မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၄

ရှေ့ဆောင်တွေအတွက် ဘာသင်တန်းတွေ ရှိသလဲ

ရှေ့ဆောင်တွေအတွက် ဘာသင်တန်းတွေ ရှိသလဲ

အမေရိကန်​ပြည်ထောင်စု

ဂိလဒ်​သင်တန်း၊ ပက်​တာ​စင်၊ နယူးယောက်

ပ​နား​မား

ယေဟော​ဝါ​သက်သေ​တွေဟာ သင်တန်း​တွေ ကျင်းပ​ပေး​လာ​တာ နှစ်များ​စွာ ရှိနေ​ပါ​ပြီ။ နိုင်ငံ​တော်​ဟောပြောခြင်း​လုပ်ငန်းမှာ အချိန်​ပြည့်​ပါဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်​ထားသူ​တွေအတွက်​ အထူး​သင်တန်း​တွေ ပြင်ဆင်ပေး​ထားပါတယ်၊ အဲဒါ​​မှ သူတို့​တစ်​တွေ “ဘုရားပေး တာ​ဝန်​ကို ကျေပွန်​အောင် ဆောင်ရွက်” နိုင်မယ်။—၂ တိမောသေ ၄:၅

ရှေ့ဆောင်လုပ်ငန်း​သင်တန်း။ မှန်မှန်ရှေ့ဆောင်​လုပ်တာ တစ်နှစ်​ပြည့်​ပြီ​ဆိုရင် အနီးအနား​က ဝတ်ပြုရာခန်းမ​တစ်ခုမှာ ခြောက်ရက်​ကြာ ပို့ချ​တဲ့​သင်တန်းကို တက်ရောက်​နိုင်မယ်။ သင်တန်း​ရဲ့ ရည်ရွယ်ချက်​က ရှေ့ဆောင်​ကို ယေဟော​ဝါနဲ့ ပို​ရင်းနှီး​စေဖို့၊ အမှု​ဆောင်လုပ်ငန်း ကဏ္ဍ​တိုင်းမှာ ပို​ထိရောက်​စေဖို့​နဲ့ အမှု​ဆောင်လုပ်ငန်းမှာ ဆက်​ပါဝင်​နိုင်​ဖို့ ဖြစ်တယ်။

နိုင်ငံ​တော်​သတင်းကောင်း ဟောပြောသူများ​အတွက်​ သင်တန်း။ နှစ်​လ​ကြာ​တဲ့ ဒီသင်တန်း​ဟာ အိမ်​က​နေ ထွက်ခွာ​ပြီး လိုအပ်​တဲ့ ဘယ်​နေရာမှာ​မဆို အမှု​ဆောင်ဖို့ လိုလိုလားလား​ရှိတဲ့ အတွေ့အကြုံ​ရှိပြီး​သား ရှေ့ဆောင်​တွေကို လေ့ကျင့်ပေး​တဲ့​သင်တန်း ဖြစ်တယ်။ တကယ်တော့ သူတို့ဟာ အကြီးမြတ်ဆုံး သတင်းကောင်း​ဟောပြောသူ ယေရှု​​ခရစ်ကို တုပ​ပြီး “ကျွန်တော် ရှိ​ပါတယ်။ ကျွန်တော့်ကို စေလွှတ်​ပါ” လို့ ပြော​နေကြ​တာ ဖြစ်တယ်။ (ဟေရှာယ ၆:၈။ ယောဟန် ၇:၂၉) အိမ်နဲ့ ဝေး​တဲ့​နေရာ​ကို သွား​ရတဲ့​အတွက်​ ရိုးရိုး​ရှင်းရှင်း နေထိုင်​ဖို့ လို​ပါမယ်။ နေသားကျ​နေတဲ့ ယဉ်ကျေးမှု၊ ရာသီဥတု၊ အစားအသောက်​တွေနဲ့ လုံးဝ မတူတော့တာ ဖြစ်နိုင်တယ်။ ဘာသာစကားအသစ်တစ်ခုကိုတောင် သင်ယူဖို့ လိုအပ်နိုင်တယ်။ ဒီသင်တန်းက အသက် ၂၃ နှစ်ကနေ ၆၅ နှစ်အထိရှိတဲ့ တစ်ကိုယ်ရေ ညီအစ်ကို၊ ညီအစ်မတွေ၊ အိမ်ထောင်သည် မောင်နှံတွေကို တာဝန်အတွက် လိုအပ်တဲ့ အရည်အသွေးတွေ ပျိုးထောင်ဖို့နဲ့ ယေဟောဝါနဲ့ ကိုယ်တော့် အဖွဲ့အစည်းအတွက် ပိုအသုံးဝင်တဲ့သူတွေ ဖြစ်ဖို့ ကူညီ​ပေးတယ်။

ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်း။ “ဂိလဒ်” ဆိုတဲ့ ဟီဘရူး စကား​လုံးက “သက်သေ​အစုအပုံ” လို့ အဓိပ္ပာယ်​ရတယ်။ ၁၉၄​၃ ခုနှစ်​ကစပြီး ဂိလဒ်​သင်တန်း​က ခရစ်ယာန်​သာသနာပြု ၈,၀​၀​၀ ကျော်​ကို လေ့ကျင့်ပေး​ခဲ့​ပြီ။ သာသနာပြု​တွေဟာ “ကမ္ဘာမြေ​အစွန်အဖျား​အထိ” သက်သေခံ​ပြီး အကြီးအကျယ် အောင်မြင်​ခဲ့ကြတယ်။ (တမန်တော် ၁၃:၄၇) ပီရူး​နိုင်ငံမှာ သာသနာပြု​တွေ စ​ရောက်​တုန်းက အသင်း​တော်​တစ်ခု​မှ မရှိ​ဘူး။ အခု​ဆိုရင် အသင်း​တော် ၁,၀​၀​၀ ကျော် ရှိနေ​ပြီ။ ဂျပန်နိုင်ငံ​ကို သာသနာပြု​တွေ စ​ရောက်​တုန်းက သက်သေခံ ဆယ်ယောက်​တောင် မပြည့်​ဘူး၊ အခု​ဆိုရင် ၂၀၀,၀​၀​၀ ကျော် ရှိနေ​ပြီ။ ငါးလ​ကြာ​တဲ့ ဒီ​သင်တန်း​မှာ သမ္မာကျမ်းစာ​ကို အသေးစိတ် လေ့လာ​ရတယ်။ အထူးရှေ့ဆောင်၊ သာသနာပြု​အဖြစ်​ အမှု​ဆောင်​နေ​သူတွေ၊ ဌာနခွဲရုံး​မှာ အမှု​ဆောင်​နေ​သူ၊ တိုက်နယ်​လုပ်ငန်းမှာ ပါဝင်​နေ​သူတွေဟာ ဒီ​သင်တန်း တက်ဖို့ ဖိတ်ခေါ် ခံ​ရတယ်။ သူတို့ဟာ ကမ္ဘာချီ​လုပ်ငန်းကို ကူညီ​​ထောက်ပံ့​ဖို့ ထိရောက်တဲ့ လေ့ကျင့်မှု​ကို ခံယူကြရတယ်။

  • ရှေ့ဆောင်လုပ်ငန်း​သင်တန်း​ရဲ့ ရည်ရွယ်ချက်​က ဘာလဲ။

  • နိုင်ငံ​တော်​သတင်းကောင်း ဟောပြောသူများ​အတွက်​ သင်တန်းကို ဘယ်သူ​တွေအတွက်​ ပြင်ဆင်ပေး​ထား​သလဲ။