မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျောင်းမှာဖိစီးမှုကြုံရင် ဘယ်လိုဖြေရှင်းရမလဲ

ကျောင်းမှာဖိစီးမှုကြုံရင် ဘယ်လိုဖြေရှင်းရမလဲ

အခန်း ၁၈

ကျောင်းမှာဖိစီးမှုကြုံရင် ဘယ်လိုဖြေရှင်းရမလဲ

“ကျောင်းမှာ ဖိစီးမှုများလွန်းလို့ တစ်ခါတလေ ကျွန်မ အော်ငိုပစ်လိုက်ချင်တယ်။”—ရှာရွန်။

“အသက်သာ ကြီးသွားတာ၊ ကျောင်းမှာကြုံရတဲ့ ဖိစီးမှုကတော့ လျော့မသွားဘူး။ ပုံစံပြောင်းသွားတာပဲရှိတယ်။”—ဂျိမ်းစ်။

ကျောင်းမှာ ဖိစီးမှု ဘယ်လောက်များတယ်ဆိုတာ မိဘတွေ နားမလည်ဘူးလို့ သင်ခံစားနေရသလား။ ‘နင်က ဘဏ်ချေးငွေတွေ ပြန်ဆပ်နေရလို့လား၊ မိသားစုကို ရှာကျွေးနေရလို့လား၊ အလုပ်ရှင်အကြိုက် လုပ်နေရလို့လား’ ဆိုပြီး မိဘတွေပြောတတ်ကြတယ်။ သူတို့မှာဖိစီးမှုရှိသလို သင်လည်း ကျောင်းမှာဖိစီးမှုရှိတယ်၊ သူတို့ထက်တောင် ပိုဆိုးသေးတယ်လို့ ခံစားမိနိုင်တယ်။

ကျောင်းသွား၊ ကျောင်းပြန်ကတောင် ဖိစီးမှုဖြစ်နိုင်တယ်။ အမေရိကန်နိုင်ငံက တာရာ အခုလိုပြောတယ်– “ကျောင်းကားပေါ်မှာ ရန်ပွဲတွေ ခဏခဏပဲ။ အဲဒီအခါ ဒရိုင်ဘာက ကားရပ်လိုက်ပြီး အားလုံးကို အောက်ဆင်းခိုင်းတယ်။ ဒါနဲ့ပဲ ကျွန်မတို့ နာရီဝက်ကျော်လောက် ကျောင်းနောက်ကျသွားတယ်။”

ကျောင်းရောက်တော့ကော ဖိစီးမှု လျော့သွားလား။ ဝေးပါသေးတယ်။ အောက်ပါအခြေအနေမျိုး ကြုံရနိုင်တယ်–

ဆရာ/ဆရာမတွေရဲ့ ဖိအား

“ဆရာ/ဆရာမတွေက ကျွန်မကို ထူးချွန်စေချင်တယ်၊ အဆင့်အကောင်းဆုံးရစေချင်တယ်။ သူတို့ဖြစ်စေချင်တဲ့အတိုင်း ကြိုးစားရတာ ဖိစီးမှုတစ်ခုပဲ။”—စန္ဒြာ။

“ဆရာ/ဆရာမတွေက စာတော်တဲ့ကျောင်းသားတွေဆိုရင် ထူးချွန်စေချင်လို့ အတင်းဖိအားပေးတတ်တယ်။” —ဧပရယ်။

“ကိုယ့်မှာ ပန်းတိုင်ကောင်းကောင်းရှိပြီးသား။ ဒါတောင်မှ ဆရာ/ဆရာမတွေ လိုက်စားစေချင်တဲ့ ပညာရေးပန်းတိုင်တွေကို မလိုက်စားတဲ့အခါ အသုံးမကျဘူးလို့ အပြောခံရတယ်။”  *—နေအိုမီ။

ဆရာ/ဆရာမတွေရဲ့ဖိအားကြောင့် သင်ဘယ်လိုထိခိုက်သလဲ။

․․․․․

ရွယ်တူချင်းတွေရဲ့ဖိအား

“အထက်တန်းကျောင်းမှာ ကျောင်းသားတွေက ပိုလွတ်လပ်တယ်၊ ပိုသောင်းကျန်းတယ်။ သူတို့လို လိုက်မလုပ်ရင် ကိုယ့်ကိုအဖက်မလုပ်ကြဘူး။”—ကယ်ဗင်။

“အရက်သောက်ဖို့၊ လိင်ပျော်ပါးဖို့ ကျွန်တော့်ကို နေ့တိုင်းလာဆွယ်ကြတယ်။ တစ်ခါတလေ သူတို့လိုလိုက်လုပ်ချင်တဲ့စိတ်ကို မနည်းချိုးနှိမ်ရတယ်။”—အယ်ရွန်။

