မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် ဘယ်လိုလုပ်နိုင်မလဲ

ငါရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် ဘယ်လိုလုပ်နိုင်မလဲ

အခန်း ၃၉

ငါရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် ဘယ်လိုလုပ်နိုင်မလဲ

အောက်ပါအချက်တွေထဲမှာ သင်အဖြစ်ချင်ဆုံးက ဘာလဲ။

ယုံကြည်မှုပိုရှိချင်တယ်

သူငယ်ချင်းအများကြီးရှိချင်တယ်

ပိုပျော်ရွှင်ချင်တယ်

တကယ်တော့ အဲဒီသုံးချက်စလုံးကို သင်ရနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ပန်းတိုင်တွေချမှတ်ပြီး ပြည့်မီအောင် ကြိုးစားရမယ်။ အောက်ပါအချက်တွေကို လေ့လာကြည့်ရအောင်။

ယုံကြည်မှုပိုရှိချင်တယ်။ ပန်းတိုင်ငယ်လေးတွေချပြီး ပြည့်မီတဲ့အခါ ပန်းတိုင်ကြီးကြီးမားမားချဖို့ ပိုယုံကြည်မှုရှိလာတယ်။ ဒါ့အပြင် ရွယ်တူချင်းဖိအားလို နေ့စဉ်ကြုံနေကျပြဿနာတွေ ရင်ဆိုင်ရတဲ့အခါမှာလည်း ယုံကြည်မှုပိုရှိလာမယ်။

သူငယ်ချင်းအများကြီးရှိချင်တယ်။ လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေချမှတ်ပြီး ပြည့်မီအောင် ကြိုးစားတဲ့သူမျိုး၊ ကိုယ်ဘာလိုချင်သလဲဆိုတာသိပြီး အဲဒါကိုရအောင် ကြိုးစားတဲ့သူမျိုးနဲ့ လူတွေပေါင်းချင်ကြတယ်။

ပိုပျော်ရွှင်ချင်တယ်။ အပျင်းထူနေမယ် ဒါမှမဟုတ် ဘဝမှာ စိတ်လှုပ်ရှားစရာ အပြောင်းအလဲတစ်ခုခု ဖြစ်လာမှာပါဆိုပြီး ထိုင်စောင့်နေမယ်ဆိုရင်တော့ ပျော်ရွှင်ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပန်းတိုင်တွေချမှတ်ပြီး ပြည့်မီလာတဲ့အခါ အောင်မြင်ပြီဆိုတဲ့ခံစားချက် ရှိလာပါလိမ့်မယ်။ အခု စလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။ အောက်ပါအချက်တွေက အကူအညီပေးပါလိမ့်မယ်။ *

✔ ၁ သိအောင်လုပ်ပါ

၁။ ချမှတ်နိုင်တဲ့ပန်းတိုင်တွေကို စဉ်းစားကြည့်ပါ။ ဒီအဆင့်ကိုလုပ်ရတာ ပျော်စရာပဲ။ သိပ်စဉ်းစားမနေဘဲ များနိုင်သလောက်များများ ရေးပါ။ အနည်းဆုံး ၁၀ ခုလောက် သင် ရေးနိုင်မှာပါ။

၂။ ပန်းတိုင်တွေကို သေချာဆန်းစစ်ပါ။ ဘယ်ပန်းတိုင်က စိတ်လှုပ်ရှားစရာ အကောင်းဆုံးလဲ။ ဘယ်ပန်းတိုင်က အခက်ဆုံးလဲ။ အဖြစ်ချင်ဆုံးပန်းတိုင်က ဘာလဲ။ အကောင်းဆုံးပန်းတိုင်တွေဟာ အများအားဖြင့် သင့်အတွက် အရေးကြီးဆုံးပန်းတိုင်တွေပဲ။

၃။ ဦးစားပေးလုပ်ပါ။ သင်အဖြစ်ချင်ဆုံးပန်းတိုင်ကနေစပြီး အစဉ်လိုက် နံပါတ်တပ်ပါ။

✔ ၂ အစီအစဉ်ဆွဲပါ

ပန်းတိုင်တစ်ခုစီအတွက် ဒီမှာဖော်ပြထားတဲ့အတိုင်းလုပ်ပါ–

ပန်းတိုင်ကို ရေးချပါ။

တရုတ်စကားသင်ယူမယ်

အချိန်သတ်မှတ်ပါ။ ပန်းတိုင် တစ်ခုကို ပြည့်မီဖို့ အချိန်မသတ်မှတ်ထားဘူးဆိုရင် အလကားပဲ။

