မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချစ်စစ်အချစ်မှန်ဆိုတာ ငါဘယ်လိုသိနိုင်မလဲ

အချစ်စစ်အချစ်မှန်ဆိုတာ ငါဘယ်လိုသိနိုင်မလဲ

အခန်း ၂၉

အချစ်စစ်အချစ်မှန်ဆိုတာ ငါဘယ်လိုသိနိုင်မလဲ

အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ–

၁။ “အချစ်စစ်” ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။ ․․․․․

၂။ “အရူးအမူးအချစ်” ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။ ․․․․․

၃။ အဲဒီနှစ်ခုက ဘယ်လိုကွာခြားတယ်လို့ ထင်သလဲ။ ․․․․․

အထက်ပါမေးခွန်းတွေကိုဖြေဖို့ သင့်အတွက် ခက်ချင်မှခက်လိမ့်မယ်။ အချစ်စစ်နဲ့ အရူးအမူးအချစ် ကွာခြားမှန်း တွေးကြည့်ရုံနဲ့သိတယ်။

ဒါပေမဲ့ သင့်စိတ်ကူးထဲက ယောက်ျားလေး ဒါမှမဟုတ် မိန်းကလေးကို တွေ့လိုက်တဲ့အခိုက်အတန့်လေးမှာ အဲဒီအဖြေတွေ ပြောင်းသွားနိုင်တယ်။ သူ့ကိုတွေ့တာနဲ့ အရမ်းခိုက်သွားပြီး မျက်စိထဲမှာ တခြားဘာမှ မမြင်တော့ဘူး။ အချစ်နွံထဲ ရုန်းမထွက်နိုင်အောင် နစ်သွားတော့တာပဲ။ သင်အဲဒီလိုဖြစ်နေလား။ အဲဒါ အချစ်စစ်လား၊ အရူးအမူးအချစ်လား။ သင်ဘယ်လိုသိနိုင်မလဲ။ အဖြေမပေးခင် လွန်ခဲ့တဲ့နှစ်တွေတုန်းက လိင်ခြားသူနဲ့ပတ်သက်တဲ့ သင့်အမြင်ကို ပြန်စစ်ဆေးကြည့်ပါ။ ဥပမာအနေနဲ့ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ–

● သင် ငါးနှစ်အရွယ်တုန်းက လိင်ခြားသူကို ဘယ်လိုမြင်ခဲ့သလဲ။

အခုကော လိင်ခြားသူကို ဘယ်လိုမြင်သလဲ။

အပျိုပေါက်၊ လူပျိုပေါက်အရွယ်မှာ လိင်ခြားသူနဲ့ပတ်သက်တဲ့ အမြင်ပြောင်းလဲသွားမှန်း သင့်အဖြေကနေ သိနိုင်တယ်။ ၁၂ နှစ်အရွယ် ဘရိုင်ယန်က “မိန်းကလေးတွေကြည့်ရတာ ပိုလှလာတယ်” လို့ပြောတယ်။ ၁၆ နှစ်အရွယ် အီလင်းကလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူ့အမြင်ပြောင်းလာပုံကို အခုလိုပြောတယ်– “ကျွန်မသူငယ်ချင်းအားလုံးက ကောင်လေးတွေအကြောင်းပဲ ပြောနေတော့ ကျွန်မလည်း ကောင်လေးတွေကို စိတ်ဝင်စားလာတယ်။”

လိင်ခြားသူကို စိတ်ဝင်စားမိပြီဆိုတော့ တားဆီးလို့မရတဲ့ အဲဒီခံစားချက်တွေကို ဘယ်လိုအနိုင်ယူမလဲ။ စိတ်မဝင်စားချင်ယောင်ဆောင်မနေပါနဲ့။ အဲဒါက ခံစားချက်ကို ပိုပြင်းထန်လာစေတယ်။ အဲဒီအစား မြင်မြင်ချင်းအချစ်၊ အရူးအမူးအချစ်နဲ့ အချစ်စစ်အချစ်မှန်အကြောင်း အချိန်ယူပြီး လေ့လာသင့်တယ်။ အဲဒီသုံးချက်ကို နားလည်မယ်ဆိုရင် နောက်ပိုင်း အသည်းကွဲစရာ မလိုတော့ဘူး၊ အချိန်တန်တဲ့အခါ အချစ်စစ်အချစ်မှန်ကို ရှာတွေ့ပါလိမ့်မယ်။

