မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်မလေးတွေ ငါ့ကို ဘာလို့မကြိုက်တာလဲ

ကောင်မလေးတွေ ငါ့ကို ဘာလို့မကြိုက်တာလဲ

အခန်း ၂၈

ကောင်မလေးတွေ ငါ့ကို ဘာလို့မကြိုက်တာလဲ

ငါ့အကြောင်း အားလုံးပြောပြထားလို့ သူ ငါ့ကို ကြွေနေလောက်ပြီ။ ငါ့ပိုင်ဆိုင်မှုတွေ၊ ရောက်ဖူးတဲ့နေရာတွေ၊ မိတ်ဆွေတွေအကြောင်း ပြောပြထားတော့ သူ ငါနဲ့ အရမ်းတွဲနေချင်မှာပဲ။

သူ့ရှေ့ကနေ အငွေ့ပျံပြီး ပျောက်သွားရင်ကောင်းမှာ။ အရိပ်ပြတာလည်း အကောင်မမြင်ဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ ဘယ်လိုစကားဖြတ်ရင် ကောင်းမလဲ။

သင်က ချိန်းတွေ့နိုင်တဲ့ အရွယ်ရောက်နေပြီဆိုတော့ ချောမောလှပပြီး ကိုယ်နဲ့ဘာသာရေးယုံကြည်ချက်တူတဲ့သူမျိုးနဲ့ တွဲချင်မှာပဲ။ (၁ ကောရိန္သု ၇:၃၉) ဒါပေမဲ့ နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်လို့ ခံစားရတယ်။ ဘာများမှားနေလို့လဲ။ မိန်းကလေးတွေက ရုပ်ချောတာကိုပဲ ကြည့်တတ်လို့များလား။ လီဆာဆိုတဲ့မိန်းကလေးက “ဗလတောင့်တဲ့သူကို ကြိုက်တယ်” လို့ပြောတယ်။ မိန်းကလေးအများစုကတော့ အဲဒါထက် အရည်အချင်းကို ကြည့်တတ်တယ်။ “ရုပ်ချောတဲ့ယောက်ျားတွေဆီမှာ အရည်အချင်းမရှိတာများတယ်” လို့ ၁၈ နှစ်အရွယ် ကယ်ရီပြောတယ်။

အဲဒီ “အရည်အချင်း” တွေထဲမှာ ဘာပါသလဲ။ မိန်းကလေးတစ်ယောက်နဲ့ ရင်းနှီးချင်တယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။ ဘယ်ကျမ်းစာလမ်းညွှန်ချက်တွေကို သတိရသင့်သလဲ။

ဦးဆုံးလုပ်ရမယ့်အရာ

မိန်းကလေးတစ်ယောက်ကို မပိုးပန်းခင် သင့်မှာ အရည်အချင်းတချို့ ရှိထားရမယ်။ အဲဒီအရည်အချင်းတွေသာရှိရင် ဘယ်သူနဲ့မဆို ရင်းနှီးနိုင်မယ်။ အောက်ပါအချက်တွေကို မှတ်သားပါ။

ယဉ်ကျေးရည်မွန်သူဖြစ်ဖို့ ကြိုးစားပါ။ “မေတ္တာသည် မလျောက်ပတ်စွာ မကျင့်တတ်” လို့ ကျမ်းစာဆိုတယ်။ (၁ ကောရိန္သု ၁၃:၅) ယဉ်ကျေးရည်မွန်သူဟာ ရင့်ကျက်သူဖြစ်ပြီး သူများကို လေးစားတယ်။ ဒါပေမဲ့ ယဉ်ကျေးရည်မွန်တယ်ဆိုတာ တခြားသူတွေအထင်ကြီးအောင် ဝတ်ထားပြီး အိမ်ပြန်ရောက်ရင် ချွတ်ပစ်လိုက်တဲ့ ဝတ်စုံနဲ့မတူဘူး။ ဒါကြောင့် ‘အိမ်မှာနေတဲ့အခါလည်း မိသားစုဝင်တွေနဲ့ ယဉ်ကျေးရည်မွန်စွာ ဆက်ဆံရဲ့လား’ လို့ကိုယ့်ကိုယ်ကိုယ်မေးပါ။ တကယ်လို့ သင်က မိသားစုဝင်တွေနဲ့ ယဉ်ကျေးရည်မွန်စွာ မဆက်ဆံဘဲ အပြင်လူတွေနဲ့ကျမှ ယဉ်ကျေးရည်မွန်စွာ ဆက်ဆံမယ်ဆိုရင် သဘာဝကျမှာမဟုတ်ဘူး။ စဉ်းစားဉာဏ်ရှိတဲ့မိန်းကလေးက သင်ဘယ်လိုလူစားလဲဆိုတာ သိရအောင် သင့်မိသားစုဝင်တွေနဲ့ဆက်ဆံပုံကို စောင့်ကြည့်လိမ့်မယ်ဆိုတာ သတိရပါ။—ဧဖက် ၆:၁၊ ၂

