မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လိင်တူဆက်ဆံတာနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်ကို ငါဘယ်လိုရှင်းပြရမလဲ

လိင်တူဆက်ဆံတာနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်ကို ငါဘယ်လိုရှင်းပြရမလဲ

အခန်း ၂၃

လိင်တူဆက်ဆံတာနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်ကို ငါဘယ်လိုရှင်းပြရမလဲ

ဆုချီးမြှင့်ပွဲတစ်ခုမှာ နာမည်ကျော်မင်းသမီးနှစ်ယောက် ရမ္မက်ပြင်းပြင်း နမ်းတာကို ပရိသတ်တွေ့လိုက်ရတော့ ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။ နောက်တော့ အားရပါးရလက်ခုပ်တီး အားပေးကြပါလေရော။ အဲဒါကို လိင်တူချစ်သူတွေက အောင်မြင်မှုလို့ပြောပြီး ဝေဖန်ရေးသမားတွေကတော့ နာမည်ကြီးချင်လို့ စတန့်ထွင်တာလို့ပြောတယ်။ သူတို့နမ်းတာကို တီဗွီသတင်းမှာ ခဏခဏပြန်လွှင့်တယ်။ နောက်နေ့တွေမှာလည်း လူတွေက အဲဒါကို အင်တာနက်မှာ အကြိမ်ပေါင်းများစွာ ဝင်ကြည့်ကြတယ်။

အဲဒီအဖြစ်အပျက်လိုပါပဲ၊ နာမည်ကျော်တစ်ယောက်က သူဟာ လိင်တူသမား ဒါမှမဟုတ် နှစ်ဖက်ချွန်ဆိုပြီး ထုတ်ပြောလိုက်တဲ့အခါ သတင်းမီဒီယာတွေမှာ သူ့အကြောင်း ပလူပျံနေတာပဲ။ အဲဒီလိုထုတ်ပြောရဲတာကို တချို့က ချီးမွမ်းကြတယ်။ တချို့ကျတော့ သူတို့ကို ကိုယ်ကျင့်တရားမကောင်းသူတွေဆိုပြီး ကဲ့ရဲ့ကြတယ်။ အများစုကတော့ လိင်တူဆက်ဆံတာကို သာမန်ဘ၀ပုံစံပဲလို့ မြင်ကြတယ်။ ၂၁ နှစ်အရွယ် ဒန်နီရယ် အခုလိုပြောတယ်– “လိင်တူဆက်ဆံတာကို လက်မခံဘူးလို့ ကျောင်းမှာပြောတော့ လိင်ကွဲဆက်ဆံတာကိုပဲ နှစ်သက်တဲ့သူတွေကတောင် မင်းက တစ်ယူသန်သမား၊ ဝေဖန်ရေးသမား လို့ပြောကြတယ်။”

လိင်တူဆက်ဆံတာနဲ့ပတ်သက်ပြီး တစ်ခေတ်နဲ့တစ်ခေတ်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမြင်ချင်းမတူဘူး။ ခရစ်ယာန်စစ်တွေကတော့ “ခပ်သိမ်းသောသွန်သင်ခြင်းလေ တိုက်ရာဘက်သို့ တိမ်းယိမ်းကြ” မှာ မဟုတ်ပါဘူး။ (ဧဖက် ၄:၁၄) သမ္မာကျမ်းစာပြောတဲ့အတိုင်း လိုက်နာကြတယ်။

လိင်တူဆက်ဆံတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားသလဲ။ ကျမ်းစာရဲ့ ကိုယ်ကျင့်တရားစံနှုန်းအတိုင်း လိုက်လျှောက်လို့ သင့်ကို တစ်ယူသန်သမား၊ ဝေဖန်ရေးသမား၊ လိင်တူဆက်ဆံသူတွေကိုမုန်းတီးသူလို့ ပြောလာခဲ့ရင် ဘယ်လိုတုံ့ပြန်နိုင်မလဲ။ အောက်ပါမေးခွန်းနဲ့အဖြေတွေကို လေ့လာကြည့်ပါ။

