မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၇

တစ်ယောက်တည်းဖြစ်ပြီး ကြောက်စိတ်ဝင်ဖူးသလား

တစ်ယောက်တည်းဖြစ်ပြီး ကြောက်စိတ်ဝင်ဖူးသလား

ပုံ​ထဲ​က ကောင်လေး​ကို ကြည့်ပါ​ဦး။ သူ့ကို​ကြည့်​ရတာ တစ်ယောက်တည်း​ဖြစ်ပြီး ကြောက်နေ​သလိုပဲ​နော်။ အဲဒီလို​ဖြစ်​ဖူး​လား။— လူတိုင်း အဲဒီလို ဖြစ်​ဖူး​တယ်။ ယေဟော​ဝါ​ဘုရားရဲ့ သူငယ်​ချင်း​တချို့​တောင် တစ်ယောက်တည်း​ဖြစ်ပြီး ကြောက်စိတ်ဝင်​ဖူး​တဲ့​အကြောင်း ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ အဲဒီ​ထဲ​က တစ်ယောက်က​တော့ ဧလိယ​ပဲ။ သူ့​အကြောင်း တို့​တွေ ဖတ်​ကြည့်ရအောင်။

ဧလိယ​ကို ယေဇဗေလ သတ်ပစ်ချင်

ဧလိယဟာ ယေရှု မမွေးခင် နှစ်​အတော်ကြာ​က အစ္စရေး​ပြည်မှာ နေခဲ့တယ်။ အဲဒီတုန်းက အစ္စရေး​ဘုရင် အာဟပ်​ဟာ ယေဟော​ဝါ​ဘုရားကို မကိုးကွယ်​ဘူး။ အာဟပ်​နဲ့ သူ့​မိန်းမ ယေဇဗေလ​ဟာ ဘုရားအစစ်​အမှန်​မဟုတ်တဲ့ ဗာလ​ဘုရားကို​ ကိုးကွယ်​တယ်။ ဒါနဲ့ အစ္စရေး​လူ အများစုကလည်း ဗာလ​ကို စပြီး​ကိုးကွယ်​ကြ​တော့​တ​ယ့်။ မိဖုရား​ယေဇဗေလ​က ယေဟော​ဝါ​ဘုရားကို ကိုးကွယ်တဲ့​သူ​အားလုံးကို သတ်ပစ်​ဖို့ ကြံစည်​နေတယ်။ အဲဒီ​ထဲမှာ ဧလိယ​လည်း ပါတယ်။ ဒီတော့ ဧလိယ ဘာလုပ်​သလဲ သိလား။​ ပြော​ကြည့်ပါ​ဦး။—

ဧလိယ ထွက်ပြေး​သွား​တ​ယ်။ တော​ထဲ​ကို ထွက်ပြေး​ပြီး ဂူ​ထဲမှာ သွား​ပုန်း​နေ​လိုက်တယ်။ သူ ဘာဖြစ်လို့ အဲဒီလို​လုပ်​တာလဲ။— ကြောက်လို့​ပေါ့။ တကယ်တော့ ဧလိယ ကြောက်စရာ​မလိုပါဘူး။ ဘာဖြစ်လို့လဲ သိလား။ ယေဟော​ဝါ​ဘုရား ကူညီပေး​နိုင်တယ်ဆိုတာ ဧလိယ သိပါတယ်။ သူ့ကို ယေဟော​ဝါ​ဘုရား​ တန်ခိုး​ပြခဲ့​ဖူး​တယ်​လေ။ တစ်ခါ​က​ဆိုရင် ဧလိယ ဆုတောင်း​လိုက်​တော့ ကောင်းကင်က​နေ မီး​ကျ​လာ​အောင် ယေဟော​ဝါ​ဘုရား လုပ်​ပေးခဲ့တယ်။ အခု​လည်း ယေဟော​ဝါ​ဘုရားက ဧလိယ​ကို ကူညီပေး​နိုင်ပါတယ်။

ဧလိယ​ကို ယေဟောဝါ​ဘုရား ဘယ်လို​ကူညီ​ပေးခဲ့သလဲ

ဧလိယ ဂူ​ထဲမှာ ပုန်း​နေတုန်း ယေဟော​ဝါ​ဘုရားက ‘ဒီမှာ ဘာလုပ် နေတာလဲ’ လို့​မေးတယ်။ အဲဒီအခါ ဧလိယ​က ‘ကိုယ်တော့်​ကို ကိုးကွယ်တဲ့ သူတွေ​ထဲမှာ ကျွန်တော် တစ်ယောက်တည်းပဲ ကျန်​တော့​တယ်။ ကျွန်တော် အသတ်ခံရ​မှာ ကြောက်လို့ ထွက်ပြေး လာတာ’ ဆိုပြီး​ပြန်​ဖြေတယ်။ ယေဟော​ဝါ​ဘုရားကို ကိုးကွယ်တဲ့​သူ​အားလုံး အသတ်ခံ​လိုက်ရ​ပြီလို့ ဧလိယ ထင်နေ​တာ​။ ဒါပေမဲ့ ယေဟော​ဝါ​ဘုရားက ‘မင်း​ထင်တာ မှား​နေတယ်။ ငါ့ကို ကိုးကွယ်တဲ့​သူ ၇,၀​၀​၀ ကျန်​နေ​သေးတယ်။ မကြောက်​နဲ့။ မင်း လုပ်စရာတွေ အများကြီး ရှိနေ​သေးတယ်’ လို့ ဧလိယ​ကို ပြောတယ်။ ဒီ​သတင်းကို ကြား​တော့ ဧလိယ ဝမ်းသာ​သွားမယ် မဟုတ်လား။—

ဧလိယ​ဆီကနေ တို့​တွေ ဘာ သင်ယူ​နိုင်သလဲ။— သားတို့​သမီးတို့​လည်း တစ်ယောက်တည်း​လို့ မခံစား​သင့်​ဘူး။ ကြောက်လည်း မကြောက်​သင့်​ဘူး။ ကလေးတို့​ဆီမှာ ယေဟော​ဝါ​ဘုရားကို​ရော ကလေးတို့​ကို​ပါ ချစ်တဲ့ သူငယ်ချင်းတွေ အများကြီး​ရှိတယ်။ ပြီးတော့၊ တန်ခိုး​အများကြီး​ရှိတဲ့ ယေဟော​ဝါ​ဘုရားက မင်းတို့ကို အမြဲတမ်း ကူညီ​ပေးမှာ။ ယေဟော​ဝါ​ဘုရားက ကလေးတို့​ကို အမြဲတမ်း ကူညီ​ပေးမယ်ဆိုတာ သိ​ရလို့ ဝမ်းမသာ​ကြ​ဘူးလား။—