ကောင်မလေးတွေအပြော“ကျွန်မအတွက် တံခါးဖွင့်ပေးတာလိုမျိုး အသေးအဖွဲကိစ္စတွေမှာရော၊ ကျွန်မနဲ့ ကျွန်မမိသားစုအပေါ် ကြင်နာပြီး နားလည်ပေးတတ်တာလိုမျိုး ကြီးမားတဲ့ကိစ္စတွေမှာပါ ယဉ်ကျေးရည်မွန်တဲ့ကောင်လေးမျိုးကို သဘောကျတယ်။”—တီနာ။

“စတွေ့ခါစပဲရှိသေးတယ်။ ‘ချိန်းတွေ့ဖူးလား၊’ ‘မင်းရဲ့ရည်မှန်းချက်က ဘာလဲ’ စတဲ့ ကိုယ်ရေးကိုယ်တာမေးခွန်းတွေ မေးတဲ့သူကို ကျွန်မ သိပ်စိတ်ပျက်တာပဲ။ အဲဒီလိုမေးတာ ရိုင်းတယ်။ ကျွန်မ မကြိုက်ဘူး။”ကယ်သီ။

“ကောင်လေးတွေက မိန်းကလေးတွေရဲ့ ခံစားချက်ကို ဂရုမစိုက်ဘူး၊ အလေးအနက်မထားဘူး။ မိန်းကလေးတွေက ယောက်ျားလိုချင်တာ ငမ်းငမ်းတက်ဖြစ်နေတဲ့ပုံမျိုး၊ ယောက်ျားတွေ သနားမှပဲဖြစ်မယ်ဆိုတဲ့ပုံမျိုး ဆက်ဆံတာ ကြိုက်ကိုမကြိုက်ဘူး။”အဲလက်ခ်စစ်။

တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ ဂရုစိုက်တာက ကိုယ့်ကိုယ်ကိုယ်သာမက တခြားသူတွေကိုလည်း လေးစားရာရောက်တယ်။ (မဿဲ ၇:၁၂) ကိုယ့်ကိုယ်ကိုယ်လေးစားရင် သူများက ကိုယ့်ကို ပိုလေးစားမှာပဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိဘူးဆိုရင် မိန်းကလေးတွေ အထင်ကြီးမှာမဟုတ်ဘူး။

ကောင်မလေးတွေအပြော– “ကျွန်မကို စိတ်၀င်စားတဲ့ကောင်လေးရဲ့ပါးစပ်က နံလိုက်တာ။ ဘယ်လိုမှ သည်းမခံနိုင်ဘူး။”ကယ်လီ။

စကားပြောကောင်းသူဖြစ်ဖို့ ကြိုးစားပါ။ ကောင်းကောင်းပြောဆိုတတ်တာက ဆက်ဆံရေးကောင်းစေတယ်။ ကိုယ့်အရေးကိစ္စလောက်သာ မဟုတ်ဘဲ သူများရဲ့အရေးကိစ္စကိုလည်း စိတ်ဝင်တစားပြောဆိုဖို့လိုတယ်။ (ဖိလိပ္ပိ ၂:၃၊ ၄) ကောင်မလေးပြောတာကို အာရုံစိုက်နားထောင်ပေးပြီး သူ့သဘောထားကို လေးစားပါ။

