မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၅

မှန်တာကို အမြဲလုပ်ခဲ့တဲ့ ရှမွေလ

မှန်တာကို အမြဲလုပ်ခဲ့တဲ့ ရှမွေလ

ရှမွေလ ငယ်ငယ်​လေး​ကတည်းက ဝတ်ပြုရာ​တဲတော်မှာ နေပြီး အလုပ်​လုပ်ခဲ့တယ်။ ဝတ်ပြုရာ​တဲတော်​ဆိုတာ ယေဟော​ဝါ​ဘုရားကို ဝတ်ပြု​ကိုးကွယ်တဲ့ နေရာ​ပေါ့။ ဝတ်ပြုရာ​တဲတော်​ကို ရှမွေလ ဘယ်လို​ရောက်​သွား​သလဲ သိလား။ အရင်ဆုံး ရှမွေလရဲ့​အမေ ဟန္န​အကြောင်း ပြောပြမယ်နော်။

ဟန္န​ဟာ ကလေး​သိပ်​လိုချင်​ပေ​မဲ့ ကလေးမ​ရှိ​ဘူး။ ဒါနဲ့ ကလေး​ရဖို့ ယေဟော​ဝါ​ဘုရားဆီ ဆု​တောင်းတယ်။ တကယ်လို့ သားလေး​မွေး​မယ်​ဆိုရင် သူ့ကို ဝတ်ပြုရာ​တဲတော်မှာ အလုပ်လုပ်​ခိုင်း​ပါ့​မယ်​လို့ ဟန္န ကတိပေး​လိုက်တယ်။ သူ့ရဲ့​ဆုတောင်းသံ​ကို ယေဟော​ဝါ​ဘုရား နားထောင်​ပေးတယ်။ အဲဒီနောက် သားလေး မွေးလာတယ်။ သားလေး​ကို ရှမွေလ​ဆိုပြီး နာမည်​ပေးလိုက်တယ်။ ဟန္န​လည်း ဘုရားသခင်ကို ကတိ​ပေးထားတဲ့​အတိုင်း ရှမွေလ သုံး​လေးနှစ်​အရွယ်ရောက်​တဲ့အခါ ဝတ်ပြုရာ​တဲတော်​ဆီ သွား​ပို့​လိုက်တယ်။

ဝတ်ပြုရာ​တဲတော်မှာ ဘုရား​အလုပ်လုပ်​တဲ့ အကြီးဆုံး​ပုရောဟိတ်​နာမည်က ဧလိ​တဲ့။ သူ့​သား​နှစ်ယောက်​လည်း အဲဒီမှာ ဘုရား​အလုပ်​လုပ်ကြတယ်။ ဝတ်ပြုရာ​တဲတော်​ဟာ ဘုရားကို ကိုးကွယ်တဲ့ နေရာ​ဖြစ်တယ်ဆိုတာ မှတ်​မိတယ်​နော်။ အဲဒီမှာ မကောင်းတာတွေ မလုပ်ရဘူး။ ဒါပေမဲ့ ဧလိရဲ့​သား​နှစ်ယောက်​က မကောင်းတာတွေ လုပ်​နေကြတယ်။ ဒါကို ရှမွေလ​လေး မြင်​နေရတယ်။ ရှမွေလ​လည်း ဧလိရဲ့​သားတွေ​လို မကောင်းတာတွေ လိုက်လုပ်​သလား။— မ​လုပ်​ဘူး။ မိဘတွေ သင်ပေး​ထားတဲ့​အတိုင်း မှန်တာကို​ပဲ အမြဲ​လုပ်တယ်။

