မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၆

သတ္တိရှိတဲ့ ဒါဝိဒ်

သတ္တိရှိတဲ့ ဒါဝိဒ်

သားတို့​သမီးတို့ ကြောက်​တဲ့အခါ ဘာလုပ်​ကြသလဲ။— ​ဖေဖေ၊ မေမေ​ဆီ ပြေး​သွားတယ် မဟုတ်လား။ သားတို့​သမီးတို့​ကို ကူညီ​ပေးနိုင်တဲ့​သူ နောက်​တစ်ယောက် ရှိသေးတယ်။ သူက တခြား​သူတွေ​ထက် ပိုပြီး​တန်ခိုးကြီး​တယ်။ သူက ဘယ်သူဖြစ်မလဲ။— ဟုတ်​တယ်၊ ယေဟော​ဝါ​ဘုရား​ပဲ​ပေါ့။ ကျမ်းစာထဲက ဒါဝိဒ်​လို့​ခေါ်တဲ့ သတ္တိ​ရှိသူ လူငယ်လေး​အကြောင်း တို့​တွေ ဖတ်​ကြည့်ရအောင်။ ယေဟော​ဝါ​ဘုရားက သူ့ကို အမြဲ​ကူညီ​ပေးမယ်ဆိုတာ သူ​သိတယ်။ ဒါကြောင့် သူ​သတ္တိ​ရှိတာ။

ဒါဝိဒ် ငယ်ငယ်​လေး​ကတည်းက ယေဟော​ဝါ​ဘုရားကို ချစ်တတ်​လာ​အောင် သူ့ရဲ့​ဖေဖေနဲ့ မေမေ​က သင်ပေး​ထားတယ်။ ဒီလို​နဲ့ ယေဟော​ဝါ​ဘုရားက သူ့ရဲ့​သူငယ်ချင်း​ဖြစ်လာပြီး သူ့ကို ကူညီ​ပေးမယ်ဆိုတာ​ကိုလည်း သိလာတယ်။ ဒါကြောင့် ကြောက်​စရာတွေ ကြုံရ​ရင်တောင် ဒါဝိဒ် မကြောက်​ခဲ့​ဘူး။ တစ်နေ့​တော့၊ သိုး​လေး​တွေ​ကို ဒါဝိဒ် ထိန်း​နေတုန်း ခြင်္သေ့​ကြီး​တစ်ကောင်က သိုး​တစ်ကောင်​ကို လာကိုက်​ပါ​လေ​ရော။ ဒါဝိဒ် ဘာလုပ်​သလဲ သိလား။​ ဘာ​လက်နက်​မှ​မပါဘဲ ခြင်္သေ့​ကို သတ်ပစ်​လိုက်တယ်။ နောက်​တစ်ခေါက်၊ သိုးတွေ​ကို ကိုက်စား​ဖို့​လာတဲ့ ဝက်ဝံ​ကိုလည်း သတ်ပစ်​လိုက်တယ်။ ဒါဝိဒ် အဲဒီလို လုပ်နိုင်​အောင် ဘယ်သူ​ကူညီ​ပေးတယ်လို့ ထင်သလဲ။— ဟုတ်​တယ်၊ ယေဟော​ဝါ​ဘုရား​ပဲ​ပေါ့။

