မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လမ်းခွဲပြီးနောက် ငါဘယ်လိုရှေ့ဆက်ရမလဲ

လမ်းခွဲပြီးနောက် ငါဘယ်လိုရှေ့ဆက်ရမလဲ

အခန်း ၃၁

လမ်းခွဲပြီးနောက် ငါဘယ်လိုရှေ့ဆက်ရမလဲ

“ကျွန်မတို့ ငါးနှစ်လောက် သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ ရည်းစားဖြစ်တာ ခြောက်လလောက်ရှိပြီ။ အခုတော့ သူက ကျွန်မနဲ့ဆက်မတွဲချင်တော့ဘူး။ ဒါကြောင့် ကျွန်မနဲ့ မျက်နှာချင်းလည်းမဆိုင်ဘူး။ စကားလည်း လုံးဝမပြောဘူး။ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ပါဘူး။ စိတ်ဆင်းရဲလိုက်တာ။ ‘ငါ ဘာအမှားလုပ်မိလို့လဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနေမိတယ်။”—ရေချယ်လ်။

လမ်းခွဲလိုက်တဲ့အခါ အပျော်လေးတွေ ပျက်ဆီးသွားပြီး စိတ်ပျက်လက်ပျက်နဲ့ မျက်ရည်တွေပဲကျနေတော့တယ်။ နှစ်နှစ်လောက်တွဲခဲ့ကြတဲ့ ဂျက်ဖ်နဲ့ စူစန်ဆိုရင် သံယောဇဉ်တွေ ပိုပိုတိုးလာတယ်။ ဂျက်ဖ်က စူစန်ကို အချစ်စကားလေးတွေ တီတီတာတာနဲ့ တစ်နေ့လုံး မက်ဆေ့ခ်ျပို့တယ်။ တစ်ခါတလေ အမှတ်တရလက်ဆောင်လေးတွေ ပေးတတ်တယ်။ “ဂျက်ဖ်က ကျွန်မပြောသမျှကို နားထောင်ပေးတယ်၊ နားလည်ပေးတယ်။ သူ ကျွန်မကို ပျော်အောင်ထားတယ်” လို့ စူစန်ပြောတယ်။

သူတို့နှစ်ယောက် လက်ထပ်ပြီးရင် ဘယ်မှာနေမလဲဆိုတာတောင် ပြောဖြစ်ကြတယ်။ စူစန်အတွက် စေ့စပ်လက်စွပ်ဝယ်ဖို့ စုံစမ်းထားသေးတယ်။ ဒါပေမဲ့ ဂျက်ဖ်က ချက်ချင်းဆိုသလို အဆက်ဖြတ်လိုက်တော့ စူစန့်ခမျာ ရင်ကွဲပက်လက်ဖြစ်ခဲ့ရတယ်။ နေ့စဉ်အလုပ်တွေကို လုပ်သာလုပ်နေရတယ်၊ စိတ်က မပါဘူး။ “ကျွန်မ တော်တော်လေး စိတ်ပန်းလူပန်းဖြစ်ခဲ့ရတယ်” လို့ သူပြောပြတယ်။ *

ဘာလို့ ဒီလောက်နာကျင်ခံစားရတာလဲ

စူစန်လိုအခြေအနေမျိုး သင်ကြုံခဲ့ရင် ‘ငါ ဘယ်လိုရှေ့ဆက်ရမလဲ’ ဆိုပြီး တွေးမိမှာပဲ။ အဲဒီလိုခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ “အချစ်စိတ်သည် သေခြင်းကဲ့သို့ တန်ခိုးကြီးပါ၏” လို့ ကျမ်းရေးသူ ဘုရင်ရှောလမုန်ပြောခဲ့တယ်။ (ရှောလမုန်သီချင်း ၈:၆ခမ) ဒါကြောင့် လမ်းခွဲတာက သင့်ဘဝမှာ ထိချက်အပြင်းဆုံးဒဏ်ရာ ဖြစ်နိုင်တယ်။ တချို့က သေမတတ်ခံစားရတယ်လို့ ပြောတယ်။ သင်လည်း အဲဒီလိုခံစားခဲ့ရမှာပဲ။ ဒါ့အပြင် တခြားစိတ်သောကတွေလည်း ကြုံနိုင်တယ်။

လက်မခံနိုင်တာ။ ‘ငါတို့နှစ်ယောက် လမ်းခွဲဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တစ်ရက်နှစ်ရက်ကြာရင် သူ စိတ်ပြောင်းသွားမှာပါ။’

