မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃

ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား

ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား

၁။ ကျမ်းစာ​ရဲ့ အာဘော်ရှင်​က ဘယ်သူ​လဲ။

လူတွေ ကမ္ဘာ​ပေါ် ထာဝစဉ်​အသက်​ရှင်​နိုင်မယ်​ဆိုတဲ့ သတင်းကောင်း ကျမ်းစာမှာ​ပါတယ်။ (ဆာလံ ၃၇:၂၉) ကျမ်းစာကို စာစောင်​ငယ် ၆၆ စောင်​နဲ့ ဖွဲ့စည်းထား​ပါတယ်။ ဒါပေမဲ့ ကျမ်းစောင်တွေကို ရေး​ဖို့ သစ္စာရှိ​အမျိုးသား အ​ယောက် ၄၀ လောက်​ကို ဘုရား​သခင် အသုံးပြု​ခဲ့တယ်။ ကျမ်းစာ​ရဲ့ ဦးဆုံး​ကျမ်း ငါးစောင်​ကို လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ လောက်​က မောရှေ ရေးသားခဲ့တယ်။ နောက်ဆုံး​ကျမ်းစောင်​ကိုတော့ လွန်ခဲ့တဲ့ အနှစ် ၁,၉၀၀ ကျော်​လောက်​က တမန်တော်​ယောဟန် ရေးသားခဲ့တယ်။ ကျမ်း​ရေးသူတွေ​က ဘယ်သူ့​စိတ်ကူး​တွေကို ချရေး​ခဲ့ကြ​တာလဲ။ ဘုရား​သခင်​က သန့်ရှင်းသောစွမ်းအားတော်​က​နေ​တစ်ဆင့် ကျမ်း​ရေးသူတွေ​နဲ့ ဆက်သွယ်​ခဲ့​ပါတယ်။ (၂ ရှမွေလ ၂၃:၂) ဒီအချက်ကို​ကြည့်ရင် ကျမ်း​ရေးသူတွေ​က ကိုယ်ပိုင်​စိတ်ကူး​တွေကို မဟုတ်ဘဲ ဘုရားသခင့်​စိတ်ကူး​နဲ့ အတွေးအခေါ်​တွေကို ရေးခဲ့​ခြင်း​ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာ​ရဲ့ အာဘော်ရှင်​ဟာ ဘုရား​သခင်​ပဲ ဖြစ်ပါတယ်။​—၂ တိမောသေ ၃:၁၆။ ၂ ပေတရု ၁:၂၀၊ ၂၁ တို့ကိုဖတ်ပါ။

ကျမ်းစာ​ရဲ့ အာဘော်ရှင်​က ဘယ်သူ​လဲ ဗီဒီယိုကိုကြည့်ပါ။

၂။ ကျမ်းစာက ဘုရား​သခင်​ဆီက​လာ​တာ​လို့ ဘာကြောင့် ပြော​နိုင်သလဲ။

ဘာကြောင့် ပြောနိုင်​တာလဲ​ဆိုတော့ ကျမ်းစာက အနာဂတ်မှာ ဖြစ်​မယ့်​အရာ​တွေကို​ အသေးစိတ်​က​အစ ကြိုပြော​ထားလို့ပါ​ပဲ။ ဘယ်​လူသား​ကမှ အဲဒီလို ကြို​မပြော​နိုင်​ဘူး။ (ယောရှု ၂၃:၁၄) အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရား​သခင်​သာ လူတွေ​ရဲ့​အနာဂတ်​ကို အတိအကျ ကြိုမြင်​နိုင်စွမ်း​ရှိ​ပါတယ်။​—ဟေရှာယ ၄၂:၉။ ၄၆:၁၀ ကိုဖတ်ပါ။

ဘုရား​သခင်​ဆီက​လာတဲ့ စာအုပ်​ဆိုရင် တကယ့်ကို ထူးခြား​လိမ့်မယ်​ဆိုတာ ကျွန်တော်​တို့ ယုံကြည်​တယ်၊ တကယ်​လည်း ထူးခြား​နေပါတယ်။ ကျမ်းစာကို ဘာသာစကား​ပေါင်း​များစွာ​နဲ့ အုပ်ရေ​သန်းပေါင်းများစွာ ထုတ်ဝေ​ပြီးသွား​ပါ​ပြီ။ ကျမ်းစာက ရှေးကျ​ပေ​မဲ့ သိပ္ပံ​ပညာနဲ့​လည်း ကိုက်ညီမှု​ရှိတယ်။ ဒါ့အပြင် ကျမ်း​ရေးသူ အ​ယောက် ၄၀ ရှိပေမဲ့​လည်း သူတို့ရဲ့ ရေးသား​မှုတွေ​မှာ ဆန့်ကျင်​ကွဲလွဲ​တာ မရှိဘူး။ * ကျမ်းစာက ဘုရား​သခင့်​မေတ္တာ​အကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြပြီး အခု​အချိန်​ထိ လူတွေ​ရဲ့ အသက်တာ​ကို ပြောင်းလဲ​ပေးနိုင်စွမ်း ရှိနေတုန်း​ပါပဲ။ အဲဒီ​အချက်​တွေကြောင့် သန်းနဲ့ချီတဲ့​လူတွေ​ဟာ ကျမ်းစာကို ဘုရားသခင့်​စကားတော်​လို့ ယုံကြည်​နေတာ​ဖြစ်ပါတယ်။​—၁ သက်သာလောနိတ် ၂:၁၃ ကိုဖတ်ပါ။

