မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရက်အလွန်အကျွံသောက်တာ မှားသလား

အရက်အလွန်အကျွံသောက်တာ မှားသလား

အခန်း ၃၄

အရက်အလွန်အကျွံသောက်တာ မှားသလား

အောက်ပါမေးခွန်းတွေကိုဖတ်ပြီး သင့်အဖြေကို ✔ ခြစ်ပါ။

သင့်ရွယ်တူချင်းတွေက အသက်မပြည့်သေးဘဲ အရက်သောက်သလား ဒါမှမဟုတ် အရက် အလွန်အကျွံသောက်သလား။

□ မှန် □ မှား

ရွယ်တူချင်းတွေက အရက်သောက်ဖို့ သင့်ကို ဖိအားပေးဖူးသလား။

□ မှန် □ မှား

သင် အရက်အလွန်အကျွံသောက်ဖူးသလား။

□ မှန် □ မှား

အရက်အလွန်အကျွံသောက်တယ်ဆိုတာ ဘာလဲ။ အရက်ကို မူးအောင်သောက်တာလို့ တချို့က ပြောကြတယ်။ အမေရိကန်ပြည်ထောင်စု၊ အရက်စွဲခြင်းနဲ့ အရက်တလွဲသုံးခြင်းဆိုင်ရာအဖွဲ့ကတော့ “ယောက်ျားလေးဆို ငါးခွက်နဲ့ အထက်၊ မိန်းကလေးဆို လေးခွက်နဲ့အထက် တစ်ထိုင်တည်းသောက်ရင် အလွန်အကျွံသောက်တာပဲ” လို့ တိတိကျကျပြောတယ်။

အရက်အလွန်အကျွံသောက်ဖို့ ဒါမှမဟုတ် အသက်မပြည့်ဘဲသောက်ဖို့ ဖိအားပေးခံနေရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ တကယ်တော့ လူငယ်အများစုက အရက်ကို တလွဲသုံးနေကြတယ်။ * ဒါပေမဲ့ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘အရက်သောက်ချင်ရတဲ့ အကြောင်းရင်းတွေ၊ အရက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ပတ်သက်ပြီး ငါ ဘာတွေသိထားသလဲ။’ အောက်ပါမေးခွန်းတွေကိုဖတ်ပြီး အဖြေကို ✔ ခြစ်ပါ။ ဒီနောက် အဖြစ်မှန်ကို လေ့လာကြည့်ပါ။

က။ ဆယ်ကျော်သက်တွေက အရက်ကိုကြိုက်လို့ သောက်ကြတယ်။

□ မှန် □ မှား

ခ။ လူငယ်တွေက အသက်လည်းငယ်၊ ကျန်းမာရေးလည်း ပိုကောင်းတော့ အရက်အလွန်အကျွံသောက်ရင်တောင် လူကြီးတွေလောက် ဆိုးကျိုးမခံရဘူး။

□ မှန် □ မှား

ဂ။ အရက်အလွန်အကျွံသောက်လို့ မသေနိုင်ပါဘူး။

□ မှန် □ မှား

ဃ။ ကျမ်းစာက အရက်ယမကာ လုံးဝမသောက်ရဘူးလို့ ပြောတယ်။

□ မှန် □ မှား

င။ အရက်အလွန်အကျွံသောက်ခြင်းရဲ့ တစ်ခုတည်းသောဆိုးကျိုးက ကျန်းမာရေးထိခိုက်တာပဲ။

□ မှန် □ မှား

က။ ဆယ်ကျော်သက်တွေက အရက်ကိုကြိုက်လို့ သောက်ကြတယ်။ အဖြေ—မှား။ ဩစတြေးလျနိုင်ငံမှာ စစ်တမ်းကောက်ကြည့်တဲ့အခါ လူငယ် ၃၆ ရာခိုင်နှုန်းက ရွယ်တူချင်းတွေကြားမှာ ဝင်ဆံ့ချင်လို့ သောက်တာဆိုပြီးဖြေတယ်။ အမေရိကန်နိုင်ငံမှာတော့ ၆၆ ရာခိုင်နှုန်းက သူငယ်ချင်းတွေ သောက်ခိုင်းလို့ သောက်တာလို့ဖြေပြီး တစ်ဝက်ကျော်က ပြဿနာတွေကို မေ့ပစ်ချင်လို့ သောက်တာလို့လည်း ဖြေကြတယ်။