“ကျွန်မ အသက် ၁၂ နှစ်ရှိပြီ။ အဆိုးဝါးဆုံးဖိစီးမှုကတော့ ရည်းစားထားဖို့ ဖိအားပေးခံရတာပဲ။ ကျောင်းမှာ လူတိုင်းက ‘နင်အပျိုကြီးပဲ လုပ်တော့မှာလား’ လို့ ခနဲ့ကြတယ်။”—အလက်ဇန္ဒြီယာ။

“ကောင်လေးတစ်ယောက်နဲ့ချိန်းတွေ့ဖို့ ကျွန်မကို လာလာပြောကြတယ်။ ကျွန်မငြင်းလိုက်တော့ လိင်တူသမားလို့ အပြောခံရတယ်။ အဲဒီတုန်းက အသက် ၁၀ နှစ်ပဲရှိသေးတာ။”—ခရစ္စတာ။

ရွယ်တူချင်းတွေရဲ့ဖိအားကြောင့် သင်ဘယ်လိုထိခိုက်သလဲ။

ဖိစီးမှုဖြစ်စေတဲ့ တခြားအကြောင်းရင်းများ။ အောက်ပါအချက်တွေထဲက သင့်အတွက် ဖိစီးမှုအများဆုံးအချက်ကို ခြစ်ပါ။ တခြားရှိတယ်ဆိုရင်လည်း ရေးပါ။

□ စာမေးပွဲနီးလာတဲ့အခါ

□ အိမ်စာ

□ မိဘတွေ မျှော်လင့်ချက်ကြီးတာ

□ ကိုယ်တိုင်က မျှော်လင့်ချက်ကြီးကြီးထားပြီး ကြိုးစားတာ

□ အနိုင်ကျင်ခံရတာ၊ လိင်ဆိုင်ရာနှောင့်ယှက်မှုခံရတာ

□ တခြား ․․․․․

ဖိစီးမှုလျော့နည်းစေတဲ့ အဆင့်လေးဆင့်

ဘယ်ကျောင်းသားမဆို ဖိစီးမှုမကြုံရဘဲ ကျောင်းပြီးသွားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဖိစီးမှုများလွန်းရင် စိတ်ထောင်းကိုယ်ကြေ ဖြစ်နိုင်တယ်။ ‘ဖိနှိပ်မှုက ဉာဏ်ပညာရှိသူကို ရူးစေနိုင်တယ်’ လို့ ကျမ်းစာဆိုတယ်။ (ဒေသနာ ၇:၇ကဘ) ဒါပေမဲ့ သင် အဲဒီလိုဖြစ်စရာမလိုဘူး။ ဖိစီးမှုကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းတတ်ဖို့ပဲ လိုတယ်။

ဖိစီးမှုကို ဖြေရှင်းတာက အလေးမတာနဲ့တူတယ်။ အလေးမသမားတစ်ယောက်ဟာ အောင်မြင်ချင်ရင် ကောင်းကောင်း ကြိုတင်ပြင်ဆင်ရမယ်။ နိုင်သလောက်ပဲ မ,ရမယ်၊ နည်းမှန်လမ်းကျ မ,ဖို့လည်းလိုတယ်။ ဒါဆိုရင် ခန္ဓာကိုယ်မထိခိုက်ဘဲ ကြွက်သားတွေ ပိုသန်မာလာလိမ့်မယ်။ အဲဒီလိုမလုပ်ဘူးဆိုရင်တော့ ကြွက်သား စုတ်ပြတ်တာ၊ အရိုးကျိုးတာတောင် ဖြစ်နိုင်တယ်။

အဲဒီလိုပါပဲ၊ ဖိစီးမှုတွေကို ကောင်းကောင်းဖြေရှင်းနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် မထိခိုက်ဘဲ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်နိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ အောက်ပါအဆင့်တွေကို လုပ်ကြည့်ပါ–

၁။ အကြောင်းရင်းတွေကို သိအောင်ကြိုးစားပါ။ “အန္တရာယ်ကြုံတော့မယ်မှန်းသိရင် မိုက်မိုက်မဲမဲ ထိပ်တိုက်မတိုးပါနဲ့၊ ပါးပါးနပ်နပ် ရှောင်လိုက်ပါ” လို့ ပညာရှိစကားတစ်ခွန်းကဆိုတယ်။ (သုတ္တံ ၂၂:၃Contemporary English Version) အကြောင်းရင်းတွေကို မသိဘူးဆိုရင်တော့ ဖိစီးမှုကို ရှောင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အထက်မှာ ✔ ခြစ်ခဲ့တာကို ပြန်ကြည့်ပါ။ အခု ဘယ်အချက်က ဖိစီးမှုအများဆုံးဖြစ်သလဲ။

