မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း သုံး

‘ယုံကြည်ခြင်းရှိသူတွေရဲ့ ဖခင်’

‘ယုံကြည်ခြင်းရှိသူတွေရဲ့ ဖခင်’

၁၊ ၂။ နောဧ​ခေတ်​နောက်ပိုင်း ကမ္ဘာကြီး ဘယ်လို​ပြောင်းလဲသွား​သလဲ။ အဲ​ဒါ​နဲ့​ပတ်​သက်​ပြီး အာ​ဗြံ​ ဘယ်လို ခံစား​ခဲ့​ရ​သလဲ။

အာဗြံ မော့ကြည့်​လိုက်တဲ့အခါ သူ့ရဲ့ ဇာတိ​မြို့ ဥရ​မှာ ထင်ထင်ရှားရှား တည်ရှိ​နေတဲ့ ဇိ​ဂ​ရတ်​ဗိမာန်​ကို မြင်ရတယ်။ * အဲဒီ​နေရာမှာ လူတွေ အုတ်​အုတ်​ကျက်​ကျက် ဖြစ်နေပြီး မီးခိုး​တွေ တလူလူ​ တက်​နေတယ်။ လ​နတ်​ဘုရားရဲ့ နတ်​ဆရာတွေက ယဇ်​တွေ ပူဇော်​နေကြ​ပြန်​ပြီ။ အာဗြံ မျက်နှာလွှဲ​လိုက်ပြီး ခေါင်းတခါခါ​နဲ့ မျက်​မှောင်​ကြုတ်​နေတာကို မြင်ယောင်​ကြည့်ပါ။ လူစည်ကားတဲ့ လမ်း​တွေကို​ဖြတ်​ပြီး အိမ်​ပြန်သွား​ရင်း ဥရ​မြို့​က လူတွေရဲ့ ရုပ်တု​ကိုးကွယ်မှု​အကြောင်း သူ စဉ်းစားမိ​မှာ​ပဲ။ ရုပ်တု​ကိုးကွယ်မှုဟာ နောဧ​ခေတ်​နောက်ပိုင်းမှာ တစ်​ကမ္ဘာလုံး ပျံ့နှံ့​သွားတာ ဖြစ်တယ်။

နောဧဟာ အာဗြံ မမွေးခင် နှစ်နှစ်​အလိုမှာ ကွယ်လွန်​သွားတယ်။ ဘိုးဘေး​နောဧ​နဲ့ သူ့​မိသားစုဟာ ရေလွှမ်းမိုး​ဘေး​ပြီးနောက် သင်္ဘော​ထဲ​ကနေ ထွက်လာတဲ့​အခါ ယေဟောဝါ​ဘုရားဆီ ပူဇော်သက္ကာ ဆက်သခဲ့တယ်။ အဲဒီအခါ ဘုရားသခင်က သက်တံ​ကို ပေါ်​စေခဲ့တယ်။ (က. ၈:၂၀။ ၉:၁၂-၁၄) အဲဒီ​အချိန်တုန်းက လူ​အားလုံးဟာ ယေဟောဝါ​ဘုရားကိုပဲ ဝတ်ပြု​ကိုးကွယ်​ကြ​တာ။ ဒါပေမဲ့ အခု နောဧ​ကနေ ဆင်းသက်​လာတဲ့ လူမျိုးဆက် ၁၀ ဆက်​မြောက်​ဟာ ကမ္ဘာ​အနှံ့ ရောက်ရှိ​နေတယ်။ သူတို့​အထဲမှာ ယေဟောဝါ​ဘုရားကို ဝတ်ပြု​ကိုးကွယ်တဲ့​သူတွေ နည်း​သည်ထက် နည်း​လာတယ်။ နေရာအနှံ့​မှာ ရောက်ရှိနေ​တဲ့ လူတွေဟာ နတ်​ဘုရားတွေကို ကိုးကွယ်​ကြတယ်။ အာဗြံ​ရဲ့​ဖခင် တေရ​လ​ည်း​ပဲ ရုပ်တုတွေ ထုလုပ်​သူ ဖြစ်နိုင်တယ်။—ယောရှု ၂၄:၂

အာဗြံ​ဟာ အတု​ယူ​ထိုက်​တဲ့ ယုံ​ကြည်​ခြင်း​ရှိ​သူ ဘယ်​လို ဖြစ်​လာ​သလဲ

၃။ အာဗြံ အသက်ကြီး​လာတဲ့အခါ ဘယ်​အရည်အသွေး ပို​ထင်ရှား​လာသလဲ။ အဲဒီကနေ ဘာသင်ယူနိုင်သလဲ။

အာဗြံ​ကတော့ ဥရ​မြို့သား​တွေ​နဲ့ မတူဘူး။ နှစ်တွေ ကုန်လွန်​သွား​လေ သူ့ရဲ့ ယုံကြည်ခြင်း​ကြောင့် တခြား​သူတွေနဲ့ မတူ​လေ​ပဲ။ နောက်ပိုင်းမှာ သန့်ရှင်းသော​စွမ်းအားတော် အကူအညီ​နဲ့ တမန်တော်​ပေါလုက အာဗြံ​ကို ‘ယုံကြည်ခြင်း ရှိသူတွေရဲ့ ဖခင်’ လို့ ခေါ်ခဲ့တယ်။ (ရောမ ၄:၁၁ ကိုဖတ်ပါ။) အာဗြံ​ရဲ့ ယုံကြည်ခြင်းကို ဘာက တိုးပွား​စေခဲ့သလဲ။ ကြည့်ကြစို့။ ယုံကြည်ခြင်း တိုးပွား​စေဖို့ အာဗြံ​ဆီကနေ ကျွန်တော်တို့ အများကြီး သင်ယူနိုင်တယ်။

ရေလွှမ်းမိုး​ပြီးနောက် ယေဟောဝါ​ဘုရားကို ဝတ်ပြု​ကိုးကွယ်​ကြ

၄၊ ၅။ ယေဟောဝါ​အကြောင်း ဘယ်သူ့​ဆီကနေ အာဗြံ ကြားသိ​ခဲ့​ပုံ​ရသလဲ။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။