ကောင်မလေးတွေအပြော– “ကောင်လေးတစ်ယောက်က ဟန်ဆောင်ပန်ဆောင်မရှိဘဲ ပင်ကိုအတိုင်း စကားပြောနိုင်တယ်၊ သူ့ကိုပြောခဲ့တာတွေကို မှတ်မိတယ်၊ စကားမပြတ်သွားအောင် မေးခွန်းတွေမေးနိုင်တယ်ဆိုရင် ကျွန်မ သူ့ကို သဘောကျတယ်။”—ခရစ္စတင်း။

“ကောင်လေးတွေက မြင်တာကို သဘောကျတတ်ကြတယ်။ ကောင်မလေးတွေကတော့ မြင်တာထက် ကြားတာကို ပိုသဘောကျတတ်တယ်။”—လော်ရာ။

“လက်ဆောင်ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ကောင်လေးက အပြောညက်တယ်၊ နှစ်သိမ့်ပေးတတ်၊ အားပေးတတ်တယ်ဆိုရင် အရမ်းကိုစွဲမက်စရာပဲ။”—အေမီ။

“ယဉ်ကျေးပြီး ဘယ်တော့မှ အသားမယူတဲ့ ကောင်လေးတစ်ယောက်နဲ့ သိတယ်။ ‘မင်းရဲ့ ကိုယ်သင်းနံ့လေးက မွှေးနေတာပဲ၊’ ‘ဒီနေ့ မင်း သိပ်လှနေပါလား’ ဆိုတဲ့ မြှောက်ပင့်စကားမျိုးတွေမပါဘဲ သူနဲ့ အဓိပ္ပာယ်ရှိရှိ စကားပြောဖြစ်တယ်။ ကျွန်မပြောတာကိုလည်း ကောင်းကောင်းနားထောင်ပေးတယ်။ အဲဒါကို ဘယ်ကောင်မလေးမဆို သဘောခွေ့မှာပဲ။”—ဘက်သ်။

“ဟာသလည်းပြောတတ်၊ ဟိတ်ဟန်မထုတ်ဘဲ လေးနက်တဲ့အကြောင်းတွေကိုလည်း ပြောတတ်တဲ့သူမျိုးနဲ့ ကျွန်မ ပိုရင်းနှီးချင်တယ်။”—ကယ်လီ။

တာဝန်သိတတ်သူဖြစ်ပါ။ “လူအသီးသီးသည် မိမိတို့၏ဝန်ကို ထမ်းရွက်ကြရမည်” လို့ ကျမ်းစာပြောတယ်။ (ဂလာတိ ၆:၅) အပျော်အပါးမက်လို့ ဒါမှမဟုတ် အပျင်းကြီးလို့ အလုပ်ကို လက်ကြောတင်းအောင်မလုပ်တဲ့ ယောက်ျားမျိုးကို မိန်းကလေးတွေ မကြိုက်ဘူး။

ကောင်မလေးတွေအပြော– “ယောက်ျားတွေဟာ တာ၀န်သိတတ်ရင် ကောင်းမှာပဲ။ တာ၀န်မသိတတ်တဲ့သူကတော့ စွဲမက်စရာမကောင်းဘူး။ အထင်ကြီးစရာလည်း မကောင်းဘူး။”—ကယ်ရီ။

“တချို့ကောင်လေးတွေမှာ ရည်မှန်းချက် ရေရေရာရာမရှိဘူး။ ကောင်မလေးတစ်ယောက်ကို စိတ်၀င်စားရင် သူ့ရည်မှန်းချက်တွေကိုမေးပြီး ‘ငါလည်း အဲဒီလိုပဲ’ လို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ အပြောနဲ့အလုပ်က တခြားစီပဲ။”—ဘက်သ်။

တာဝန်သိတတ်သူဖြစ်မယ်ဆိုရင် မိတ်ဆွေကောင်းတွေ ရလာပါလိမ့်မယ်။ အခု သင်က မိန်းကလေးတစ်ယောက်ကို တကယ်စိတ်၀င်စားလို့ ပိုးပန်းတော့မယ်ဆိုရင် ဘာလုပ်သင့်သလဲ။

