မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်လေးတွေ ငါ့ကို ဘာလို့မကြိုက်တာလဲ

ကောင်လေးတွေ ငါ့ကို ဘာလို့မကြိုက်တာလဲ

အခန်း ၂၇

ကောင်လေးတွေ ငါ့ကို ဘာလို့မကြိုက်တာလဲ

ငါ့ကို ကောင်လေးတွေ ဘယ်လောက်ကြွေတယ်ဆိုတာ ကြွားထားလို့ ငါက ပေါ်ပြူလာပဲ ဆိုတာ သူသိတယ်။ ငါ့သူငယ်ချင်းတချို့က ငပေါတွေလို့ပြောတော့ သူရယ်ပါလေရော။ သူ့စကားကို ခဏခဏပြင်ပေးခဲ့လို့ ငါ ဘယ်လောက်ထက်တယ်ဆိုတာလည်း သူသိတာပဲ။ ဘယ်တော့ကျမှ ငါ့ကိုဖွင့်ပြောမလဲ မသိပါဘူး။

သူ့ပုံစံက မိုက်ပါတယ်။ ဒါပေမဲ့ နုံလိုက်တာ ချာနေတာပဲ။ စကားပြောရင် ရေပက်လို့တောင် မဝင်ဘူး။ ငါစကားပြောလိုက်ပြီဆိုရင်လည်း ပြင်ပေးနေတာ။ ထွက်ပြေးချင်စိတ်ပေါက်တယ်။

ကောင်လေးတွေ ကိုယ့်ကိုစိတ်မဝင်စားမှာ စိုးရိမ်နေသလား။ အဲဒီလိုဖြစ်မှာမဟုတ်ဘူးလို့ထင်တဲ့ မိန်းကလေးတွေတောင် စိုးရိမ်တတ်ကြတယ်။ ဂျိုအန်းဆိုတဲ့ ကောင်မလေးဆိုရင် လှလည်းလှ၊ ဉာဏ်လည်းကောင်း၊ အပြောလည်းကောင်းမှကောင်း။ ဒါပေမဲ့ “ကောင်လေးတွေ ကျွန်မကို စိတ်မဝင်စားဘူးလို့ ခံစားရတယ်။ တချို့က ကျွန်မကို ခဏတော့ စိတ်ဝင်စားပေမဲ့ နောက်ပိုင်း လုံးဝစကားမပြောတော့ဘူး” ဆိုပြီးသူပြောတယ်။

ဘယ်လိုမိန်းကလေးမျိုးကို ကောင်လေးတွေ သဘောကျတတ်သလဲ။ သူတို့သဘောမကျတာ ဘာလဲ။ ရည်မွန်တဲ့ကောင်လေးတစ်ယောက်ရဲ့အာရုံကို ဘယ်လိုဖမ်းစားနိုင်မလဲ။

လုပ်ရမယ့်အရာ

ကိုယ့်ကိုယ်ကိုယ် သိပါ။ အပျိုဖြစ်လာပြီဆိုရင် ကောင်လေးတွေကို စိတ်ဝင်စားလာတယ်။ တစ်ယောက်ထက်တောင် ပိုနိုင်တယ်။ ဒါက သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ့်ကို ပထမဆုံးရင်ခုန်စေတဲ့ ကောင်လေးကို ချစ်လိုက်မယ်ဆိုရင် အဘက်ဘက်မှာ အညွန့်တုံးသွားနိုင်တယ်။ အရည်အသွေးကောင်းတွေ မွေးမြူဖို့၊ အရေးကြီးတဲ့ကိစ္စတွေမှာ ‘စိတ်သဘောကို ပြုပြင်ပြောင်းလဲ’ ဖို့၊ ရည်မှန်းချက်တွေပြည့်ဖို့ အချိန်ယူရမယ်။—ရောမ ၁၂:၂; ၁ ကောရိန္သု ၇:၃၆; ကောလောသဲ ၃:၉၊ ၁၀