ယေဟောဝါ​ဘုရား​အကြောင်း အာဗြံ ဘယ်လို သိလာ​သလဲ။ သူ့​အချိန်တုန်းက ကမ္ဘာပေါ်မှာ ယေဟောဝါ​ဘုရားကို သစ္စာရှိ​ရှိ ဝတ်ပြု​တဲ့​သူတွေ​ရှိတယ်။ တစ်ယောက်ကတော့ ရှေမ​ပါပဲ။ ရှေမ​ဟာ နောဧ​ရဲ့​သား သုံးယောက်​ထဲ​က အကြီးဆုံး မဟုတ်ပေမဲ့ သူ့​နာမည်ကို အရင်ဆုံး ဖော်ပြလေ့​ရှိတာ​က ရှေမ​မှာ ထူးခြားတဲ့ ယုံကြည်ခြင်း​ရှိလို့​ပါ။ * ရေလွှမ်းမိုး​ပြီးနောက်မှာ နောဧ​က ယေဟောဝါ​ဘုရားကို “ရှေမ​ရဲ့ ဘုရားသခင်” လို့ ခေါ်​ခဲ့​ဖူး​တ​ယ်။ (က. ၉:၂၆) ရှေမ​ဟာ ယေဟောဝါ​ဘုရားကို ကြည်ညို​လေးစား​ပြီး စင်ကြယ်​တဲ့ ဝတ်ပြုရေး​ကို တန်ဖိုး​ထားတယ်။

ရှေမ​ကို အာဗြံ သိခဲ့​သလား။ သိခဲ့​ပုံ​ရတယ်။ ကလေး​အရွယ် အာဗြံ​ကို မြင်ယောင်​ကြည့်ပါ။ အနှစ်​လေး​ရာ​ကျော် အသက်ရှင်​ခဲ့​တဲ့ ရှေ့​မီ​နောက်​မီ ဘိုးဘေး​တစ်ယောက် သူ့မှာ​ရှိတယ်လို့ ကြားသိ​ရတဲ့အခါ သူ ဘယ်လောက် ဝမ်းသာ​လိုက်မလဲ။ ရေလွှမ်းမိုး​ဘေး မတိုင်ခင်​က ဆိုးသွမ်းမှု​တွေ၊ ကမ္ဘာကို သန့်စင်ပေး​ခဲ့​တဲ့ ရေလွှမ်းမိုး​ဘေး၊ ကမ္ဘာပေါ်မှာ လူတွေ တိုးများ​လာတဲ့အခါ လူမျိုး​တွေ စ​ဖြစ်ပေါ်လာ​တာ၊ ဘေဘယ်လ် ရဲတိုက်​မှာ နိမ်​ရော​ဒရဲ့ ပုန်ကန်မှု​ကြောင့် အမှောင်​လွှမ်း​ခဲ့​တာတွေကို ရှေမ တွေ့ကြုံခဲ့​ရတယ်။ သစ္စာ​ရှိတဲ့ ရှေမ​က နိမ်​ရော​ဒရဲ့ ပုန်ကန်မှုမှာ မပါဝင်​ခဲ့​ဘူး။ ဒါကြောင့် ရဲတိုက် ဆောက်လုပ်သူ​တွေရဲ့ ဘာသာစကားကို ယေဟောဝါ​ဘုရား ရှုပ်ထွေး​စေခဲ့တဲ့ အချိန်မှာ ရှေမ​နဲ့ သူ့​မိသားစုဟာ နောဧ ပြောတဲ့ မိခင်​ဘာသာစကားကို​ပဲ ဆက်ပြောတယ်။ အဲဒီ​မိသားစု​ထဲမှာ အာဗြံ​လ​ည်း ပါတယ်။ ဒါကြောင့်​လည်း အာဗြံ​ဟာ ရှေမ​ကို သိပ်​လေးစား​ခဲ့​မှာ​ပဲ။ အဲဒီအပြင် အာ​ဗြံ အသက်​ကြီး​လာ​တဲ့​အထိ ရှေ​မ အသက်​ရှ​င်​နေ​တုန်း​ပဲ။ ဒါကြောင့် ယေဟောဝါ​အကြောင်း ရှေမ​ဆီကနေ အာဗြံ ကြားသိ​ခဲ့​ပုံ​ရတယ်။

ဥရ​မြို့မှာ ပျံ့နှံ့နေ​တဲ့ ရုပ်တုကိုးကွယ်မှု​ကို အာဗြံ ငြင်းပယ်ခဲ့

၆။ (က) ရေလွှမ်းမိုး​ဘေး အဖြစ်အပျက်က​နေ အာဗြံ ဘာသင်ခန်းစာ ရခဲ့​သလဲ။ (ခ) အာဗြံ​နဲ့ စာရဲ​တို့ရဲ့ ဘဝဟာ ဘယ်လို ဘဝမျိုး​လဲ။

ဘာပဲ​ဖြစ်ဖြစ် ရေလွှမ်းမိုး​ဘေး အဖြစ်အပျက်က​နေ အာဗြံ သင်ခန်းစာ​ရခဲ့တယ်။ အဲဒါကြောင့် သူလည်း နောဧ​လို​ပဲ ဘုရားသခင် နှစ်သက်တာကို ကြိုးစား​လုပ်ခဲ့တယ်။ ရုပ်တုတွေ မကိုးကွယ်​ခဲ့​ဘူး။ ဥရ​မြို့သား​တွေ​နဲ့​လ​ည်း မတူ​ခဲ့​ဘူး။ သူ့ရဲ့ မိသားစု ရင်း​ချာ​တွေ​နဲ့​တောင် မတူဘူး။ ဒီလိုနဲ့ စာရဲ​ဆိုတဲ့ ဇနီးကောင်း​တစ်ယောက် ရခဲ့တယ်။ စာရဲ​ဟာ သူ့ရဲ့ အလှ​ကြောင့်​သာမက ယေဟောဝါကို ယုံကြည်ခြင်း​ကြောင့်ပါ တကယ်​ထူးခြားတဲ့ အမျိုးသမီး​တစ်ယောက် ဖြစ်ခဲ့တယ်။ * အာဗြံ​တို့ ဇနီးမောင်နှံ​မှာ သားသမီး မရှိပေမဲ့ ယေဟောဝါ​ဘုရားကို စိတ်​တူ​ကိုယ်​တူ ဝတ်ပြု​ကိုးကွယ်​ရလို့ ပျော်ရွှင်ခဲ့​ကြမှာပဲ။ သူတို့ဟာ အာဗြံ​ရဲ့ တူ​ဖြစ်တဲ့ မိဘမဲ့​ကလေး လောတ​ကို နောက်ပိုင်းမှာ မွေးစား​ခဲ့​ကြတယ်။