“လိင်တူဆက်ဆံတာနဲ့ပတ်သက်ပြီး ကျမ်းစာဘာပြောသလဲ။”

“လက်ထပ်ထားတဲ့ ယောက်ျားနဲ့မိန်းမပဲ လိင်ဆက်ဆံဖို့ ဘုရားသခင်ရည်ရွယ်တယ်ဆိုပြီး ကျမ်းစာမှာ ရှင်းရှင်းလေးပြောထားတယ်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ဝတ်ပြုရာ ၁၈:၂၂; သုတ္တံ ၅:၁၈၊ ၁၉) လိင်တူဖြစ်ဖြစ်၊ လိင်ကွဲဖြစ်ဖြစ်၊ လိင်အကျင့်ယိုယွင်းတာကို ကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတယ်။” *ဂလာတိ ၅:၁၉-၂၁

“လိင်တူဆက်ဆံတာနဲ့ပတ်သက်ပြီး သင်ဘယ်လိုမြင်သလဲ။”

“လိင်တူဆက်ဆံသူတွေကို မမုန်းပါဘူး။ သူတို့ရဲ့အကျင့်ကိုပဲ မုန်းတာ။”

သတိပြုပါ– သင်က ကျမ်းစာရဲ့ကိုယ်ကျင့်တရားစံနှုန်းအတိုင်း လိုက်လျှောက်နေတယ်ဆိုရင် အဲဒါက သင်ရွေးချယ်တဲ့ဘဝပုံစံပဲ။ သင့်မှာ ရွေးချယ်ခွင့်ရှိတယ်။ (ယောရှု ၂၄:၁၅) ဒါကြောင့် ကိုယ့်အမြင်ကိုထုတ်ပြောဖို့ မရှက်ပါနဲ့။—ဆာလံ ၁၁၉:၄၆

“လိင်နဲ့ပတ်သက်တဲ့အကြိုက်တွေ ဘယ်လိုပဲရှိပါစေ လူအားလုံးကို ခရစ်ယာန်တွေ ရိုသေရမယ် မဟုတ်လား။”

“ဟုတ်ပါတယ်။ ကျမ်းစာမှာ ‘လူအမျိုးမျိုးတို့ကို ရိုသေပါ’ ဒါမှမဟုတ် ခေတ်သုံးမြန်မာသမ္မာကျမ်းအရ ‘ခပ်သိမ်းသောသူတို့ကို လေးစားပါ’ လို့ပြောထားတယ်။ (၁ ပေတရု ၂:၁၇) ဒါကြောင့် ခရစ်ယာန်တွေဟာ လိင်တူဆက်ဆံသူတွေကို မမုန်းပါဘူး။ လိင်တူဆက်ဆံသူတွေ အပါအဝင် လူအားလုံးကို ကြင်နာမှုပြတယ်။”—မဿဲ ၇:၁၂

“လိင်တူဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ သင့်အမြင်က လိင်တူသမားတွေကိုမုန်းဖို့ အားပေးတယ် မဟုတ်လား။”

“မဟုတ်ပါဘူး။ ကျွန်တော်က လိင်တူဆက်ဆံတဲ့အကျင့်ကို မုန်းတာ။ လူကိုမုန်းတာမဟုတ်ဘူး။”

အခုလိုထပ်ပြောနိုင်တယ်– “ဥပမာ၊ ကျွန်တော်က ဆေးလိပ်မသောက်ဘူး။ ဆေးလိပ်ဆိုတာနဲ့တင် ရွံတယ်။ ခင်ဗျားကျတော့ ဆေးလိပ်သောက်တယ်၊ ကြိုက်တယ်။ ခင်ဗျားနဲ့ကျွန်တော် အမြင်ချင်းမတူဘူး။ အမြင်ချင်းမတူတာနဲ့ပဲ ခင်ဗျားကို ကျွန်တော်မုန်းမှာ မဟုတ်သလို ခင်ဗျားလည်း ကျွန်တော့်ကို မုန်းမှာမဟုတ်ဘူး။ အဲဒီလိုပဲပေါ့၊ လိင်တူဆက်ဆံတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမြင်တူမှာမဟုတ်ဘူး။”