ကောင်လေးအများစုက ခိုင်မာတဲ့ခံယူချက်တွေ မရှိသေးတဲ့၊ ပြောတိုင်းယုံတတ်တဲ့ ကောင်မလေးတွေကို စိတ်ဝင်စားတယ်။ အဲဒီလိုကောင်လေးတွေက ကောင်မလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုပဲ စိတ်ဝင်စားတာ။ ဒါပေမဲ့ စဉ်းစားဉာဏ်ရှိတဲ့ကောင်လေးဆိုရင်တော့ သူ့ကို ပါရမီဖြည့်ပေးနိုင်တဲ့ မိန်းကလေးကိုပဲ ရှာပါလိမ့်မယ်။—မဿဲ ၁၉:၆

ကောင်လေးတွေအပြော– “ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်နိုင်တဲ့၊ ကိုယ့်ခံယူချက်နဲ့ကိုယ် ရပ်တည်နိုင်တဲ့ မိန်းကလေးမျိုးကိုပဲ ကျွန်တော် ကြိုက်တယ်။”—ဂျိမ်းစ်။

“ရိုးသားပြီး တစ်ဖက်သားကို လေးစားတတ်တဲ့ မိန်းကလေးကိုမှ ကျွန်တော် စိတ်ဝင်စားတာ။ ကျွန်တော်ပြောသမျှ ခေါင်းညိတ်တတ်တဲ့သူမျိုးကို မကြိုက်ဘူး။ ချောနေလှနေရင်တောင် ကျွန်တော့်အကြိုက်ကိုပဲ လိုက်ပြောတတ်တဲ့ မိန်းကလေးမျိုးဆိုရင် စိတ်ကသိကအောက်ဖြစ်မိတယ်။”—ဒယ်ရန်။

အဲဒီကောင်လေးတွေပြောတာကို သင် ဘယ်လိုသဘောရသလဲ။

․․․․․

တခြားသူတွေကို လေးစားပါ။ သင်က အချစ်ခံချင်သလို ကောင်လေးတွေကလည်း လေးစားခံချင်ကြတယ်။ သမ္မာကျမ်းစာမှာ လင်ယောက်ျားက ဇနီးကို ချစ်ရမယ်၊ ဇနီးက လင်ယောက်ျားကို “အလွန်ရိုသေ” ရမယ်လို့ ပြောထားတယ်။ (ဧဖက် ၅:၃၃) အဲဒါသိပ်မှန်တယ်။ ထောင်နဲ့ချီတဲ့ကောင်လေးတွေကို စစ်တမ်းကောက်လိုက်တဲ့အခါ ၆၀ ရာခိုင်နှုန်းကျော်က အချစ်ထက် လေးစားမှုကို ပိုတန်ဖိုးထားတယ်လို့ ပြောကြတယ်။ အသက်ကြီးတဲ့အမျိုးသား ၇၀ ရာခိုင်နှုန်းကျော်ကလည်း အဲဒါကိုသဘောတူတယ်။

လေးစားတယ်ဆိုတာ အလျှော့ပေးတာ မဟုတ်ဘူး။ အမြင်မတူတဲ့အခါ ကိုယ့်အမြင်ကို ထုတ်မပြောရဘူးလို့ မဆိုလိုဘူး။ (ကမ္ဘာဦး ၂၁:၁၀-၁၂) ဒါပေမဲ့ ပြောပုံပြောနည်းက အရေးကြီးတယ်။ သင့်ပြောပုံပြောနည်းက ကောင်လေးတစ်ယောက်ကို ဆွဲဆောင်နိုင်သလို တွန်းထုတ်သလိုလည်း ဖြစ်သွားနိုင်တယ်။ သူ့စကားကို အမြဲကန့်လန့်တိုက်နေမယ် ဒါမှမဟုတ် ပြင်ပေးနေမယ်ဆိုရင် သူ့ကိုမလေးစားဘူးလို့ ထင်သွားနိုင်တယ်။ သူ့အမြင်ကို အသိအမှတ်ပြုမယ်၊ ချီးမွမ်းစရာရှိရင် ချီးမွမ်းပေးမယ်ဆိုရင်တော့ သင့်အမြင်ကိုလည်း သူလက်ခံပြီး တန်ဖိုးထားမှာပဲ။ စဉ်းစားဉာဏ်ရှိတဲ့ကောင်လေးဆိုရင် သင့်မိသားစုနဲ့ တခြားသူတွေကို သင်လေးလေးစားစား ဆက်ဆံရဲ့လားဆိုတာ သတိထားကြည့်နေမှာ။

