မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

“နိုင်ငံတော်လာပါစေ”

“နိုင်ငံတော်လာပါစေ”

အဓိကအကြောင်းအရာ

ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှုသွန်သင်ခဲ့ရာကို ဆန်းစစ်ခြင်း

၁၊ ၂။ ယေရှုရဲ့တပည့်သုံးယောက်ကို ယေဟောဝါကိုယ်တိုင် ဘယ်လိုမိန့်ကြားခဲ့သလဲ။ သူတို့ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

တကယ်လို့ ယေဟောဝါဘုရားကိုယ်တိုင် သင့်ကို တစ်ခုခုလုပ်ဆောင်ဖို့ ညွှန်ကြားလာခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲ။ ကိုယ်တော် ဘာကိုပဲတောင်းဆိုပါစေ လုပ်ဆောင်ဖို့ စိတ်ထက်သန်နေမှာ သေချာပါတယ်။

အေဒီ ၃၂၊ ပင်တေကုတ္တေပွဲအပြီး တစ်ချိန်မှာ ယေရှုရဲ့တပည့်သုံးဦးဖြစ်တဲ့ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ဟာ အဲဒီလိုအဖြစ်မျိုး ကြုံခဲ့တယ်။ (မဿဲ ၁၇:၁–၅ ကိုဖတ်ပါ။) သခင်နဲ့အတူ “မြင့်သောတောင်ပေါ်” မှာ သူတို့ရှိနေတုန်း ယေရှုကို ဂုဏ်အသရေရှိတဲ့ ကောင်းကင်ဘုရင်အဖြစ် အဆင်းအာရုံမှာ မြင်တွေ့ခဲ့တယ်။ တကယ်ဖြစ်နေသလိုထင်ရလို့ ပေတရုဟာ အဲဒီအဆင်းအာရုံမှာပါဝင်ဖို့ ကြိုးစားခဲ့တယ်။ ပေတရုစကားပြောနေတုန်းမှာပဲ သူတို့ကို တိမ်တိုက်ဖုံးသွားတယ်။ အဲဒီနောက် ပေတရုနဲ့သူ့အဖော်တွေဟာ လူနည်းစုပဲကြားခွင့်ရခဲ့ဖူးတဲ့ ယေဟောဝါဘုရားရဲ့အသံတော်ကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ ယေရှုဟာ မိမိရဲ့သားတော်ဖြစ်ကြောင်း ယေဟောဝါ အခိုင်အမာပြောပြီးနောက် “သူ၏စကားကို နားထောင်ကြ” ဆိုပြီး သေသေချာချာမိန့်မှာခဲ့တယ်။ တမန်တော်တွေဟာ ဘုရားသခင်ရဲ့ အဲဒီညွှန်ကြားချက်ကို လိုက်နာခဲ့တယ်။ ယေရှုရဲ့သွန်သင်ချက်တွေကို ကြားပြီးနောက် တခြားသူတွေကိုလည်း အဲဒီအတိုင်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်။—တ. ၃:၁၉-၂၃; ၄:၁၈-၂၀

ယေရှုဟာ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို တခြားဘယ်အကြောင်းတွေထက်မဆို ပိုပြောခဲ့

၃။ ယေဟောဝါက ကျွန်တော်တို့ကို သားတော်ရဲ့စကားကို ဘာကြောင့် နားထောင်စေချင်တာလဲ။ ဘယ်အကြောင်းကို အသေအချာ ဆန်းစစ်ရမလဲ။

“သူ၏စကားကို နားထောင်ကြ” ဆိုတဲ့အမိန့်ကို ကျမ်းစာမှာ ကျွန်တော်တို့အကျိုးအတွက် မှတ်တမ်းတင်ထားတယ်။ (ရော. ၁၅:၄) ဘာကြောင့်လဲ။ ယေရှုဟာ ယေဟောဝါရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့အပြင် ခမည်းတော်သိစေချင်တာတွေကို အမြဲပြောပြပေးလို့ပါပဲ။ (ယော. ၁:၁၊ ၁၄) ကောင်းကင်မေရှိယနိုင်ငံတော်မှာ ခရစ်တော်ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ တို့ပါဝင်တယ်။ ယေရှုဟာ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို တခြားဘယ်အကြောင်းတွေထက်မဆို ပိုပြောခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သိပ်အရေးကြီးတဲ့ ဒီအကြောင်းကို အသေအချာဆန်းစစ်ရမှာဖြစ်တယ်။ (ဗျာ. ၅:၉၊ ၁၀; ၁၄:၁-၃; ၂၀:၆) ဦးဆုံး၊ ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု ဘာကြောင့် အများကြီးပြောခဲ့သလဲဆိုတာ လေ့လာကြည့်ရအောင်။

“စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏”

၄။ နိုင်ငံတော်ကို အလေးအနက်ထားကြောင်း ယေရှုဘယ်လိုဖော်ပြခဲ့သလဲ။

ယေရှုဟာ နိုင်ငံတော်ကို အလေးအနက်ထားတယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်တာလဲ။ ကိုယ်ပြောတဲ့စကားတွေက ကိုယ့်စိတ်ထဲမှာ အလေးအနက်ထားတဲ့အရာတွေကို ဖော်ပြပေးလို့ပါပဲ။ ယေရှုကိုယ်တိုင်က “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” လို့ပြောခဲ့တယ်။ (မ. ၁၂:၃၄) ယေရှုဟာ အခွင့်အရေးရတိုင်း နိုင်ငံတော်အကြောင်းပြောဆိုခဲ့တယ်။ ခရစ်ဝင်ကျမ်းလေးစောင်မှာ နိုင်ငံတော်အကြောင်းဖော်ပြချက် ၁၀၀ ကျော်ပါရှိပြီး အများစုကို ယေရှုပြောခဲ့တာဖြစ်တယ်။ သူဟောပြောတဲ့အခါ နိုင်ငံတော်အကြောင်း အဓိကထားပြောတာကြောင့် “ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို အခြားမြို့ရွာများတွင်လည်း ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကိုစေလွှတ်တော်မူ၏” ဆိုပြီးပြောခဲ့တယ်။ (လု. ၄:၄၃) ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းမှာတောင် ယေရှုဟာ တပည့်တွေကို နိုင်ငံတော်အကြောင်း ဆက်ပြောပြခဲ့တယ်။ (တ. ၁:၃) နိုင်ငံတော်ကို ယေရှု သိပ်တန်ဖိုးထားလေးမြတ်တာကြောင့် အဲဒီအကြောင်းကို မပြောဘဲမနေနိုင်ခဲ့ဘူး။

၅–၇။ (က) နိုင်ငံတော်ကို ယေဟောဝါ အလေးအနက်ထားကြောင်း ဘယ်လိုသိရသလဲ။ ဥပမာပေးပါ။ (ခ) နိုင်ငံတော်ကို အလေးအနက်ထားကြောင်း ကျွန်တော်တို့ ဘယ်လိုတင်ပြနိုင်သလဲ။

ယေဟောဝါလည်း နိုင်ငံတော်ကို အလေးအနက်ထားတယ်။ ဘယ်လိုသိရသလဲ။ ယေဟောဝါက သူ့ရဲ့တစ်ပါးတည်းသောသားတော်ကို ကမ္ဘာပေါ်စေလွှတ်ခဲ့တယ်။ သားတော်ပြောသမျှ၊ သွန်သင်သမျှဟာ ယေဟောဝါရဲ့စကားတွေဖြစ်တယ်။ (ယော. ၇:၁၆; ၁၂:၄၉၊ ၅၀) ယေရှုရဲ့ဘဝနဲ့ ဓမ္မအမှုအကြောင်း ခရစ်ဝင်ကျမ်းလေးစောင်စလုံးမှာ မှတ်တမ်းတင်ထားသမျှဟာ ယေဟောဝါဆီကလာတယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုတာ သုံးသပ်ကြည့်ရအောင်။

“ဘုရားသခင့်နိုင်ငံတော်ကို ငါ အလေးအနက်ထားသလား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်