၂။ ရှာဖွေလေ့လာပါ။ ဥပမာ၊ အိမ်စာအရမ်းများလွန်းလို့ ဖိစီးမှုဖြစ်နေရင် ၂၀၀၄၊ စက်တင်ဘာ ၈ ရက်ထုတ် နိုးလော့!၊ “အိမ်စာလုပ်ဖို့ အချိန်ဘယ်လိုရနိုင်မလဲ” ဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေကို ဖတ်ကြည့်ပါ။ အတန်းဖော်တစ်ယောက်နဲ့ လိင်မှုပြုဖို့ ဖိအားပေးခံရရင် ၂၀၀၇၊ မတ်လထုတ် နိုးလော့!၊ “အပျော်တွဲဖို့ ကမ်းလှမ်းလာရင် ငါဘယ်လိုလုပ်ရမလဲ၊” ၂၀၀၇၊ ဇွန်လထုတ် နိုးလော့!၊ “တိတ်တဆိတ်ချိန်းတွေ့ခြင်းသည် အဘယ်ကြောင့်မှားသနည်း၊” ၂၀၁၄၊ ဇန်နဝါရီလထုတ် နိုးလော့!၊ “ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်ပုံ” ဆောင်းပါးတွေမှာ အကြံဉာဏ်ကောင်းတွေ ရှာကြည့်ပါ။

၃။ အချိန်မဆွဲပါနဲ့။ အချိန်ဆွဲနေမယ်ဆိုရင် ပြဿနာတွေ ပျောက်သွားမှာ မဟုတ်ဘူး။ ပိုတောင်ဆိုးသွားနိုင်တယ်။ အဲဒီအခါ ဖိစီးမှုလည်း ပိုများလာနိုင်တယ်။ ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတစ်ခုကို ဘယ်လိုဖြေရှင်းမယ်ဆိုတာသိတာနဲ့ ချက်ချင်းဖြေရှင်းလိုက်ပါ။ အချိန်ဆွဲမနေပါနဲ့။ ဥပမာ၊ သင်က ယေဟောဝါဘုရားကို ကိုးကွယ်ပြီး ကျမ်းစာစံနှုန်းနဲ့အညီ နေထိုင်သူဖြစ်ရင် ကျောင်းစတက်တက်ချင်း သင့်ကိုယ်သင် ယေဟောဝါသက်သေဆိုတာ ပြောပြထားပါ။ ဒါဆို ဖိစီးမှု သိပ်ရှိတော့မှာမဟုတ်ဘူး။ “စာသင်နှစ်တစ်နှစ်စတိုင်း အကြောင်းအရာတချို့ကို ကျွန်မဘက်က စပြောတယ်။ ဒီအခါ ကျမ်းစာစံနှုန်းတွေကို ရှင်းပြဖို့ အခွင့်အရေးရလာတယ်။ သက်သေခံဖြစ်မှန်း ပြောပြဖို့ အချိန်ဆွဲလေလေ ပိုခက်လေလေပဲ။ ကျွန်မ ဘယ်သူဖြစ်တယ်ဆိုတာ ပြောပြထားပြီး အဲဒီအတိုင်းနေထိုင်တဲ့အတွက် တစ်နှစ်လုံးအဆင်ပြေသွားတယ်” လို့ အသက် ၂၀ ရှိတဲ့ မာရှာပြောပြတယ်။

၄။ အကူအညီတောင်းခံပါ။ အသန်မာဆုံး အလေးမသမားတစ်ယောက်တောင် မ,နိုင်တာ အကန့်အသတ်ရှိတယ်။ သင့်မှာလည်း အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ ဝန်တွေကို သင်တစ်ယောက်တည်း ထမ်းစရာမလိုပါဘူး။ (ဂလာတိ ၆:၂) မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့ခရစ်ယာန်တစ်ယောက်ဆီမှာ အကူအညီတောင်းနိုင်တယ်။ အစပိုင်းမှာရေးချထားတဲ့ အဖြေတွေကိုပြပြီး အကြံဉာဏ်တောင်းခံပါ။