ကောင်လေးတွေအပြော“စပြီးခင်မင်ကတည်းက တစ်ယောက်ကိုတစ်ယောက် လေးစားဖို့ အရေးကြီးဆုံးပဲ။ နောက်မှ တဖြည်းဖြည်းချစ်လာမှာ။”—အေဒရီယန်။

“မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို လေးစားနိုင်မှ တကယ်ချစ်လာနိုင်မှာ။”—မာ့ခ်။

အဲဒီကောင်လေးတွေပြောတာကို သင်ဘယ်လိုသဘောရသလဲ။

․․․․․

သပ်သပ်ရပ်ရပ်ဝတ်စားပါ၊ တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါ။ သင့်ရဲ့ဝတ်စားဖြီးလိမ်းပုံက သင့်စိတ်သဘောထားကို ကြေညာပေးနေတဲ့ အသံချဲ့စက်နဲ့တူတယ်။ ယောက်ျားလေးတစ်ယောက်ကို စကားစမပြောခင်ကတည်းက သင့်အဝတ်အစားကနေ သင့်အကြောင်းကို သူသိနေလောက်ပြီ။ သင်က ဣန္ဒြေရှိရှိ၊ သပ်သပ်ရပ်ရပ် ဝတ်စားတယ်ဆိုရင် အမှတ်ပြည့်ရနေပြီ။ (၁ တိမောသေ ၂:၉) မပေါ့်တပေါ်၊ ဖိုသီဖတ်သီ ဝတ်စားမယ်ဆိုရင်တော့ အမှတ်လျော့မှာ အသေအချာပဲ။

ကောင်လေးတွေအပြော“မိန်းကလေးတစ်ယောက်ရဲ့ ဝတ်စားပုံက သူ့သဘောထားကို ဖော်ပြနေတယ်။ မပေါ့်တပေါ်၊ ဖိုသီဖတ်သီ ဝတ်စားမယ်ဆိုရင်တော့ အာရုံစိုက်ခံချင်လို့ဆိုတာ ရှင်းနေတာပဲ။”—အေဒရီယန်။

“ဆံပင်သပ်သပ်ရပ်ရပ်နဲ့ ကိုယ်သင်းနံ့လေးကမွှေး၊ အသံလေးကလည်းချိုတဲ့ မိန်းကလေးကို ကျွန်တော်သဘောကျတယ်။ အရင်တုန်းက သိပ်လှတဲ့ကောင်မလေးတစ်ယောက်ကို သဘောကျဖူးတယ်။ ဒါပေမဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိလို့ ဆက်မလိုက်တော့ဘူး။”—ရိုင်ယန်။

“မလုံ့တလုံဝတ်တဲ့ ကောင်မလေးကို ကောင်လေးတွေက လည်ပြန်ငေးကြတယ်။ ဒါပေမဲ့ အဲဒီလိုမိန်းကလေးမျိုးနဲ့ ကျွန်တော် မတွဲချင်ဘူး။”—နီကလပ်စ်။

အဲဒီကောင်လေးတွေပြောတာကို သင် ဘယ်လိုသဘောရသလဲ။

မလုပ်ရမယ့်အရာ

အီစီကလီမလုပ်နဲ့။ မိန်းမတွေဟာ ယောက်ျားတွေကို အကြီးအကျယ် ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဲဒီအစွမ်းကို အကောင်းအဆိုး နှစ်နေရာစလုံးမှာ သုံးနိုင်တယ်။ (ကမ္ဘာဦး ၂၉:၁၇၊ ၁၈; သုတ္တံ ၇:၆-၂၃) တွေ့သမျှကောင်လေးတွေကို ဆွဲဆောင်နေမယ်ဆိုရင်တော့ မျက်နှာများတဲ့မိန်းမလို့ နာမည်တွင်သွားမှာပဲ။

ကောင်လေးတွေအပြော– “ကောင်မလေးချောချောလေးနားမှာထိုင်ပြီး ပခုံးချင်းထိရုံနဲ့ ရင်ခုန်မိတယ်။ ဒါပေမဲ့ စကားပြောနေရင်း ကိုယ့်ကိုလာလာထိနေရင်တော့ အဲဒီမိန်းကလေးက အပေါစားပဲ။”—နီကလပ်စ်။