“တခြားသူရဲ့အမြင်ကို လက်ခံပေးဖို့ ယေရှုပြောခဲ့တယ် မဟုတ်လား။ ဒါဆိုရင် ခရစ်ယာန်တွေက လိင်တူချစ်သူတွေရဲ့အမြင်ကိုလည်း လက်ခံပေးရမှာပေါ့။”

“ဘယ်လိုဘ၀ပုံစံကိုမဆို လက်ခံရမယ်လို့ တပည့်တွေကို ယေရှုအားမပေးခဲ့ဘူး။ အဲဒီအစား သူ့ကို ‘ယုံကြည်ကြောင်းတင်ပြသူတွေ’ ပဲ ကယ်တင်ခံရမယ်လို့ သင်ပေးခဲ့တယ်။ (ယောဟန် ၃:၁၆) ယေရှုကို ယုံကြည်ကြောင်းတင်ပြချင်တယ်ဆိုရင် ဘုရားသခင်တောင်းဆိုထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းအတိုင်း နေထိုင်ရမယ်။ လိင်တူဆက်ဆံခြင်းအပါအဝင် တခြားအကျင့်ဆိုးတွေကို ရှောင်ရမယ်။”—ရောမ ၁:၂၆၊ ၂၇

“လိင်တူချစ်သူတွေက သူတို့အကြိုက်ကို ပြောင်းနိုင်မှာမဟုတ်ဘူး၊ ဗီဇမှာကို ပါလာတာ။”

“လိင်တူချစ်ကြိုက်တာဟာ မျိုးရိုးဗီဇကြောင့်ဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာမှမပြောထားပေမဲ့ တချို့အကျင့်စရိုက်တွေဟာ အရိုးစွဲနေတတ်တယ်ဆိုတာကိုတော့ ကျမ်းစာက အသိအမှတ်ပြုတယ်။ (၂ ကောရိန္သု ၁၀:၄၊ ၅) ဘာပဲဖြစ်ဖြစ်၊ ကျမ်းစာကတော့ လိင်တူဆက်ဆံခြင်းကို ဝေးဝေးရှောင်ဖို့ ခရစ်ယာန်တွေကို သတိပေးထားတယ်။”

အကြံပြုချက်– လိင်တူချစ်ကြိုက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ငြင်းခုံနေမယ့်အစား လိင်တူဆက်ဆံခြင်းကို ကျမ်းစာမှာ တားမြစ်ထားကြောင်း အလေးပေးရှင်းပြပါ။ ဒီလိုဥပမာပေးနိုင်တယ်– “အကြမ်းဖက်လုပ်ရပ်တွေဟာ မျိုးရိုးဗီဇနဲ့ဆိုင်တယ်၊ အဲဒါကြောင့် လူတချို့ အကြမ်းဖက်မှုတွေ ကျူးလွန်တာဆိုပြီး အများစုပြောကြတယ်။ (သုတ္တံ ၂၉:၂၂) ကျမ်းစာမှာတော့ အကြီးအကျယ် ဒေါသပေါက်ကွဲတာကို ပြစ်တင်ရှုတ်ချထားတယ်။ (ဆာလံ ၃၇:၈; ဧဖက် ၄:၃၁) ဒါဆိုရင် အဲဒီကျမ်းစာအဆိုကို မတရားဘူးလို့ ပြောမလား။”

“ဘုရားသခင်က လိင်တူဆက်ဆံခြင်းကို ဝေးဝေးရှောင်ပါဆိုပြီး ပြောတယ်ဆိုတော့ လိင်တူချစ်သူတွေအပေါ် ရက်စက်ရာမကျဘူးလား။”