။ ယေရှုရဲ့ တပည့်တွေဟာ အာဗြံ​ကို ဘယ်လို တုပ​ရမလဲ။

အာဗြံ​ဟာ ယေဟောဝါ​ဘုရားကို အမြဲ​သစ္စာ​ရှိတယ်။ ဥရ​မြို့ရဲ့ ရုပ်တု​ကိုးကွယ်မှုနဲ့ ကင်းကင်းရှင်းရှင်း နေခဲ့​တ​ယ်။ အာဗြံ​နဲ့ စာရဲ​ဟာ ရုပ်တု​ကိုးကွယ်တဲ့ အဲဒီ​အသိုင်းအဝိုင်းမှာ ထူးခြားတဲ့​သူတွေ ဖြစ်ချင်ကြတယ်။ ကျွန်တော်တို့လည်း စစ်မှန်တဲ့​ယုံကြည်ခြင်း တိုးပွား​ချင်​ရင် အဲဒီလို စိတ်ထား​မျိုး ရှိဖို့​လိုတယ်။ လောက​နဲ့ တူ​ချင်စိတ် မရှိ​ရ​ဘူး။ တပည့်တွေဟာ “ဒီ​လောက​နဲ့ ဘာမှ မပတ်သက်” ရ​ဘူးလို့ ယေရှု မိန့်မှာခဲ့တယ်။ အဲဒါကြောင့် လောက,က သူတို့ကို မုန်း​လိမ့်မယ်လို့​တောင် ပြောခဲ့တယ်။ (ယောဟန် ၁၅:၁၉ ကိုဖတ်ပါ။) ယေဟောဝါ​ဘုရားကို ဝတ်ပြုဖို့ ဆုံးဖြတ်တဲ့​အခါ မိသားစု၊ အသိုင်းအဝိုင်းရဲ့ ပစ်ပယ်​တာ​ကို ခံရလို့ စိတ်ထိခိုက်​ရင် သင်​တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ။ ဘုရားကို သစ္စာ​ရှိခဲ့တဲ့ အာဗြံ​နဲ့ စာရဲ​တို့​လို​ပဲ သင်လည်း ဘုရားရဲ့​လမ်းစဉ်​အတိုင်း လျှောက်လှမ်း​နေ​သူ ဖြစ်တယ်။

‘နေရင်းပြည်​ကို ထားခဲ့ပြီး သွားပါ’

၈၊ ၉။ (က) အာဗြံ တစ်သက်​မမေ့နိုင်တဲ့ ဘာ​အတွေ့အကြုံ ရခဲ့​သလဲ။ (ခ) အာဗြံ​ကို ယေဟောဝါ​ဘုရား ဘာ​မိန့်မှာ​သလဲ။

တစ်နေ့ကျတော့ အာဗြံ​ဟာ တစ်သက်​မမေ့နိုင်တဲ့ အတွေ့အကြုံ​တစ်ခု ရခဲ့တယ်။ ယေဟောဝါ​ဘုရားက သူနဲ့ စကား​ပြောခဲ့တယ်။ ကျမ်းစာမှာ အသေးစိတ် မပါ​ပေမဲ့ အဲဒီ​သစ္စာ​ရှိသူ​ဆီ “ဘုန်းတန်ခိုး​ကြီးတဲ့ ဘုရားသခင်” ရောက်လာတယ်​လို့ ဖော်ပြတယ်။ (တမန်တော် ၇:၂၊ ၃ ကိုဖတ်ပါ။) စကြဝဠာ​အချုပ်အခြာ ပိုင်သ​အုပ်စိုးရှင်​ရဲ့ ဘုန်းတော်ကို ကောင်းကင်တမန်​တစ်ပါး​အားဖြင့် အာဗြံ ရိပ်​ခ​နဲ​မြင်​လိုက်တာ ဖြစ်နိုင်တယ်။ အဲဒီအခါ သက်ရှိ​ဘုရားသခင်နဲ့ သူ့​ခေတ်​ကလူ​တွေ ကိုးကွယ်တဲ့ သက်မဲ့​ရုပ်တုတွေ ဘယ်လောက် ကွာခြား​တ​ယ်​ဆိုတာ တွေ့​လိုက်​ရလို့ အာဗြံ တကယ် စိတ်လှုပ်ရှား​သွားမှာပဲ။

ယေဟောဝါ​ဘုရားက အာဗြံ​ကို ဘာ​မိန့်မှာ​သလဲ။ “နေရင်းပြည်​နဲ့ ဆွေမျိုးသားချင်း​တွေကို ထားခဲ့ပြီး ငါ​ပြမယ့်​ပြည်​ကို သွားပါ” လို့ ပြောတယ်။ ဘယ်​ပြည်​ကို သွားရမယ်​လို့ မပြော​ဘဲ သွားရမယ့်​ပြည်​ကို ပြမယ်လို့​ပဲ ယေဟောဝါ ပြောတယ်။ အရင်ဆုံး​တော့ မွေးရပ်မြေ​နဲ့ ဆွေမျိုးတွေကို ထားခဲ့​ရမှာ ဖြစ်တယ်။ ရှေးခေတ် အရှေ့အလယ်ပိုင်း​က လူတွေရဲ့ ယဉ်ကျေးမှုမှာ မိသားစု​အသိုင်းအဝိုင်း​ဟာ သိပ်​အရေး​ပါတယ်။ ဒါကြောင့် ဆွေမျိုးသားချင်း​တွေကို စွန့်ပြီး ထွက်သွား​တာ​က တော်​တော်​ဆိုးတဲ့ အဖြစ်​လို့ ယူမှတ်​ကြတယ်။ တချို့​ဆိုရင် သေ​တာ​ထက်​တောင် ဆိုးတယ်လို့ ယူဆကြတယ်။

