မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါကျောင်းထွက်လိုက်ရင် ကောင်းမလား

ငါကျောင်းထွက်လိုက်ရင် ကောင်းမလား

အခန်း ၁၉

ငါကျောင်းထွက်လိုက်ရင် ကောင်းမလား

ဘယ်နှတန်းရောက်ရင် ကျောင်းထွက်မယ်လို့ သင်စိတ်ကူးထားလဲ။ ․․․․․

မိဘတွေကကော ဘယ်နှတန်းရောက်ရင် ကျောင်းထွက်စေချင်သလဲ။ ․․․․․

အထက်ပါမေးခွန်းနှစ်ခုရဲ့အဖြေ တူသလား။ အဖြေတူတာတောင် ကျောင်းတက်နေရတုန်းပဲဆိုရင် ကျောင်းတက်ရတာ ပျော်မှာမဟုတ်တော့ဘူး။ အောက်မှာပြောတဲ့သူတွေလို သင်ခံစားဖူးသလား။

“ဖိစီးမှုများလွန်းလို့ တချို့ရက်တွေမှာ အိပ်ရာကမထချင်ဘူး။ ‘ကျောင်းသွားပြီး ကိုယ့်အတွက်အသုံးမတည့်တာတွေကို သင်ယူနေတော့ရော ဘာထူးမှာလဲ’ လို့ကျွန်မတွေးမိတယ်။” —ရေချယ်လ်။

“ကျောင်းတက်ရတာ ပင်ပန်းလွန်းလို့ ကျောင်းထွက်ပြီး အလုပ်လုပ်ချင်တဲ့စိတ် ခဏခဏပေါ်လာတယ်။ စာဆက်သင်နေတာ ဘာမှအကျိုးမရှိဘူး။ အလုပ်လုပ်တာမှ ပိုက်ဆံရအုံးမယ်။” —ဂျွန်။

“မြို့ထဲက အထက်တန်းကျောင်းမှာတက်တုန်းက ကျွန်တော့်မှာ သူငယ်ချင်းမရှိဘူး။ စာလိုက်နိုင်ပေမဲ့ အပယ်ခံရလို့ အထီးကျန်တယ်။ အပယ်ခံဘဝတူချင်းတွေတောင် ကျွန်တော့်ကို အဖက်မလုပ်ကြတော့ ကျောင်းထွက်ဖို့ပဲ တွေးမိတယ်။” —ရိုင်ယန်။

“ညတိုင်း တစ်ရက်ကိုလေးနာရီလောက် အိမ်စာလုပ်နေရတာ။ အိမ်စာတွေ၊ ပရောဂျက်တွေ၊ စာမေးပွဲတွေနဲ့ ဆက်တိုက်လုံးပန်းနေရတယ်။ မနိုင်ဝန်ထမ်းနေရတယ်လို့ ခံစားမိပြီး ကျောင်းထွက်ချင်လာတယ်။” —စင်ဒီ။

“ကျွန်မတို့ကျောင်းမှာ ဗုံးထောင်တာ၊ သုံးယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားတာ၊ တစ်ယောက်က သတ်သေသွားတာ၊ လူဆိုးဂိုဏ်းဖွဲ့တာတွေချည်းပဲ။ အဲဒါမျိုးတွေဖြစ်လွန်းလို့ ကျောင်းမနေချင်တော့ဘူး။” —ရို့စ်။

သင်ကော အဲဒီလိုကြုံနေရသလား။ ဒါဆိုရင် ဘယ်အခြေအနေကြောင့် ကျောင်းထွက်ချင်ရတာလဲ။

․․․․․

အခု သင်က ကျောင်းထွက်ဖို့ပဲ စဉ်းစားနေနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုစဉ်းစားတာက ဒီပညာလောက်ဆို ငါ့အတွက်ရပြီလို့ ထင်လို့လား ဒါမှမဟုတ် ကျောင်းတက်ရတာ ငြီးငွေ့လို့လား။ မဖြေခင် ကျောင်းထွက်တယ်ဆိုတဲ့ အဓိပ္ပာယ်မှန်ကို သိဖို့လိုတယ်။