ကျမ်းစာက ဘုရား​သခင်​ဆီက​လာ​တာ​လို့ ဘာကြောင့် ပြော​နိုင်သလဲ ဗီဒီယိုကိုကြည့်ပါ။

၃။ ကျမ်းစာ​ထဲမှာ ဘာအကြောင်း​တွေ ပါသလဲ။

ကျမ်းစာ​ရဲ့ အဓိက​အကြောင်း​တစ်ခု​က လူတွေ​အတွက် ဘုရား​သခင် ပြင်ဆင်ပေး​မယ့် ကောင်းမြတ်လှ​တဲ့ အနာဂတ်​သတင်းကောင်း ဖြစ်ပါတယ်။ သာယာလှပ​တဲ့​ကမ္ဘာ​ပေါ် အသက်​ရှင်​ရမယ့်​အခွင့်ထူး​ဟာ လူ့သမိုင်း​စတင်​ကတည်းက ဘယ်လို ဆုံးရှုံး​သွားတယ်၊ ဒါပေမဲ့ ဒီ​ကမ္ဘာကြီး​က သာယာလှပ​တဲ့ ပရဒိသု​ဥယျာဉ် ဘယ်လို​ပြန်​ဖြစ်လာမယ် ဆိုတဲ့​အကြောင်း​တွေကို ကျမ်းစာက ရှင်းပြပါ​တယ်။​—ဗျာဒိတ် ၂၁:၄၊ ၅ ကိုဖတ်ပါ။

ကျမ်းစာမှာ ပညတ်​တွေ၊ မူတွေ​နဲ့ အကြံပေးချက်​တွေလည်း ပါရှိတယ်။ ဘုရား​ သခင်​က သူ့​လူမျိုးနဲ့ ဘယ်လို ဆက်ဆံ​သလဲ​ဆိုတာ​တွေလည်း ပါတယ်။ အဲဒါတွေကို​ ကြည့်ပြီး ဘုရား​သခင်​က ဘယ်လို​ပုဂ္ဂိုလ်​မျိုးလဲ​ဆိုတာ ကျွန်တော်တို့ သိရှိ​နိုင်ပါတယ်။ ဒါကြောင့် ဘုရား​သခင်​အကြောင်း​သိအောင် ကျမ်းစာက ကူညီပေး​နိုင်ပါတယ်။ ဘုရားသခင့်​မိတ်ဆွေ ဘယ်လို​ဖြစ်နိုင်သလဲ​ဆိုတာ​ကိုပါ ရှင်းပြ​ပေး​နိုင်ပါတယ်။​—ဆာလံ ၁၉:၇၊ ၁၁။ ယာကုပ် ၂:၂၃၊ ၄:၈ တို့ကိုဖတ်ပါ။

၄။ ကျမ်းစာကို နားလည်အောင် ဘာက ကူညီပေး​မ​လဲ။

ဒီ​စာစောင်​က ကျမ်းစာကို နားလည်အောင် ကူညီပေး​မှာ​ဖြစ်တယ်။ ဒီ​စာစောင်​က ယေရှု​သုံး​ခဲ့တဲ့​နည်း​ကိုပဲ သုံး​ထားပါတယ်။ ယေရှုဟာ ကျမ်းချက်​တစ်ချက် ကိုးကား​ပြီး​တိုင်း “ကျမ်းချက်တွေ​ရဲ့ အဓိပ္ပာယ်” ကို ရှင်းပြ​ခဲ့တယ်။​—လုကာ ၂၄:၂၇၊ ၄၅ ကိုဖတ်ပါ။

ဘုရား​သခင်​ဆီက​လာတဲ့ သတင်းကောင်း​က တခြား​သတင်း​တွေ​ထက် ပို​စိတ်ဝင်စား​ဖို့​ကောင်း​ပါတယ်။ ဒါပေမဲ့ အဲဒီ​သတင်းကောင်းကို လူတချို့ စိတ်မဝင်စား​ကြဘူး။ တချို့​ဆိုရင် စိတ်အနှောင့်အယှက်​တောင် ဖြစ်ကြ​သေးတယ်။ သူတို့​ကြောင့် စိတ်ဓာတ်မကျ​ပါနဲ့။ သင့်ရဲ့ ထာဝရ​အသက်​မျှော်လင့်ချက်​က ဘုရား​သခင်​အကြောင်း ဘယ်လောက်​သိ​သလဲ ဆိုတဲ့အချက်​အပေါ် မူတည်​နေပါတယ်။​—ယောဟန် ၁၇:၃ ကိုဖတ်ပါ။

 

^ အပိုဒ်၊ 3 လူ​ခပ်သိမ်း​အတွက် စာအုပ်တစ်အုပ် စာစောင်​ကို ကြည့်ပါ။