ဇူလိုင်

ပါဝင်မယ့်အဆင့်တွေကို ကြိုတင်စီစဉ်ထားပါ။

အဆင့်များ

၁။ တရုတ်-မြန်မာ နှစ်ဘာသာ စကားပြောစာအုပ် ဝယ်မယ်။

၂။ တစ်ပတ်ကို စကားလုံးအသစ် ဆယ်လုံး သင်ယူမယ်။

၃။ တရုတ်စကားပြောသူတွေရဲ့ လေယူလေသိမ်းကို နားထောင်မယ်။

၄။ ကိုယ်ပြောတဲ့ သဒ္ဒါနဲ့ အသံထွက် မှန်မမှန် တခြားသူကို နားထောင်ခိုင်းမယ်။

အခက်အခဲကို ကြိုတွေးထားပါ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ စဉ်းစားထားပါ။

ကြုံလာနိုင်တဲ့အခက်အခဲ

ကိုယ့်အနီးအနားမှာ တရုတ်စကားပြောတဲ့သူ တစ်ယောက်မှ မရှိဘူး

ကတိပြုပါ။ ပန်းတိုင်ရောက်ဖို့ အကောင်းဆုံးကြိုးစားမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကတိပြုထားပါ။ ပြီးရင် လက်မှတ်ထိုးပြီး ရက်စွဲတပ်ပါ။

ဘယ်လိုဖြေရှင်းနိုင်မလဲ

www.pr418.com ၀က်ဘ်ဆိုက်ထဲက တရုတ်စကားပြောအသံဖိုင်တွေကို ကူးယူမယ်

․․․․․ ․․․․․

လက်မှတ် ရက်စွဲ

✔ ၃ လုပ်ဆောင်ပါ

ချက်ချင်းစလုပ်ပါ။ ‘ပန်းတိုင်ပြည့်မီနိုင်ဖို့ ဒီနေ့ကစပြီး ဘာလုပ်နိုင်မလဲ’ လို့ကိုယ့်ကိုယ်ကိုယ်မေးပါ။ အသေးစိတ်ကအစ လုပ်နိုင်မှာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်၊ စလုပ်ရမယ်ဆိုတာ မမေ့ပါနဲ့။ “မိုးလေဝသကောင်းမွန်လာချိန်ကိုသာ စောင့်ဆိုင်းနေတတ်သူသည် အဘယ်အခါ၌မျှ အသီးအနှံများကို စိုက်ပျိုးရိတ်သိမ်းရလိမ့်မည်မဟုတ်” လို့ ကျမ်းစာပြောတယ်။ (ဒေသနာ ၁၁:၄ခမ) ဒါကြောင့် ဒီနေ့ စလုပ်နိုင်တဲ့အရာက အသေးအဖွဲလေးဖြစ်နေရင်တောင် လုပ်လိုက်ပါ။

ပန်းတိုင်တွေကို နေ့တိုင်းပြန်စစ်ဆေးပါ။ ပန်းတိုင်တစ်ခုစီက ကိုယ့်အတွက် ဘာကြောင့်အရေးကြီးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေပါ။ ပန်းတိုင်တစ်ခုပြည့်မီသွားတိုင်း ဘေးမှာ ✔ ခြစ်ပါ (ဒါမှမဟုတ် ပြည့်မီသွားတဲ့ရက်စွဲကို ရေးထားပါ)။