ဒေါသထွက်တာ။ ‘ငါ့ကို ဘာလို့ ဒီလိုလုပ်ရက်တာလဲ။ သူ့ကို လုံးဝမကျေနပ်ဘူး။’

စိတ်ဓာတ်ကျတာ။ ‘ငါက ချစ်စရာမှ မကောင်းတာ။ ဘယ်သူမှ ငါ့ကို ချစ်မှာမဟုတ်ပါဘူး။’

လက်ခံနိုင်တာ။ ‘ငါ အဆင်ပြေသွားမှာပါ။ လမ်းခွဲလိုက်လို့ နာကျင်ခံစားရပေမဲ့ သက်သာလာပါပြီ။’

ဝမ်းသာစရာက၊ လက်ခံနိုင်တဲ့အခြေအနေကို သင် ရောက်လာမှာပါ။ ဒါပေမဲ့ ဘယ်လောက်ကြာကြာ တွဲခဲ့တယ်၊ ဘယ်လောက်ထိ ရင်းနှီးခဲ့တယ် စတဲ့အချက်တွေပေါ် မူတည်ပြီး အချိန်ကြာနိုင်တယ်။ ဒီအတောအတွင်း အသည်းကွဲတာကို ဘယ်လိုကုစားနိုင်မလဲ။

ဘဝခရီးဆက်လျှောက်ပါ

အချိန်က ကုစားပေးနိုင်တယ်ဆိုတဲ့ စကားကို ကြားဖူးမှာပါ။ လမ်းခွဲခါစသူတွေအတွက်တော့ အဲဒီစကားက နှစ်သိမ့်မှုဖြစ်ချင်မှဖြစ်မယ်။ ဒါကြောင့်လည်း အချိန်က တစ်ခုတည်းသောဖြေရှင်းနည်းလို့ ပြောတာပေါ့။ ဥပမာ၊ ထိခိုက်ဒဏ်ရာရရင် ဖြစ်ဖြစ်ချင်း နာကျင်ပေမဲ့ အချိန်တန်ရင် သက်သာသွားမှာပဲ။ ဒါပေမဲ့ သွေးတိတ်အောင်၊ အနာကျက်အောင်၊ ရောဂါပိုးမဝင်အောင် ဆေးထည့်ပေးရမယ်။ အသည်းကွဲတဲ့အခါလည်း အဲဒီလိုပဲ။ လောလောဆယ် ရင်နင့်အောင် ခံစားရပေမဲ့ နာကျင်မှု လျော့နည်းဖို့၊ နာကြည်းစိတ် မဝင်ဖို့ သင့်ဘက်က လုပ်စရာရှိတာလုပ်ရမယ်။ အချိန်က ကုစားပေးမှာ မှန်ပေမဲ့ သင့်ဘက်က ဘာတွေလုပ်ဆောင်ရမလဲ။ အောက်ပါအချက်တွေကို စမ်းကြည့်ပါ–

ငိုချလိုက်ပါ။ ငိုလိုက်တာ မမှားပါဘူး။ သမ္မာကျမ်းစာမှာ ‘ငိုရတဲ့အချိန်’ ရှိသလို ‘မြည်တမ်းတဲ့အချိန်’ ရှိတယ်လို့ ဆိုတယ်။ (ဒေသနာ ၃:၁၊ကဘ) ပျော့ညံ့သူမို့လို့ မျက်ရည်ကျတာ မဟုတ်ပါဘူး။ ရဲစွမ်းသတ္တိရှိတဲ့ စစ်သူကြီးဒါဝိဒ်တောင် စိတ်ဆင်းရဲစရာတွေ ကြုံရတဲ့အခါ အခုလိုပြောခဲ့တယ်– “ညတိုင်းပင်လျှင် ငိုယိုရသဖြင့် အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည် မျက်ရည်စိုရွှဲလျက်ရှိပါ၏။”—ဆာလံ ၆:၆ခမ။

ကျန်းမာရေးကို ဂရုစိုက်ပါ။ လမ်းခွဲလိုက်တဲ့အခါ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ကျန်းမာရေးထိခိုက်နိုင်တယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပါ၊ အာဟာရရှိတဲ့အစားအစာတွေ စားပါ။ ‘ကိုယ်ကာယလေ့ကျင့်မှုဟာ အကျိုးရှိတယ်’ လို့ သမ္မာကျမ်းစာပြောတယ်။—၁ တိမောသေ ၄:၈