ခ။ လူငယ်တွေက အသက်လည်းငယ်၊ ကျန်းမာရေးလည်း ပိုကောင်းတော့ အရက်အလွန်အကျွံသောက်ရင်တောင် လူကြီးတွေလောက် ဆိုးကျိုးမခံရဘူး။ အဖြေ—မှား။ “လေ့လာတွေ့ရှိချက်အသစ်တွေအရ အရက်အလွန်အကျွံသောက်တဲ့ လူငယ်တွေဟာ အန္တရာယ်ကို လက်ယပ်ခေါ်နေတာပဲ” ဆိုပြီး ဒစ္စကာဗာ မဂ္ဂဇင်းဆောင်းပါးမှာဖော်ပြတယ်။ ဘာကြောင့်လဲ။ “ဆယ်ကျော်သက်တွေ အရက်အများကြီးသောက်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ သိသိသာသာ ထိခိုက်ပျက်စီးနိုင်လို့ပဲ။”

အရက်အလွန်အကျွံသောက်ရင် ဝက်ခြံတွေပေါက်လာမယ်၊ အရွယ်မတိုင်ခင် အိုစာလာမယ်၊ ဝလာပြီး အရက်စွဲလာမယ်။ မူးယစ်ဆေးဝါးတောင် စွဲသွားနိုင်တယ်။ အာရုံကြောစနစ်အပြင် အသည်းနဲ့ နှလုံးကိုလည်း အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တယ်။

ဂ။ အရက်အလွန်အကျွံသောက်လို့ မသေနိုင်ပါဘူး။ အဖြေ—မှား။ အလွန်အကျွံသောက်တဲ့အခါ ဦးနှောက်ထဲကို အောက်ဆီဂျင် မရောက်နိုင်တော့ဘူး။ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့လုပ်ဆောင်မှုတွေလည်း နှေးကွေးလာမယ်။ ဒီအခါ အန်တာ၊ သတိလစ်တာ၊ အသက်ရှူရခက်တာ စတဲ့လက္ခဏာတွေ ခံစားရနိုင်တယ်။ နောက်ဆုံး သေသွားနိုင်တယ်။

ဃ။ ကျမ်းစာက အရက်ယမကာ လုံးဝမသောက်ရဘူးလို့ပြောတယ်။ အဖြေ—မှား။ ကျမ်းစာမှာ အရက်မသောက်ရဘူးလို့ မပြောထားသလို လူငယ်တွေ ပျော်ရွှင်တာကိုလည်း မတားမြစ်ထားပါဘူး။ (ဆာလံ ၁၀၄:၁၅; ဒေသနာ ၁၀:၁၉) ဒါပေမဲ့ သင့်အနေနဲ့ အသက်ပြည့်မှ အရက်သောက်သင့်တယ်။—ရောမ ၁၃:၁

ကျမ်းစာက အရက်အလွန်အကျွံသောက်တာကိုတော့ တားမြစ်တယ်။ ‘စပျစ်ဝိုင်ဟာ လှောင်ပြောင်စရာဖြစ်စေတယ်။ အရက်ကလည်း ထိန်းမနိုင်သိမ်းမရဖြစ်စေတယ်။ အဲဒါတွေကြောင့် လမ်းလွဲသွားသူဟာ ဉာဏ်ပညာမဲ့တယ်’ လို့ သုတ္တံ ၂၀:၁ (ကဘ) မှာပြောတယ်။ အရက်က သင့်ကို ပေါက်တတ်ကရတွေ လုပ်မိစေတယ်။ ခဏတာ ပျော်ရွှင်မှုပေးနိုင်ပေမဲ့ အလွန်အကျွံသောက်ရင်တော့ ‘မြွေလိုပေါက်တတ်တယ်။’ နောက်ဆက်တွဲပြဿနာအများကြီး ကြုံရလိမ့်မယ်။—သုတ္တံ ၂၃:၃၂ကဘ။