၁၀။ အာဗြံ​နဲ့ စာရဲ​တို့ဟာ ဥရ​မြို့​က အိမ်ကို ထားခဲ့ပြီး ထွက်သွားဖို့ ဘာကြောင့် ခက်ခဲ​နိုင်သလဲ။

၁၀ ဥရ​မြို့ကနေ အာဗြံ​ထွက်သွားဖို့​ဆိုတာ အတော့်​ကို ခက်ခဲ​မှာ​ပဲ။ ဥရ​မြို့ဟာ လူတွေ​စည်ကား​ပြီး ချမ်းသာ​ကြွယ်ဝတဲ့​မြို့ ဖြစ်ခဲ့​ပုံ​ရတယ်။ (“ အာဗြံ​နဲ့ စာရဲ​တို့ စွန့်ခွာ​ခဲ့တဲ့မြို့”​ လေးထောင့်​ကွက်​ကို ကြည့်ပါ။) တူးဖော်​တွေ့ရှိချက်​တွေ​အရ ရှေးခေတ် ဥရ​မြို့မှာ အိမ်ကြီး​အိမ်​ကောင်း​တွေ ရှိခဲ့တယ်။ တချို့​အိမ်တွေမှာ မိသားစုနဲ့ အစေခံ​တွေ​နေဖို့ အခန်း ၁၂ ခန်း ဒါမှမဟုတ် အဲဒီထက်မက ရှိတယ်။ အခန်း​တွေကို ကျောက်ပြား​ခင်း​ထားတဲ့ ဝင်း​ခြံ ပတ်ပတ်လည်မှာ ဆောက်​ထား​တတ်တယ်။ ဥရ​မြို့မှာ ရေ​ပေး​စနစ်၊ ရေ​ဆိုး​စွန့်​စနစ်​တွေ ရှိလို့ နေထိုင်​ရတာ အဆင်ပြေ​တယ်။ အာဗြံ​နဲ့ စာရဲ​လ​ည်း အသက်ကြီး​နေပြီ။ အာဗြံ​ဆိုရင် အသက် ၇၀၊ စာရဲ​ဆိုရင် ၆၀ လောက်​ရှိနေပြီ။ တခြား ခင်ပွန်းကောင်း​တွေ​လို​ပဲ အာဗြံ​ဟာ သူ့​ဇနီး​စာရဲ​ကို သက်သက်သာသာ ဘဝမျိုးနဲ့ နေစေ​ချင်မှာ​ပဲ။ အခုလို ဘုရားပေးတာဝန် ရတဲ့အခါ စိုးရိမ်​ပူပန်စရာ​တွေ၊ သိချင်​တာတွေကို အာဗြံ​တို့ ဇနီးမောင်နှံ ဆွေးနွေး​နေကြတာ​ကို မြင်ယောင်​ကြည့်ပါ။ ဒီ​ခက်ခဲတဲ့​တာဝန်ကို စာရဲ လက်ခံ​လိုက်တဲ့ အချိန်မှာ အာဗြံ ဘယ်လောက် ဝမ်းသာ​လိုက်မလဲ။ သူ့လို​ပဲ စာရဲ​လ​ည်း သက်သောင့်သက်သာ နေရတဲ့​ဘဝကို စွန့်လွှတ်ဖို့ အသင့်​ရှိတယ်။

၁၁၊ ၁၂။ (က) ဥရ​မြို့ကနေ မ​ထွက်ခွာ​ခင် ဘာ​ပြင်ဆင်မှု​တွေ​လုပ်ပြီး ဘာ​ဆုံးဖြတ်ချက်တွေ ချ​ခဲ့​ကြ​ရသလဲ။ (ခ) ခရီးစ​ထွက်မယ့် မနက်ပိုင်း အဖြစ်အပျက်​ကို ပြောပြပါ။

၁၁ အာဗြံ​နဲ့ စာရဲ​တို့ဟာ ဆုံးဖြတ်ချက် ချပြီး​တဲ့​နောက်မှာ လုပ်စရာတွေ အများကြီး ရှိမယ်။ ထုပ်ပိုး​စ​ရာ၊ စီစဉ်​စရာတွေ ရှိလာမယ်။ ဘာတွေ ယူသွား​မလဲ၊ ဘာတွေ ထားခဲ့​မလဲ။ အဲဒါတွေ​ထက် ပို​အရေးကြီးတာက မိသားစု၊ အလုပ်သမားတွေ။ အထူးသဖြင့် အာဗြံ​ရဲ့ သက်ကြီးရွယ်အို​ဖခင် တေရ​နဲ့ ပတ်သက်တဲ့ ကိစ္စ​တွေ​ပဲ။ နောက်ဆုံး​တော့ တေရ​ကို ခေါ်သွားပြီး သေတဲ့အထိ ပြုစု​စောင့်ရှောက်​ဖို့ ဆုံးဖြတ်​လိုက်ကြတယ်။ တေရ​လ​ည်း တလိုတလား သဘောတူ​ခဲ့​ပုံ ရတယ်။ ဥရမြို့ကနေ မိသားစုကို တေရ ဦးဆောင်​ခေါ်ထုတ်​သွားတယ်လို့ ကျမ်းစာ​မှတ်တမ်းက ဆိုတဲ့​အတွက် ဒီအချိန်မှာ တေရ​ဟာ ရုပ်တု​ကိုးကွယ်မှု​ကို စွန့်လွှတ်​ပြီး​ခဲ့​ပုံ ရတယ်။ အာဗြံ​ရဲ့​တူ လောတ​လ​ည်း လိုက်မယ်။—က. ၁၁:၃၁