နောက်ထပ်လုပ်ရမယ့်အရာ

ကိုယ့်ဘက်ကစပြီး လုပ်ဆောင်ပါ။ ကိုယ်သဘောကျနေတဲ့ သူငယ်ချင်းတစ်ယောက်ဟာ ကိုယ့်ဘဝအတွက် အဖော်မွန်ကောင်းဖြစ်မယ်လို့ထင်ရင် သူ့ကို စိတ်ဝင်စားတယ်လို့ ဖွင့်ပြောလိုက်ပါ။ သင့်ခံစားချက်ကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ပြောပြပါ။ အဲဒီလိုပြောဖို့ လွယ်မှာတော့မဟုတ်ဘူး။ သူငြင်းလိုက်မှာကိုလည်း ကြောက်နေမှာပဲ။ ဒါပေမဲ့ ကိုယ့်ဘက်ကစပြီး ပြောလိုက်တာက ရင့်ကျက်လာပြီဆိုတဲ့သဘောပဲ။ ဒါပေမဲ့ အခုအဆင့်က အိမ်ထောင်ပြုဖို့ ကမ်းလှမ်းနေတာ မဟုတ်သေးဘူးဆိုတာ သတိရပါ။ ဒါကြောင့် စကားပြောတဲ့အခါ လိမ္မာပါးနပ်ပါ။ အတည်ပေါက်ကြီး ဒါမှမဟုတ် အသည်းအသန်ကြီး ဖြစ်နေမယ်ဆိုရင် မိန်းကလေးဘက်က လန့်သွားလိမ့်မယ်၊ ဆွဲဆောင်မှုဖြစ်မှာ မဟုတ်တော့ဘူး။

ကောင်မလေးတွေအပြော– “သူများရဲ့စိတ်ကို ကိုယ်ကဘယ်သိနိုင်မလဲ။ ကိုယ်နဲ့ပိုရင်းနှီးချင်တယ်ဆိုရင် ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းပြောမှ သိမှာပေါ့။”—နီနာ။

“သူနဲ့သူငယ်ချင်းဖြစ်နေတာကြာမှ အဆင့်တက်ချင်မှန်းသိရတာ မျက်နှာပူစရာပဲ။ ဒါပေမဲ့ သူငယ်ချင်းအဆင့်ထက်ပိုချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောတဲ့ သူ့ကို ကျွန်မ လေးစားတယ်။”—ဟယ်လန်။

မိန်းကလေးတွေရဲ့ဆုံးဖြတ်ချက်ကို လေးစားပါ။ ကောင်မလေးက သူငယ်ချင်းအဆင့်ထက် မပိုချင်ဘူးလို့ပြောရင် ဘယ်လိုလုပ်မလဲ။ သူ့ရဲ့နှလုံးသားခံစားချက်ကို သူသိပြီး မကြိုက်နိုင်ဘူးလို့ပြောတာကို သင် လေးလေးစားစား လက်ခံလိုက်ပါ။ အတင်းဆက်လိုက်နေမယ်ဆိုရင်တော့ မရင့်ကျက်သေးဘူးဆိုတဲ့ သဘောပဲ။ သူငြင်းတာကို ဒေါသထွက်မယ်၊ ဆက်ကြိုးစားနေမယ်ဆိုရင် သူ့အတွက် မစဉ်းစားပေးဘဲ ကိုယ့်အတွက်ပဲ စဉ်းစားရာရောက်တယ်။—၁ ကောရိန္သု ၁၃:၁၁

ကောင်မလေးတွေအပြော– “ကောင်လေးတစ်ယောက်ကို ကျွန်မ အပြတ်ငြင်းလိုက်တယ်။ ဒါပေမဲ့ သူက ဆက်လိုက်နေတော့ အရမ်းစိတ်တိုတာပဲ။”ကော်လင်း။

“ကောင်လေးတစ်ယောက်ကို စိတ်မ၀င်စားဘူးလို့ ပြောတာတောင် ကျွန်မဖုန်းနံပါတ်ကို အတင်းတောင်းတယ်။ ကျွန်မ မရိုင်းချင်ဘူး။ သူ့အနေနဲ့ ခံစားချက်ကိုထုတ်ပြောဖို့ မလွယ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မ ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်တယ်။”—ဆယ်ရာ။

