မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုရေးမှာ ပျော်ရွှင်လာအောင် ငါဘာလုပ်ရမလဲ

ဝတ်ပြုရေးမှာ ပျော်ရွှင်လာအောင် ငါဘာလုပ်ရမလဲ

အခန်း ၃၈

ဝတ်ပြုရေးမှာ ပျော်ရွှင်လာအောင် ငါဘာလုပ်ရမလဲ

၁၆ နှစ်အရွယ် ဂျော့ရှ်တစ်ယောက် ခုတင်ပေါ်မှာ ခြေပစ်လက်ပစ်လှဲနေတုန်း အမေရောက်လာပြီး “ဂျော့ရှ် ထစမ်း၊ ဒီညနေစည်းဝေးသွားရမယ်” လို့ခပ်မာမာပြောတယ်။ ဂျော့ရှ်က ယေဟောဝါသက်သေမိသားစုမှာ ကြီးပြင်းလာတာ။ ခရစ်ယာန်စည်းဝေးတွေတက်တာက မိသားစုရဲ့လုပ်ရိုးလုပ်စဉ်တစ်ခုပဲ။ ဒါပေမဲ့ အခုတလော စည်းဝေးတက်ဖို့ ပျင်းနေတယ်။

“အမေကလည်း၊ မသွားချင်ပါဘူးဆိုမှ။” ဂျော့ရှ် ညည်းလိုက်တယ်။

“ဘာမှပြန်မပြောနဲ့။ ထ၊ အင်္ကျီလဲ။ ငါ ထပ်နောက်မကျချင်ဘူး” လို့ပြောပြီး အမေလှည့်ထွက်သွားတယ်။

“အဲဒါ အမေ့ဘာသာပဲ၊ ကျွန်တော့်ဘာသာမှ မဟုတ်တာ” ဆိုပြီး ဂျော့ရှ် လွှတ်ခနဲပြောလိုက်တယ်။ အမေ့ခြေသံရပ်သွားတာမို့ အမေကြားသွားမှန်း သိလိုက်တယ်။ ဒါပေမဲ့ အမေက ဘာမှပြန်မပြောဘဲ ဆက်လျှောက်သွားတယ်။

ဂျော့ရှ်က သူပြောလိုက်မိတာကို စိတ်မကောင်းဖြစ်သွားတယ်။ အမေ့ကို စိတ်မထိခိုက်စေချင်ပေမဲ့ တောင်းလည်းမတောင်းပန်ချင်ဘူး။ နောက်ဆုံးတော့လည်း  . . .

သက်ပြင်းချပြီး အဝတ်အစားလဲလိုက်တယ်။ ပြီးတော့ “တစ်နေ့နေ့တော့ ငါဆုံးဖြတ်ချက်ချရမယ်။ ငါက အသင်းတော်ကလူတွေနဲ့ လုံးဝမတူဘူး။ ခရစ်ယာန်ဖြစ်ချင်စိတ်လည်း မရှိဘူး” ဆိုပြီး တတွတ်တွတ်ပြောနေတော့တယ်။

သင်လည်း ဂျော့ရှ်လို ဖြစ်ဖူးသလား။ တခြားသူတွေက ခရစ်ယာန်လုပ်ငန်းဆောင်တာတွေမှာ ပျော်ရွှင်နေပေမဲ့ သင်ကတော့ ဝတ်ကျေတမ်းကျေပဲ လုပ်နေသလား။ ဥပမာ–

● ကျမ်းစာလေ့လာတာက အိမ်စာလုပ်တာနဲ့ တူနေသလား။

● တစ်အိမ်တက်ဆင်း ဟောရတာကို မကြိုက်ဘူးလား။

● ခရစ်ယာန်စည်းဝေးတွေတက်တာက ငြီးငွေ့စရာဖြစ်နေသလား။

အဲဒီမေးခွန်းတွေကို ဟုတ်တယ်လို့ဖြေရင် စိတ်ဓာတ်မကျပါနဲ့။ ဘုရားအမှုတော်မှာ ပျော်ရွှင်လာအောင် သင်ယူနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲဆိုတာ လေ့လာကြည့်ရအောင်။