သင့်ကျန်းမာရေး မထိခိုက်အောင် ဘယ်ကဏ္ဍတွေကို ဂရုစိုက်ရမလဲ။

․․․․․

အလုပ်ထဲမှာ စိတ်နှစ်ထားပါ။ ဝါသနာပါတာတွေကို ဆက်လုပ်နေပါ။ အရင်ကထက် တခြားသူတွေနဲ့ အချိန်ပေးပေါင်းပါ။ (သုတ္တံ ၁၈:၁) သင့်ကိုချစ်တဲ့သူတွေနဲ့ များများပေါင်းပေးပါ။ အဲဒါမှ အကောင်းမြင်စိတ်ထားရှိလာမှာ။

ဘာပန်းတိုင်တွေ ချမှတ်နိုင်သလဲ။

․․․․․

ဘုရားဆီ ဆုတောင်းပြီး ရင်ဖွင့်ပါ။ အဲဒီလိုလုပ်ဖို့ ခက်ကောင်းခက်မယ်။ တချို့ဆိုရင် လမ်းခွဲလိုက်ရလို့ ဘုရားကိုတောင် အပြစ်တင်သေးတယ်။ ‘ချစ်သူတစ်ယောက်ရှာတွေ့ဖို့ ဆုတောင်းလိုက်ရတာ၊ အခုတော့ ကြည့်ပါအုံး’ ဆိုပြီး သူတို့ပြောတတ်တယ်။ (ဆာလံ ၁၀:၁) ဘုရားကို အောင်သွယ်တော်အဖြစ် သဘောထားတာ ကောင်းရဲ့လား။ တကယ်တော့ တစ်ဖက်က သူ့သဘောနဲ့သူ အဆက်ဖြတ်လိုက်တာ။ အဲဒါ ဘုရားနဲ့ဘာမှမဆိုင်ပါဘူး။ ယေဟောဝါဘုရားက ‘သင့်ကို ဂရုစိုက်တယ်’ ဆိုတာ သတိရပါ။ (၁ ပေတရု ၅:၇) ဒါကြောင့် ကိုယ့်ခံစားချက်တွေကို ဘုရားဆီ ရင်ဖွင့်လိုက်ပါ။ “သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်” လို့ ကျမ်းစာပြောတယ်။—ဖိလိပ္ပိ ၄:၆၊ ၇

လမ်းခွဲလိုက်ရလို့ စိတ်ဆင်းရဲနေတဲ့အခါ ဘုရားဆီကို ဘာအကြောင်းတွေ ထည့်ဆုတောင်းနိုင်သလဲ။

․․․․․

ရှေ့ရေးကိုပဲတွေးပါ

အချိန်က ကုစားပေးလိုက်လို့ နာကျင်မှုတွေ ပြေပျောက်သွားပြီဆိုရင် ဖြစ်ပြီးတာတွေကို သေချာပြန်စဉ်းစားကြည့်ပါ။ စာမျက်နှာ ၂၂၄ မှာ “လမ်းခွဲလိုက်တာကနေ ငါ ဘာသင်ခန်းစာရသလဲ” ဆိုတဲ့ လေးထောင့်ကွက်ထဲက မေးခွန်းတွေကိုကြည့်ပြီး သင့်အဖြေကို ရေးချပါ။

မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့အဖြစ်မျိုး သင်ကြုံခဲ့ရတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီဥပမာကို စဉ်းစားကြည့်ပါ– မုန်တိုင်းထန်နေချိန်မှာ ကောင်းကင်ကြီးက မည်းမှောင်ပြီး မိုးတွေ သည်းကြီးမည်းကြီးရွာတာကိုပဲ မြင်နေရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မိုးစဲသွားပြီး ကြည်လင်တဲ့ကောင်းကင်ပြာကို မြင်လိုက်ရတယ်။ ဒီအခန်းမှာပါတဲ့ လူငယ်တွေလည်း အဲဒီလိုပါပဲ။ အချိန်တန်တော့ ဘဝခရီးကို ဆက်လျှောက်လှမ်းနိုင်ခဲ့ကြတယ်။ သင်လည်း အဲဒီလိုဖြစ်မယ်ဆိုတာ စိတ်ချပါ။

နောက်အခန်းမှာဖတ်ကြည့်ပါ

လိင်ဆိုင်ရာအမြတ်ထုတ်သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဒီအခန်းမှာဆွေးနွေးတဲ့ အကြောင်းအရာတွေက ယောက်ျားလေးတွေနဲ့လည်း သက်ဆိုင်တယ်။

