မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မူးယစ်ဆေးစွဲတာကို ငါဘယ်လိုဖြတ်နိုင်မလဲ

မူးယစ်ဆေးစွဲတာကို ငါဘယ်လိုဖြတ်နိုင်မလဲ

အခန်း ၃၅

မူးယစ်ဆေးစွဲတာကို ငါဘယ်လိုဖြတ်နိုင်မလဲ

သင် မူးယစ်ဆေးစွဲနေသလား။ ဆေးစွဲတာက စိတ်နဲ့ခန္ဓာကို ထိခိုက်မှန်းသိလို့ ဖြတ်ဖို့ ကြိုးစားကောင်း ကြိုးစားဖူးမယ်။ ဒါပေမဲ့ ပြန်ပြန်သုံးမိနေတယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ဆေးစွဲခဲ့သူတချို့ ဆေးဖြတ်နိုင်ခဲ့သလို သင်လည်း လုပ်နိုင်ပါတယ်။ နောက်ခံမတူတဲ့ လူသုံးယောက် ဘယ်လိုဆေးဖြတ်နိုင်ခဲ့သလဲဆိုတာ လေ့လာကြည့်ရအောင်။

နာမည် မာတာ

နောက်ခံ ကျွန်မကို အဖေမပေါ်ဘဲမွေးခဲ့တာ။ ဒါကြောင့် ကျွန်မတို့ညီအစ်မနှစ်ယောက်က အဖေမရှိဘဲ ကြီးပြင်းလာရတယ်။ အသက် ၁၂ နှစ်ရောက်တော့ အကဝါသနာပါတဲ့အဒေါ်နဲ့အတူ ကလပ်တွေတက်တယ်။ ကျွန်မက ဖော်ဖော်ရွေရွေနေတတ်တော့ သိပ်မကြာခင်မှာ အကျင့်ပျက်တဲ့သူတွေနဲ့ ပေါင်းမိသွားရော။ ၁၃ နှစ်မှာ မူးယစ်ဆေးသုံးတတ်လာပြီ။ ကိုကင်းလည်းသုံးတယ်။ ပထမတော့ မူးယစ်ဆေးသုံးရတာကို ကြိုက်ပေမဲ့ နောက်ပိုင်း စိတ်ချောက်ချားလာပြီး အမြင်တွေမှားလာတယ်။ ဘာကိုမဆို ကြောက်တတ်လာတယ်။ ဆေးပြယ်သွားချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားခဲ့တဲ့အထိပဲ။ ဆေးဖြတ်ချင်ပေမဲ့ စိတ်မနိုင်သေးဘူး။

ဆေးဖြတ်နိုင်ခဲ့ပုံ ဘုရားသခင်အကြောင်း စစဉ်းစားလာပြီး တစ်ခါတလေ ချာ့ခ်ျသွားတက်တယ်။ ဒါပေမဲ့ ပိုစိတ်ကုန်လာတယ်။ အသက် ၁၈ နှစ်မှာ ရည်းစားနဲ့အတူနေပြီး သားလေးတစ်ယောက်ရတယ်။ သားလေးရလာတော့ ဘဝကို ပြုပြင်ပြောင်းလဲချင်စိတ် ပိုများလာတယ်။ နောက်တော့ ကျွန်မအိမ်ရဲ့ မျက်နှာချင်းဆိုင်ကို ငယ်သူငယ်ချင်းတစ်ယောက် ပြောင်းလာတယ်။ သူက အိမ်လာလည်ပြီး ကျွန်မအခြေအနေကိုမေးတော့ အကြောင်းစုံ ရင်ဖွင့်လိုက်တယ်။ ဒါနဲ့ သူက ယေဟောဝါသက်သေတစ်ယောက် ဖြစ်နေပြီဆိုတဲ့အကြောင်း ပြောပြပြီး ကျမ်းစာလေ့လာချင်သလားလို့မေးတော့ လက်ခံလိုက်တယ်။