အခက်အခဲ ၁ ကျမ်းစာလေ့လာခြင်း

ဘာကြောင့်မလွယ်တာလဲ။ ဖတ်ရှုလေ့လာရတာကို မကြိုက်လို့ ဖြစ်နိုင်တယ်။ တစ်ခုခုကို ကြာကြာအာရုံမစိုက်နိုင်တာ ဖြစ်ကောင်းဖြစ်မယ်။ ဒါ့အပြင် ကျောင်းမှာလည်း ဖတ်ရှုလေ့လာရ၊ အခုထပ်ပြီး အကြာကြီးထိုင် အာရုံစိုက်ရတော့ ခက်မှာပေါ့။

ဘာကြောင့်လုပ်သင့်တာလဲ။ ကျမ်းစာကို ဘုရားရဲ့စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးထားတယ်။ ဒါ့အပြင် ကျမ်းစာက ‘သွန်သင်ပေးတယ်၊ အမှားများကိုပြုပြင်ပေးတယ်၊ လျောက်ပတ်စွာ အသက်ရှင်နေထိုင်တတ်ရန် လမ်းညွှန်ပေးတယ်။’ (၂ တိမောသေ ၃:၁၆ခမ) ကျမ်းစာလေ့လာပြီး စဉ်းစားဆင်ခြင်တဲ့အခါ တစ်ခါမှမသိခဲ့တာတွေကို သိနားလည်လာမယ်။ မကြိုးစားရင် ဘာမှမရနိုင်ဘူးဆိုတာ အသိအမှတ်ပြုပါ။ အားကစားနည်းတစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ချင်ရင် စည်းမျဉ်းတွေကိုသိရမယ်၊ အမြဲလေ့ကျင့်နေရမယ်။ ကျန်းမာချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ရမယ်။ အဲဒီလိုပဲ၊ ဖန်ဆင်းရှင်အကြောင်းသိချင်တယ်ဆိုရင် ကျမ်းစာကို လေ့လာရမယ်။

ရွယ်တူချင်းတွေအပြော။ “ကျွန်မ အထက်တန်းရောက်တဲ့အခါ ကျောင်းသားတွေက အရမ်းကိုဆိုးပေကြတော့ ဆုံးဖြတ်ချက်တချို့ ချခဲ့ရတယ်။ ‘ငါ အဲဒီလိုလုပ်ချင်တာလား။ မိဘတွေက ငါ့ကို တကယ်ပဲ အမှန်တရားသင်ပေးနေတာလား’ ဆိုတာတွေကို ကိုယ့်ဘာသာကိုယ် အဖြေရှာကြည့်ခဲ့တယ်။”—ရှီဇာ။

“ကျွန်တော် သိထားတာတွေက အမှန်တရားပဲဆိုတာ အမြဲယုံပေမဲ့ ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ကြုံချင်တယ်။ မိဘတွေကြောင့် ဘုရားကို ကိုးကွယ်တာမဟုတ်ဘဲ ကိုယ့်စိတ်နဲ့ကိုယ် ကိုးကွယ်တာမျိုးဖြစ်အောင် ကြိုးစားခဲ့တယ်။”—နလီဆာ။

သင်လုပ်ဆောင်နိုင်ရာ။ သင်စိတ်ဝင်စားရာတွေ၊ လိုအပ်ရာတွေနဲ့အညီ ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့ စီစဉ်ပါ။ ဘယ်အကြောင်းကို လေ့လာမယ်၊ ဘယ်ကနေ စလေ့လာမယ်ဆိုတာ စိတ်ကြိုက်ရွေးပါ။ သမ္မာကျမ်းစာအမှန်တကယ် သွန်သင်ရာက ဘာလဲ * ဆိုတဲ့စာအုပ်ကိုသုံးပြီး ကျမ်းစာကို ခရေစေ့တွင်းကျလေ့လာပါ၊ သင့်ယုံကြည်ချက်တွေကို ဆန်းစစ်ကြည့်ပါ။