၁၂ နောက်ဆုံး​တော့ ထွက်ခွာ​ရမယ့် မနက် ရောက်လာ​ပါပြီ။ ဥရ​မြို့ရိုး​ရဲ့ ကျုံး​အပြင်ဘက်​ကို မြင်ယောင်​ကြည့်​လိုက်ပါ။ ကုလားအုတ်​တွေ၊ မြည်း​တွေ​အပေါ် ပစ္စည်း​တွေ တင်​ပြီးပြီ၊ တိရစ္ဆာန်​အုပ်​တွေ​ကိုလည်း စုဝေး​ထားပြီ။ * မိသားစုနဲ့ အစေခံ​တွေ​လ​ည်း သူ့​နေရာ​နဲ့​သူ ရောက်​နေကြပြီ။ အားလုံး ခရီးစထွက်​ဖို့ စိတ်လှုပ်ရှား​နေ​ကြတယ်။ ထွက်​ခွာ​ဖို့ အချက်​ပြမယ့် အာ​ဗြံ​ကို အားလုံး ကြည့်​နေ​ကြ​တ​ယ်။ ဒီလိုနဲ့ ဥရ​မြို့ကို အပြီးအပိုင် နှုတ်ဆက်​ပြီး ခရီးစ​တင်​ပါ​တော့​တ​ယ်။

၁၃။ အခုခေတ်​မှာ ယေဟောဝါကို ကိုးကွယ်​နေ​သူ တချို့ဟာ အာဗြံ​နဲ့ စာရဲ​တို့​လို စိတ်ဓာတ်​မျိုး ဘယ်လို တင်ပြ​နေကြ​သလဲ။

၁၃ အခုခေတ်​မှာ ယေဟောဝါ​ဘုရားကို ကိုးကွယ်သူ​တချို့ဟာ သတင်းကောင်း ဟောပြောသူတွေ ပို​လိုအပ်တဲ့ နေရာကို ပြောင်းရွှေ့​နေထိုင်ဖို့ ဆုံးဖြတ်​ကြတယ်။ တချို့ကျတော့ ဘာသာစကား​အသစ် သင်ယူပြီး တိုးချဲ့ အမှုဆောင်ဖို့ ဆုံးဖြတ်​ကြတယ်။ ဒါမှမဟုတ် သူတို့ အရင်က မသုံး​ဖူး​တဲ့၊ သူတို့​အတွက် ခက်ကောင်းခက်​မ​ယ့် ဟောပြော​နည်းတွေကို စမ်းသုံး​ကြည့်ဖို့ ဆုံးဖြတ်​ကြတယ်။ ဒီလို​လုပ်​ဆောင်​နိုင်ဖို့ ကိုယ်ကျိုးစွန့်​ကြရတယ်။ ပစ္စည်း​ဥစ္စာ​တွေ​ကို အနည်း​နဲ့​အများ စွန့်လွှတ်​ရတယ်။ အာဗြံ​နဲ့ စာရဲ​လို ကိုယ်ကျိုးစွန့် အနစ်နာခံတာ​က တကယ့်ကို ချီးကျူး​စ​ရာ​ပါပဲ။ အာဗြံ​လို ယုံကြည်ခြင်း တင်​ပြမယ်​ဆိုရင် ယေဟောဝါ​ဘုရားကို ကျွန်တော်တို့ ပေးတာ​ထက် ပိုပြီး ပြန်ရမယ်​ဆိုတာ ယုံကြည်​စိတ်ချပါ။ ယုံကြည်ခြင်း​ရှိသူတွေကို ဘုရား ဆု​မချ​ဘဲ မနေဘူး။ (ဟီ. ၆:၁၀။ ၁၁:၆) အာဗြံ​ကို​ရော ဆုချ​ခဲ့​ပါသလား။

ယူဖရေးတီး​မြစ်ကို ဖြတ်ကူး​ချိန်

၁၄၊ ၁၅။ ဥရ​မြို့ကနေ ခါရန်​မြို့ကို သွားတဲ့​ခရီးစဉ်​က ဘယ်လို​နေသလဲ။ အာဗြံ​က ခါရန်​မြို့မှာ အချိန်အတော်ကြာ​ကြာနေ​ဖို့ ဘာကြောင့် ဆုံးဖြတ်​ခဲ့​ပုံ​ရှိသလဲ။

၁၄ ခရီးသွား​အုပ်စုကြီး​ဟာ တဖြည်းဖြည်းနဲ့ ကျင့်​သား​ရလာတယ်။ အာဗြံ​နဲ့ စာရဲ​တို့ ကုလားအုတ်​စီး​လိုက်၊ လမ်းလျှောက်​လိုက်နဲ့ စကား​တ​ပြောပြော ခရီးဆက်​နေကြတာ၊ တိရစ္ဆာန်တွေ​မှာ တပ်ထားတဲ့ ခေါင်းလောင်း​သံ​တွေ တ​ချွင်​ချွင် မြည်​နေတာတွေကို မြင်ယောင်၊ ကြားယောင် ကြည့်ပါ။ ခရီးသွား အတွေ့အကြုံ​မရှိတဲ့ သူတွေဟာ တဖြည်းဖြည်းနဲ့ စခန်းချ​ဖို့ တဲ​တွေ တပ်ဆင်​တာ၊ ဖြုတ်သိမ်း​တာတွေကို ကျွမ်းကျင်​လာ​ကြ​ပြီ။ အဲဒီအပြင် သက်ကြီးရွယ်အို တေရ​ကို ကုလားအုတ်​ပေါ်၊ မြည်းပေါ်​မှာ သက်​သောင့်​သက်​သာ စီး​နိုင်​ဖို့ ကူညီ​ပေး​တတ်​လာ​ကြ​ပြီ။ ယူဖရေးတီး​မြစ်​တစ်လျှောက် အနောက်​မြောက်ဘက်​ကို သူတို့ ခရီးဆက်​နေ​ကြတယ်။ ရက်​တွေ၊ လ​တွေ​လည်း​ ကုန်လွန်​ပြီး မြင်ကွင်း​အမျိုးမျိုး​ကိုလည်း ကျော်ဖြတ်​လာ​ခဲ့​ကြ​ပြီ။