ကျမ်းစာလေ့လာတဲ့အခါ ကျွန်မရဲ့ဘဝပုံစံကို ဘုရားမကြိုက်ဘူးဆိုတာ သိလာတယ်။ ဒါပေမဲ့ မူးယစ်ဆေးက ကျွန်မဘဝကို ထိန်းချုပ်ထားတယ်။ ဒီအကျင့်ဆိုးကို ဖြတ်နိုင်အောင် ကူညီပေးပါဆိုပြီး ယေဟောဝါဘုရားဆီ ဆုတောင်းခဲ့တာ အကြိမ်ကြိမ်ပဲ။ ကိုယ်တော်နှစ်သက်တဲ့သူ ဖြစ်ချင်ခဲ့တယ်။ (သုတ္တံ ၂၇:၁၁) ကျမ်းစာလေ့လာပြီး ယေဟောဝါသက်သေတွေနဲ့ပေါင်းသင်းတာ ခြောက်လလောက်အကြာမှာတော့ ဆေးဖြတ်နိုင်ခဲ့တယ်။ အခုဆိုရင် ဘဝမှာ ပိုအဓိပ္ပာယ်ရှိလာပြီ။ တစ်ချိန်လုံး စိတ်ဓာတ်ကျနေတာမျိုး မဖြစ်တော့ဘူး။ ဒါ့အပြင် အရည်အချင်းရှိတဲ့ ခရစ်ယာန်ညီအစ်ကိုတစ်ယောက်နဲ့တွေ့ပြီး လက်ထပ်လိုက်တယ်။ သားလေးကိုလည်း ကျမ်းစာလမ်းညွှန်ချက်တွေအတိုင်း ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ ကျွန်မရဲ့ဆုတောင်းချက်တွေကို နားထောင်ပေးပြီး ကူညီပေးခဲ့တဲ့ ယေဟောဝါဘုရားကို ကျေးဇူးတင်လိုက်တာ။

နာမည် မာစယို

နောက်ခံ ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုပြည်နယ်၊ လူနေထူထပ်တဲ့ ဆန်တိုအန်ဒရီမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ကျွန်တော် ကြီးပြင်းလာတာပါ။ ငယ်ငယ်ကတည်းက ဆေးရွက်ကြီးနဲ့မူးယစ်ဆေးသုံးတယ်၊ ဓားပြတိုက်တယ်။ ကျွန်တော့်သူငယ်ချင်းအများစုက ကားသူခိုးတွေ၊ မူးယစ်ဆေးမှောင်ခိုသမားတွေ။ တစ်ယောက်ဆိုရင် ရပ်ကွက်ထဲက လူငယ်တွေကို မူးယစ်ဆေးအလကားပေးတယ်။ သူတို့တွေ ဆေးစွဲသွားတော့ သူ့ဆီလာဝယ်ရတာပေါ့။

ဒီနယ်မြေမှာ ရဲတွေ အမြဲကင်းလှည့်နေတာ။ အမှုသေးသေးတွေနဲ့ ကျွန်တော် ခဏခဏ အဖမ်းခံရတယ်၊ တစ်ခါကတော့ မူးယစ်ဆေးမှောင်ခိုကူးတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ထောင်ချခံရတယ်။ လူဆိုးဂိုဏ်းဝင်တွေ ခိုးလာတဲ့ပစ္စည်းတွေနဲ့ သေနတ်တွေကို ကျွန်တော့်အိမ်မှာ ဝှက်ထားပေးရတာ အကြိမ်ကြိမ်ပဲ။

ကျွန်တော့်မျက်လုံးတွေက နီနေပြီး မျက်နှာမှာ အရယ်အပြုံးလည်းမရှိ၊ သတ်တော့ဖြတ်တော့မယ့်ပုံကြီးနဲ့ဆိုတော့ လူတွေသိပ်ကြောက်ကြတာ။ ကျွန်တော် ဘယ်သွားသွား ပြဿနာရှာလွန်းလို့ တိုင်ဖွန်းလို့ နာမည်ပြောင် ပေးထားကြတယ်။ အရက်အလွန်အကျွံသောက်ပြီး အကျင့်ပျက်တဲ့ဘဝမှာ ကျင်လည်ခဲ့တယ်။ သူငယ်ချင်းတချို့ဆိုရင် သေကုန်ပြီ၊ တချို့ကတော့ ထောင်ထဲမှာ ဇာတ်သိမ်းသွားကြတယ်။ တစ်ခါကဆို စိတ်ဓာတ်ကျလွန်းလို့ သစ်ပင်မှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေဖို့အထိ ကြိုးစားခဲ့တယ်။

