစ်တဲ့အခါ သတ္တိမွေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ အောက်ပါအဆင့်တွေကို လုပ်ကြည့်ပါ–

၁။ ဘာကိုကြောက်တာလဲဆိုတာ သိအောင်လုပ်ပါ။ ကိုယ့်ဘာသာရေးခံယူချက်အကြောင်း ပြောမယ်လို့တွေးလိုက်တာနဲ့ ကြုံရမယ့် အဆိုးဝါးဆုံးအခြေအနေကိုပဲ မြင်ယောင်မိနိုင်တယ်။ ဒါပေမဲ့ တစ်ခါတလေ အဲဒါကိုရေးချလိုက်ရုံနဲ့ ကြောက်စိတ်လျော့သွားတတ်တယ်။

အောက်ပါစာကြောင်းကို ဖြည့်စွက်ပါ–

● ကျောင်းမှာ ကိုယ့်ခံယူချက်ကို ထုတ်ပြောလိုက်ရင် ဖြစ်လာနိုင်တဲ့ အဆိုးဝါးဆုံးအခြေအနေကတော့– ․․․․․

သင့်လိုပဲ တခြားလူငယ်တွေလည်း ကြောက်ကြတာပဲ။ ၁၄ နှစ်အရွယ် ခရစ္စတိုဖာက “တခြားကလေးတွေ ကျွန်တော့်ကို လှောင်မှာ၊ လူထူးလူဆန်းလို့ပြောမှာ ကြောက်တယ်” လို့ဝန်ခံတယ်။ အစပိုင်းမှာပါတဲ့ ခေးလက်ဘ်ကလည်း “ကျွန်တော် မဖြေနိုင်မယ့်မေးခွန်း မေးခံရမှာကို စိုးရိမ်တယ်” ဆိုပြီးပြောတယ်။

၂။ ကြုံရမယ့်အခြေအနေကို ရင်ဆိုင်ပါ။ သင်က အလကားသက်သက် အကြောက်လွန်နေတာလား။ မဟုတ်ပါဘူး။ အသက် ၂၀ နှစ်အရွယ် အက်ရှ်လေ အခုလိုပြောပြတယ်– “သူငယ်ချင်းတချို့က စိတ်ဝင်စားသလိုလို မေးခွန်းတွေမေးပြီး ကိုယ်ကပြန်ဖြေတော့ အဲဒါကို ဟာသလုပ်ကြတယ်။” ၁၇ နှစ်အရွယ် နီကိုး ဒီလိုကြုံဖူးတယ်– “ကောင်လေးတစ်ယောက်က သူ့ကျမ်းစာထဲက ကျမ်းချက်တစ်ချက်ကို ကျွန်မကျမ်းစာနဲ့ တိုက်ကြည့်တယ်။ စာသားမတူတာတွေ့တော့ နင်တို့က ကျမ်းစာကို ပြောင်းရေးထားတယ်ဆိုပြီး ပြောတယ်။ ကျွန်မလည်း ကြောင်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ဘူး။” *

အဲဒီလိုအခြေအနေမျိုးကြုံခဲ့ရင် လန့်သွားမှာပဲ။ ဒါပေမဲ့ ရှောင်ပြေးမယ့်အစား ရင်ဆိုင်လိုက်ပါ။ ခရစ်ယာန်တစ်ယောက်ရဲ့ဘဝမှာ အဲဒါတွေကိုကြုံရမှာပဲ။ (၂ တိမောသေ ၃:၁၂) “ယေရှုက သူ့တပည့်မှန်ရင် ညဉ်းဆဲခံရမယ်လို့ ပြောတယ်။ ဒါကြောင့် လူတိုင်းက ကိုယ့်ခံယူချက်တွေကို သဘောကျမယ်လို့ မထင်နဲ့” ဆိုပြီး ၁၃ နှစ်အရွယ် မက်သယူးပြောပြတယ်။—ယောဟန် ၁၅:၂၀

၃။ ရရှိမယ့်ကောင်းကျိုးတွေကို စဉ်းစားပါ။ ဆိုးဝါးပုံရတဲ့အခြေအနေကနေ ကောင်းကျိုးရနိုင်ပါ့မလား။ ၂၁ နှစ်အရွယ် အမ်ဘာက “ကျမ်းစာကို မလေးစားတဲ့သူတွေကို ကိုယ့်ခံယူချက်တွေရှင်းပြရတာ သိပ်ခက်တယ်။ ဒါပေမဲ့ အဲဒါက ကိုယ့်ခံယူချက်တွေအကြောင်း ပိုနားလည်လာအောင် ကူညီပေးတယ်” လို့ပြောတယ်။—ရောမ ၁၂:၂

