မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြုံရာလူနဲ့ လိင်ဆက်ဆံတာကို ဘယ်လိုပြောမလဲ

ကြုံရာလူနဲ့ လိင်ဆက်ဆံတာကို ဘယ်လိုပြောမလဲ

အခန်း ၂၆

ကြုံရာလူနဲ့ လိင်ဆက်ဆံတာကို ဘယ်လိုပြောမလဲ

“လူငယ်တွေက တစ်ယောက်နဲ့တစ်ယောက် လိင်ဆက်ဆံတဲ့အဆင့်ထိ ရောက်နိုင်မရောက်နိုင်သိဖို့၊ ဘယ်နှယောက်နဲ့ လိင်ဆက်ဆံနိုင်တယ်ဆိုတာ သိဖို့ ‘အပျော်တွဲ’ ကြတယ်။”—ပဲန်နီ။

“ကောင်လေးတွေက လိင်အကြောင်းကို မရှက်တမ်းပြောကြတယ်။ ကြွားလိုက်တာ ပြောမနေနဲ့။ ရည်းစားရှိပေမဲ့ တခြားမိန်းကလေး ဘယ်နှယောက်နဲ့ အတူအိပ်ခဲ့တယ်ဆိုတာမျိုးပေါ့။”—အက်ဒ်ဝါ့ဒ်။

အခုခေတ် လူငယ်တွေက မချစ်မကြိုက်ဘဲ ကြုံရာလူနဲ့လိင်ဆက်ဆံတာကို ကြွားလုံးထုတ်ကြတယ်။ တချို့က အချစ်မပါဘဲ မျက်နှာသိတွေနဲ့တောင် လိင်ဆက်ဆံတယ်။

သင်လည်း အဲဒီလိုလုပ်ချင်စိတ် ပေါ်လာတယ်ဆိုရင် မအံ့ဩပါနဲ့။ (ယေရမိ ၁၇:၉) အက်ဒ်ဝါ့ဒ် အခုလိုဆက်ပြောတယ်– “ကောင်မလေးတွေက သူတို့နဲ့လိင်ဆက်ဆံဖို့ ကမ်းလှမ်းလာတယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက် အဲဒါကိုငြင်းရတာ အခက်ဆုံးပဲ။” သင်လည်း အဲဒီလိုကြုံရမယ်ဆိုရင် ဘယ်ကျမ်းစာလမ်းညွှန်ချက်တွေကို သတိရသင့်သလဲ။

ကြုံရာလူနဲ့လိင်ဆက်ဆံတာ ဘာကြောင့်မှားမှန်း သိထားပါ

လိင်အကျင့်ယိုယွင်းသူတွေဟာ အပြစ်ကြီးလွန်းလို့ ‘ဘုရားသခင့်နိုင်ငံတော်ကို အမွေခံရမှာ မဟုတ်ဘူး။’ (၁ ကောရိန္သု ၆:၉၊ ၁၀) အဲဒီလူတွေထဲမှာ “ရည်းစား” နဲ့၊ ကြုံရာလူနဲ့ လိင်ဆက်ဆံသူတွေလည်း ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သွေးဆောင်မှုကို ငြင်းဆန်နိုင်ဖို့ဆိုရင် လိင်အကျင့်ယိုယွင်းတာကို ယေဟောဝါဘုရားမြင်သလို မြင်ရမယ်။

“ယေဟောဝါဘုရားရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်တာက အကောင်းဆုံးပဲဆိုတာ ကျွန်မအကြွင်းမဲ့ယုံတယ်။”—ကာရင်၊ ကနေဒါ။

“သင့်မှာ မိဘတွေ၊ သူငယ်ချင်းတွေရှိတယ်။ သင်ဟာ ခရစ်ယာန်အသင်းသားတစ်ယောက်လည်း ဖြစ်တယ်။ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတဲ့အခါ လက်လျှော့အရှုံးပေးလိုက်ရင် အဲဒီလူတွေအားလုံး စိတ်ထိခိုက်ရလိမ့်မယ်။”—ပီတာ၊ ဗြိတိန်။

သွေးသားဆန္ဒပြင်းပြနေရင်တောင် လိင်အကျင့်ယိုယွင်းတာနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားရဲ့အမြင်မျိုး သင့်မှာရှိမယ်ဆိုရင် ‘မကောင်းမှုကိုမုန်း’ နိုင်ပါလိမ့်မယ်။—ဆာလံ ၉၇:၁၀ကဘ။

ဖတ်ပါ– ကမ္ဘာဦး ၃၉:၇-၉။ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတဲ့အခါ ယောသပ် ဘယ်လိုပြတ်ပြတ်သားသား ငြင်းခဲ့သလဲ၊ ဘာကြောင့်ငြင်းနိုင်ခဲ့သလဲဆိုတာ သတိပြုကြည့်ပါ။