ဆေးဖြတ်နိုင်ခဲ့ပုံ ကျွန်တော့်ကို ကူညီပေးပါလို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ နောက်ဆုံး ယေဟောဝါသက်သေတွေနဲ့တွေ့ပြီး ကျမ်းစာလေ့လာဖြစ်တယ်။ ဘုရားမှာ ယေဟောဝါဆိုတဲ့ ကိုယ်ပိုင်နာမည်ရှိမှန်း၊ ကျမ်းစာစံနှုန်းတွေအတိုင်းနေထိုင်ဖို့ ကြိုးစားသူတွေကို ကိုယ်တော် ဂရုစိုက်မှန်း၊ ကူညီပေးချင်မှန်း သိလာတယ်။ (ယေရမိ ၃၃:၂; ၁ ပေတရု ၅:၆၊ ၇) ကျွန်တော် ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့ရတယ်။ ပြုံးတတ်အောင် သင်ယူရတာ အခက်ဆုံးပဲ။

ယေဟောဝါဘုရားဆီ အမြဲအကူအညီတောင်းပြီး ကျမ်းစာဆုံးမစကားတွေအတိုင်း နေထိုင်တယ်။ မိတ်ဆွေဟောင်းတွေနဲ့ မပေါင်းတော့ဘူး၊ အရက်ဘားလည်း မသွားတော့ဘူး။ အဲဒီအစား ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်သူတွေနဲ့ပဲ ပေါင်းသင်းတယ်။ ပြုပြင်ပြောင်းလဲရတာ သိပ်ခက်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အခုဆိုရင် သူခိုးမဟုတ်တော့ဘူး၊ ဂြိုဟ်ကောင် မဟုတ်တော့ဘူး။ မူးယစ်ဆေးပြတ်သွားတာလည်း ဆယ်နှစ်ကျော်လောက်ရှိပြီ။

နာမည် ခရက်ခ်

နောက်ခံ ဩစတြေးလျနိုင်ငံတောင်ပိုင်း၊ စိုက်ပျိုးမွေးမြူရေးခြံတစ်ခြံမှာ ကျွန်တော် ကြီးပြင်းလာတာပါ။ အဖေက အရက်ချိုးတစ်ယောက်ပေါ့။ ကျွန်တော်အသက် ၈ နှစ်လောက်မှာ အဖေနဲ့အမေ ကွဲသွားပြီး အမေက နောက်အိမ်ထောင်ပြုလိုက်တယ်။ အသက် ၁၇ နှစ်အထိ အမေနဲ့အတူနေပြီး သိုးမွေးညှပ်တဲ့အလုပ်ကို သင်ယူခဲ့တယ်။ အဲဒီနောက်တော့ သိုးမွေးညှပ်တဲ့အဖွဲ့တွေနဲ့ပဲ အတူနေတော့တယ်။ မူးယစ်ဆေးအမျိုးမျိုးသုံးပြီး အရက်အလွန်အကျွံသောက်တယ်။ ဆံပင်လည်း အရှည်ကြီးပဲ။ ဆံပင်ကြားမှာ ပုတီးစေ့လေးတွေထည့်ပြီး ကျစ်ဆံမြီးကျစ်ထားတတ်တယ်။ တခြားသူတွေကို မနာလိုဖြစ်၊ ဆဲဆိုပြီး အမြဲဒေါသထွက်နေတတ်တယ်။ ထောင်က ကျွန်တော့်အတွက် အိမ်ဦးနဲ့ကြမ်းပြင်ပဲ။

နောက်တော့ ဩစတြေးလျအနောက်ပိုင်း မြို့လေးတစ်မြို့ကိုပြောင်းပြီး ကျွန်တော့်ကောင်မလေးနဲ့အတူနေတယ်။ သူက ဟိုတယ်မှာ စားပွဲထိုးလုပ်တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး မူးယစ်ဆေးသုံးတယ်၊ အရက်သောက်တယ်။ အိမ်မှာ ဆေးခြောက်တွေတောင် စိုက်ထားလိုက်သေးတယ်။

ဆေးဖြတ်နိုင်ခဲ့ပုံ စိုက်ထားတဲ့ဆေးခြောက်တွေကို ခူးပြီးခါစအချိန်မှာပဲ ကျွန်တော်တို့ရဲ့အိမ်အိုလေးဆီ ယေဟောဝါသက်သေတွေ ရောက်လာကြတာ။ သူတို့ပြောတာတွေကို လက်ခံရုံသက်သက် လက်ခံလိုက်တာမဟုတ်ဘူး။ ကျမ်းစာပြောတာ မှန်တယ်ဆိုတာ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်ကိုယ်တိုင် ယုံကြည်စိတ်ချလာတယ်။ အဲဒီနောက် ပြဿနာတစ်ခုစီကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့တယ်။