“ကိုယ့်မှာဖြစ်ပေါ်လာတဲ့ လိင်ဆန္ဒအတိုင်း လိုက်လုပ်ရမယ်ဆိုတဲ့ အယူအဆအမှားကြောင့် အဲဒီလိုပြောကြတာ။ ကျမ်းစာမှာတော့ မသင့်တော်တဲ့လိင်ဆန္ဒတွေကို တကယ်ချိုးနှိမ်ချင်စိတ်ရှိမယ်ဆိုရင် ချိုးနှိမ်နိုင်တယ်လို့ ဖော်ပြထားတယ်။”—ကောလောသဲ ၃:၅

“ခင်ဗျားက လိင်တူဆက်ဆံသူ မဟုတ်ရင်တောင် လိင်တူဆက်ဆံတာနဲ့ပတ်သက်တဲ့အမြင်ကို ပြောင်းသင့်တယ်”

“ဆိုပါစို့ဗျာ၊ ကျွန်တော်က လောင်းကစားတာကို မကြိုက်ဘူး၊ ခင်ဗျားက ကြိုက်တယ်။ လူအများကလည်း လောင်းကစားတာကို ကြိုက်ကြတယ်။ အဲဒါနဲ့ပဲ ကျွန်တော့်အမြင်ကို ပြောင်းလဲပစ်ရမယ်လို့ ဇွတ်ပြောမယ်ဆိုရင် တရားပါ့မလား။”

သတိပြုပါ– လူအများစုလိုပဲ လိင်တူချစ်သူတွေမှာလည်း လူ့ကျင့်ဝတ်စံနှုန်းတွေရှိတာမို့ မရိုးသားတာ၊ တရားမျှတမှုမရှိတာနဲ့ စစ်ပွဲတွေကို သူတို့မလိုလားဘူး။ အဲဒီလုပ်ရပ်တွေကို ကျမ်းစာမှာ တားမြစ်ထားသလို လိင်တူဆက်ဆံခြင်းအပါအဝင် လိင်အကျင့်တချို့ကိုလည်း တားမြစ်ထားတယ်။—၁ ကောရိန္သု ၆:၉၊ ၁၀

ကျမ်းစာက ဘက်မလိုက်ဘူး၊ မျှတတယ်။ “မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြလော့” ဆိုပြီး လိင်တူချစ်သူတွေကိုရော လိင်ကွဲချစ်သူတွေကိုပါ ရှင်းရှင်းလေး ပြောထားတယ်။—၁ ကောရိန္သု ၆:၁၈

ဒါကြောင့် ကျမ်းစာစံနှုန်းအတိုင်း နေထိုင်ချင်တဲ့ လိင်ကွဲချစ်သူတွေဟာ ဘယ်လိုမြှူဆွယ်မှုပဲကြုံကြုံ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းကြတယ်။ အဲဒီလိုလူတွေထဲမှာ အိမ်ထောင်ပြုဖို့အလားအလာ သိပ်မရှိသူတွေ၊ ကျန်းမာရေးမကောင်းတဲ့ အိမ်ထောင်ဖက်ရှိသူတွေလည်း ပါတယ်။ သူတို့က အိမ်ထောင်ရေးသုခ မခံစားရပေမဲ့ ပျော်ရွှင်နိုင်ကြပါတယ်။ လိင်တူချစ်သူတွေလည်း ဘုရားရဲ့စိတ်တော်ကို ပျော်ရွှင်စေချင်တယ်ဆိုရင် အဲဒီအတိုင်းလုပ်ဆောင်နိုင်ပါတယ်။—တရားဟောရာ ၃၀:၁၉၊ ၂၀