နောက်​တစ်ခေါက်​လည်း ဒါဝိဒ် သတ္တိ​ရှိတယ်ဆိုတာ ပြခဲ့တယ်။ အစ္စရေးတွေ​က ဖိလိတ္တိ​လူတွေနဲ့ စစ်တိုက်​နေတဲ့​အချိန်မှာ​ဖြစ်တယ်။ ဖိလိတ္တိ​စစ်သား​တစ်ယောက်က အရပ်​က​လည်း ရှည်၊ လူ​ကောင်​က​လည်း ကြီး​တယ်။ သူ့​နာမည်က ဂေါလျတ်​တဲ့။ အဲဒီ​လူထွားကြီး​က အစ္စရေး​စစ်သားတွေ​နဲ့ ယေဟော​ဝါ​ဘုရားကို လှောင်ပြောင်​နေတယ်။ သူက ‘ငါ​နဲ့ ချ​ရဲ​တဲ့​သူ ထွက်​ခဲ့​စမ်း’ လို့ အစ္စရေး​စစ်သားတွေကို စိန်ခေါ်​လိုက်တယ်။ ဒါပေမဲ့ ဘယ်သူမှ သူနဲ့​မချ​ရဲ​ကြဘူး။ အဲဒါကို ဒါဝိဒ်​ကြားတဲ့​အခါ ‘ခင်ဗျား​နဲ့ ကျွန်တော်​ချ​မယ်။ ယေဟော​ဝါ​ဘုရားက ကျွန်တော့်ကို ကူညီ​ပေးမှာ။ ခင်ဗျားကို ကျွန်တော် နိုင်​ကို နိုင်​ရမယ်’ လို့ ဂေါလျတ်ကို ပြောလိုက်တယ်။ ဒါဝိဒ် တကယ် သတ္တိ​ရှိတဲ့​သူ​ပဲ၊ ဟုတ်​တယ်​မဟုတ်လား။— ဘာတွေ ဆက်ဖြစ်​သလဲ​ဆိုတာ သားတို့​သမီးတို့ မသိ​ချင်ဘူး​လား။

ဒါဝိဒ်​က သူ့ရဲ့​လောက်​လွှဲ​နဲ့ ကျောက်ခဲ​လုံးလုံး​လေး ငါးလုံး​ကို​ယူပြီး လူထွားကြီး​နဲ့ တိုက်​ဖို့ ထွက်​သွားတယ်။ လူထွားကြီး ဂေါလျတ်​က ဒါဝိဒ်​လေး​ကို တွေ့​တဲ့အခါ ရယ်​တာ​​ပေါ့။ ဒါပေမဲ့ ဒါဝိဒ်​က ‘ခင်ဗျား​က ဓား​ကိုင်ပြီး​လာတယ်။ ကျွန်တော်က​တော့ ယေဟော​ဝါ​ဘုရားရဲ့​နာမည်​နဲ့ လာတယ်’ လို့​ပြောတယ်။ ပြီးတော့ သူ့ရဲ့​လောက်​လွှဲ​ထဲ​ကို ကျောက်ခဲ​တစ်လုံး​ထည့်​ပြီး​ ဂေါလျတ်​ဆီ ပစ်​ထည့်​လိုက်တယ်။ အဲဒီ​ကျောက်ခဲ​က ဂေါလျတ်​ရဲ့​နဖူး​ကို ထိမှန်​သွား​တော့​တာ​​ပဲ။ ဒါနဲ့ လူထွားကြီး​လည်း မြေပေါ်​လဲကျပြီး သေ​သွားပါ​လေ​ရော။ ဖိလိတ္တိ​စစ်သားတွေ​လည်း အရမ်း​ကြောက်​သွားပြီး ထွက်ပြေး​ကုန်​ကြတာပေါ့။ ဒါဝိဒ်​လေး​က လူထွားကြီး ဂေါလျတ်​ကို ဘယ်လို အနိုင်ရ​သွားတာ​လဲ။— သူ့ကို ယေဟော​ဝါ​ဘုရား ကူညီပေး​ခဲ့လို့​ပေါ့။ ယေဟော​ဝါ​ဘုရားက အဲဒီ​လူထွားကြီး​ထက် ပိုပြီး​တန်ခိုးကြီး​တယ်​လေ။

ယေဟော​ဝါ​ဘုရား ကူညီ​ပေးမယ်ဆိုတာ​သိလို့ ဒါဝိဒ် မကြောက်​ခဲ့

ဒါဝိဒ်​ဆီကနေ တို့​တွေ ဘာသင်ယူနိုင်သလဲ။— ယေဟော​ဝါ​ဘုရားက အားလုံး​ထက် ပိုပြီး​တန်ခိုး​ရှိတယ်။ ပြီးတော့ တို့တွေရဲ့ သူငယ်ချင်း​လည်း ဖြစ်တယ်။ ဒါကြောင့် နောက်​တစ်ခေါက် သားတို့​သမီးတို့ ကြောက်​တဲ့အခါ ယေဟော​ဝါ​ဘုရား ကူညီပေး​နိုင်တယ်ဆိုတာ သတိရ​ကြ​နော်။ ဒါဆို သတ္တိ​ရှိလာ​လိမ့်​မယ်။

ကျမ်းစာက​နေ ဖတ်ကြည့်ပါ