မြင်မြင်ချင်းအချစ် → သင်မြင်တဲ့အရာ

“ကျွန်တော့်သူငယ်ချင်းတွေနဲ့ဆို ကောင်မလေးတွေအကြောင်းပဲ ပြောဖြစ်တယ်။ စကားလမ်းကြောင်းပြောင်းဖို့ ကြိုးစားကြည့်လည်း အလကားပဲ။ ကောင်မလေးချောချောလေး ဖြတ်လျှောက်သွားရင် အဲဒီအကြောင်းပဲ ပြန်ရောက်သွားရော။”—အဲလက်စ်။

“အပြုံးချိုပြီး စတိုင်အပြည့်နဲ့လမ်းလျှောက်လာတဲ့ ကောင်လေးနဲ့ မျက်လုံးချင်းများဆုံမိရင် ရင်ခုန်သွားတာပဲ။”—လော်ရီ။

ချောမောလှပတဲ့သူတွေကိုတွေ့ရင် သဘောကျမိတာ သဘာဝပဲ။ ဒါပေမဲ့ ကိုယ့်အမြင်ကို ယုံလို့မရဘူး။ ဘာကြောင့်လဲ။ အမြင်က လှည့်စားတတ်လို့ပဲ။ သမ္မာကျမ်းစာမှာပြောသလို ‘ဆင်ခြင်ဉာဏ်မရှိတဲ့ မိန်းမချောတစ်ယောက်ဟာ ဝက်နှာခေါင်းမှာတပ်ထားတဲ့ ရွှေကွင်းနဲ့တူတယ်။’ (သုတ္တံ ၁၁:၂၂ကဘ) အဲဒီစကားက ယောက်ျားလေးတွေနဲ့လည်း ဆိုင်တယ်။

အရူးအမူးအချစ် → သင့်ခံစားချက်

“ကျွန်မအသက် ၁၂ နှစ်တုန်းက ကောင်လေးတစ်ယောက်ကို အရူးအမူးဖြစ်ခဲ့တယ်။ သူ့ကို ဘာလို့စွဲလမ်းသွားတယ်ဆိုတာ အခုကျမှ နားလည်လာတယ်။ အဖြေကတော့ ကျွန်မသူငယ်ချင်းအားလုံးက ယောက်ျားလေးတွေကို စိတ်ဝင်စားတော့ ကျွန်မလည်း သူတို့လိုဖြစ်သွားတာပေါ့။”—အီလင်း။

“ကောင်မလေးတွေရဲ့ ရုပ်ရည်ကိုကြည့်ပြီး အရူးအမူးချစ်ခဲ့တာ အကြိမ်ကြိမ်ပဲ။ ဒါပေမဲ့ သူတို့ရဲ့စရိုက်ကိုသိတာနဲ့ ရှေ့ဆက်လို့ဖြစ်မှာမဟုတ်ဘူးဆိုတာ နားလည်သွားတယ်။”—မာ့ခ်။

အရူးအမူးအချစ်က အချစ်စစ်အချစ်မှန်နဲ့ ခပ်ဆင်ဆင်ပဲ။ အချစ်စစ်အချစ်မှန်မှာလည်း ကြည်နူးစရာခံစားချက်လေးတွေပါတယ်။ ဒါပေမဲ့ အဲဒီအချစ်နှစ်ခုရဲ့အခြေခံကတော့ လုံးဝမတူဘူး။ အရူးအမူးချစ်တဲ့အခါ အပေါ်ယံလောက်ပဲ ကြည့်တတ်တယ်။ အားနည်းချက်တွေကို မမြင်ဘဲ ကောင်းကွက်တွေကိုပဲ ပုံကြီးချဲ့ပြီးကြည့်တယ်။ အရူးအမူးအချစ်က သဲအိမ်ဆောက်တာနဲ့တူတယ်။ ဖီအိုနာ အခုလိုပြောတယ်– “အရူးအမူးအချစ်က ခဏပဲခံတယ်။ ဒီနေ့မှာ လူတစ်ယောက်ကို အရူးအမူးချစ်မိပြီး တစ်လလောက်ကြာတော့ နောက်တစ်ယောက်ဖြစ်သွားရော။”