င။ အရက်အလွန်အကျွံသောက်ခြင်းရဲ့ တစ်ခုတည်းသောဆိုးကျိုးက ကျန်းမာရေးထိခိုက်တာ။ အဖြေ—မှား။ အရက်မူးနေပြီဆိုရင် ခုခံနိုင်စွမ်းမရှိတော့လို့ နည်းအမျိုးမျိုးနဲ့ စော်ကားခံရနိုင်ပြီး မုဒိမ်းတောင်ကျင့်ခံရနိုင်တယ်။ တစ်ဖက်မှာကျတော့၊ အရက်ကြောင့် သွေးဆိုးလာပြီး တခြားသူတွေကို ဒုက္ခပေးမိနိုင်တယ်။ အရက်အလွန်အကျွံသောက်ရင် “ရှင်းလင်းပြတ်သားစွာ စဉ်းစားပြောဆိုနိုင်လိမ့်မည်မဟုတ်” လို့ ကျမ်းစာသတိပေးထားတယ်။ (သုတ္တံ ၂၃:၃၃ခမ) ရူးမိုက်တဲ့လုပ်ရပ်တွေ လုပ်မိလာနိုင်တယ်။ တခြားဆိုးကျိုးတွေကတော့ သူငယ်ချင်းတွေနဲ့ အခင်အမင်ပျက်တာ၊ ကျောင်းနဲ့အလုပ်မှာ အရည်အချင်းညံ့ဖျင်းလာတာ၊ ပြစ်မှုကျူးလွန်တဲ့ မှတ်တမ်းဝင်သွားတာ၊ ဆင်းရဲမွဲတေတာတို့ဖြစ်တယ်။—သုတ္တံ ၂၃:၂၁

အရေးကြီးဆုံးကတော့ ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးပျက်စီးသွားနိုင်တယ်။ ကိုယ်တော်က သူ့ကို “ဉာဏ်စွမ်းရှိသမျှ” နဲ့ ဝတ်ပြုစေချင်တယ်။ အရက်အလွန်အကျွံသောက်လို့ ဉာဏ်စွမ်းပျက်စီးသွားပြီး သူ့ကိုဝတ်ပြုနေတာမျိုး မလိုလားဘူး။ (မဿဲ ၂၂:၃၇) ကျမ်းစာမှာ “ဝိုင်သောက်ကြူးခြင်း” ကို တားမြစ်သလို “အပြိုင်အဆိုင်သောက်ကြူးခြင်း” ကိုလည်း အားမပေးဘူး။ (၁ ပေတရု ၄:၃) ဒါကြောင့် အရက်အလွန်အကျွံသောက်မယ်ဆိုရင် ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်ရာကျပြီး ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပျက်ဆီးသွားလိမ့်မယ်။

သင်ဘာကိုရွေးချယ်မလဲ

အရက်တလွဲသုံးတဲ့ ရွယ်တူချင်းတွေလို သင်လုပ်မလား။ ကျမ်းစာမှာ “တစ်စုံတစ်ဦးကို နာခံရန် ကျွန်အဖြစ် ကိုယ်ကို ဆက်သလျက်နေလျှင် . . . ထိုသူ၏ကျွန်ဖြစ်သည်ကို မသိသလော” လို့ ဖော်ပြထားတယ်။ (ရောမ ၆:၁၆) သင်ဟာ ရွယ်တူချင်းတွေရဲ့ကျွန် ဒါမှမဟုတ် အရက်ရဲ့ကျေးကျွန် တကယ်ဖြစ်ချင်သလား။

အရက်အလွန်အကျွံသောက်တတ်တဲ့ အကျင့်ရှိနေရင် သင် ဘာလုပ်သင့်သလဲ။ မိဘ ဒါမှမဟုတ် အကြံဉာဏ်ကောင်းပေးနိုင်တဲ့ သူငယ်ချင်းကို ရင်ဖွင့်ပြောပြီး ချက်ချင်းအကူအညီတောင်းပါ။ ယေဟောဝါဘုရားဆီမှာလည်း ဆုတောင်းပြီး အကူအညီတောင်းပါ။ ကိုယ်တော်က သင် ‘ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်ပါပဲ။’ (ဆာလံ ၄၆:၁ကဘ) အရက်အလွန်အကျွံသောက်တာ၊ အသက်မပြည့်သေးဘဲ အရက်သောက်တာက ရွယ်တူချင်းတွေရဲ့ ဖိအားကြောင့်ပဲ။ ဒီတော့ သူငယ်ချင်းတွေကို ရွေးပေါင်းဖို့ လိုပါလိမ့်မယ်။ * အဲဒီလိုလုပ်ဖို့ ခက်ပေမဲ့ ယေဟောဝါဘုရားရဲ့အကူအညီနဲ့ သင် အောင်မြင်နိုင်ပါတယ်။

နောက်အခန်းမှာဖတ်ကြည့်ပါ

မူးယစ်ဆေးစွဲနေတာကို ဘယ်လိုနည်းနဲ့ ဖြတ်နိုင်မလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 စာမျက်နှာ ၂၄၉ မှာပါတဲ့  “ဘယ်သူတွေ အဲဒီလိုလုပ်နေကြတာလဲ” လေးထောင့်ကွက်ကိုကြည့်ပါ။