စတင်လုပ်ဆောင်ပါ။ သင်ပိုသိချင်တဲ့အကြောင်းအရာ နှစ်ခု၊ သုံးခုကို အောက်မှာ ✔ ခြစ်ပါ ဒါမှမဟုတ် နှစ်သက်တဲ့ တခြားအကြောင်းအရာရှိရင် ရေးချပါ။

□ ဘုရားရှိသလား။

□ ကျမ်းရေးသူတွေဟာ ဘုရားရဲ့စွမ်းအားတော်လမ်းညွှန်မှုခံရတယ်ဆိုတာ ငါ ဘယ်လိုစိတ်ချနိုင်သလဲ။

□ ဆင့်ကဲဖြစ်စဉ်ကိုမဟုတ်ဘဲ ဖန်ဆင်းခြင်းကို ငါဘာကြောင့်ယုံသင့်တာလဲ။

□ ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော် အမှန်တကယ်ရှိတယ်ဆိုတာ ကိုယ်တိုင်နဲ့ တခြားသူတွေ ယုံကြည်လာအောင် ငါဘယ်လိုသက်သေပြနိုင်မလဲ။

□ လူသေရင် ဘာဖြစ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး ငါ့ယုံကြည်ချက်ကို ဘယ်လိုရှင်းပြနိုင်မလဲ။

□ လူသေတွေ အသက်ပြန်ရှင်လာမယ်ဆိုတာ ငါဘာလို့ယုံကြည်သင့်တာလဲ။

□ စစ်မှန်တဲ့ဘာသာက ဘယ်ဘာသာလဲဆိုတာ ငါ ဘယ်လိုသေချာသိနိုင်မလဲ။

․․․․․

အခက်အခဲ ၂ အမှုဆောင်လုပ်ငန်းမှာပါဝင်ခြင်း

ဘာကြောင့်မလွယ်တာလဲ။ တခြားသူတွေကို ကျမ်းစာအကြောင်းပြောပြတဲ့အခါ ဒါမှဟုတ် အဲဒီလိုပြောနေတုန်း ကျောင်းနေဖက်တစ်ယောက်နဲ့ ဆုံတဲ့အခါ ကြောက်လန့်သွားမှာပဲ။

ဘာကြောင့်လုပ်သင့်တာလဲ။ ယေရှုက “လူတို့ကို ငါ့တပည့်ဖြစ်စေလျက် . . .  သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့” ဆိုပြီးတပည့်တွေကို မှာခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်။ နိုင်ငံတချို့မှာ လူငယ်အများစုဟာ ဘုရားကိုယုံတယ်၊ ကျမ်းစာကိုယုံတယ်ဆိုတာ လေ့လာချက်တွေအရ သိရတယ်။ ဒါပေမဲ့ အဲဒီလူငယ်တွေမှာ စစ်မှန်တဲ့အနာဂတ်မျှော်လင့်ချက် မရှိကြဘူး။ သင် ကျမ်းစာလေ့လာတဲ့အခါ သက်တူရွယ်တူတွေရှာနေတဲ့ အဖြေတွေနဲ့ သူတို့လိုအပ်ရာတွေကို သိလာပါလိမ့်မယ်။ သိလာတဲ့အရာကို တခြားသူတွေကိုပြောပြတဲ့အခါ ကိုယ်တိုင်ကျေနပ်ပျော်ရွှင်မှု ခံစားရမယ်။ ပိုအရေးကြီးတာက ယေဟောဝါဘုရားကို ပျော်ရွှင်စေပါလိမ့်မယ်။—သုတ္တံ ၂၇:၁၁