“မိန်းကလေးတစ်ယောက်က တွေ့တဲ့ကောင်လေးတိုင်းကို ဟိုပုတ်ဒီပုတ်၊ မခို့တရို့ကြည့်တတ်တယ်ဆိုရင် အီစီကလီလုပ်နေတာပဲ။ အဲဒါမျိုးကို ရွံတယ်။”—ဟိုစေး။

တွယ်ကပ်မနေနဲ့။ ကျမ်းစာမှာ အိမ်ထောင်သည်မောင်နှံကို “တစ်သားတစ်ကိုယ်တည်း” လို့ပြောထားတယ်။ (ကမ္ဘာဦး ၂:၂၄) လင်နဲ့မယားဖြစ်လာပြီဆိုရင် အပျိုလူပျိုတုန်းကရှိခဲ့တဲ့ လွတ်လပ်မှုတွေကို စွန့်လွှတ်ရတယ်။ သူတို့ဟာ အပြန်အလှန် သစ္စာကတိပြုပြီးသူတွေဖြစ်တယ်။ (၁ ကောရိန္သု ၇:၃၂-၃၄) ဒါပေမဲ့ သင်ဟာ ကောင်လေးတစ်ယောက်ကို အခုမှသိရုံပဲရှိသေးတယ်ဆိုရင် သူ့ကို စစ်လားဆေးလား၊ မေးလားမြန်းလား လုပ်ခွင့်မရှိဘူး။ သူကလည်း အဲဒီလိုလုပ်ခွင့်မရှိဘူး။ * သူ့မှာ တခြားအပေါင်းအသင်းတွေ ရှိနိုင်တယ်ဆိုတာ နားလည်ပေးရင် သင့်ကို သူပိုစိတ်ဝင်စားမှာပေါ့။ သူ့လွတ်လပ်မှုကို အသုံးချပုံကနေ သူဘယ်လိုလူစားလဲဆိုတာ သိနိုင်တယ်။—သုတ္တံ ၂၀:၁၁

ကောင်လေးတွေအပြော“မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို မျက်စိအောက်ကနေ အပျောက်မခံရင်၊ တခြားသူတွေနဲ့ မပေါင်းဘဲ တစ်ချိန်လုံး ကျွန်တော့်အနားမှာပဲရှိနေရင် တွယ်ကပ်လွန်းတယ်လို့ ထင်တယ်။”—ဒယ်ရန်။

“ခင်တာတောင် မကြာသေးဘူး၊ တစ်ချိန်လုံး စာတွေပို့၊ ဘယ်သူတွေနဲ့ရှိနေလဲလို့မေး၊ အထူးသဖြင့် မိန်းကလေးတွေရဲ့နာမည်ကို မေးလားမြန်းလားလုပ်ရင် သတိထားရတော့မယ်။”—ရိုင်ယန်။

“ယောက်ျားလေးအချင်းချင်းတောင် ပေါင်းခွင့်မပေးဘဲ ဘယ်သွားသွား သူ့ကိုမခေါ်သွားလို့ ပြဿနာရှာတဲ့ မိန်းကလေးဟာ တွယ်ကပ်လွန်းတာပဲ။”—အေဒရီယန်။

ဒီခေါင်းစဉ်အောက်မှာ ကောင်လေးတွေပြောတာကို သင် ဘယ်လိုသဘောရသလဲ။

․․․․․

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ

ကိုယ့်ကိုစိတ်ဝင်စားလာအောင် ကောင်လေးတွေအကြိုက် လိုက်တတ်တဲ့ မိန်းကလေးတွေကို တွေ့ဖူးမှာပဲ။ ရည်းစားရချင်၊ အိမ်ထောင်ပြုချင်လွန်းလို့ ကိုယ့်တန်ဖိုးကိုယ်ချပစ်သူတွေလည်းရှိတယ်။ ဒီကိစ္စမျိုးမှာ ‘ကိုယ်စိုက်တဲ့အတိုင်း ရိတ်ရမယ်’ ဆိုတာ သိပ်မှန်တာပဲ။ (ဂလာတိ ၆:၇-၉) သင်က ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားဘူး၊ ကိုယ်လိုက်လျှောက်သင့်တဲ့ စံနှုန်းတွေကိုလည်း မလေးစားဘူးဆိုရင် ဘာဖြစ်မလဲ။ သင့်ကိုကြိုက်မယ့်သူတွေက သင့်ကိုတန်ဖိုးထားမှာမဟုတ်သလို သင့်စံနှုန်းတွေကိုလည်း လေးစားမှာမဟုတ်ဘူး။