ကျောင်းခဏနားရင်ကောင်းမလား၊ အပြီးထွက်လိုက်ရင်ကောင်းမလား

ကျောင်းနားတာနဲ့ ကျောင်းထွက်တာ မတူကြောင်းကို သင်ဘယ်လိုရှင်းပြမလဲ။

․․․․․

နိုင်ငံတချို့မှာ ငါးတန်း ဒါမှမဟုတ် ရှစ်တန်းလောက် ကျောင်းနေပြီးရင် ကျောင်းထွက်ကြတယ်။ တခြားနိုင်ငံတွေမှာတော့ အနည်းဆုံး ၁၀ တန်းအထိ ကျောင်းတက်ရတယ်။ ဒါကြောင့် ဘယ်အသက်အရွယ်၊ ဘယ်အတန်းအထိ ပညာသင်ရမယ်ဆိုပြီး တစ်ပုံစံတည်း သတ်မှတ်ထားတာ မရှိဘူး။

တချို့နိုင်ငံတွေမှာတော့ ကျောင်းသွားစရာမလိုဘဲ အိမ်ကနေ စာသင်ယူလို့ရတယ်။ အဲဒီကျောင်းသားတွေက မိဘတွေရဲ့ခွင့်ပြုချက်၊ ဆရာဆရာမတွေရဲ့အကူအညီနဲ့ အိမ်မှာသင်ယူကြတာ။ ကျောင်းထွက်လိုက်တာမဟုတ်ဘူး။

သင်က ကျောင်းတက်နေတာပဲဖြစ်ဖြစ်၊ အိမ်ကနေ စာသင်ယူတာပဲဖြစ်ဖြစ် ကျောင်းမပြီးခင်မှာ တစ်ဝက်တစ်ပျက်နဲ့ကျောင်းထွက်ဖို့ တွေးမိတယ်ဆိုရင် အောက်ပါမေးခွန်းတွေကို သုံးသပ်ဖို့လိုတယ်–

ကျောင်းသားတွေအတွက် ဥပဒေပြဋ္ဌာန်းချက်က ဘာလဲ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဥပဒေပြဋ္ဌာန်းချက် မတူဘူး။ သင့်နိုင်ငံမှာ အနည်းဆုံး ဘယ်နှတန်းအထိ ပညာသင်ဖို့လိုတယ်လို့ ပြဋ္ဌာန်းထားသလဲ။ အဲဒီအထိ သင်ရောက်ပြီလား။ “အထက်မင်းအာဏာစက်ကို လူတိုင်းလက်အောက်ခံ” ပါဆိုတဲ့ ကျမ်းစာဆုံးမစကားကို နားမထောင်ဘဲ ပြဋ္ဌာန်းထားတဲ့အတန်းအထိ ကျောင်းမတက်ဘူးဆိုရင် တစ်ဝက်တစ်ပျက်နဲ့ ကျောင်းထွက်လိုက်တာပဲ။—ရောမ ၁၃:၁

သင်ရည်မှန်းထားတဲ့ ပညာရေးပန်းတိုင်ကို ရောက်ပြီလား။ သင့်မှာ ဘာပန်းတိုင်တွေရှိသလဲ။ မသေချာသေးရင် သေချာအောင်လုပ်ဖို့လိုတယ်။ အဲဒီလိုမလုပ်ရင် ဘယ်သွားလို့သွားရမှန်းမသိဘဲ ရထားစီးနေတဲ့ ခရီးသည်နဲ့တူလိမ့်မယ်။ ဒါကြောင့် စာမျက်နှာ ၁၃၉ မှာပါတဲ့ “ပညာရေးပန်းတိုင်များ” လေးထောင့်ကွက်ကို မိဘတွေနဲ့တိုင်ပင်ပြီး ဖြည့်စွက်ပါ။ ဒါဆိုရင် သင့်ပန်းတိုင်ရောက်ဖို့ ဘယ်လောက်ထိ ပညာသင်ယူရမယ်ဆိုတာ သင်ကော၊ မိဘတွေပါ သိလာလိမ့်မယ်။—သုတ္တံ ၂၁:၅

ဆရာ/ဆရာမတွေနဲ့ တခြားသူတွေက ဘယ်လောက်ထိ ပညာသင်ယူသင့်တယ်ဆိုပြီး အကြံပေးမှာပဲ။ ဒါပေမဲ့ အဓိကဆုံးဖြတ်ရမယ့်သူကတော့ မိဘတွေပါ။ (သုတ္တံ ၁:၈; ကောလောသဲ ၃:၂၀) သင်နဲ့မိဘတွေ ဆုံးဖြတ်ထားတဲ့ ပညာရေးပန်းတိုင်ရောက်တဲ့အထိ ကျောင်းမတက်တော့ရင် တစ်ဝက်တစ်ပျက်နဲ့ ကျောင်းထွက်လိုက်တာပဲ။