ဆေးခြောက်ရှူတဲ့အကျင့်ကို ဖြတ်ရမယ်ဆိုတာလည်း သိလာတယ်။ ဆေးခြောက်တွေကို အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး စိုက်ထားတာဆိုတော့ တခြားသူကိုပေးလိုက်ဖို့ စိတ်ကူးသေးတယ်။ ဒါပေမဲ့ အဲဒါက ကောင်းတဲ့ဖြေရှင်းနည်းမဟုတ်လို့ နောက်ဆုံး ဖျက်ဆီးပစ်လိုက်တယ်။ မူးယစ်ဆေးဖြတ်နိုင်ဖို့၊ အရက်ဖြတ်နိုင်ဖို့ အဓိကအကူအညီကတော့ ဆုတောင်းခြင်းပါပဲ။ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘုရားရဲ့စွမ်းအားတော်ပေးပါလို့ ဆုတောင်းခဲ့တယ်။ မကောင်းတာလုပ်ဖို့အားပေးတဲ့ သူငယ်ချင်းတွေနဲ့လည်း မပေါင်းတော့ဘူး။ ကျမ်းစာသွန်သင်ချက်တွေအတိုင်း လိုက်လျှောက်တဲ့အခါ စိတ်ငြိမ်သက်မှုရရှိပြီး အားနည်းချက်တွေကို ပြုပြင်နိုင်ခဲ့တယ်။ ကျွန်တော့်ကောင်မလေးလည်း ကျမ်းစာလေ့လာပြီး သူ့အကျင့်တွေနဲ့ ဘဝပုံစံကို ပြောင်းလဲခဲ့တယ်။ အဲဒီနောက် ကျွန်တော်တို့ တရားဝင်လက်ထပ်လိုက်တယ်။ သားသမီးနှစ်ယောက်နဲ့အတူ ဘဝကို ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ အခုဆိုရင် ၂၁ နှစ်ရှိပြီ။ ကျွန်တော့်ဘဝကို ယေဟောဝါဘုရားရဲ့အကူအညီနဲ့ မပြောင်းလဲခဲ့ဘူးဆိုရင် ဘယ်လိုဖြစ်နေမယ်ဆိုတာ တွေးတောင်မတွေးရဲဘူး။

အဓိကကျမ်းချက်

‘ယေဟောဝါဘုရားဟာ ကျွန်တော့်ရဲ့အစွမ်းသတ္တိ၊ ကျွန်တော့်ရဲ့ ခွန်အားပဲ။’—ဟေရှာယ ၁၂၊ကဘ။

အကြံပြုချက်

ဖြစ်နိုင်မယ်ဆိုရင် သင်မူးယစ်ဆေးသုံးခဲ့တုန်းက ပတ်သက် ဆက်နွယ်ခဲ့တဲ့ လူတွေ၊ နေရာတွေနဲ့ ပစ္စည်းတွေကို ရှောင်ပါ။ အဲဒါတွေကိုမြင်ရုံနဲ့ မူးယစ်ဆေးပြန်သုံးချင်စိတ် ပေါ်လာနိုင်တယ်လို့ လေ့လာမှုတွေအရ သိရတယ်။

သင်သိပါသလား . . . ?

မူးယစ်ဆေးသုံးတာက ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်တယ်။

လက်တွေ့လုပ်ကြည့်ပါ

မူးယစ်ဆေးပြန်သုံးမိတယ်ဆိုရင် ငါလုပ်ရမှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● လူတစ်ယောက်က မူးယစ်ဆေးဖြတ်ချင်တယ်ဆိုရင် သူ့ဘ၀မှာ ကြီးမားတဲ့ပြောင်းလဲမှုလုပ်ဖို့ ဘာကြောင့်လိုအပ်သလဲ။

● ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားကို သင်ယူတာက ဘယ်လိုအကူအညီဖြစ်သလဲ။

[စာမျက်နှာ ၂၅၃ ပါ အကျဉ်းဖော်ပြချက်]

‘‘ကျမ်းစာရဲ့ မြင့်မားတဲ့ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း နေထိုင်တာကြောင့် ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို ကျွန်မပိုင်ဆိုင် နိုင်ခဲ့ပြီ။’’—မာတာ

[စာမျက်နှာ ၂၅၆ ပါ ရုပ်ပုံ]

မူးယစ်ဆေးဖြတ်နိုင်တာက မီးလောင်နေတဲ့အိမ်ကနေ ထွက်ပြေးလွတ်မြောက်လာတာနဲ့တူတယ်။ ပစ္စည်းတွေကို ချန်ထားခဲ့ရမှာဖြစ်ပေမဲ့ သင့်အသက်ကို ကယ်နိုင်ပါလိမ့်မယ်