အဆင့် ၁ မှာ သင်ဖော်ပြခဲ့တဲ့အခြေအနေကို ပြန်ကြည့်ပါ။ ဖြစ်လာနိုင်မယ့် ကောင်းကျိုးနှစ်ခုကို စဉ်းစားကြည့်ပြီး အောက်မှာရေးပါ။

၁ ․․․․․

၂ ․․․․․

အကြံပြုချက်– ကိုယ့်ခံယူချက်အကြောင်း ပြောပြတာက ရွယ်တူချင်းဖိအားကို ဘယ်လိုလျော့နည်းစေနိုင်သလဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာအောင် ဘယ်လိုကူညီပေးသလဲ။ အဲဒီလိုပြောပြတဲ့အခါ ယေဟောဝါဘုရားအပေါ်ထားတဲ့ သင့်ခံစားချက်၊ သင့်အပေါ်ထားတဲ့ ကိုယ်တော့်ခံစားချက် ဘယ်လိုရှိမလဲ။—သုတ္တံ ၂၃:၁၅

၄။ ကြိုတင်ပြင်ဆင်ပါ။ ‘ဖြောင့်မတ်တဲ့သူက စိတ်ထဲမှာအရင်စဉ်းစားပြီးမှ ပြန်ပြောတတ်တယ်’ လို့ သုတ္တံ ၁၅:၂၈ (ကဘ) မှာပြောတယ်။ ကိုယ်ဘာပြောမယ်ဆိုတာ စဉ်းစားထားတဲ့အပြင် သူများမေးလာနိုင်တဲ့မေးခွန်းတွေကိုလည်း ကြိုတင်ခန့်မှန်းထားပါ။ အဲဒီအကြောင်းတွေကို လေ့လာထားပြီး အေးအေးဆေးဆေး ဖြေဆိုနိုင်ဖို့ ကြိုတင်ပြင်ဆင်ပါ။—စာမျက်နှာ ၁၂၇ မှာပါတဲ့ “သင့်အဖြေကို ကြိုတင်ပြင်ဆင်ပါ” ဇယားကိုကြည့်ပါ။

၅။ စလုပ်ကြည့်ပါ။ ကိုယ့်ခံယူချက်ကိုပြောဖို့ အသင့်ဖြစ်နေပြီဆိုရင် ဘယ်လိုစပြောမလဲ။ နည်းအမျိုးမျိုးရှိပါတယ်။ ရေကူးသလိုမျိုးပေါ့။ တချို့က ရေထဲကို ဖြေးဖြေးချင်းဆင်းတယ်။ တချို့ကျတော့ ဒိုင်ဗင်ထိုးတယ်။ အဲဒီလိုပါပဲ၊ သင်လည်း အာလာပသလ္လာပပြောရင်းနဲ့ သူ့သဘောထားကို အကဲခတ်ကြည့်ပါ။ ရေထဲကို ဖြည်းဖြည်းချင်းဆင်းသလိုပေါ့။ တကယ်လို့ စကားမှားသွားမှာ အရမ်းစိုးရိမ်နေမယ်ဆိုရင်တော့ အကောင်းဆုံးက ရေထဲကိုဒိုင်ဗင်ထိုးသလို ချက်ချင်းစပြောလိုက်ပါ။ (လုကာ ၁၂:၁၁၊ ၁၂) ၁၇ နှစ်အရွယ် အင်ဒရူး ဒီလိုပြောတယ်– “ကျွန်တော့်ခံယူချက်အကြောင်းပြောပြဖို့ စဉ်းစားတာက တကယ်ပြောချလိုက်တာထက် ပိုခက်တယ်။ စကားစပြောလိုက်တော့လည်း အဆင်ပြေသွားတာပဲ။” *