အချစ်စစ်အချစ်မှန် → သင်သိတဲ့အရာ

“တစ်ယောက်ယောက်ကို ချစ်သွားပြီဆိုရင် အကြောင်းတစ်ခုခုကြောင့်ပဲ။ ဒါပေမဲ့ အဲဒါက တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တော့ မဟုတ်ဘူး။”—ဒေးဗစ်။

“အချစ်စစ်အချစ်မှန်ပေါက်ဖွားလာဖို့ အချိန်လိုတယ်လို့ ကျွန်မထင်တယ်။ အရင်ဆုံး သူငယ်ချင်းကောင်းတွေ ဖြစ်ရမယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ သူ့အကြောင်းပိုသိလာလေ သဘောကျလာလေပဲ။ ပြီးတော့ အရင်ကမခံစားဖူးတဲ့ ခံစားချက်တွေ ပေါ်လာလိမ့်မယ်။”—ဂျူဒစ်သ်။

အချစ်စစ်အချစ်မှန်ဆိုတာ လူတစ်ယောက်ရဲ့ အားသာချက်တွေကိုရော အားနည်းချက်တွေကိုပါ သိတယ်။ ဒါကြောင့် သမ္မာကျမ်းစာက ချစ်ခြင်းမေတ္တာဆိုတာ ခံစားချက်လောက်ပဲ မဟုတ်ဘူးလို့ ပြောတာပေါ့။ “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ . .  အရာရာကို သည်းခံတတ်၏။ အရာရာကို ယုံတတ်၏။ အရာရာကို မျှော်လင့်တတ်၏။ အရာရာကို ခံရပ်နိုင်၏။ မေတ္တာသည် အစဉ်တည်၏။” (၁ ကောရိန္သု ၁၃:၄၊ ၇၊ ၈) အချစ်စစ်အချစ်မှန်ရှိသူဆိုရင် အဲဒီအရည်အသွေးတွေကို တင်ပြမှာပဲ။ အရာရာကို မျက်စိစုံမှိတ် ယုံနေမှာမဟုတ်ဘူး။

အချစ်စစ်အချစ်မှန်နဲ့ပတ်သက်ပြီး အတုယူထိုက်သူ

သမ္မာကျမ်းစာမှာပါတဲ့ ယာကုပ်နဲ့ရာခေလရဲ့ဇာတ်လမ်းကနေ အချစ်စစ်အချစ်မှန်အကြောင်း သိရတယ်။ အဖေ့သိုးတွေကို ရေတိုက်ဖို့ ရာခေလ လာတဲ့အချိန်၊ ရေတွင်းနားမှာ သူတို့နှစ်ယောက် ဆုံခဲ့ကြတာ။ ယာကုပ်က ရာခေလကို မြင်မြင်ချင်း သဘောကျသွားတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ခုက ရာခေလဟာ ‘ကိုယ်လုံးကိုယ်ပေါက်လှပြီး’ ဆွဲဆောင်မှုရှိလို့ပဲ။—ကမ္ဘာဦး ၂၉:၁၇ခမ။

ဒါပေမဲ့ အချစ်စစ်အချစ်မှန်ဟာ ရုပ်ရည်သွင်ပြင်တစ်ခုတည်းအပေါ် အခြေမခံဘူးဆိုတာ သတိရပါ။ ယာကုပ်က ရာခေလရဲ့အလှအပကိုပဲ မြင်ခဲ့တာမဟုတ်ဘူး။ အရည်အချင်းတွေကို မြင်ခဲ့တာ။ ဒါကြောင့် သိပ်မကြာခင်မှာ ‘ရာခေလကို ချစ်မိသွားတယ်’ လို့ ကျမ်းစာမှာပြောတယ်။—ကမ္ဘာဦး ၂၉:၁၈ကဘ။