ရွယ်တူချင်းတွေအပြော။ “ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ထိရောက်တဲ့တင်ဆက်နည်းတွေကို ပြင်ထားတယ်။ အတိုက်အခံကြုံတဲ့အခါ ဘယ်လိုပြန်ပြောမယ်၊ ပြန်လည်ပတ်မှု ဘယ်လိုလုပ်မယ်ဆိုတာ သင်ထားတယ်။ အမှုဆောင်လုပ်ငန်းမှာ များများပါဝင်လေ ပိုပျော်ရွှင်လေပဲ။” —နလီဆာ။

“ခရစ်ယာန်ညီအစ်မတစ်ယောက်က ကျွန်မကို တော်တော်လေး ကူညီပေးခဲ့တယ်။ သူက ကျွန်မထက် ခြောက်နှစ်ကြီးတယ်။ ကျွန်မတို့ အတူတူ အမှုဆောင်ထွက်တယ်။ တစ်ခါတလေ မနက်စာ အတူတူစားတယ်။ သူက အားရှိစရာကျမ်းချက်တွေ ပြောပြပြီး ကျွန်မရဲ့အတွေးအခေါ်ကို တည့်မတ်ပေးတယ်။ သူ့ရဲ့ ပုံသက်သေကောင်းကြောင့် အခုဆို တခြားသူတွေကို ကောင်းကောင်းကူညီပေးနိုင်ပြီ။ သူ့ကျေးဇူးကို ဘယ်တော့မှ မမေ့ဘူး။”—ရှော်န်တေး။

သင်လုပ်ဆောင်နိုင်ရာ။ မိဘတွေနဲ့တိုင်ပင်ပြီးနောက် အသင်းတော်မှာ ကိုယ့်ထက်အသက်ကြီးသူတစ်ယောက်ကိုရှာပြီး အမှုဆောင်လုပ်ငန်းမှာ သူနဲ့အတူပါဝင်ပါ။ (တမန်တော် ၁၆:၁-၃) ‘သံက သံကိုထက်စေသလို လူက သူ့မိတ်ဆွေကို ထက်မြက်စေတယ်’ လို့ ကျမ်းစာဆိုတယ်။ (သုတ္တံ ၂၇:၁၇ကဘ) အတွေ့အကြုံများများရှိတဲ့ အသက်ကြီးသူတွေနဲ့ ပေါင်းသင်းရင် အကျိုးကျေးဇူးအများကြီး ခံစားရမှာပါ။ “လူကြီးတွေက ပေါင်းသင်းလို့ကောင်းတယ်” ဆိုပြီး ၁၉ နှစ်အရွယ် အလက်ဆစ်ပြောတယ်။

စတင်လုပ်ဆောင်ပါ။ အမှုဆောင်လုပ်ငန်းမှာ သင့်ကိုကူညီပေးနိုင်မယ့် ညီအစ်ကိုညီအစ်မတစ်ယောက်ရဲ့နာမည်ကို ရေးချပါ။

․․․․․

အခက်အခဲ ၃ ခရစ်ယာန်စည်းဝေးတွေတက်ခြင်း

ဘာကြောင့်မလွယ်တာလဲ။ အတန်းထဲမှာ တစ်နေကုန်ထိုင်ပြီးနောက် နောက်ထပ်တစ်နာရီ၊ နှစ်နာရီလောက် ကျမ်းစာအခြေခံဟောပြောချက်တွေကို ထိုင်နားထောင်ရတာ ဘယ်လွယ်ပါ့မလဲ။

ဘာကြောင့်လုပ်သင့်တာလဲ။ “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ထုံးစံရှိသည့်အတိုင်း အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်း အားပေးကြလော့။ ထိုနေ့ရက် နီးလာသည်ကိုမြင်ရသောကြောင့် သာ၍ကြိုးစားအားထုတ်ကြလော့” ဆိုပြီး ကျမ်းစာမှာအားပေးထားတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅

ရွယ်တူချင်းတွေအပြော။ “အသင်းတော်စည်းဝေးတွေမှာ ပျော်ရွှင်ဖို့ဆိုရင် ပြင်ဆင်မှု မရှိမဖြစ်လိုအပ်တယ်။ အဲဒီလိုလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပေးရမယ်။ ပြင်ဆင်ထားတဲ့အခါ ဘယ်အကြောင်းဆွေးနွေးမယ်ဆိုတာသိပြီး ကိုယ်လည်း ပါဝင်နိုင်တယ်။ အဲဒါက ပျော်စရာသိပ်ကောင်းတာ။”—အယ်လ်ဒါ။

“စည်းဝေးမှာအဖြေတွေပေးတဲ့အခါ စည်းဝေးတက်ရတာ ပိုပျော်လာမှန်း ကျွန်မ သတိထားမိတယ်။”—ဂျက်ဆီကာ။

သင်လုပ်ဆောင်နိုင်ရာ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ယူပါ၊ အဖြေပေးနိုင်ဖို့လည်း ကြိုးစားပါ။ ဒါမှ စည်းဝေးတက်ရတာ ပျော်လာမယ်။

ဥပမာ၊ ဘောလုံးပွဲကို တီဗွီမှာကြည့်တာနဲ့ ကွင်းထဲမှာကစားတာ ဘယ်ဟာပိုပျော်စရာကောင်းသလဲ။ ပွဲကြည့်ပရိသတ်ဖြစ်ရတာထက် ကိုယ်တိုင်ဝင်ကစားရတာ ပိုပျော်တယ် မဟုတ်လား။ ခရစ်ယာန်စည်းဝေးတွေလည်း အဲဒီလိုပါပဲ။

စတင်လုပ်ဆောင်ပါ။ အသင်းတော်စည်းဝေးတွေအတွက် ပြင်ဆင်ဖို့ တစ်ပတ်မှာ မိနစ် ၃၀ လောက် အသုံးပြုနိုင်မယ့်အချိန်ကို အောက်မှာရေးပါ။

․․․․․

‘ယေဟောဝါ ကောင်းမြတ်တယ်ဆိုတာ မြည်းစမ်းပြီး အသိအမှတ်ပြုကြပါ’ ဆိုတဲ့ ဆာလံ ၃၄:၈ ပါစကားတွေ မှန်ကန်ကြောင်း လူငယ်တွေ သိနေကြပြီ။ သွားရည်ကျစရာ အစားအစာအကြောင်း ကြားပဲကြားလိုက်ရပြီး မမြည်းကြည့်ရဘူးဆိုရင် စိတ်ထဲမှာ သိပ်မကျေနပ်ဘူး မဟုတ်လား။ ဒါပေမဲ့ ကိုယ်တိုင်မြည်းကြည့်လိုက်ရရင် စိတ်ကျေနပ်သွားမှာပဲ။ ဘုရားကို ဝတ်ပြုကိုးကွယ်တဲ့အခါလည်း အဲဒီလိုပဲ။ ဘုရားတရားအလုပ်တွေမှာ ပါဝင်ရတာ ဘယ်လောက်ပျော်စရာကောင်းမှန်း ကိုယ်တိုင် မြည်းစမ်းကြည့်ပါ။ ကြားနာရုံလောက်ပဲမဟုတ်၊ ကျင့်သုံးသူဟာ ‘ပျော်ရွှင်လိမ့်မယ်’ လို့ ကျမ်းစာပြောတယ်။—ယာကုပ် ၁:၂၅

နောက်အခန်းမှာဖတ်ကြည့်ပါ

ပန်းတိုင်တွေ ဘယ်လိုချမှတ်ရမလဲ၊ ပြည့်မီအောင် ဘယ်လိုကြိုးစားရမလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 ယေဟောဝါသက်သေတွေ ထုတ်ဝေတယ်။

အဓိကကျမ်းချက်

“ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်မည်အကြောင်း သင်တို့၏စိတ်သဘောကို ပြုပြင် ပြောင်းလဲကြလော့။”—ရောမ ၁၂:၂

အကြံပြုချက်

ခရစ်ယာန်စည်းဝေးတွေမှာ ကြားရတဲ့ အဓိကအချက်တွေကို မှတ်စုယူပါ။ အဲဒီလိုလုပ်ရင် အချိန်ကုန်မှန်းမသိ ကုန်သွားပြီး သင်ယူဖို့ ပိုလွယ်ကူစေပါ လိမ့်မယ်။

သင်သိပါသလား . . . ?