မလုပ်ရမယ့်အရာ

ကောင်မလေးတွေက အညှာလွယ်တော့ ခက်ခက်ခဲခဲလိုက်စရာမလိုဘူးလို့ ကောင်လေးတချို့ထင်တယ်။ ကောင်မလေး ဘယ်နှစ်ယောက်ကို ကြွေအောင်လုပ်နိုင်တယ်ဆိုပြီးတော့တောင် အချင်းချင်းပြိုင်ကြတယ်။ အဲဒီလိုလုပ်တာက ရက်စက်တဲ့အပြင် သင့်နာမည်ပျက်နိုင်တယ်။ (သုတ္တံ ၂၀:၁၁) အဲဒီလိုမဖြစ်ဖို့ အောက်ပါအချက်တွေကို မှတ်သားပါ။

အီစီကလီမလုပ်နဲ့။ အီစီကလီလုပ်သူတွေဟာ ကြူတတ်တယ်၊ အထာပေးတတ်တယ်။ အတည်ကြိုက်လို့မဟုတ်ဘဲ မိန်းကလေးတွေရဲ့နှလုံးသားကို ကစားချင်ကြတယ်။ အဲဒီလိုလုပ်တာ၊ အဲဒီလိုသဘောထားတွေရှိတာက ‘ငယ်ရွယ်သောအမျိုးသမီးတွေကို နှမကဲ့သို့ ရိုးသားဖြူစင်စွာ ဆက်ဆံပါ’ ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို လျစ်လျူရှုတာပဲ။ (၁ တိမောသေ ၅:၂) အီစီကလီလုပ်တတ်သူဟာ မိတ်ဆွေကောင်း မဟုတ်တဲ့အပြင် အိမ်ထောင်ဖက်ကောင်းလည်း ဖြစ်မှာမဟုတ်ဘူး။ အဲဒါကို စဉ်းစားဉာဏ်ရှိတဲ့မိန်းကလေးတွေ သိတယ်။

ကောင်မလေးတွေအပြော– “ပြီးခဲ့တဲ့လတုန်းက ကိုယ့်သူငယ်ချင်းကို အီစီကလီလုပ်တယ်။ အခု ကိုယ့်ကိုလည်း အီစီကလီလုပ်နေတယ်ဆိုရင် တကယ်စိတ်တိုစရာပဲ။”—ဟယ်လင်။

“ရုပ်ဖြောင့်တဲ့ကောင်လေးတစ်ယောက်က သူ့အကြောင်းတွေချည်းပြောပြီး ကျွန်မကို အီစီကလီလာလုပ်တယ်။ ကျွန်မတို့အုပ်စုထဲကို ကောင်မလေးတစ်ယောက် ရောက်လာတော့ အဲဒီလိုပဲလုပ်တယ်။ နောက်တစ်ယောက် ရောက်လာတော့လည်း အဲဒီအတိုင်း ထပ်လုပ်တယ်။ စိတ်ပျက်လိုက်တာ။”—တီနာ။

မိန်းကလေးတွေရဲ့ခံစားချက်ကို မကစားပါနဲ့။ မိန်းကလေးသူငယ်ချင်းနဲ့ပေါင်းတဲ့အခါ ယောက်ျားလေးချင်းပေါင်းသလို ပေါင်းလို့မရဘူး။ ဘာကြောင့်လဲ။ ဥပမာ၊ သင်က ယောက်ျားလေးသူငယ်ချင်းတစ်ယောက် အဝတ်အစားအသစ်ဝတ်ထားတာကို ကြည့်ကောင်းတယ်ဆိုပြီး ပြောတာမျိုး၊ သူနဲ့အမြဲစကားပြောပြီး ရင်ဖွင့်တာမျိုး လုပ်မယ်ဆိုရင် သူ့ကိုကြိုက်နေတယ်လို့ ထင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မိန်းကလေးသူငယ်ချင်းကို အဲဒီလိုသွားလုပ်မယ်ဆိုရင်တော့ သူ့ကို စိတ်ဝင်စားနေတယ်လို့ ထင်သွားမှာပဲ။