ကိုယ့်ခံယူချက်တွေအတွက် ဂုဏ်ယူပါ

လူငယ်တွေဟာ ကိုယ့်ခံယူချက်အတွက် ဂုဏ်ယူပြီး သတ္တိရှိရှိရပ်တည်နေကြတာ မဆန်းပါဘူး။ ဘုရားရဲ့စံနှုန်းတွေကို လေးစားလိုက်နာကြောင်း အမူအကျင့်နဲ့ဖော်ပြရတာ သင့်အတွက်အခွင့်ထူးပဲ။ ဒါကြောင့် လက်မထပ်ခင် လိင်ဆက်ဆံတာကို သင်ဘယ်လိုသဘောထားတယ်ဆိုတာ ပြောပြဖို့ မရှက်ပါနဲ့။

“ကိုယ့်မှာ ကျင့်ဝတ်ကောင်းတွေရှိတယ်ဆိုတာ အစကတည်းက အသိပေးထားပါ။”—အယ်လန်၊ ဂျာမနီ။

“ကျောင်းကကောင်လေးတွေက ကျွန်မဘယ်လိုလူစားလဲဆိုတာ သိတယ်။ သူတို့ဘယ်လောက်ပြောပြော လေကုန်ရုံပဲရှိမယ်ဆိုတာလည်း သိကြတယ်။”—ဗစ်ကီ၊ အမေရိကန်။

ကိုယ့်ခံယူချက်တွေအတိုင်း ရပ်တည်နေပြီဆိုရင် သင်ဟာ ရင့်ကျက်တဲ့ခရစ်ယာန်ဖြစ်လာပြီဆိုတဲ့ သဘောပဲ။—၁ ကောရိန္သု ၁၄:၂၀

ဖတ်ပါ– သုတ္တံ ၂၇:၁၁။ မှန်ကန်တဲ့လုပ်ရပ်တွေဟာ ယေဟောဝါဘုရားရဲ့စိတ်ကို ဘယ်လိုပျော်ရွှင်စေတယ်ဆိုတာ စဉ်းစားကြည့်ပါ။

ခိုင်မာပြတ်သားပါ

ဘူးခံငြင်းဖို့ အရေးကြီးတယ်။ ဒါပေမဲ့ တချို့က အဲဒါကို ဟန်ဆောင်နေတာလို့ ထင်သွားနိုင်တယ်။

“သင့်ရဲ့ ဝတ်စားပုံ၊ ပြောဆိုပြုမူပုံ၊ ပေါင်းသင်းဆက်ဆံပုံတွေက တကယ်ဘူးခံငြင်းနေတယ်ဆိုတာ ပေါ်လွင်နေရမယ်။”—ဂျွိုင်၊ နိုင်ဂျီးရီးယား။

“ဘယ်တော့မှ လိုက်လျောမှာမဟုတ်ဘူးဆိုတာ အပြတ်ပြောထားရမယ်။ ကိုယ့်ကိုလိုက်နေတဲ့ ကောင်လေးတွေဆီကနေ ဘယ်တော့မှ လက်ဆောင်မယူနဲ့။ သူတို့က အဲဒါကိုအသုံးချပြီး အခွင့်အရေး ပြန်တောင်းလိမ့်မယ်။”—လော်ရာ၊ ဗြိတိန်။

သင်က ခိုင်မာပြတ်သားမယ်ဆိုရင် ယေဟောဝါဘုရား ကူညီပေးလိမ့်မယ်။ ‘သစ္စာစောင့်သိသူကို ကိုယ်တော်ကလည်း သစ္စာစောင့်သိတယ်’ လို့ ဒါဝိဒ်က သူ့ကိုယ်တွေ့ကို ပြောခဲ့တယ်။—ဆာလံ ၁၈:၂၅ကဘ။

ဖတ်ပါ– ၂ ရာဇဝင်ချုပ် ၁၆:၉။ မှန်တာလုပ်ချင်တဲ့သူကို ယေဟောဝါဘုရား ကူညီပေးဖို့ အသင့်ရှိတယ်ဆိုတာ သတိပြုကြည့်ပါ။

အမြော်အမြင်ရှိပါ

‘အမြော်အမြင်ရှိသူက အန္တရာယ်ကိုကြိုမြင်ပြီး ပုန်းနေတတ်တယ်’ လို့ ကျမ်းစာဆိုတယ်။ (သုတ္တံ ၂၂:၃ကဘ) အဲဒါကို ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်မလဲ။ အမြော်အမြင်ရှိရမှာပေါ့။

“အဲဒီအကြောင်း ပြောတတ်သူတွေနဲ့ လိုင်းမပူးဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။”—နာအိုမီ၊ ဂျပန်။