^ အပိုဒ်၊ 32 ထပ်ဆင့်အချက်အလက်တွေကို ဒီစာအုပ်ရဲ့ အခန်း ၈ နဲ့ ၉ မှာကြည့်ပါ။

အဓိကကျမ်းချက်

‘အရက်သမားတွေဟာ မွဲတေသွားလိမ့်မယ်။’ —သုတ္တံ ၂၃:၂၁ကဘ။

အကြံပြုချက်

အရက်ကို ဘာလို့သောက်ချင်ရတာလဲဆိုတာ သိအောင်လုပ်ပါ။ အဲဒီနောက် စိတ်ဆင်းရဲစရာတွေ လျော့နည်းသွားစေမယ့်၊ ပျော်ရွှင်လာစေမယ့်၊ ပိုကျန်းမာလာစေမယ့် တခြားနည်းလမ်းကို စဉ်းစားကြည့်ပါ။

သင်သိပါသလား . . . ?

“အရက်အလွန်အကျွံသောက်သူတွေဟာ မသောက်တဲ့သူတွေထက် အတန်းပျက်တာ၊ ကျောင်းသင်ခန်းစာ နောက်ကျတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ပိုင်ဆိုင်မှုတွေဆုံးရှုံးတာ ရှစ်ဆလောက်ပိုများတယ်” လို့ အမေရိကန်နိုင်ငံရဲ့ လေ့လာချက်တစ်ခုအရ သိရတယ်။

လက်တွေ့လုပ်ကြည့်ပါ

ရွယ်တူချင်းတွေက ငါ့ကို သူတို့နဲ့အတူ အရက်မူးအောင်သောက်စေချင်တယ်ဆိုရင် ငါပြောရမှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ရွယ်တူချင်းတွေက တခြားသူတွေကို သူတို့နဲ့အတူ အရက်အလွန်အကျွံသောက်စေချင်တာ ဘာကြောင့်လဲ။

● အရက်အလွန်အကျွံသောက်ရင် လိင်ခြားသူကို ဆွဲဆောင်နိုင်မယ်လို့ ထင်သလား။ ဘာကြောင့် အဲဒီလိုဖြေတာလဲ။

[စာမျက်နှာ ၂၅၀ ပါ အကျဉ်းဖော်ပြချက်]

‘‘အတန်းဖော်တွေက အရက်သောက်ဖို့ ပြောလာတဲ့အခါ အရက်သောက်မှ ပျော်ရွှင်ရတာမဟုတ်ဘူးလို့ ပြန်ပြောလိုက်တယ်။’’—မာ့ခ်

[စာမျက်နှာ ၂၄၉ ပါ လေးထောင့်ကွက်]

 ဘယ်သူတွေ အဲဒီလိုလုပ်နေကြတာလဲ

အင်္ဂလန်နိုင်ငံ၊ စကော့တလန်နိုင်ငံနဲ့ ဝေလနယ်တွေမှာရှိတဲ့ အလယ်တန်းကျောင်းသားတွေကို စစ်တမ်းကောက်တဲ့အခါ ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ် လေးပုံတစ်ပုံက “အနည်းဆုံး အရက်ငါးခွက်ကို တစ်ထိုင်တည်း သောက်နိုင်တယ်လို့” ပြောကြတယ်။ ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် တစ်ဝက်လောက်ကလည်း အဲဒီလိုသောက်တယ်လို့ ပြောတယ်။ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူမှုအကျိုးဆောင်ဌာနရဲ့ တွေ့ရှိချက်အရ “အသက် ၁၂ နှစ်ကနေ ၂၀ ကြား လူငယ် ၁၀.၄ သန်းလောက်ဟာ အရက်သောက်ကြတယ်။ သူတို့ထဲမှာ ၅.၁ သန်းလောက်ကတော့ မူးအောင်သောက်ပြီး ၂.၃ သန်းက တစ်လမှာ အနည်းဆုံးငါးကြိမ် အရက်အလွန်အကျွံသောက်ကြတယ်။ ဩစတြေးလျနိုင်ငံမှာလည်း မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် အရက်အလွန်အကျွံသောက်ပြီး ၁၃ ခွက်ကနေ အခွက် ၃၀ အထိ တစ်ထိုင်တည်း သောက်နိုင်တယ်လို့ သိရတယ်။”

[စာမျက်နှာ ၂၅၁ ပါ ရုပ်ပုံ]

အရက်က မြွေလိုပေါက်တတ်တယ်