ဘယ်အကြောင်းရင်းတွေကြောင့် ကျောင်းထွက်ချင်တာလဲ။ ကိုယ့်ကိုယ်ကိုယ် မညာပါနဲ့။ (ယေရမိ ၁၇:၉) ကိုယ့်အကြိုက်လုပ်ရဖို့ ဆင်ခြေပေးတတ်တာ လူ့သဘာဝပဲ။—ယာကုပ် ၁:၂၂

ကျောင်းထွက်ချင်ရတဲ့ ချီးကျူးစရာအကြောင်းရင်းတွေကို အောက်မှာရေးပါ။

․․․․․

ကျောင်းထွက်ချင်ရတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့အကြောင်းရင်းတွေကို အောက်မှာရေးပါ။

․․․․․

ချီးကျူးစရာကောင်းတဲ့ ဘယ်အကြောင်းရင်းတွေကို သင်ရေးခဲ့သလဲ။ မိသားစုကိုထောက်ပံ့ချင်လို့၊ ဘုရားတရားအလုပ် လုပ်ချင်လို့ စတာတွေဖြစ်နိုင်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းရင်းတွေကတော့ စာမေးပွဲမဖြေချင်လို့၊ အိမ်စာမလုပ်ချင်လို့ ဆိုတာတွေပဲ။ ကျောင်းထွက်ချင်တာ ချီးကျူးစရာ အကြောင်းရင်းကြောင့်လား ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းရင်းကြောင့်လားဆိုတာ ခွဲခြားသိဖို့ခက်နိုင်တယ်။

အထက်မှာ သင်ရေးခဲ့တဲ့အကြောင်းရင်းတွေကို ၁ ကနေ ၅ အထိ နံပါတ်တပ်ပါ (၁ အရေးမကြီးတဲ့အချက်၊ ၅ အရေးကြီးဆုံးအချက်)။ ပြဿနာတွေကိုရှောင်ချင်လို့ ကျောင်းထွက်လိုက်တာဆိုရင်တော့ ဒုက္ခရောက်လိမ့်မယ်။

ပညာတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်တာ ဘာမှားသလဲ

ပညာတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်တာက ကိုယ်ဆင်းမယ့်ဘူတာမရောက်ခင် ရထားပေါ်ကနေ ခုန်ဆင်းတာနဲ့တူတယ်။ ရထားစီးရတာ၊ ခရီးသည်တွေနဲ့ဆက်ဆံရတာ အဆင်မပြေလို့ ဆင်းမယ့်ဘူတာမတိုင်ခင် ခုန်ချလိုက်မယ်ဆိုရင် လိုရာခရီးမရောက်တဲ့အပြင် ဒဏ်ရာတောင် အကြီးအကျယ်ရနိုင်တယ်။ အဲဒီလိုပဲ သင်ကျောင်းထွက်လိုက်ရင် ရည်မှန်းထားတဲ့အတိုင်း ဖြစ်မလာနိုင်တော့ဘူး။ ပြီးတော့ အခုချက်ချင်းရော၊ ရေရှည်မှာပါ အောက်ပါပြဿနာတွေ ကြုံရနိုင်တယ်–

ချက်ချင်းကြုံနိုင်တဲ့ပြဿနာ– အလုပ်ရဖို့ခက်နိုင်တယ်။ ရခဲ့ရင်တောင် ကျောင်းမပြီးတဲ့အတွက် တခြားသူတွေထက် လစာနည်းတဲ့အလုပ်ပဲ ရနိုင်တယ်။ ပုံမှန်နေထိုင်စားသောက်ဖို့ အလုပ်မှာ အချိန်အများကြီးပေးရတော့ ကျောင်းတက်ရတာထက်တောင် ပိုပင်ပန်းသေးတယ်။

ရေရှည်မှာကြုံနိုင်တဲ့ပြဿနာ– ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်သူတွေဟာ ကျန်းမာရေးချို့တဲ့တာ၊ ထောင်ထဲမှာဇာတ်သိမ်းရတာ၊ လူမှုဖူလုံရေးစနစ်တွေကို အားကိုးရတာတွေဖြစ်ဖို့ အကြောင်းပိုများတယ်။

ပညာပြီးဆုံးအောင်သင်ယူရင် အဲဒီပြဿနာတွေ မကြုံရဘူးလို့ ပြောနေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပညာမစုံသေးခင် ကျောင်းထွက်ပြီး ဘာကြောင့် ကိုယ့်ဒုက္ခကိုယ်ရှာချင်ရတာလဲ။