၆။ စဉ်းစဉ်းစားစားလုပ်ပါ။ “အသိဉာဏ်ရှိသူတို့သည် အမှုတစ်စုံတစ်ရာကိုမပြုလုပ်မီ စဉ်းစားဆင်ခြင်တတ်ကြ၏” လို့ ကျမ်းစာပြောတယ်။ (သုတ္တံ ၁၃:၁၆ခမ) ရေတိမ်နေမှန်းသိထားရင် ဒိုင်ဗင်ထိုးမှာမဟုတ်သလို အရည်မရအဖတ်မရ ငြင်းခုံမှုတွေထဲကို ဒိုင်ဗင်မထိုးချပါနဲ့။ နှုတ်ဆိတ်နေရမယ့်အချိန်နဲ့ စကားပြောရမယ့်အချိန်ရှိမှန်း သတိရပါ။ (ဒေသနာ ၃:၁၊) ယေရှုတောင်မှ ပြန်မဖြေဘဲနေတဲ့အချိန် ရှိခဲ့ဖူးတယ်။—မဿဲ ၂၆:၆၂၊ ၆၃

တကယ်လို့ ပြန်ဖြေမယ်ဆိုရင် ပါးပါးနပ်နပ်၊ လိုရင်းတိုရှင်းဖြေပါ။ ဥပမာ၊ အတန်းဖော်က ‘မင်း ဘာလို့ဆေးလိပ်မသောက်တာလဲ’ ဆိုပြီး မခံချင်အောင်ပြောလာရင် ‘ငါ့ခန္ဓာကိုယ် ညစ်ညမ်းမှာစိုးလို့’ ဆိုပြီး ရိုးရိုးလေးပြန်ဖြေနိုင်တယ်။ သူ့တုံ့ပြန်ပုံကိုကြည့်ပြီး ကိုယ့်ခံယူချက်အကြောင်း ဆက်ပြောသင့်၊ မပြောသင့် ဆုံးဖြတ်နိုင်တယ်။

ဒီအခန်းမှာဆွေးနွေးခဲ့တဲ့ အဆင့် ၆ ဆင့်က ကိုယ့်ခံယူချက်အကြောင်း “ခုခံပြောဆိုရန် အစဉ်အသင့်ရှိ” ဖို့ ကူညီပေးနိုင်တယ်။ (၁ ပေတရု ၃:၁၅) အသင့်ရှိတယ်ဆိုတာက လုံးဝမစိုးရိမ်တော့ဘူးလို့ ပြောနေတာမဟုတ်ဘူး။ ၁၈ နှစ်အရွယ် အလေနာ အခုလိုပြောတယ်– “ကြောက်နေပေမဲ့ ကိုယ့်ခံယူချက်ကို ရှင်းပြလိုက်တဲ့အခါ ကြောက်စိတ်ကို အနိုင်ယူပြီး ခက်ခဲတဲ့အရာကို အရဲစွန့်လုပ်လိုက်တာ။ တစ်ခုခု အောင်မြင်ပြီးမြောက်သွားသလို ခံစားရတယ်။ တကယ်လို့ ကိုယ်ပြောတာကို လက်ခံတယ်ဆိုရင် ပိုတောင်မှ ပျော်ရွှင်ရအုံးမယ်။ သတ္တိရှိရှိပြောခဲ့တဲ့အတွက် သင်ဂုဏ်ယူဝမ်းမြောက်ပါလိမ့်မယ်။”

နောက်အခန်းမှာဖတ်ကြည့်ပါ

ကျောင်းမှာ ဖိစီးမှုခံနေရသလား။ ဒါဆိုရင် ဘယ်လိုဖြေရှင်းရမလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ဘာသာပြန်ကျမ်းတွေက အရေးအသားချင်း မတူကြဘူး။ ဒါပေမဲ့ ဘာသာပြန်ကျမ်းတချို့ကတော့ ကျမ်းစာကိုရေးခဲ့တဲ့ မူရင်းဘာသာစကားတွေနဲ့ ပိုနီးစပ်တယ်။

^ အပိုဒ်၊ 18  “စကားစနိုင်တဲ့အချက်များ” လေးထောင့်ကွက်ကိုကြည့်ပါ။

အဓိကကျမ်းချက်

“သင်တို့၏ မျှော်လင့်ခြင်းအကြောင်းကို မေးမြန်းသူအားလုံးရှေ့တွင် ခုခံပြောဆိုရန် အစဉ်အသင့်ရှိကြလော့။ သို့သော် နူးညံ့သောသဘော၊ အလွန်လေးစားသောသဘောဖြင့် ပြောဆိုလော့။” —၁ ပေတရု ၃:၁၅

အကြံပြုချက်

အတန်းဖော်တွေ ဘာကိုယုံကြည်သင့်တယ်၊ မယုံကြည်သင့်ဘူးလို့ပြောမယ့်အစား ကိုယ့်ခံယူချက်ကို ယုံကြည်စိတ်ချမှုရှိရှိ ပြောပြပါ။ အဲဒီခံယူချက်က ဘာကြောင့်လက်ခံနိုင်စရာဖြစ်တယ်ဆိုတာ ရှင်းပြပါ။

သင်သိပါသလား . . . ?

