မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃

ရှေ့ဆောင်ဆိုတာ ဘာလဲ

ရှေ့ဆောင်ဆိုတာ ဘာလဲ

ကနေဒါ

တစ်အိမ်မှတစ်အိမ် ဟောပြောခြင်း

ကျမ်းစာသင်အံမှု

ကိုယ်ပိုင်လေ့လာမှု

“ရှေ့ဆောင်” ဆိုတဲ့​အသုံးအနှုန်း​က နယ်မြေသစ်​ကို စူးစမ်းရှာဖွေ​တဲ့​သူတွေ၊ တခြား​​သူတွေ သွား​နိုင်​ဖို့ ရှေ့​က​နေ လမ်း​ပြင်ဆင်​ပေးတဲ့​သူတွေ​ကို ရည်ညွှန်း​လေ့ရှိတယ်။ အသက်​ရစေ​တဲ့ အမှု​ဆောင်​လုပ်ငန်းကို လုပ်ဆောင်​ဖို့၊ ကယ်တင်ခြင်း​လမ်း​ကို ဖွင့်ပေး​ဖို့ မြေကြီး​ပေါ် စေလွှတ်​ခံရတဲ့​အတွက်​ ယေရှု​​လည်း ရှေ့ဆောင်​တစ်ယောက်​လို ဖြစ်ခဲ့တယ်။ (မဿဲ ၂၀:၂၈) ယနေ့ ယေရှု​ရဲ့ နောက်လိုက်​တွေဟာ ‘တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း’ မှာ တတ်နိုင်​သလောက် အချိန်​​များများ ပါဝင်ခြင်း​အားဖြင့် ယေရှု​​ကို တုပ​ကြ​တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) တချို့​​သူတွေဟာ ရှေ့ဆောင်​လို့ ကျွန်တော်တို့​ခေါ်တဲ့ လုပ်ငန်းမှာ ပါဝင်​နိုင်ကြ​တယ်။

ရှေ့ဆောင်​ဆိုတာ အချိန်​ပြည့် သတင်းကောင်း ဟောပြောသူ ဖြစ်တယ်။ ယေဟော​ဝါသက်သေ အားလုံးဟာ သတင်းကောင်း ကြေညာသူတွေ ဖြစ်ကြ​တယ်။ ဒါပေမဲ့ တချို့​​သူတွေက ဟောပြောခြင်း​လုပ်ငန်းမှာ တစ်လကို နာရီ ၇၀ ပါဝင်​ရတဲ့ မှန်မှန်ရှေ့ဆောင် အဖြစ်​ အမှု​ဆောင်ဖို့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို စီစဉ်ခဲ့ကြတယ်။ ဒီလုပ်ငန်းမှာ ပါဝင်ဖို့ များစွာသောသူတွေက အချိန်ပိုင်းအလုပ်တွေ ပြောင်းလုပ်ခဲ့ကြတယ်။ တစ်လ နာရီ ၁၃၀ ဒါမှမဟုတ် ဒီထက်မက ပါဝင်ရတဲ့ အထူးရှေ့ဆောင်အဖြစ် နိုင်ငံတော် ကြေညာသူတွေ အလွန် လိုအပ်နေတဲ့နေရာတွေမှာ အမှုဆောင်ဖို့ တချို့သူတွေကို ရွေးချယ်ခန့်အပ်ပါတယ်။ ရှေ့ဆောင်တွေဟာ တော်ရုံသင့်ရုံ အခြေအနေ​နဲ့ ကျေနပ်ရောင့်ရဲ​ကြပြီး အသက်​ရှင်ဖို့ လိုအပ်ရာတွေကို ယေဟော​ဝါ ထောက်ပံ့​ပေးမယ်​ဆိုတာ​ကို ယုံကြည်​စိတ်ချ​ကြ​တယ်။ (မဿဲ ၆:၃၁-၃၃။ ၁ တိမောသေ ၆:၆-၈) ရှေ့ဆောင်လုပ်ငန်း​မှာ အချိန်​ပြည့်​ မပါ​ဝင်နိုင်​တဲ့​သူတွေဟာ တစ်လကို နာရီ ၃၀ ဒါမှမဟုတ်​ ၅၀ အထိ ပါဝင်​ရတဲ့ အရန်ရှေ့ဆောင် အဖြစ်​ အမှု​ဆောင်ကြ​တယ်။

ရှေ့ဆောင်​တွေဟာ ဘုရား​​သခင်​​နဲ့ လူတွေ​ကို ချစ်တဲ့​မေတ္တာ​ရဲ့ လှုံ့ဆော်မှု​ကို ခံ​ရတယ်။ လူ​များစွာ​ဟာ ဘုရား​​သခင်​​နဲ့ ဘုရား​​ရည်ရွယ်ချက်​အကြောင်း သိ​ဖို့ အလွန် လိုအပ်​နေတယ်​ဆိုတာ ယေရှု​​လိုပဲ ကျွန်တော်တို့​လည်း တွေ့ မြင်ကြ​တယ်။ (မာကု ၆:၃၄) လောလော​ဆယ် သူတို့ကို အကျိုးပြု​နိုင်တဲ့​အပြင် အနာဂတ် မျှော်လင့်ချက်​ပါ ပေးနိုင်​တဲ့ အသိပညာ ကျွန်တော်တို့​မှာ ရှိ​ထားတယ်။ လူသားချင်း​ကို ချစ်တဲ့​မေတ္တာ​က တခြား​​သူတွေ သတင်းကောင်း သိရှိ​လာအောင် ကူညီ​ပေး​ရာမှာ မိမိ​​တို့ရဲ့​အချိန်​၊ ခွန်အားကို တလိုတလား အသုံးပြု​ဖို့ ရှေ့ဆောင်​ဖြစ်သူ​ကို လှုံ့ဆော်​တယ်။ (မဿဲ ၂၂:၃၉။ ၁ သက်သာလောနိတ် ၂:၈) အကျိုး​က​တော့ ရှေ့ဆောင်​ဖြစ်သူ​ရဲ့ ယုံကြည်ခြင်း ခိုင်မြဲ​လာပြီး ဘုရား​​သခင်​​နဲ့ ပိုရင်းနှီး​လာတဲ့​အပြင် ပျော်ရွှင်မှု​ပါ ခံစား​ရ​တယ်။—တမန်တော် ၂၀:၃၅

  • ရှေ့ဆောင်​ဆိုတာ ဘယ်သူ​တွေကို ပြောတာလဲ။

  • တချို့​​သူတွေ​ကို အချိန်​ပြည့်​ရှေ့ဆောင်လုပ်ငန်း​မှာ ပါဝင်ဖို့ ဘာက လှုံ့ဆော်​သလဲ။