ကျောင်းမထွက်တာ အကျိုးရှိ

စာမေးပွဲကျလို့၊ ကျောင်းမှာအဆင်မပြေလို့ ကျောင်းထွက်ချင်စိတ်ပေါက်နိုင်တယ်။ အဲဒီလိုအချိန်မျိုးမှာ နောက်ကြုံမယ့်ပြဿနာတွေက အသေးအဖွဲလို့ထင်သွားပြီး လက်ရှိပြဿနာက ပိုအရေးကြီးတယ်လို့ ခံစားမိနိုင်တယ်။ လူငယ်ဆိုတော့ “အလွယ်တကူ” ဆုံးဖြတ်ချက်ချတတ်တယ်။ ဒါပေမဲ့ မဆုံးဖြတ်ခင် အစပိုင်းမှာဖော်ပြခဲ့တဲ့ လူငယ်တွေ ကျောင်းမထွက်လိုက်လို့ ဘယ်လိုအကျိုးခံစားရတယ်ဆိုတာ နားထောင်ကြည့်ပါ။

“ခံနိုင်ရည်ရှိလာပြီး စိတ်ဓာတ်ကြံ့ခိုင်လာတယ်။ သဘောထားလည်း ပြောင်းလဲလာတယ်။ တစ်ချိန်တည်းမှာ ကျွန်မရဲ့ပန်းချီလက်ရာလည်း တိုးတက်လာတယ်။ ကျောင်းပြီးသွားရင် အဲဒီပညာကို ကောင်းကောင်းအသုံးပြုမယ်။”—ရေချယ်လ်။

“ကြိုးစားရင် ပန်းတိုင်ရောက်နိုင်မှန်း အခု ကျွန်တော်သိပြီ။ အထက်တန်းကျောင်းမှာ နည်းပညာပိုင်းနဲ့ဆိုင်တဲ့ပညာရပ်ကို အဓိကယူထားတာမို့ ပုံနှိပ်စက်ပြင်ဆရာဖြစ်အောင် ကြိုးစားမယ်။”—ဂျွန်။

“လက်မလျော့ဘဲ ကျောင်းဆက်တက်လို့ အရေးအဖတ် ကျွမ်းကျင်လာတယ်။ အဲဒီအပြင် သူများဝေဖန်တာတွေကို ခံနိုင်လာတယ်။ စကားကိုလည်း ချက်ကျလက်ကျပြောတတ်လာတော့ ဘုရားတရားအလုပ် လုပ်တဲ့အခါ အတော်အသုံးဝင်တယ်။”—ရိုင်ယန်။

“ကျောင်းမှာဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြဿနာတွေကို ဖြေရှင်းတတ်လာတယ်။ ပညာရေး၊ လူမူရေး၊ ကျန်းမာရေးအခက်အခဲတွေကို ဖြေရှင်းတတ်လာတော့ ရင့်ကျက်လာတယ်။” —စင်ဒီ။

“အလုပ်ခွင်မှာကြုံရတဲ့ အခက်အခဲတွေကို ဖြေရှင်းတတ်လာတယ်။ ကိုယ့်ခံယူချက်ကို ပြန်ဆန်းစစ်စေတဲ့ အခြေအနေအမျိုးမျိုး ကျောင်းမှာကြုံခဲ့ရတာကြောင့် ကျွန်မရဲ့ဘာသာရေးခံယူချက် ပိုခိုင်မာလာတယ်။”—ရို့စ်။

‘ကိစ္စတစ်ခုရဲ့အဆုံးက အစထက် ပိုကောင်းတယ်။ စိတ်ရှည်တာက စိတ်မောက်မာတာထက် ပိုကောင်းတယ်’ ဆိုပြီး ပညာရှိဘုရင် ရှောလမုန်ရေးခဲ့တယ်။ (ဒေသနာ ၇:၈ကဘ) ဒါကြောင့် ကျောင်းထွက်မယ့်အစား ပြဿနာတွေကို စိတ်ရှည်ရှည် ဖြေရှင်းလိုက်ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် နောက်ဆုံးမှာ ကောင်းကျိုးခံစားရပါလိမ့်မယ်။

နောက်အခန်းမှာဖတ်ကြည့်ပါ

ဆရာ/ဆရာမတွေနဲ့ အဆင်မပြေလို့ ကျောင်းသွားရမှာ ကြောက်နေတာလား။

အဓိကကျမ်းချက်

‘အလျင်စလိုပြုလုပ်တတ်သူသည် အစဉ်ချို့တဲ့၍ နေလိမ့်မည်။’—သုတ္တံ ၂၁:၅ခမ။

အကြံပြုချက်

ကျောင်းမှာပြဿနာတွေကြုံရလို့ ကျောင်းမသွားချင်တဲ့အခါ မိဘတွေကိုပြောပြပြီး အကူအညီတောင်းပါ။ အဲဒါက ကျောင်းပြီးအောင်တက်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

သင်သိပါသလား . . . ?