၁၅ ဒီလိုနဲ့ မိုင် ၆၀​၀ နီးပါး ခရီးဆက်​ခဲ့​ပြီးနောက် ပျားအုံ​ပုံစံ​ရှိတဲ့ ခါရန်​တဲ​စု​တွေ​ဆီ ရောက်​လာကြတယ်။ ခါရန်​မြို့ဟာ အရှေ့​နဲ့ အနောက် ကူး​သန်း​ရောင်းဝယ်ရေး လမ်းဆုံ​ပေါ်​က ချမ်းသာ​ကြွယ်ဝတဲ့ မြို့​တစ်မြို့ ဖြစ်တယ်။ အဲဒီမှာ သူ​တို အတော်ကြာကြာ စခန်းချ နေထိုင်​ကြတယ်။ အကြောင်းကတော့ တေရ သိပ်​အားနည်း​လာလို့ ဖြစ်နိုင်တယ်။

၁၆၊ ၁၇။ (က) ဘယ်​ပဋိညာဉ်​ကြောင့် အာဗြံ ခရီးဆက်​ဖို့ အားရှိ​လာသလဲ။ (ခ) ခါရန်​မြို့မှာ အာဗြံ နေထိုင်​တုန်း ယေဟောဝါ​ဘုရား ဘယ်လို ကောင်းချီး​ပေး​သလဲ။

၁၆ ဒီ​နောက် တေရ​ဟာ အသက် ၂၀၅ နှစ်မှာ သေဆုံးသွားတယ်။ (က. ၁၁:၃၂) ဒီလို​ဝမ်းနည်းစရာ​အချိန်မှာ ယေဟောဝါ​ဘုရားက အာဗြံ​နဲ့ ပြန်​ပြီး ဆက်သွယ်​တဲ့​အတွက် သူ စိတ်သက်သာရာ ရခဲ့တယ်။ ဥရ​မြို့မှာ ပေးခဲ့တဲ့ ညွှန်ကြားချက်တွေကို ဘုရားသခင် ပြန်​ပြောတဲ့​အပြင် ပေးခဲ့တဲ့ ကတိ​တွေကို အသေးစိတ် ထပ်ဖြည့်စွက် ပြော​ပြတယ်။ အာဗြံ​ဟာ “လူမျိုး​ကြီး” ဖြစ်လာပြီး ကမ္ဘာပေါ်​က လူမျိုး​အားလုံး သူ့​ကြောင့် ကောင်းချီးတွေ ခံစားရ​လိမ့်မယ်လို့ ပြောတယ်။ (ကမ္ဘာဦး ၁၂:၂၊ ၃ ကိုဖတ်ပါ။) အဲဒီအခါ အာဗြံ​ဟာ ဘုရားသခင်နဲ့​ဖွဲ့​ခဲ့​တဲ့ ပဋိညာဉ်​ကြောင့် ခရီးဆက်​ဖို့ အားရှိ​လာတယ်။

၁၇ ဒီ​တစ်ကြိမ်​တော့ အာဗြံ​တို့မှာ ထုပ်ပိုး​စရာတွေ ပို​များ​လာတယ်။ ခါရန်​မြို့မှာ ရှိနေတုန်း ယေဟောဝါ​ဘုရားက အာဗြံ​ကို ကောင်းချီး​ပေးခဲ့​လို့​ပါ။ သူတို့ “စုဆောင်း​ထားတဲ့ ပစ္စည်းဥစ္စာ​တွေ၊ ခါရန်​မြို့မှာ ရရှိခဲ့တဲ့ လူတွေ” အကြောင်း ကျမ်းစာ​မှတ်တမ်းမှာ ဖော်ပြ​ထားတယ်။ (က. ၁၂:၅) လူမျိုး​ကြီး​ဖြစ်လာဖို့ အာဗြံ​ဆီမှာ ဥစ္စာ​ပစ္စည်း​တွေ၊ အစေခံ​တွေ အများကြီး​ရှိဖို့ လိုတယ်။ ယေဟောဝါ​ဘုရားက မိမိကို ကိုးကွယ်တဲ့​သူတွေကို ချမ်းသာ​ကြွယ်ဝ​ဖို့ အမြဲ​တော့ မ​လုပ်ပေး​ပါဘူး။ ဒါပေမဲ့ မိမိရဲ့​အလိုတော် ပြည့်စုံ​စေဖို့ သူတို့ လိုအပ်သမျှ​ကို​တော့ ဖြည့်ဆည်း​ပေးတယ်။ ဒီလိုနဲ့ အာဗြံ​ဟာ လူအုပ်ကြီး​ကို ဦးဆောင်​ပြီး သူ မသိကျွမ်း​တဲ့ နေရာကို ခရီးဆက်​ပြန်တယ်။

ဥရ​မြို့​က စည်းစိမ်​ချမ်းသာ​ကို စွန့်ခဲ့​လို့ အာဗြံ​နဲ့ စာရဲ အခက်အခဲ​တွေ ကြုံခဲ့ရ