ကိုယ့်ရဲ့ဘာသာရေးခံယူချက်တွေကို ဆန်းစစ်ကြည့်တာ မမှားပါဘူး။ ဘုရားနဲ့ပတ်သက်ပြီး ကိုယ်ယုံကြည်ထားတာက အမှန်တရားဟုတ်မဟုတ် သိနိုင်ဖို့ မေးခွန်းတွေမေးပြီး ရှာဖွေလေ့လာမယ်ဆိုရင် အကောင်းဆုံးပဲ။—တမန်တော် ၁၇:၁၁

လက်တွေ့လုပ်ကြည့်ပါ

ကျမ်းစာကို နေ့တိုင်း ․․․․․ မိနစ်ဖတ်ဖို့ ငါဇယားဆွဲထားမယ်။ ခရစ်ယာန်စည်းဝေး တွေအတွက် ပြင်ဆင်ဖို့ အပတ်တိုင်း အချိန် ․․․․․ သုံးမယ်။

ခရစ်ယာန်စည်းဝေးတွေမှာ ကောင်းကောင်းအာရုံစိုက်နိုင်ဖို့ ငါလုပ်မှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● ဘုရားတရားအလုပ်တွေက ဆယ်ကျော်သက်တွေအတွက် ဘာကြောင့် ငြီးငွေ့စရာဖြစ်နိုင်သလဲ။

● ဒီအခန်းမှာဆွေးနွေးထားတဲ့ ဝတ်ပြုရေးကဏ္ဍသုံးခုထဲမှာ ဘယ်ကဏ္ဍကို တိုးတက်အောင် ကြိုးစားချင်သလဲ။

[စာမျက်နှာ ၂၇၈ ပါ အကျဉ်းဖော်ပြချက်]

‘‘မိဘတွေရဲ့ဘာသာက ကျွန်မဘာသာပဲ။ ယေဟောဝါက ကျွန်မဘုရား၊ ကိုယ်တော်နဲ့ ကျွန်မရဲ့ဆက်ဆံရေးကို ထိခိုက် စေမယ့် ဘယ်အရာကိုမှ မလုပ်ချင်ဘူး။’’—စမန်သာ

[စာမျက်နှာ ၂၈၀၊ ၂၈၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ပန်းတိုင်ချမှတ်ခဲ့သူများ

“နက်ဖြန်နေ့၌ သင်တို့အသက်သည် မည်သို့ဖြစ်မည်ကို မသိကြ” လို့ ကျမ်းစာဆိုတယ်။ (ယာကုပ် ၄:၁၄) တစ်ခါတလေ အသက်ငယ်ငယ်နဲ့ ရုတ်တရက် ဆုံးပါးသွားတတ်တယ်။ ဘဝမှာ ဘုရားရေးရာပန်းတိုင်တွေကို ချမှတ်ပြီး ပြည့်မီအောင်ကြိုးစားခဲ့တဲ့ ကက်ထရီနာနဲ့ ကိုင်လ်တို့ရဲ့ တွေ့ကြုံမှုကိုဖတ်တဲ့အခါ ယေဟောဝါဘုရားရှေ့ နာမည်ကောင်းရှိအောင် သူတို့ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာ မှတ်သားပါ။—ဒေသနာ ၇:၁