ကျမ်းစာရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း သင်နေထိုင်တာကို အတန်းဖော်တချို့ လေးစားကောင်းလေးစားမယ်။ ဒါပေမဲ့ သင့်ရဲ့ဘာသာရေးခံယူချက်အကြောင်း မမေးရဲတာ ဖြစ်နိုင်တယ်။

လက်တွေ့လုပ်ကြည့်ပါ

ငါ့ရဲ့ဘာသာရေးခံယူချက်အကြောင်း ငါပြောပြချင်တဲ့ အတန်းဖော်က [အနည်းဆုံး တစ်ယောက်ရဲ့နာမည်ကိုရေးပါ] ․․․․․

သူစိတ်ဝင်စားမယ့်အကြောင်းက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● သင့်ရဲ့ဘာသာရေးခံယူချက်ကို အတန်းဖော်တွေလှောင်တာ ဘာကြောင့် ဖြစ်မယ်ထင်သလဲ။

● သင့်ခံယူချက်ကို ရှင်းပြမယ်ဆိုရင် ယုံကြည်စိတ်ချမှုရှိရှိပြောဖို့ ဘာကြောင့်အရေးကြီးတာလဲ။

[စာမျက်နှာ ၁၂၆ ပါ အကျဉ်းဖော်ပြချက်]

‘‘ကျွန်တော်ငယ်ငယ်က ရွယ်တူကောင်လေးတွေလိုပဲ ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကြီးလာတော့ ကျွန်တော့်ခံယူချက်က ဘဝကို ပိုပျော်ရွှင်စေမှန်း သဘောပေါက်လာတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု ပိုရှိလာတဲ့အပြင် ကိုယ့်ခံယူချက်တွေအတွက် ဂုဏ်ယူမိတယ်။’’—ဂျေစင်

[စာမျက်နှာ ၁၂၄ ပါ လေးထောင့်ကွက်]

 စကားစနိုင်တဲ့အချက်များ

● “နွေရာသီမှာ နင်ဘာလုပ်မလဲ။” [အဖြေရပြီးတဲ့နောက် စည်းဝေးကြီးတက်တာ၊ ဘုရားတရားအလုပ်တွေလုပ်တာ စသဖြင့် ဝတ်ပြုရေးနဲ့ဆိုင်တဲ့ သင့်အစီအစဉ်အကြောင်း ပြောပြပါ။]

● နောက်ဆုံးသတင်းတစ်ခုကို ပြောပြီးတဲ့နောက် “နင် အဲဒီအကြောင်း ကြားပြီးပြီလား။ ဘယ်လိုထင်သလဲ” လို့မေးကြည့်ပါ။

“ကမ္ဘာ့စီးပွားရေးအခြေအနေ [ဒါမှမဟုတ် တခြားပြဿနာ] ကောင်းလာမယ်လို့ ထင်သလား။ [ဖြေဆိုပါစေ။] ဘာလို့ အဲဒီလိုပြောတာလဲ။”

“နင် ဘယ်ဘာသာကိုးကွယ်လဲ။”

“နောက်ငါးနှစ်ကြာရင် နင်ဘာဖြစ်နေမလဲဆိုတာ စဉ်းစားဖူးလား။” [အဖြေရပြီးတဲ့နောက် ဘာသာရေးလုပ်ငန်းနဲ့ဆိုင်တဲ့ သင့်ပန်းတိုင်ကိုပြောပြပါ။]