နောက်အခန်းမှာဖတ်ကြည့်ပါ

ရည်းစားနဲ့လက်မထပ်ခင် လိင်ဆက်ဆံလိုက်ရင် ပိုရင်းနှီးလာမယ်လို့ ကောင်မလေးတချို့ ထင်ကြတယ်။ အဲဒါမမှန်ပါဘူး။ ဘာကြောင့်လဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ကျမ်းစာပြောတဲ့ “လိင်အကျင့်ယိုယွင်းခြင်း” မှာ လိင်ဆက်ဆံတာအပြင် တခြားသူရဲ့လိင်အင်္ဂါကိုကိုင်ပြီး ကာမဆန္ဒဖြေပေးတာ၊ ပါးစပ်နဲ့၊ စအိုနဲ့ လိင်ဆက်ဆံတာတွေလည်း ပါဝင်တယ်။

အဓိကကျမ်းချက်

“မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒ ပြင်းပြခြင်း၊ မကောင်းသော တောင့်တခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဖြစ်သော တပ်မက်ခြင်းနှင့်ဆိုင်သည့် မြေကြီးပေါ်ရှိ သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။” —ကောလောသဲ ၃:၅

အကြံပြုချက်

တခြားသူတွေရဲ့အပြုအမူကြောင့် စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုရင်တောင် ကိုယ်က သူတော်ကောင်းဆိုတဲ့ လေသံမျိုးကိုရှောင်ပါ။ သင့်လိုပဲ သူတို့မှာလည်း လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။

သင်သိပါသလား . . . ?

ပထမရာစုတုန်းက လူတချို့ဟာ ခရစ်ယာန်မဖြစ်လာခင်မှာ လိင်တူဆက်ဆံသူတွေဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့မသန့်ရှင်းတဲ့ဘဝလမ်းစဉ်ကို ပြောင်းလဲနိုင်ခဲ့ပြီး ဘုရားသခင့်အမြင်မှာ ‘ဆေးကြောသန့်စင်ခြင်းခံ’ ခဲ့ကြတယ်။— ၁ ကောရိန္သု ၆:၉-၁၁

လက်တွေ့လုပ်ကြည့်ပါ

လိင်တူဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်က ခေတ်နောက်ကျနေပြီလို့ တစ်ယောက်ယောက် ပြောလာရင် ငါပြောမှာက ․․․․․

လူကိုမုန်းတာ မဟုတ်ဘူး၊ လိင်တူဆက်ဆံတဲ့အကျင့်ကိုပဲ မုန်းတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် ငါပြောမှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ဘုရားသခင်မှာ လူသားတွေအတွက် ကိုယ်ကျင့်တရားစံနှုန်းတွေ ချမှတ် ပေးပိုင်ခွင့် ဘာကြောင့်ရှိတာလဲ။

● ကျမ်းစာမှာပါတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို လိုက်နာတာက ဘယ်လိုအကျိုးရှိသလဲ။

[စာမျက်နှာ ပါ အကျဉ်းဖော်ပြချက်]

‘‘ကျောင်းမှာ ကောင်လေးတစ်ယောက်ရဲ့ ဘဝပုံစံကို မကြိုက်ဘူးလို့ပြောလိုက်တော့ သူ ကျွန်မကို တော်တော်လေးချဉ်သွားတယ်။ ဒါနဲ့ ကျွန်မက သူ့ကိုမုန်းတာ မဟုတ်ပါဘူး၊ လိင်တူဆက်ဆံတာ အပါအဝင် လိင်အကျင့်ပျက်တာအားလုံးကို မုန်းတာပါလို့ ရှင်းပြလိုက်တယ်။ ကျွန်မပြောတာကို သူသဘောပေါက်သွားပြီး လေးလေးစားစား ဆက်ဆံလာတယ်။ တခြားသူတွေ ကျွန်မကိုဝေဖန်ရင်တောင် သူက ကျွန်မဘက်ကနေ ကာကွယ်ပြီးပြောပေးတယ်။’’—အော်ဘရီ

[စာမျက်နှာ ၁၆၈ ပါ လေးထောင့်ကွက်]