ဒီအချစ်ဇာတ်လမ်းလေးက ပျော်ပျော်ရွှင်ရွှင် ဇာတ်သိမ်းသွားသလား။ မဟုတ်ပါဘူး။ ရာခေလရဲ့အဖေက ယာကုပ်ကို ခုနစ်နှစ် စောင့်ခိုင်းတယ်။ အဲဒါက တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ယာကုပ်ရဲ့အချစ်စစ်ကို စမ်းသပ်လိုက်တာပဲ။ သူသာ အရူးအမူးချစ်တယ်ဆိုရင် အဲဒီလောက် ဘယ်စောင့်နိုင်ပါ့မလဲ။ အချစ်စစ်အချစ်မှန်ရှိမှ စောင့်နိုင်မှာ။ ဒါနဲ့ ဘာဆက်ဖြစ်သလဲ။ ‘ယာကုပ်က ရာခေလကိုရဖို့ ခုနစ်နှစ် အလုပ်လုပ်တယ်။ ရာခေလကို ချစ်လွန်းတော့ ခုနစ်နှစ်ဆိုတဲ့အချိန်ဟာ သူ့အတွက် ခဏလေးပဲ’ လို့ ကျမ်းစာပြောတယ်။—ကမ္ဘာဦး ၂၉:၂၀ကဘ

သူတို့နှစ်ယောက်ဆီကနေ ဘာသင်ယူနိုင်သလဲ။ အချစ်စစ်အချစ်မှန်ဆိုတာ အချိန်ဘယ်လောက်ကြာကြာ ပျောက်ပျက်မသွားဘူး။ ရုပ်ရည်သွင်ပြင်တစ်ခုတည်းအပေါ်မှာလည်း မမူတည်ဘူး။ တကယ်တော့ သင့်အိမ်ထောင်ဖက်ဟာ သင် မြင်မြင်ချင်း စွဲလမ်းသွားသူ ဖြစ်ချင်မှဖြစ်မယ်။ ဘာဘရာဆိုရင် စတီဗင်နဲ့စတွေ့တုန်းက ဘယ်လိုမှမခံစားခဲ့ရဘူး။ ဒါပေမဲ့ နောက်ပိုင်း သူဒီလိုပြောပြတယ်– “သူ့အကြောင်း ပိုသိလာလေ ပိုသဘောကျလေပဲ။ စတီဗင်က စာနာနားလည်ပေးတတ်တယ်၊ ကိုယ့်ထက် သူများကို ပိုဂရုစိုက်ပေးတတ်တယ်။ အဲဒါတွေက ခင်ပွန်းကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေပဲ။ ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်မ သူ့ကိုချစ်လာတယ်။” နောက်ပိုင်း သာယာချမ်းမြေ့တဲ့အိမ်ထောင်ကို ပိုင်ဆိုင်ခဲ့ကြတယ်။

သင်ဟာ ရင့်ကျက်တဲ့အရွယ်ရောက်လို့ အိမ်ထောင်ပြုဖို့ရည်ရွယ်ချက်နဲ့ ချိန်းတွေ့တော့မယ်ဆိုရင် အချစ်စစ်အချစ်မှန်ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ နှလုံးသားစေစားရာနောက် မလိုက်ဘဲ ကျမ်းစာလမ်းညွှန်ချက်တွေကို သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်ချပါ။ အပြင်ပန်းအသွင်အပြင်ထက် အတွင်းစိတ်ထား ဘယ်လိုရှိသလဲဆိုတာ သိအောင်လုပ်ပါ။ နှစ်ဦးစပ်ကြား အချစ်စစ်အချစ်မှန်ဆိုတဲ့ ပန်းလေးပွင့်လာဖို့ အချိန်ပေးပါ။ အရူးအမူးချစ်တဲ့ အချစ်ပန်းကတော့ ခဏလေးနဲ့ ညှိုးနွမ်းသွားမှာပဲ။ အချစ်စစ်အချစ်မှန်ကတော့ အချိန်ကြာလေ ပိုချစ်လေ၊ နောက်ဆုံး ‘ခိုင်မြဲတဲ့နှောင်ကြိုး’ ဖြစ်လာတယ်။—ကောလောသဲ ၃:၁၄