ယောက်ျားလေးတိုင်းတော့ သင့်ကို ကြိုက်မှာမဟုတ်ဘူး။ အဲဒါလည်း တစ်မျိုးကောင်းတာပဲ။ တကယ်လို့ သင်က အတွင်းစိတ်အလှကိုရော အပြင်ပန်းအလှကိုပါ အမြဲဂရုစိုက်နေမယ်ဆိုရင် ‘ဘုရားသခင့်ရှေ့မှာ အလွန်အဖိုးထိုက်သူ’ ဖြစ်ပါလိမ့်မယ်။ ကိုယ်နဲ့အသင့်တော်ဆုံးယောက်ျားလေးနဲ့လည်း ဆုံဆည်းပါလိမ့်မယ်။—၁ ပေတရု ၃:၄

နောက်အခန်းမှာဖတ်ကြည့်ပါ

သင်က ကောင်လေးတစ်ယောက်ဆိုရင် ‘ကောင်မလေးတွေ ငါ့ကို ဘာလို့မကြိုက်တာလဲ’ လို့ သိချင်မှာပဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 29 ဒါပေမဲ့ စေ့စပ်ထားသူတွေဆိုရင်တော့ တစ်ယောက်ကိုတစ်ယောက် မေးပိုင်ခွင့်ရှိတယ်။

အဓိကကျမ်းချက်

‘ဆွဲဆောင်မှုရှိတာက လှည့်စားတတ်တယ်။ အလှအပကလည်း တာရှည်မခံဘူး။ ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေတဲ့ မိန်းမကတော့ ချီးမွမ်းခံရလိမ့်မယ်။’ —သုတ္တံ ၃၁:၃၀ကဘ။

အကြံပြုချက်

မိတ်ကပ် အလွန်အကျွံ မလိမ်း ခြယ်ပါနဲ့။ လိမ်းခြယ်မယ်ဆိုရင် ဘဝင်မြင့်နေတာ၊ အာရုံစိုက် ခံချင်နေတာလို့ ထင်စရာဖြစ်နိုင်တယ်။

သင်သိပါသလား . . . ?

ယောက်ျားလေးတစ်ယောက်ကို တွယ်ကပ်လွန်းရင် နှစ်ဦးကြား ဆက်ဆံရေး ပျက်သွားနိုင်တယ်။

လက်တွေ့လုပ်ကြည့်ပါ

တိုးတက်ဖို့ ငါကြိုးစားရမယ့် အရည်အသွေးတစ်ခုက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ယောက်ျားလေးတစ်ယောက်ရဲ့ သဘောထားနဲ့ခံစားချက်တွေကို လေးစားတယ်ဆိုတာ ဘယ်လိုပြနိုင်သလဲ။

● ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတယ်ဆိုတာ ဘယ်လိုပြနိုင်သလဲ။

[စာမျက်နှာ ၁၉၀ ပါ အကျဉ်းဖော်ပြချက်]

‘‘မိန်းမချောလေးတွေကို သဘောကျတယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒီမိန်းကလေးမှာ ရည်မှန်းချက် ရေရေရာရာမရှိဘူး ဆိုရင် မကြိုက်ဘူး။ ရည်မှန်းချက်ပန်းတိုင် ကောင်းကောင်းရှိမယ်၊ ပန်းတိုင်တချို့ကို ရောက်နေပြီးသားဖြစ်မယ်ဆိုရင်တော့ အဲဒီ မိန်းကလေးက တကယ်ဆွဲဆောင်မှုရှိတယ်။’’—ဒါမီယန်

[စာမျက်နှာ ၁၉၁ ပါ ရုပ်ပုံ]

အချစ်နဲ့လေးစားမှုက စက်ဘီးရဲ့ဘီးနှစ်ဘီးနဲ့တူတယ်။ နှစ်ခုစလုံးက အရေးပါတယ်