ဧလိက သူ့​သား​နှစ်ယောက်ကို ဘာလုပ်သင့်​သလဲ။— သူတို့ကို အပြစ်ပေး​သင့်​တာ​​ပေါ့။ ဘုရားကို ဝတ်ပြုတဲ့​နေရာမှာ မကောင်းတာတွေ မလုပ်နဲ့​လို့ ပြောရမယ်​မဟုတ်လား။ ဒါပေမဲ့ ဧလိက သူတို့ကို အပြစ်​လည်း မပေးဘူး။ ပြော​လည်း မပြောဘူး။ ဒါကြောင့် ဧလိနဲ့ သူ့​သား​နှစ်ယောက်ကို ယေဟော​ဝါ​ဘုရား အရမ်း စိတ်ဆိုး​သွားတာ​ပေါ့။ ဒါနဲ့ သူတို့ကို ယေဟော​ဝါ​ဘုရားကိုယ်တိုင် အပြစ်ပေး​တော့​မယ်။

ယေဟော​ဝါ​ဘုရား ပြော​ခိုင်းတဲ့အတိုင်း ဧလိ​ဆီ ရှမွေလ သွား​ပြောခဲ့

တစ်ညမှာ ရှမွေလ​အိပ်​နေတုန်း ‘ရှမွေလ’ ဆိုပြီး ခေါ်သံ​ကြားတယ်။ အဲဒီအခါ ဧလိ​ဆီ ရှမွေလ​ပြေး​သွား​တော့ ဧလိက ‘ငါ မခေါ်​ဘူး’ လို့ ပြောတယ်။ အဲဒီလို ပြေး​သွားတာ သုံးခါ​မြောက်​မှာ ဧလိက နောက်​တစ်ခါ အဲဒီလို​ခေါ်သံ​ကြား​ရင် ‘ယေဟော​ဝါ​ဘုရား၊ ကျွန်တော် နားထောင်​နေပါတယ်’ လို့ ရှမွေလ​ကို ပြန်ထူး​ခိုင်း​တယ်။ ရှမွေလ​လည်း အဲဒီအတိုင်း ပြန်ထူး​တဲ့အခါ ယေဟော​ဝါ​ဘုရားက ဒီလို​ပြောတယ်– ‘ဧလိရဲ့​မိသားစု မကောင်းတာတွေ လုပ်​နေတဲ့​အတွက် ငါ အပြစ်ပေး​တော့​မယ်။ အဲဒီ​အကြောင်း ဧလိ​ကို သွား​ပြောလိုက်။’ ဧလိ​ကို ရှမွေလ သွား​ပြောရဲ​မယ်​လို့ ကလေးတို့ ထင်သလား။— ပြောရဲ​မှာ မဟုတ်ဘူး​နော်။ ရှမွေလ မ​ပြောရဲ​ပေ​မဲ့ ယေဟော​ဝါ​ဘုရား ပြော​ခိုင်းတဲ့အတိုင်း ဧလိ​ကို ပြော​ချ​လိုက်တယ်။ ယေဟော​ဝါ​ဘုရား ပြောတဲ့​အတိုင်း တကယ်ပဲ ဖြစ်လာတယ်​လေ။ ဧလိရဲ့​သား​နှစ်ယောက် သေသွား​ပြီးတဲ့နောက် ဧလိ​လည်း သေ​သွားတယ်။

ရှမွေလ​ကို တို့​တွေ အတုယူ​သင့်တယ် မဟုတ်လား။ သူများတွေ မကောင်းတာ​လုပ်​နေတာကို ရှမွေလ​မြင်​နေတာ​တောင်မှ မှန်တာကို​ပဲ အမြဲ​လုပ်​သွားတယ်။ ကလေးတို့​ကော၊ ရှမွေလ​လို မှန်တာကို​ပဲ အမြဲ​လုပ်ကြ​မှာ​လား။ ကလေးတို့​မှန်တာကို လုပ်​မယ်​ဆိုရင် ယေဟော​ဝါ​ဘုရား​ရော၊ ကလေး​တို့ရဲ့​အဖေ၊ အမေရော သိပ်ပျော်​ကြ​မှာ သေချာ​တယ်။

ကျမ်းစာက​နေ ဖတ်ကြည့်ပါ