ဖိစီးမှုရှိတာ ကောင်းသလား

မယုံမရှိနဲ့၊ တစ်ခါတလေ ဖိစီးမှုရှိတာကောင်းတယ်။ ဘာကြောင့်လဲ။ အဲဒါက သင်ဟာ ဝီရိယရှိသူဖြစ်မှန်း၊ သင့်စိတ်တွေ လေးလံထိုင်းမှိုင်းမနေမှန်း ဖော်ပြနေလို့ပဲ။ ဖိစီးမှု လုံး၀မရှိသူတစ်ယောက်ကို ကျမ်းစာမှာ ဒီလိုပြောတယ်– ‘ဘယ်အချိန်ထိ လဲလျောင်းနေမှာလဲ။ ဘယ်အချိန်မှ အိပ်ရာထမှာလဲ။ တစ်ရေးအိပ်နေတုန်း၊ ခဏလေးငိုက်နေတုန်း၊ လက်လေးပိုက်ပြီး ခဏတဖြုတ်နားနေတုန်း ဆင်းရဲခြင်းဟာ ဓားပြလို မင်းဆီ ရောက်လာလိမ့်မယ်။’—သုတ္တံ ၆:၉-၁၁ကဘ။

၁၆ နှစ်အရွယ် ဟိုင်းဒီပြောတာ တကယ်မှန်တယ်။ “ကျောင်းမှာကြုံရတဲ့ဖိစီးမှုတွေက တကယ်ဆိုးတယ်လို့ ထင်နေတာ။ ဒါပေမဲ့ အလုပ်ခွင်မှာလည်း ဘာမှမထူးဘူး၊ ဒီလိုပဲ။” အမှန်အတိုင်းပြောရရင် ဖိစီးမှုကို ဖြေရှင်းဖို့ သိပ်ခက်တယ်။ ဒါပေမဲ့ နည်းမှန်လမ်းကျ ဖြေရှင်းမယ်ဆိုရင်တော့ သင်ထိခိုက်မှာမဟုတ်ဘူး။ စိတ်ဓာတ်ကြံ့ခိုင်သူတောင် ဖြစ်လာပါလိမ့်မယ်။

နောက်အခန်းမှာဖတ်ကြည့်ပါ

ကျောင်းထွက်တာက ပြဿနာဖြေရှင်းနည်းလား။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ထပ်သိချင်တယ်ဆိုရင် ဒီစာအုပ်ရဲ့အခန်း ၂၀ ကိုကြည့်ပါ။

အဓိကကျမ်းချက်

“ကိုယ်တော် [ဘုရားသခင်] သည် သင်တို့ကို ဂရုစိုက်တော်မူ သောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။”—၁ ပေတရု ၅:၇

အကြံပြုချက်

ဖိစီးမှုဖြစ်စေတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အမျိုးအစားနဲ့ မဖြေရှင်းနိုင်တဲ့အမျိုးအစားဆိုပြီး နှစ်မျိုးခွဲလိုက်ပါ။ သင့်အချိန်နဲ့ခွန်အားကို အကောင်းဆုံးသုံးပြီး ဖြေရှင်းနိုင်တဲ့ ပြဿနာကို အရင်ဆုံးကိုင်တွယ်လိုက်ပါ။ ပြီးမှ မဖြေရှင်းနိုင်တဲ့ပြဿနာတွေကို စစဉ်းစားပါ။

သင်သိပါသလား . . . ?

ညတိုင်း အနည်းဆုံးရှစ်နာရီ အိပ်ရေးဝဝ အိပ်မယ်ဆိုရင် ဖိစီးမှုကို ဖြေရှင်းနိုင်တဲ့အပြင် မှတ်ဉာဏ်လည်း ပိုကောင်းစေတယ်။

သင်ဘယ်လိုထင်သလဲ

● လုံးဝအမှားမခံတတ်တာက ဖိစီးမှုကို ဘာကြောင့်တိုးစေသလဲ။

● ဖိစီးမှုသိပ်များလာပြီဆိုရင် ဘယ်သူ့ကို ရင်ဖွင့်နိုင်သလဲ။

လက်တွေ့လုပ်ကြည့်ပါ

ဖိစီးမှုဖြေရှင်းနိုင်ဖို့ ဖြစ်နိုင်ရင် ․․․․․ နာရီမှာ ငါအိပ်ရာဝင်မယ်

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

[စာမျက်နှာ ၁၃၂ ပါအကျဉ်းဖော်ပြချက်]

‘‘အဖေက ကျွန်မကို နေ့တိုင်းကျောင်းလိုက်ပို့ပေးတဲ့အခါ ကားပေါ်ကမဆင်းခင် ဆုတောင်းပေးတတ်တယ်။ အဲဒါကြောင့် လုံခြုံတယ်လို့ ခံစားရတယ်။’’—လစ်ဇ်

[စာမျက်နှာ ၁၃၁ ပါ ရုပ်ပုံ]

နည်းမှန်လမ်းကျ အလေးမရင် ကိုယ်ခန္ဓာကြံ့ခိုင်လာသလို ဖိစီးမှုကို နည်းမှန်လမ်းကျ ဖြေရှင်းနိုင်ရင် စိတ်ဓာတ်ကြံ့ခိုင်လာမယ်