[စာမျက်နှာ ၁၂၇ ပါ ဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

လေ့ကျင့်ခန်းစာရွက်

သင့်အဖြေကို ကြိုတင်ပြင်ဆင်ပါ

ကူးယူပါ။

အကြံပြုချက်– ဒီဇယားကို မိဘတွေ၊ ခရစ်ယာန်လူငယ်ချင်းတွေနဲ့ ဆွေးနွေးပါ။ ဇယားကို ဖြည့်စွက်ပါ။ အတန်းဖော်တွေမေးနိုင်တဲ့ တခြားမေးခွန်းတွေကိုလည်း စဉ်းစားထားပါ။ အဲဒီနောက် အကောင်းဆုံးအဖြေတွေကို ကြိုတင်ပြင်ဆင်ပါ။

ကြားနေမှု

မေးခွန်း

ဘာ​ကြောင့် အလံ​အလေး​မပြု​တာ​လဲ။ ကိုယ့်​နိုင်​ငံ​ကို မချစ်​ဘူး​လား။

အဖြေ

ကိုယ့်​နိုင်​ငံ​ကို တန်​ဖိုး​ထား​လေး​စား​ပါ​တယ်။ ဒါ​ပေမဲ့ မကိုးကွယ်​ဘူး။

နောက်မေးခွန်း

ဒီလိုဆိုရင် နိုင်ငံအတွက် စစ်မတိုက်ဘူးလား။

အဖြေ

မတိုက်​ဘူး။ တ​ခြား​နိုင်​ငံ​တွေ​က ယေဟောဝါ​သက်​သေတွေ​လည်း ဒီ​နိုင်​ငံ​ကို လာ​တိုက်​မှာ​မဟုတ်​ဘူး။

သွေး

မေးခွန်း

ဘာလို့ သွေးမသွင်းတာလဲ။

အဖြေ

အေအိုင်​ဒီ​အက်စ်​ရော​ဂါ ဒါ​မှ​မဟုတ် အသည်း​ရော​ဂါ မကူး​စက်​နိုင်​တဲ့ ဆေး​ကု​သမှု​မျိုး​ကို လက်ခံ​ပါ​တယ်။ ဒါ​ပေမဲ့ ကျမ်း​စာ​က သွေး​ကို​ရှောင်​ရ​မယ်​လို့​ပြော​တဲ့​အတွက် သွေး​မသွင်း​တာ။

နောက်မေးခွန်း

သွေးမသွင်းရင် သေမယ်ဆိုရင်ကော။ သွေးသွင်းလိုက်ရင် ဘုရားသခင် ခွင့်လွှတ်မလား။

အဖြေ

․․․․․

ဆုံးဖြတ်ချက်များ

မေးခွန်း

နင့်အသင်းထဲက ဘယ်သူဘယ်ဝါကတော့ ဒါတွေလုပ်တယ်။ နင်က ဘာလို့မလုပ်တာလဲ။

အဖြေ

ငါတို့ကို ဘုရားဘာလုပ်စေချင်တယ်ဆိုတာ ကျမ်းစာထဲမှာပါတယ်။ ဒါပေမဲ့ အဲဒါတွေကို မလုပ်မနေလုပ်ရမယ်လို့ အတင်းအကျပ်မခိုင်းဘူး။ ငါတို့စိတ်ကြိုက် ဆုံးဖြတ်ပြီးလုပ်နိုင်တယ်။

နောက်မေးခွန်း

ဒါ​ဆို​ရင် နင်​တို့​အသင်း​မှာ စံနှုန်းနှစ်မျိုးရှိတာလား။

အဖြေ

․․․․․

ဖန်ဆင်းခြင်း

မေးခွန်း

ဆင့်ကဲဖြစ်စဉ်ကို ဘာလို့လက်မခံတာလဲ။

အဖြေ

ကိုယ့်ကိုယ်ကိုယ် ပညာရှင်လို့ ယူမှတ်ထားတဲ့ သိပ္ပံပညာရှင်တွေတောင် ဆင့်ကဲနဲ့ပတ်သက်ပြီး တစ်ယောက်တစ်မျိုး အယူအဆကွဲလွဲနေကြတာ။ ငါက ဘာလို့လက်ခံရမှာလဲ။

နောက်မေးခွန်း

․․․․․

အဖြေ

․․․․․

[စာမျက်နှာ ၁၂၅ ပါ ရုပ်ပုံ]

ကိုယ့်ခံယူချက်ကိုပြောပြတာက ရေကူးတာနဲ့ တူတယ်။ ရေထဲကို ဖြည်းဖြည်းချင်း ဆင်းမလား၊ ဒိုင်ဗင်ထိုးမလား