စိတ်ကူးနိုင်စွမ်းကို အသုံးချပါ။ ပန်းတိုင် ပြည့်မီသွားပြီလို့ စိတ်ကူးကြည့်၊ မြင်ယောင်ကြည့်ပြီး အောင်မြင်မှုအရသာကို ခံစားကြည့်လိုက်ပါ။ အဲဒီနောက် အဆင့်တစ်ဆင့်ချင်းစီကို အောင်မြင်အောင် ဘယ်လိုလုပ်မယ်ဆိုပြီး တွေးကြည့်ပါ။ နောက်ဆုံး၊ တစ်ဆင့်ချင်းစီ အောင်မြင်ပြီး ပန်းတိုင်ပြည့်မီသွားတဲ့အခါ သင်ဘယ်လောက်ပျော်ရွှင်ရမယ်ဆိုတာ တွေးကြည့်ပါ။ အခု စလုပ်ပေတော့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ဒီအကြံပြုချက်တွေက ရေတိုပန်းတိုင်တွေအတွက် ဖြစ်ပေမဲ့ ရေရှည်ပန်းတိုင်တွေအတွက်လည်း အသုံးဝင်ပါတယ်။

အဓိကကျမ်းချက်

‘လုံ့လဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေအောင်မြင် လိမ့်မယ်။’—သုတ္တံ ၂၁:၅ကဘ။

အကြံပြုချက်

ပန်းတိုင်ပြည့်မီနိုင်ဖို့ အစီအစဉ် အတိုင်း မဖြစ်မနေ လုပ်ရမယ်လို့ မထင်ပါနဲ့။ အခြေအနေပေါ် မူတည်ပြီး ပြောင်းသာလွှဲသာ ရှိပါ။

သင်သိပါသလား . . . ?

ကြီးကြီးမားမားပန်းတိုင်တစ်ခုကို ပြည့်မီသွားတယ်ဆိုရင် အောင်မြင်မှုအတွက် ပိုကျေနပ်ပျော်ရွှင်ရတယ်။

သင်ဘယ်လိုထင်သလဲ

● တစ်ကြိမ်တည်းနဲ့ ပန်းတိုင်အများကြီး ချမှတ်နိုင်ပါ့မလား။ —ဖိလိပ္ပိ ၁:၁၀

● ပန်းတိုင်တွေချမှတ်တယ်ဆိုတာ ကိုယ့်ဘဝရဲ့အချိန်တိုင်း၊ စက္ကန့်တိုင်းအတွက် အစီအစဉ်ဆွဲထားတာကို ဆိုလိုသလား။—ဖိလိပ္ပိ ၄:၅

[စာမျက်နှာ ၂၈၃ ပါ အကျဉ်းဖော်ပြချက်]

‘‘ကိုယ့်မှာ ရည်မှန်းချက်ပန်းတိုင် ရေရေရာရာ မရှိဘူးဆိုရင် စိတ်ဓာတ်ကျဖို့လွယ်တယ်။ ဒါပေမဲ့ ပန်းတိုင်တွေချမှတ်ပြီး ပြည့်မီသွားတဲ့အခါ ကျေနပ်ပျော်ရွှင်မှု ခံစားရတယ်။’’—ရိဒ်

[စာမျက်နှာ ၂၈၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

နမူနာပန်းတိုင်များ

မိတ်ဖွဲ့ခြင်း သက်တူရွယ်တူမဟုတ်တဲ့သူတစ်ယောက်နဲ့ မိတ်ဖွဲ့မယ်။ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့လည်း ပြေလည်အောင် ပြန်လုပ်မယ်။

ကျန်းမာရေး တစ်ပတ်ကို အနည်းဆုံး မိနစ် ၉၀ လေ့ကျင့်ခန်းလုပ်မယ်။ တစ်ညကို ရှစ်နာရီပြည့်အောင် အိပ်မယ်။

ကျောင်း သင်္ချာအမှတ် ကောင်းအောင်လုပ်မယ်။ မကောင်းတာလုပ်ဖို့ သူငယ်ချင်းတွေ ဖိအားပေးလာရင် အပြတ်ငြင်းပစ်လိုက်မယ်။

ဘုရားတရားအလုပ် ကျမ်းစာကို နေ့တိုင်း ၁၅ မိနစ် ဖတ်မယ်။ ဒီတစ်ပတ်မှာ အတန်းဖော်ကို ငါ့ခံယူချက်အကြောင်း ပြောပြမယ်။

[စာမျက်နှာ ၂၈၄၊ ၂၈၅ ပါ ရုပ်ပုံ]

ပန်းတိုင်ဆိုတာ အသေးစိတ်ဒီဇိုင်းဆွဲထားတဲ့ ပုံကြမ်းနဲ့တူတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ ဆိုရင် ကြိုးစားလုပ်ဆောင်ရမယ်