အဲဒီလိုအချစ်မျိုးကို သင်တွေ့မှာသေချာပါတယ်။ ဒါပေမဲ့ မြင်မြင်ချင်းအချစ် (သင်မြင်တဲ့အရာ) နဲ့ အရူးအမူးအချစ် (သင့်ခံစားချက်) ကို ဦးစားမပေးပါနဲ့။ နောက်စာမျက်နှာ သုံးမျက်နှာက သင့်အတွက် အကူအညီဖြစ်ပါလိမ့်မယ်။

နောက်အခန်းမှာဖတ်ကြည့်ပါ

အချစ်စစ်အချစ်မှန်ကို ရှာတွေ့ပြီဆိုပါစို့။ လက်ထပ်ဖို့ အသင့်ဖြစ်ပြီလား။

အဓိကကျမ်းချက်

‘ချစ်ခြင်းကို လှိုင်းလုံးကြီးတွေ မငြိမ်းသတ်နိုင်ဘူး။ မြစ်ချောင်းတွေကလည်း မျောပါသွားအောင် မလုပ်နိုင်ဘူး။’—ရှောလမုန်သီချင်း ၈:၇ကဘ။

သင်သိပါသလား . . . ?

လူငယ်တွေက အချစ်ကို ကလေးဆန်ဆန်တွေးကြတယ်။ အခုမြင် အခုကြိုက်၊ ပြီးရင် အကြောင်းပြချက် မည်မည်ရရမရှိဘဲ လမ်းခွဲလိုက်ကြတယ်။ အဲဒီလိုလုပ်တာက လက်ထပ်ပြီးရင် ကွာရှင်းဖို့ “လေ့ကျင့်” နေသလိုပဲ။

လက်တွေ့လုပ်ကြည့်ပါ

တစ်ယောက်ယောက်ကို အရူးအမူးချစ်တာလား၊ အချစ်စစ်အချစ်မှန်နဲ့ ချစ်တာလားဆိုတာ သိအောင် ငါလုပ်ရမှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ဘုရားသခင်က လူတွေမှာ လိင်ခြားသူကို စွဲစွဲလမ်းလမ်းချစ်တတ်တဲ့ ခံစားချက်မျိုး ဘာလို့ထည့်ပေးထားတာလဲ။

● ဆယ်ကျော်သက်အများစုက အချစ်ရေးမှာ ရှုံးနိမ့်နေတယ်လို့ ထင်ကြတာ ဘာကြောင့်လဲ။

[စာမျက်နှာ ၂၀၇ ပါ အကျဉ်းဖော်ပြချက်]

‘‘အချစ်စစ်အချစ်မှန်က ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်တယ်။ အရူးအမူးအချစ်ကတော့ အခြေအနေတွေ ပြောင်းသွားတဲ့အခါ၊ ပြဿနာတွေကြုံတဲ့အခါ ပျောက်ပျက်သွားရော။ အချစ်စစ်အချစ်မှန် ပေါက်ဖွားလာဖို့ အချိန်အများကြီးလိုအပ်တယ်။’’—ဒန်နရယ်လာ

[စာမျက်နှာ ၂၀၉ ပါ လေးထောင့်ကွက်]

လေ့ကျင့်ခန်းစာရွက်

သင်ဘာလုပ်မလဲ

မိုက်ကယ်နဲ့ဂျူဒီတို့ တွဲလာတာ သုံးလပဲရှိသေးတယ်။ ဂျူဒီက “ကျွန်မတော့ အချစ်နွံထဲမှာ ရုန်းထွက်မရအောင် နစ်သွားပြီ” လို့ပြောတယ်။ မိုက်ကယ်ကလည်း ဂျူဒီကို ချစ်လိုက်တာမှ တုန်နေတာပဲ။ ဒါပေမဲ့ ဘယ်လိုဝတ်၊ ဘယ်သူနဲ့ပေါင်း၊ ဘယ်သူနဲ့မပေါင်းနဲ့ဆိုပြီး အသေးစိတ်ကအစ လိုက်ပြောတတ်တယ်။ ပြီးခဲ့တဲ့အပတ်ထိတော့ မိုက်ကယ်အတွက် ဂျူဒီက မင်းသမီးလေးဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ကောင်လေးတစ်ယောက်နဲ့ ဂျူဒီ စကားပြောတာလည်းမြင်ရော မိုက်ကယ်က ဒေါသထွက်ပြီး ဂျူဒီကို ပါးရိုက်လိုက်ပါလေရော။