ကက်ထရီနာဟာ ၁၈ နှစ်အရွယ်မှာ သေဆုံးသွားပေမဲ့ ၁၃ နှစ်အရွယ် ကတည်းက သူဖြစ်ချင်တဲ့ပန်းတိုင်တွေကို စာရင်းပြုစုထားတယ်။ ဘုရားရဲ့လုပ်ငန်းတော်မှာ အချိန်ပြည့်ပါဝင်ချင်တာ၊ ကျမ်းစာသင်ပေးသူတွေ ပိုလိုအပ်တဲ့နိုင်ငံမှာ အမှုဆောင်ချင်တာ၊ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ အဖေနဲ့အတူ လုပ်ဆောင်ချင်တာတို့ ဖြစ်တယ်။ “ကျွန်မရဲ့ဘဝကို ယေဟောဝါဘုရားအတွက် ပေးဆက်ဖို့ ဆုံးဖြတ်ထားတယ်။ ဘုရားရဲ့စံနှုန်းတွေအတိုင်း နေထိုင်ပြီး ကိုယ်တော့်စိတ် ပျော်ရွှင်အောင်လုပ်ချင်တယ်” လို့ သူရေးခဲ့တယ်။ စျာပန အခမ်းအနားမှာ ကက်ထရီနာနဲ့ပတ်သက်ပြီး “ဘဝတစ်ခုလုံးကို ယေဟောဝါဘုရားအတွက် ပေးဆက်ဖို့ ရည်ရွယ်ခဲ့တဲ့ ချစ်စရာကောင်းတဲ့မိန်းကလေး” ဆိုပြီး ပြောခဲ့တယ်။

ကိုင်လ်ဆိုတဲ့လူငယ်လေးကို မိဘတွေက ငယ်ငယ်ကတည်းက ပန်းတိုင်တွေထားတတ်အောင် သင်ပေးခဲ့တယ်။ မတော်တဆကားတိုက်မှုကြောင့် အသက် ၂၀ အရွယ်မှာ သူဆုံးသွားပြီးတဲ့နောက် ဆွေမျိုးတွေက သူ့ရဲ့ “ပန်းတိုင်စာအုပ်” ကို တွေ့ခဲ့တယ်။ အဲဒီစာအုပ်ကို လေးနှစ်သားအရွယ်ကစပြီး ရေးတတ်ဖို့ သူ့အမေကူညီပေးခဲ့တာ။ ပန်းတိုင်တွေထဲမှာ နှစ်ခြင်းခံဖို့၊ အသင်းတော်မှာ ဟောပြောချက်ပေးဖို့၊ ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်မှာ အမှုဆောင်ပြီး လူတွေ ဘုရားအကြောင်းသိလာအောင် ကူညီပေးတဲ့ စာအုပ်စာတမ်းတွေ ထုတ်ဝေတဲ့ နေရာမှာ လုပ်အားပေးဖို့ ပါဝင်တယ်။ ကိုင်လ်ရဲ့ပန်းတိုင်စာအုပ်ကို ကြည့်ပြီးနောက် သူ့အမေက “ဒီပန်းတိုင်တွေကို သူပြည့်မီခဲ့တယ်” လို့ပြောတယ်။

သင်ကော ဘာပန်းတိုင်တွေ ချမှတ်ထားသလဲ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိနိုင်တဲ့အတွက် နေ့ရက်တိုင်းကို တန်ဖိုးရှိရှိအသုံးချပါ။ ကက်ထရီနာနဲ့ကိုင်လ်တို့လို သင့်အချိန်ကို အကျိုးအရှိဆုံးနည်းနဲ့ အသုံးပြုပါ။ တမန်တော်ပေါလုက သူသေဆုံးခါနီးမှာ “ငါသည် တိုက်ပွဲကို ကောင်းစွာတိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ပြီ” လို့ပြောနိုင်ခဲ့တယ်။ သူ့ကို အတုယူပါ။ (၂ တိမောသေ ၄:၇) နောက်အခန်းက အဲဒီလိုလုပ်ဖို့ ကူညီပေးပါလိမ့်မယ်။

[စာမျက်နှာ ၂၇၄၊ ၂၇၅ ပါ ရုပ်ပုံ]

ကျန်းမာချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ရမယ်။ ဝတ်ပြုရေးမှာ အကျိုးကျေးဇူးခံစားချင်တယ် ဆိုရင် ကျမ်းစာလေ့လာရမယ်