အဓိကကျမ်းချက်

‘စိတ်ကြေကွဲနေသူတွေကို [ယေဟောဝါဘုရား] ကုသပေးပြီး သူတို့ရဲ့ဒဏ်ရာတွေကို စည်းပေးတယ်။’—ဆာလံ ၁၄၇:၃ကဘ။

အကြံပြုချက်

အစမှာဖော်ပြခဲ့တဲ့ စူစန်က ကျမ်းချက်တွေကို ရေးမှတ်ထားပြီး သောကဖိစီးတဲ့အခါ ပြန်ဖတ်တယ်။ သင်လည်း ဒီအခန်းမှာပါတဲ့ ကျမ်းချက် တွေကို ရေးမှတ်ထားပြီး ပြန်ဖတ်နိုင်တယ်။

သင်သိပါသလား . . . ?

ရည်းစားထားတဲ့ ဆယ်ကျော်သက်အများစုမှာ အိမ်ထောင် ပြုဖို့ ရည်ရွယ်ချက်မရှိဘူး။ အိမ်ထောင်ပြုပြန်တော့လည်း ကွာရှင်းတာက များတယ်။

လက်တွေ့လုပ်ကြည့်ပါ

လမ်းခွဲပြီးတဲ့နောက် ဘဝခရီးဆက်လျှောက်နိုင်ဖို့ ငါလုပ်ရမှာက ․․․․․

နောက်တစ်ယောက်နဲ့တွဲတဲ့အခါ အဖော်မွန်ကောင်းဖြစ်အောင် ငါလုပ်ရမှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ဖြစ်ပြီးတာတွေကနေ ကိုယ့်အကြောင်း ဘာသိရသလဲ။

● လိင်ခြားသူအကြောင်း ဘာသိရသလဲ။

[စာမျက်နှာ ပါအကျဉ်းဖော်ပြချက်]

‘အချိန်ကြာလာတဲ့အခါ အခြေအနေတွေကို အရှိအတိုင်း မြင်တတ်လာမယ်။ စိတ်တည်ငြိမ်လာတဲ့အတွက် ဖြစ်ပြီးသမျှတွေကို သေချာပြန် စဉ်းစားကြည့်ပြီး ပြည်ဖုံးကားချပစ်နိုင်မယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာမယ်။ အိမ်ထောင်ဖက်လောင်းဆီကနေ ကိုယ်ဘာတွေမျှော်လင့်တယ်ဆိုတာ ပိုသိလာမယ်။ အခုလိုထပ်မဖြစ်အောင်လည်း ရှောင်နိုင်ပါလိမ့်မယ်။’’—ကရီနား

[စာမျက်နှာ ၂၂၄ ပါ လေးထောင့်ကွက်]

လေ့ကျင့်ခန်းစာရွက်

လမ်းခွဲလိုက်တာကနေ ငါ ဘာသင်ခန်းစာရသလဲ

လမ်းခွဲလိုက်ရတဲ့ အကြောင်းရင်းရှိသလား။ ရှိတယ်ဆိုရင် အဲဒါက အကြောင်းကောင်းမဟုတ်ရင်တောင် ရေးချပါ။ ․․․․․

တခြား ဘယ်အကြောင်းရင်းတွေ ရှိသေးလဲ။ ․․․․․

ဖြစ်ပြီးတာတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ အခုလိုမဖြစ်အောင် လုပ်နိုင်ခဲ့တာ တစ်ခုခုများရှိသလား။ ရှိတယ်ဆိုရင် ဘာလဲ။ ․․․․․

ဒီအတွေ့အကြုံအရ သင်ဟာ ပိုရင့်ကျက်တဲ့သူ၊ ခရစ်ယာန်ပီသတဲ့သူ ဖြစ်လာဖို့ ဘယ်ကဏ္ဍတွေမှာ တိုးတက်ဖို့လိုနေသလဲ။ ․․․․․

နောက်တစ်ယောက်နဲ့ဆိုရင် အခုလိုမဖြစ်ရအောင် ဘာတွေလုပ်နိုင်မလဲ။ ․․․․․

[စာမျက်နှာ ၂၂၃ ပါ ရုပ်ပုံ ]

လမ်းခွဲတာက ထိခိုက်ဒဏ်ရာရတာနဲ့ တူတယ်၊ ဖြစ်ဖြစ်ချင်း နာကျင်ပေမဲ့ အချိန်တန်ရင် သက်သာသွားမှာပါ