ကောင်မလေးတွေအပြော– “ယောက်ျားလေးတွေက သူတို့အချင်းချင်းပေါင်းသလို မိန်းကလေးတွေနဲ့ပေါင်းလို့မရဘူးဆိုတာ မသိကြဘူး။”—ရှယ်ရယ်လ်။

“ကောင်လေးတစ်ယောက်က ကျွန်မဖုန်းနံပါတ်လည်းရရော မက်ဆေ့ခ်ျပို့တော့တာပဲ။ ဘာရည်ရွယ်ချက်နဲ့လဲ။ မက်ဆေ့ခ်ျပို့ရင်း ခင်သွားပြီး သံယောဇဉ်တွယ်သွားတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ ဖုန်းထဲမှာ ဘယ်လောက်ထိ စာရေးနိုင်မှာမို့လို့လဲ။”—မယ်လရီ။

“ကောင်လေးတစ်ယောက်ဟာ ဂရုစိုက်တတ်ပြီး အပြောညက်တယ်ဆိုရင် သူ့ကို ကောင်မလေးတစ်ယောက် ဘယ်လောက်ကြွေသွားမယ်ဆိုတာ သူမသိဘူး။ တကယ်တော့ ကောင်မလေးက ရည်းစားလိုချင်လွန်းလို့ မဟုတ်ဘူး။ မိန်းကလေးဆိုတာ ချစ်တတ်တယ်၊ ကိုယ့်အတွက် သင့်တော်မယ့်သူကို အမြဲရှာနေတတ်တယ်။”—အယ်လဆန်။

နောက်အခန်းမှာဖတ်ကြည့်ပါ

အချစ်စစ်အချစ်မှန်နဲ့ အရူးအမူးအချစ် ဘယ်လို ကွာခြားသလဲ။

အဓိကကျမ်းချက်

“စစ်မှန်သောဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏အလိုတော်အတိုင်း ဖန်ဆင်းခံရသောစရိုက်သစ်ကို ဝတ်ဆင်သင့်၏။”—ဧဖက် ၄:၂၄

အကြံပြုချက်

လူငယ်တစ်ယောက်မှာ ဘယ်အရည်အချင်းရှိဖို့ အရေးကြီးဆုံးလဲလို့ ရင့်ကျက်တဲ့လူကြီး တချို့ကို မေးကြည့်ပါ။ ကိုယ့်မှာ အဲဒီအရည်အချင်းရှိလာအောင် ကြိုးစားဖို့လိုမလို ဆန်းစစ်ပါ။

သင်သိပါသလား . . . ?

အပြင်ပန်းအလှထက် အတွင်းစိတ်နှလုံးလှဖို့ ပိုအရေးကြီးတယ်။

လက်တွေ့လုပ်ကြည့်ပါ

ပိုယဉ်ကျေးရည်မွန်လာအောင် ငါလုပ်ရမှာက ․․․․․

စကားပြောကောင်းသူဖြစ်အောင် ငါလုပ်ရမှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ကိုယ့်ကိုယ်ကိုယ်လေးစားကြောင်း ဘယ်လိုပြနိုင်မလဲ။

● မိန်းကလေးတစ်ယောက်ရဲ့ သဘောထားနဲ့ခံစားချက်ကို လေးစားကြောင်း ဘယ်လိုပြနိုင်မလဲ။

[စာမျက်နှာ ၁၉၈ ပါ အကျဉ်းဖော်ပြချက်]

‘‘မိန်းကလေးတွေ စိတ်ဝင်စားလာအောင် သူတို့အကြိုက် ဝတ်ပြ၊ နေပြရမယ်လို့ ကောင်လေးတွေထင်ကြတယ်။ အဲဒါက မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေပိုကြိုက်တာက သူတို့ရဲ့အရည်အသွေးကောင်းတွေပဲ။’’—ကိတ်

[စာမျက်နှာ ၁၉၇ ပါ ရုပ်ပုံ]

ယဉ်ကျေးရည်မွန်တယ်ဆိုတာ တခြားသူတွေအထင်ကြီးအောင် ဝတ်ထားပြီး အိမ်ပြန်ရောက်ရင် ချွတ်ပစ်လိုက်တဲ့ ဝတ်စုံနဲ့မတူဘူး