နှစ်ဖက်ချွန်ဖြစ်နေရင်ကော ဘယ်လိုလဲ

ကောင်လေးတွေထဲမှာ နှစ်ဖက်ချွန်ရှိပေမဲ့ ကောင်မလေးတွေထဲမှာ ပိုများလာတယ်။ တချို့ကတော့ စပ်စုရုံလောက်ပါပဲ။ ၂၆ နှစ်အရွယ် လီဆာ အခုလိုပြောပြတယ်– “ရုပ်ရှင်၊ တီဗွီနဲ့သီချင်းတွေမှာ မိန်းကလေးအချင်းချင်း နမ်းတာတွေ ပြနေတော့ ဆယ်ကျော်သက်လေးတွေက စမ်းကြည့်ချင်လာတယ်။ အဲဒီလိုလုပ်တာ မှားတယ်လို့မထင်ကြဘူး။”

တချို့ကျတော့ တကယ်စိတ်ဝင်စားတာ။ ၁၃ နှစ်အရွယ် ဗစ်ကီ အခုလိုပြောတယ်– “ပါတီပွဲတစ်ခုမှာ နှစ်ဖက်ချွန်မိန်းကလေးနှစ်ယောက်နဲ့ ဆုံတယ်။ သူတို့ ကျွန်မကို စိတ်ဝင်စားနေမှန်း သူငယ်ချင်းတစ်ယောက်ကနေတစ်ဆင့် သိလိုက်ရတယ်။ နောက်တော့ သူတို့ထဲကတစ်ယောက်နဲ့ မက်ဆေ့ခ်ျတွေပို့ပြီး အချစ်ဇာတ်လမ်း စဖြစ်ခဲ့တယ်။”

သင်လည်း ဗစ်ကီလို ခံစားဖူးသလား။ ‘နှစ်ဖက်ချွန်ဆိုလည်း နှစ်ဖက်ချွန်ပေါ့၊ ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ’ လို့ သင့်ကိုအားပေးတဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့ လိင်တူချင်း ချစ်ကြိုက်တဲ့စိတ်က ခဏလေးနဲ့ ပျောက်သွားတတ်တယ်ဆိုတာ သိထားသင့်တယ်။ အဲဒီအချက်ကို ဗစ်ကီနဲ့ ၁၆ နှစ်အရွယ် လီဇက်တို့ နားလည်ခဲ့တယ်။ လီဇက် အခုလိုပြောတယ်– “ကျွန်မရဲ့ခံစားချက်အကြောင်း မိဘတွေကို ဖွင့်ပြောလိုက်တော့ ရင်ထဲပေါ့သွားတာပဲ။ လူပျိုပေါက်/အပျိုပေါက်အရွယ်မှာ ဟော်မုန်း အပြောင်းအလဲဖြစ်တတ်မှန်း ဇီဝဗေဒသင်ခန်းစာတွေမှာ သင်ခဲ့ရတယ်။ လူငယ်တွေဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်အပြောင်းအလဲနဲ့ပတ်သက်ပြီး သိထားမယ်ဆိုရင် လိင်တူချစ်ကြိုက်တဲ့ခံစားချက်က ခဏပဲဆိုတာ နားလည်လာလိမ့်မယ်။ ဒါဆိုရင် လိင်တူသမားဖြစ်မှာ မဟုတ်တော့ဘူး။”

တကယ်လို့ လိင်တူချစ်ကြိုက်တဲ့ခံစားချက်က ခဏနဲ့မပျောက်သွားပဲ ဆက်ရှိနေမယ်ဆိုရင်တောင် ကျမ်းစာကနေ အကူအညီရယူပါ။ မကောင်းတဲ့အလိုဆန္ဒတွေအတိုင်း လိုက်မလုပ်ဖို့ သင်ရွေးချယ်နိုင်ပါတယ်။

[စာမျက်နှာ ၁၆၉ ပါ ရုပ်ပုံ]

လူအများလက်ခံတဲ့ အယူအဆ၊ အတွေးအခေါ်ကို ခရစ်ယာန်တွေ သတ္တိရှိရှိငြင်းဆန်ကြ