၁၈။ (က) ယေဟောဝါနဲ့ ကိုယ်​တော့်​ကို ဝတ်​ပြု​သူ​တွေရဲ့ ​သမိုင်း​မှာ အရေးပါ​တဲ့​နေ့​က ဘယ်​နေ့​လဲ။ (ခ) နောက်​ပိုင်း​နှစ်​တွေရဲ့ နိသန်​လ ၁၄ ရက်​နေ့​မှာ အရေး​ကြီး​တဲ့ ဘယ်​ဖြစ်ရပ်​တွေ ဖြစ်​ပျက်​ခဲ့​သလဲ။ (“ ကျမ်းစာ​သမိုင်း​မှာ အရေးပါတဲ့​ရက်စွဲ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၈ ခါရန်​မြို့​က​နေ အာ​ဗြံ​တို့​လူ​အုပ်​ကြီး ထွက်​လာ​ကြ​တာ ရက်​အတော်​ကြာ​သွား​ပြီ။ အဲဒီ​နောက် ယူ​ဖ​ရေ​တီး​မြစ်​ကို ဖြတ်​ကျော်​ပြီး ခါ​ခေ​မိတ်​မြို့​ကို သူတို့ ရောက်​လာ​ခဲ့​တ​ယ်။ ယူဖ​ရေး​တီး​မြစ်​ကို ဖြတ်​ကျော်​ခဲ့​တဲ့​နေ့​ဟာ ယေဟောဝါ​ဘုရား​နဲ့ ကိုယ်​တော့်​ကို ဝတ်​ပြု​သူ​တွေ ရဲ့​ဆက်ဆံ​ရေး​သမိုင်း​မှာ အရေးပါ​တဲ့​နေ့​တစ်​နေ့ ဖြစ်​တ​ယ်။ အဲဒီ​နေ့​က ခရစ်​နှစ်​မ​တိုင်​ခင် ၁၉၄၃၊ နိသန်​လ​လို့ နောက်​ပိုင်း​မှာ​ခေါ်​တဲ့ လ​ရဲ့ ၁၄ ရက်နေ့ ဖြစ်​တ​ယ်​ဆို​တာ ထင်​ရှား​ပါ​တ​ယ်။ အဲဒီ​နေ့​မှာ အာ​ဗြံ​က လူ​အုပ်ကြီး​ကို​ ဦးဆောင်​ပြီး ယူ​ဖ​ရေး​တီး​မြစ်​ကို ဖြတ်​ကူး​ခဲ့​တ​ယ်။ (ထွ. ၁၂:၄၀-၄၃) အာဗြံ​ကို ပြမယ်​လို့ ယေဟောဝါ ကတိ​ပြု​ခဲ့​တဲ့ တိုင်း​ပြည်​ဟာ ခါ​ခေ​မိတ်​မြို့ရဲ့ တောင်​ဘက်​တစ်​ကြော​မှာ တည်​ရှိ​နေ​ပါ​တယ်။​ အဲဒီ​နေ့​က​စ​ပြီး အာ​ဗြံ​နဲ့ ဘုရား​သခင် ဖွဲ့​ခဲ့​တဲ့​ပ​ဋိ​ညာ​ဉ်​ဟာ​ စတင်​အကျိုး​သက်​ရောက်​လာ​တ​ယ်။

၁၉။ အာဗြံ​ကို ယေဟောဝါ ပေးတဲ့​ကတိ​ထဲမှာ ဘာ​ပါဝင်​သလဲ။ အဲဒါကြောင့် အာဗြံ ဘာကို ပြန်​စဉ်းစားမိ​နိုင်သလဲ။

၁၉ အာဗြံ​တို့​အဖွဲ့ဟာ အဲဒီကနေ တောင်ဘက်​ကို ခရီးဆက်​လာတာ ရှေခင်​အရပ်​အနီး အပင်​ကြီး​တွေ​ရှိတဲ့ မော​ရေ​ဒေသမှာ ရပ်နား​လိုက်ကြတယ်။ ဒီနေရာမှာ ယေဟောဝါ​ဘုရားက အာဗြံ​နဲ့ ပြန်​ဆက်သွယ်​တ​ယ်။ အခု​တစ်ကြိမ်​မှာ​တော့ အာဗြံ​ရဲ့ မျိုးနွယ်ဟာ အဲဒီ​ပြည်​ကို ပိုင်ဆိုင်​ရလိမ့်မယ်လို့ ဘုရားသခင် ကတိ​ပေးတယ်။ အာဗြံ​ဆီကနေ လူသား​တွေကို ကယ်တင်မယ့် “မျိုးနွယ်” ပေါ်ထွက်​လာမယ်လို့ ကြား​တော့ ဧဒင်​ဥယျာဉ်မှာ ယေဟောဝါ​ဘုရား ပရောဖက်ပြု​ခဲ့တာကို သူ ပြန်​စဉ်းစားမိ​သလား။ (က. ၃:၁၅။ ၁၂:၇) ပြန်​စဉ်းစားမိ​နိုင်တယ်။ ဒီလိုနဲ့ အာဗြံ​ဟာ ယေဟောဝါ​ဘုရားရဲ့ ထူးမြတ်​တဲ့​ရည်ရွယ်ချက်မှာ သူ ပါဝင်​နေတာကို စပြီး ရိပ်မိ​လာနိုင်တယ်။