“ကိုယ့်ဖုန်းနံပါတ်၊ လိပ်စာစတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လျှောက်မပေးနဲ့။”—ဒိုင်ယာနာ၊ ဗြိတိန်။

ကိုယ့်အပြောအဆို၊ အပြုအမူ၊ အပေါင်းအသင်းနဲ့ သွားတတ်တဲ့နေရာတွေကို စိစစ်ပါ။ အဲဒီနောက် ‘ငါ့ပုံစံက မြှူဆွယ်ပုံပေါက်နေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

ဖတ်ပါ– ကမ္ဘာဦး ၃၄:၁၊ ၂။ ဒိနက မသွားသင့်တဲ့နေရာကိုသွားလို့ ဘယ်အဖြစ်ဆိုးကြုံခဲ့တယ်ဆိုတာ သတိပြုကြည့်ပါ။

ကြုံရာလူနဲ့လိင်ဆက်ဆံတာက ယေဟောဝါဘုရားရဲ့အမြင်မှာ ပေါ့သေးသေးကိစ္စမဟုတ်ဘူး။ သင်လည်း အဲဒီလိုသဘောထားရမယ်။ မှန်တာကိုလုပ်မယ်ဆိုရင် ဘုရားရှေ့မှာ စိတ်သန့်သန့်နဲ့နေနိုင်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှုရှိမယ်။ ကာလီ အခုလိုပြောတယ်– “တခြားတစ်ယောက်ရဲ့ တဒင်္ဂလိင်ဆန္ဒပြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ‘အသုံးချ’ ချင်ရတာလဲ။ ကိုယ်ကြိုးစားထိန်းသိမ်းလာခဲ့တာကို တန်ဖိုးထားပါ။”

နောက်အခန်းမှာဖတ်ကြည့်ပါ

ကောင်လေးတွေအကြိုက် မိန်းကလေးက ဘယ်လိုပုံစံမျိုးလဲ။ သင်သိရင် အံ့သြသွားလိမ့်မယ်။

အဓိကကျမ်းချက်

‘သင်တို့သည် [ဘုရားသခင့်] ရှေ့တော်မှောက်၌ အစွန်းအထင်း၊ အပြစ်အနာအဆာမရှိဘဲ ငြိမ်သက်ခြင်းရှိစေရန် အစွမ်းကုန် ကြိုးစားကြလော့။’—၂ ပေတရု ၃:၁၄

အကြံပြုချက်

သင့်အရည်အသွေးတွေကို တိုးတက်အောင်လုပ်ပါ။ (၁ ပေတရု ၃:၃၊ ၄) ကိုယ့်က အဆင့်ရှိရင် အဆင့်ရှိတဲ့သူက ကိုယ့်ကိုကြိုက်မှာပဲ။

သင်သိပါသလား . . . ?

လက်မထပ်ခင်အတူနေလိုက်မိလို့ ဖြစ်ပေါ်လာတဲ့ စိတ်ဆင်းရဲတာတွေ၊ နောင်တရတာတွေ၊ စိတ်မလုံတာတွေ မခံစားရဘဲ အိမ်ထောင်တွင်းမှာပဲ လိင်ကိစ္စကို သာယာပျော်မွေ့ဖို့ အိမ်ထောင်အစပြုရှင် ယေဟောဝါဘုရား အလိုရှိတယ်။

လက်တွေ့လုပ်ကြည့်ပါ

ယောသပ်လို ကိုယ်ကျင့်တရားကောင်းဖို့ ငါလုပ်နိုင်တာက ․․․․․

ဒိနလို မမှားမိအောင် ငါလုပ်နိုင်တာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဆိုတော့ လိင်အကျင့်ယိုယွင်းချင်စိတ် ပေါ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒါ ဘာကြောင့်မှားသလဲ။

● တစ်ယောက်ယောက်က လိင်ဆက်ဆံဖို့ပြောလာရင် ဘာလုပ်မလဲ။

[စာမျက်နှာ ၁၈၅ ပါ အကျဉ်းဖော်ပြချက်]

‘‘ခိုင်မာပြတ်သားပါ။ ကျွန်မကို ကောင်လေးတစ်ယောက် ရိသဲ့သဲ့လာလုပ်တဲ့အခါ ‘ငါ့ကို မထိနဲ့’ လို့ မျက်နှာထားတင်းတင်းနဲ့ပြောပြီး ထွက်သွားလိုက်တယ်။’’—အယ်လင်

[စာမျက်နှာ ၁၈၇ ပါ ရုပ်ပုံ]

ကြုံရာလူနဲ့လိင်ဆက်ဆံရင် အပေါစားဖြစ်သွားမယ်