မိုက်ကယ်အပြော– “ကျွန်တော် သူ့ကိုဆုံးရှုံးရမှာ အကြောက်ဆုံးပဲဆိုတာ သူသိသင့်တယ်။ ကျွန်တော့်ကောင်မလေးကို တခြားသူလုသွားမှာ တွေးမိလိုက်တာနဲ့တင် ရူးမတတ်ပဲ။ သူ့ကို ပါးရိုက်မိလို့ တကယ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သူ တခြားယောက်ျားလေးကို ကြည့်တာတောင် မကြိုက်လို့ပါ။ အခုတော့ သူ့ကို တောင်းပန်လိုက်ပြီ။”

ဂျူဒီအပြော– “မိုက်ကယ်က နင့်ကို ကြိုးကိုင်နေတာလို့ ကျွန်မမိဘတွေ ပြောတယ်။ တကယ်တော့ သူက ကိုယ်ကျင့်တရားကောင်းတဲ့သူပါ။ ကျွန်မကို တစ်ခါမှ ဟိုကိုင်ဒီကိုင် မလုပ်ဖူးဘူး။ ကျွန်မကိုပါးရိုက်တဲ့အကြောင်း မိဘတွေကို မပြောပြတာကလည်း ကျွန်မကိုယ်တိုင်က တခြားကောင်လေးတစ်ယောက်နဲ့ စကားပြောနေတာကိုး။ မိုက်ကယ် အခုလို သဝန်တိုတတ်တာကို ကျွန်မက ပိုတောင်ကြိုက်သေးတယ်။ ဘာပဲဖြစ်ဖြစ်၊ သူတောင်းပန်ပြီးပြီပဲ။ နောက်ဘယ်တော့မှ ကျွန်မကို နာကျင်အောင် မလုပ်ဘူးလို့လည်း ကတိပေးထားတယ်။”

သင်ကော– သူတို့နှစ်ယောက်ကြားမှာ စိုးရိမ်စရာ အခြေအနေတွေ မြင်သလား။ မြင်တယ်ဆိုရင် ဘာတွေဖြစ်မလဲ။

ဂျူဒီ ဘာလုပ်သင့်သလဲ။ ․․․․․

သင်ဆိုရင် ဘာလုပ်မလဲ။

[စာမျက်နှာ ၂၁၀ ပါ လေးထောင့်ကွက်]

လေ့ကျင့်ခန်းစာရွက်

သင်ဘာလုပ်မလဲ

အီသန်နဲ့ အလီဆာတို့ တွဲလာတာ နှစ်လရှိပြီ။ အလီဆာ ဘယ်လောက်အငြင်းသန်မှန်း သူသိလာတယ်။ မိဘတွေနဲ့လည်း တစ်ချိန်လုံး စကားများငြင်းခုံနေတာပဲ။ သူလိုချင်တာကို မရမက တောင်းတတ်လွန်းလို့ နောက်ဆုံး မိဘတွေက အရှုံးပေးလိုက်ရပြီး သူ့အလိုပဲလိုက်ပေးရတယ်ဆိုတာ အီသန် သတိထားမိတယ်။ “ကျွန်မ စကားတစ်ခွန်းဆို အိမ်မှာပြီးရော” ဆိုပြီး အလီဆာ ကြွားသေးတယ်။

အီသန်အပြော– “အလီဆာက ပွင့်လင်းတယ်။ မိဘတွေအပါအဝင် ဘယ်သူ့ကိုမှ အလျှော့မပေးချင်ဘူး။ သူ့အဖေ စိတ်ဆိုးတဲ့အခါ သူကလည်း စိတ်တိုပြီး ပြန်အော်ရော။ အော်ရုံတင်မကဘူး။ ငိုလိုက်၊ စိတ်ကောက်လိုက်၊ နွဲ့ဆိုးဆိုးလိုက်နဲ့ မျိုးစုံလုပ်ပြီး မိဘတွေဆီကနေ သူလိုချင်တာကို မရ,ရအောင် ယူတတ်တယ်။”