ကျောင်းပြေးတတ်တဲ့လူငယ်တွေဟာ အများအားဖြင့် ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ချင်ကြတယ်။

လက်တွေ့လုပ်ကြည့်ပါ

ဘာသာရပ်တစ်ခုကို သင်ယူဖို့ခက်နေရင် ကျောင်းထွက်လိုက်မယ့်အစား ငါလုပ်နိုင်တာက ․․․․․

ပင်ပန်းလွန်းလို့ ကျောင်းထွက်ချင်တယ်ဆိုရင် ငါလုပ်နိုင်တာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်၊ တွက်ချက်တတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

● အချိန်တိုတိုနဲ့ပြီးတဲ့ သင်တန်းတွေ၊ ကျောင်းတွေတက်တာကနေ ဘယ်လိုအကျိုးရနိုင်သလဲ။

● ကျောင်းပြီးတဲ့အခါ ဘယ်လိုအလုပ်မျိုးလုပ်မယ်ဆိုတာ စဉ်းစားထားဖို့ ဘာကြောင့်အရေးကြီးသလဲ။

[စာမျက်နှာ ၁၄၀ ပါ အကျဉ်းဖော်ပြချက်]

‘‘ပြဿနာတွေကို ရှောင်ပြေးလို့မရဘူး။ ကျောင်းနေတဲ့အခါကျတော့ ကိုယ့်ဘာသာကိုယ် ရပ်တည်တတ်လာတယ်။ အဲဒါက အလုပ်ခွင်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် အသုံးတည့်တယ်။’’ —ရာမိုးနား

[စာမျက်နှာ ၁၃၉ ပါ လေးထောင့်ကွက်]

လေ့ကျင့်ခန်းစာရွက်

ပညာရေးပန်းတိုင်များ

ပညာသင်ယူရတဲ့ အဓိကအကြောင်းရင်းက အလုပ်ကောင်းကောင်းရဖို့ဖြစ်တယ်။ ဒါမှ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်မယ်၊ တစ်နေ့ အိမ်ထောင်ပြုတဲ့အခါ မိသားစုကိုရှာကျွေးနိုင်မယ်။ (၂ သက်သာလောနိတ် ၃:၁၀၊ ၁၂) ဒီတော့ ဘယ်အလုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ထားသလဲ။ ကျောင်းနေတာက အဲဒီအလုပ်အတွက် ဘယ်လိုအကူအညီပေးသလဲ။ ကိုယ်သင်ယူနေတဲ့ပညာရေးက အကျိုးရှိမရှိ သိရအောင် အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ–

ငါ့ရဲ့အားသာချက်တွေက ဘာလဲ။ (ဥပမာ၊ ပေါင်းသင်းဆက်ဆံရေးလား။ လက်မှုပညာလား။ ဒါမှမဟုတ် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတတ်တာလား။) ․․․․․

ငါ့ရဲ့အားသာချက်တွေကို ဘယ်လိုအလုပ်တွေမှာ အသုံးချနိုင်မလဲ။ ․․․․․

ငါနေထိုင်တဲ့ဒေသမှာ ဘယ်လိုအလုပ်တွေ ရနိုင်သလဲ။ ․․․․․

အဲဒီအလုပ်ရဖို့ ဘယ်ဘာသာရပ်တွေကို ငါသင်ယူနေသလဲ။ ․․․․․

ငါရည်မှန်းထားတဲ့ပန်းတိုင်ရောက်ဖို့ ဘယ်ပညာရပ်တွေကို ရွေးချယ်နိုင်သလဲ။ ․․․․․

သင့်ပန်းတိုင်က တကယ်အသုံးတည့်တဲ့ပညာရေးကို သင်ယူဖို့ဖြစ်တယ်ဆိုတာ သတိရပါ။ ဘ၀ပေးတာဝန်တွေမယူချင်လို့ မပြီးနိုင်မစီးနိုင် ကျောင်းတက်နေတာမျိုး မဖြစ်စေပါနဲ့။ ․․․․․

[စာမျက်နှာ ၁၃၈၊ ၁၃၉ ပါ ရုပ်ပုံ]

ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက် တာက ကိုယ်ဆင်းမယ့်ဘူတာမရောက်ခင် ရထားပေါ်ကနေ ခုန်ဆင်းတာနဲ့ တူတယ်