၂၀။ ယေဟောဝါ​ပေးတဲ့ အခွင့်ထူး​ကို ကျေးဇူးတင်ကြောင်း အာဗြံ ဘယ်လို ပြခဲ့သလဲ။

၂၀ ယေဟောဝါ​ပေးတဲ့ အခွင့်ထူး​ကို အာဗြံ သိပ်​တန်ဖိုး​ထားတယ်။ ကတိထားရာပြည်​ထဲမှာ ခါနန်​လူတွေ ရှိနေသေး​လို့ သတိရှိရှိ​နဲ့ လှည့်လည်​သွားလာ​ရင်း ယေဟောဝါ​ဘုရားအတွက် ယဇ်​ပလ္လင်​တွေကို ပထမဆုံး မော​ရေ​အပင်​တွေ​နား​မှာ၊ ပြီးတော့ ဗေသလ​နား​မှာ တည်​ဆောက်ခဲ့တယ်။ အဲဒီ​နေရာတွေမှာ ဘုရား​နာမည်ကို သူ​ခေါ်ပြီး ဆုတောင်းခဲ့တယ်။ သူ့​အမျိုး​အနွယ်ရဲ့ အနာဂတ်​အကြောင်း စဉ်းစား​လိုက်​တိုင်း ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်​စကား ပြောခဲ့​မှာ သေချာတယ်။ အဲဒီအပြင် ခါနန်​လူတွေ​ကိုလည်း သူ ဟောပြောခဲ့​မှာ​ပဲ။ (ကမ္ဘာဦး ၁၂:၇၊ ၈ ကိုဖတ်ပါ။) အာဗြံ​ရဲ့ ဘဝတစ်လျှောက်​မှာ ယုံကြည်ခြင်း ပျောက်​သွား​နိုင်တဲ့ အခက်အခဲ​အမျိုးမျိုး ရင်ဆိုင်​ရမှာ သေချာတယ်။ ဒါပေမဲ့ အာဗြံ​ဟာ သူ​စွန့်လွှတ်​ခဲ့​တဲ့ ဥရ​မြို့​နဲ့ အဲဒီက စည်းစိမ်​ချမ်းသာ​တွေကို မေ့ထား​ပြီး အနာဂတ်ကို​ပဲ အာရုံစိုက်​တ​ယ်။ ဒါကြောင့် အာဗြံ​နဲ့​ပတ်သက်ပြီး ဟီဘရူး ၁၁:၁၀ မှာ “စစ်မှန်တဲ့ အုတ်မြစ်တွေ​ရှိတဲ့​မြို့၊ ဘုရားသခင် ပုံစံ​ရေးဆွဲ​ပြီး တည်ဆောက်တဲ့​မြို့ကို စောင့်မျှော်​ခဲ့​တ​ယ်” လို့​ပြော​ထားတယ်။

၂၁။ ဘုရားသခင့် နိုင်ငံတော်​အကြောင်း အာဗြံ​သိခဲ့​တာ​နဲ့ ကျွန်တော်တို့​သိ​တာ ဘယ်လို ကွာခြား​သလဲ။ ဘာလုပ်ဖို့ လှုံ့ဆော်ခံရ​သလဲ။

၂၁ ဒီနေ့​အချိန်မှာ ယေဟောဝါကို ကိုးကွယ်တဲ့ ကျွန်တော်တို့ဟာ ပုံဆောင်​မြို့​ဖြစ်တဲ့ ဘုရားသခင့် နိုင်ငံတော်​အကြောင်း အာဗြံ​ထက် ပို​သိတယ်။ ဘုရားသခင့် နိုင်ငံတော်ဟာ ကောင်းကင်မှာ တည်ထောင်ပြီ၊ ဒီ​လောက​စနစ်ကို မကြာခင် အပြီးသတ် ဖယ်ရှား​တော့​မ​ယ်၊ အာဗြံ အကြာကြီး စောင့်မျှော်​ခဲ့​ရတဲ့ မျိုးနွယ် ယေရှုခရစ်ဟာ ဘုရားသခင့် နိုင်ငံတော်ကို အုပ်ချုပ်နေပြီ ဆိုတာတွေကို သိထားကြတယ်။ အာဗြံ ပြန်​အသက်ရှင်​လာတဲ့အခါ သူ​ရေး​ရေး​လေး​ပဲ သိခဲ့​တဲ့ ဘုရားသခင့် ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်​လာလိမ့်မယ်။ ယေဟောဝါရဲ့ ကတိ​တွေ တစ်ခု​မကျန် ပြည့်စုံ​လာတာကို တွေ့ချင်​သလား။ တွေ့ချင်​တ​ယ်​ဆိုရင် အာ​ဗြံ​လို ယုံ​ကြည်​ခြင်း ဆ​က်​ရှိ​နေ​ဖို့ လို​တ​ယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံ​လို​စိတ်၊ နာခံ​လို​စိတ် ရှိပါ။ ယေဟောဝါ​ဘုရား​ပေးတဲ့ အခွင့်ထူး​တွေကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင် လေးမြတ်​ကြောင်း ပြပါ။ အာဗြံ​ရဲ့ ယုံကြည်ခြင်းကို တုပမယ်​ဆိုရင် “ယုံကြည်သူ​တွေရဲ့ ဖခင်” ဖြစ်တဲ့ အာဗြံ​က သင့်ရဲ့ ဖခင်​လ​ည်း ဖြစ်လာ​ပါလိမ့်မယ်။

^ အပိုဒ်၊ 1 နှစ်​အတော်ကြာ​တော့ ဘုရားသခင်က အာဗြံ​ရဲ့ နာမည်ကို “လူမျိုး​များစွာရဲ့ ဖခင်” လို့ အဓိပ္ပာယ်​ရှိတဲ့ အာဗြဟံ ဆိုပြီး ပြောင်း​လိုက်တယ်။—က. ၁၇:၅

^ အပိုဒ်၊ 4 အဲဒီလိုပဲ တေရ​ရဲ့ သားတွေ​ထဲမှာ အာဗြံ​ဟာ အကြီးဆုံး မဟုတ်ပေမဲ့ သူ့​နာမည်ကို မကြာခဏ အရင်ဆုံး ဖော်ပြတယ်။

^ အပိုဒ်၊ 6 နောက်ပိုင်းမှာ ဘုရားသခင်က စာရဲ​ကို “မင်းသမီး” လို့ အဓိပ္ပာယ်​ရတဲ့ စာရာ​လို့ နာမည်​ပြောင်း​ပေးခဲ့တယ်။—က. ၁၇:၁၅

^ အပိုဒ်၊ 12 အာဗြံ​ခေတ်မှာ ကုလားအုတ်​တွေကို အိမ်မွေး​တိရစ္ဆာန်​အဖြစ် အသုံးပြု​ပါ့မလား​လို့ ကျမ်းပညာရှင်​တချို့ သံသယဝင်​တ​ယ်။ ဒါပေမဲ့ သူတို့ သက်​သေ​မပြ​နိုင်​ကြ​ဘူး။ အာဗြံ​ရဲ့ ပိုင်ဆိုင်မှု​တွေ​ထဲမှာ ကုလားအုတ်​တွေ​လ​ည်း ပါဝင်တယ်လို့ ကျမ်းစာမှာ အကြိမ်ကြိမ် ဖော်ပြ​ထားတယ်။—က. ၁၂:၁၆။ ၂၄:၃၅