အလီဆာအပြော– “ကျွန်မက ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ဘူး။ ပြောစရာရှိရင် တည့်တည့်ပဲပြောတယ်။ သွယ်ဝိုက်ပြီး မပြောဘူး။ အီသန်လည်း အိမ်ကို ဝင်ထွက်နေတာဆိုတော့ အဲဒါတွေကိုသိတယ်။”

သင်ကော– သူတို့နှစ်ယောက်ကြားမှာ စိုးရိမ်စရာ အခြေအနေတွေ မြင်သလား။ မြင်တယ်ဆိုရင် ဘာတွေဖြစ်မလဲ။․․․․․

အီသန် ဘာလုပ်သင့်သလဲ။ ․․․․․

သင်ဆိုရင် ဘာလုပ်မလဲ။ ․․․․․

[စာမျက်နှာ ၂၁၁ ပါ လေးထောင့်ကွက်]

လေ့ကျင့်ခန်းစာရွက်

အချစ်စစ်အချစ်မှန်လား၊ အရူးအမူးအချစ်လား

ကွက်လပ်တွေထဲမှာ အချစ်စစ်အချစ်မှန် ဒါမှမဟုတ် အရူးအမူးအချစ် ဆိုပြီးဖြည့်ပါ။

၁။ “အရှိကိုအရှိအတိုင်း မမြင်ဘဲ မျက်စိစုံမှိတ်ယုံနေရင် အဲဒါ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ပဲ။”—ကယ်လ်ဗင်။

၂။ “ကျွန်တော်ကြိုက်တဲ့ ကောင်မလေးရှေ့မှာ ဟန်ဆောင်နေရတယ်ဆိုရင် အဲဒါ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ပဲ။”—သောမတ်စ်။

၃။ “သူနဲ့ပတ်သက်လို့ စိတ်ဆိုးစရာတစ်ခုခုရှိရင်တောင် သူ့ကိုဆက်ချစ်နေပြီး အဲဒီ ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် အဲဒါ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ပဲ။”—ရိုင်ယန်။

၄။ “နှစ်ယောက်သားရဲ့ တူညီတဲ့အချက်တွေကိုပဲ ထည့်စဉ်းစားနေမယ်ဆိုရင် အဲဒါ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ပဲ။”—ကလော်ဒီယာ။

၅။ “ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ ဆိုရင် ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ ဝှက်ထားစရာ မလိုဘူး။”—အီဗ်။

၆။ “ရည်းစားရှိတယ်ဆိုပြီး ကြွားချင်လို့ တွဲတာဆိုရင် အဲဒါ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ပဲ။”—အဲလ်လက်ဆန်။

၇။ “ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ ဆိုရင် သူ့ရဲ့အားနည်းချက်တွေ၊ ထူးခြားတဲ့အပြုအမူတွေကို သိထားတာတောင် သည်းညည်းခံနိုင်တယ်။”—ဧပရယ်။

၈။ “သူ့ကို ဘာလို့ကြိုက်မိသွားမှန်း မသိဘဲ ကြိုက်နေတယ်ဆိုရင် အဲဒါ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ပဲ။”—ဒေးဗစ်။

၉။ “သူ့ကို ခြောက်ပစ်ကင်း သဲလဲစင်လို့ ထင်နေတယ်ဆိုရင် အဲဒါ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ပဲ။”—ချယ်လ်စီး။

၁၀။ “တခြားလိင်ခြားသူတွေကို စိတ်မဝင်စားတော့ဘဲ သူ့ကိုပဲ သစ္စာရှိချင်တယ်ဆိုရင် အဲဒါ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․ပဲ။”—ဒန်နီရယ်။

အဖြေများ။ အရူးအမူးအချစ်– ၁၊ ၂၊ ၄၊ ၆၊ ၈၊ ၉။ အချစ်စစ်အချစ်မှန်– ၃၊ ၅၊ ၇၊ ၁၀။

[စာမျက်နှာ ၂၀၆၊ ၂၀၇ ပါ ရုပ်ပုံ]

အရူးအမူးအချစ်က သဲအိမ်ဆောက်တာနဲ့တူတယ်။ ခဏလေးအတွင်းမှာ ရေထဲမျောပါသွားရော