မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၁

ဗေသလဆိုတာ ဘာလဲ

ဗေသလဆိုတာ ဘာလဲ

ပန်းချီ​ဌာန၊ အမေရိကန်​ပြည်ထောင်စု

ဂျာမနီ

ကင်​ညာ

ကိုလံဘီယာ

ဟီဘရူး​နာမည်​ ဗေသလ​ဆိုတာက “ဘုရား​သခင်​ရဲ့ အိမ်တော်” လို့​ အဓိပ္ပာယ် ရှိ​ပါတယ်။ (ကမ္ဘာဦး ၂၈:၁၇၊ ၁၉) ဒီ​နာမည်​ဟာ ဟောပြောခြင်း​လုပ်ငန်းကို ညွှန်ကြား၊ ထောက်ပံ့​ဖို့ ယေဟော​ဝါ​သက်သေ​တွေ ကမ္ဘာ​တစ်ဝန်း​မှာ ဆောက်လုပ်​ထားတဲ့ အဆောက်အဦ​တွေအတွက်​ သင့်တော်​တဲ့​နာမည် ဖြစ်တယ်။ အုပ်ချုပ်ရေးအဖွဲ့​က အမေရိကန်၊ နယူးယောက် ပြည်နယ်​မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်​မှာ အမှု​ဆောင်​ကြပြီး အဲဒီ​ကနေ နိုင်ငံ​များစွာ​မှာရှိတဲ့ ဌာနခွဲရုံး​တွေရဲ့ လုပ်ဆောင်မှု​တွေကို ကြီးကြပ်​ပါတယ်။ ဌာနခွဲရုံး​တွေမှာ အမှု​ဆောင်​နေကြ​သူတွေ​ကို အုပ်စု​လိုက်​အနေနဲ့ ဗေသလ​မိသား​စု​လို့ ခေါ်တယ်။ မိသား​စု​တစ်စု​လိုပဲ သူတို့​ဟာ စည်းလုံးစွာ​နဲ့ အတူ​နေထိုင်၊ အတူ​အလုပ်လုပ်၊ အတူ​စား​ကြပြီး အတူ ကျမ်းစာ​လေ့လာ​ကြ​တယ်။—ဆာလံ ၁၃၃:၁

ကိုယ်ကျိုးစွန့်စိတ်ဓာတ်​နဲ့ မိသား​စုဝင်​တွေလို အမှု​ဆောင်​ကြတဲ့ အထူး​နေရာ​ဖြစ်တယ်။ ဗေသလ​အဆောက်အဦ​တိုင်းမှာ ဘုရား​သခင့်​အလိုတော်ကို စိတ်နှလုံး​အကြွင်းမဲ့ ဆောင်ရွက်​ပြီး နိုင်ငံ​တော်​လုပ်ငန်းမှာ အချိန်​ပြည့် လုပ်ဆောင်​နေကြ​တဲ့ ခရစ်ယာန်​အမျိုးသား အမျိုးသမီး​တွေ ရှိ​ကြ​တယ်။ (မဿဲ ၆:၃၃) သူတို့​တွေဟာ လုပ်အားခ၊ လစာ မရ​ကြပေမဲ့ နေစရာ​အခန်း၊ အစားအစာ​နဲ့ ကိုယ်ပိုင် ကုန်ကျစရိတ်​တွေအတွက်​ သတ်မှတ်ထားတဲ့ စိုက်​သုံး​ငွေ ရရှိတယ်။ ဗေသလ​မိသား​စုဝင်​ယောက်တိုင်း​မှာ တာဝန်ကို​ယ်​စီ ရှိ​ကြပြီး ရုံးခန်း၊ စား​ဖို​ဆောင်၊ ထမင်းစားခန်း​တို့​မှာ လုပ်ဆောင်ကြ​တယ်။ တချို့​​သူတွေက ပုံနှိပ်၊ စာအုပ်​ချုပ်၊ အိမ်မှုပြု​စု၊ အဝတ်​လျှော်၊ ပြုပြင်​ထိန်းသိမ်းရေး၊ တခြား​​အလုပ်တွေကို လုပ်ဆောင်​ကြ​တယ်။

ဟောပြောခြင်း​လုပ်ငန်းကို ထောက်ပံ့ကူညီ​​ဖို့ အလုပ်များ​နေတဲ့​နေရာ ဖြစ်တယ်။ ဗေသလ​တိုင်း​ရဲ့ အဓိက​ရည်ရွယ်ချက်ကတော့ သမ္မာကျမ်းစာ အမှန်တရားကို လူများ​နိုင်သမျှ များများ​ဆီ ရောက်ရှိ​စေဖို့​ပါပဲ။ ဒီ​ဘရိုရှာ​က ဥပမာတစ်ခု ဖြစ်ပါတယ်။ ဒီ​ဘရိုရှာ​ကို အုပ်ချုပ်​ရေး​အဖွဲ့ရဲ့ ကြီးကြပ်မှု​အောက်မှာ ရေးသားပြုစု​ပြီး ကမ္ဘာ​တစ်ဝန်း​မှာရှိတဲ့ ဘာသာ​ပြန်အဖွဲ့​တွေဆီ ကွန်ပျူတာ​စနစ်​နဲ့ ပို့ပေး​တယ်။ ဗေသလအိမ်​တချို့​​မှာရှိတဲ့ မြန်​နှုန်း​မြင့် ပုံနှိပ်စက်​တွေနဲ့ ပုံနှိပ်​ပြီး အသင်း​တော် ၁၁၀,၀​၀​၀ ကျော်​ဆီ ပို့ပေး​တယ်။ ဒီ​လုပ်ဆောင်မှု​အဆင့်​တိုင်းမှာ ဗေသလ​မိသား​စုဝင်​တွေ ပါဝင်​ကြပြီး အရေး​​အကြီးဆုံး လုပ်ငန်း​ဖြစ်တဲ့ သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်းကို ထောက်ကူ​နေခြင်း​ဖြစ်တယ်။—မာကု ၁၃:၁၀

  • ဗေသလ​မှာ ဘယ်သူ​တွေ အမှု​ဆောင်​နေကြ​သလဲ။ သူတို့ကို ဘာတွေ ထောက်ပံ့​ပေးထား​သလဲ။

  • ဗေသလ​တိုင်း​ရဲ့ လုပ်ဆောင်မှု​တွေ​က အရေး​ကြီးတဲ့ ဘယ်​အလုပ်ကို ထောက်ကူ​နေခြင်း​လဲ။