သင်ဟာ မိသားစုဓာတ်ပုံအယ်လဘမ်မှာ ဓာတ်ပုံတွေထည့်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ ထည့်စရာပုံတွေ အများကြီးပဲ။ ဒါပေမဲ့ အယ်လဘမ်က ဓာတ်ပုံအများကြီး မဆံ့ဘူးဆိုတော့ ဘာလုပ်မလဲ။ ပုံတွေကို ရွေးပြီးထည့်မှာပေါ့။ အဲဒီလိုပဲ ခရစ်ဝင်ကျမ်းတွေက ယေရှုအကြောင်းကို ပုံဖော်ပေးတဲ့ ဓာတ်ပုံအယ်လဘမ်နဲ့တူတယ်။ ယေဟောဝါက ကမ္ဘာပေါ်မှာ ယေရှုပြောခဲ့သမျှ၊ လုပ်ခဲ့သမျှကို မှတ်တမ်းတင်ဖို့ ခရစ်ဝင်ကျမ်းရေးသူတွေကို မလှုံ့ဆော်ပေးဘူး။ (ယော. ၂၀:၃၀; ၂၁:၂၅) အဲဒီအစား ယေဟောဝါအတွက် အရေးကြီးဆုံးအရာတွေနဲ့ ယေရှုဓမ္မအမှုရဲ့ရည်ရွယ်ချက်ကို နားလည်စေမယ့် စကားတွေ၊ လုပ်ရပ်တွေကိုပဲ မှတ်တမ်းတင်ဖို့ စွမ်းအားတော်ကလှုံ့ဆော်ပေးခဲ့တယ်။ (၂ တိ. ၃:၁၆၊ ၁၇; ၂ ပေ. ၁:၂၁) ခရစ်ဝင်ကျမ်းတွေမှာ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ ယေရှုရဲ့သွန်သင်ချက်တွေ အပြည့်ပါရှိတယ်။ ဒါကြောင့် ယေဟောဝါဟာ နိုင်ငံတော်ကို အလေးအနက်ထားတယ်ဆိုတာ သေချာပါတယ်။ ယေဟောဝါက ကျွန်တော်တို့ကိုလည်း နိုင်ငံတော်အကြောင်း သိစေချင်တယ်။

ဒါကြောင့် “ဘုရားသခင့်နိုင်ငံတော်ကို ငါ အလေးအနက်ထားသလား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးသင့်တယ်။ အလေးအနက်ထားတယ်ဆိုရင် နိုင်ငံတော်ရဲ့အရေးပါမှုအကြောင်း၊ ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ နိုင်ငံတော်လာမယ်ဆိုတဲ့အကြောင်း ယေရှုသွန်သင်ခဲ့ရာတွေကို နားထောင်ချင်စိတ် ပြင်းပြနေပါလိမ့်မယ်။

“နိုင်ငံတော်လာပါစေ”—ဘယ်လိုနည်းနဲ့လဲ

၈။ နိုင်ငံတော်ရဲ့အရေးပါမှုကို ယေရှု ဘယ်လိုအကျဉ်းချုပ်ဖော်ပြခဲ့သလဲ။

ယေရှုဟာ နိုင်ငံတော်ရဲ့အရေးပါမှု၊ တစ်နည်းအားဖြင့် နိုင်ငံတော်လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း ရိုးရှင်းထိရောက်တဲ့စကားတွေနဲ့ စံပြဆုတောင်းချက်ထဲမှာ အကျဉ်းချုပ်ဖော်ပြခဲ့တယ်။ အဲဒါကို သုံးသပ်ကြည့်ရအောင်။ ဒီဆုတောင်းချက်ထဲမှာ အသနားခံချက် ခုနစ်ခုပါဝင်တယ်။ ပထမသုံးခုက ယေဟောဝါရဲ့ရည်ရွယ်ချက်တွေနဲ့ သက်ဆိုင်တယ်။ အဲဒါတွေက နာမတော်သန့်ရှင်းမြင့်မြတ်ခြင်း၊ နိုင်ငံတော်လာခြင်း၊ အလိုတော် ကောင်းကင်ပေါ်မှာပြည့်စုံသလို မြေကြီးပေါ်မှာပြည့်စုံခြင်း တို့ဖြစ်တယ်။ (မဿဲ ၆:၉၊ ၁၀ ကိုဖတ်ပါ။) ဒီအသနားခံချက်သုံးခုက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ ယေဟောဝါဟာ နာမတော်သန့်ရှင်းမြင့်မြတ်စေဖို့၊ အလိုတော်ပြည့်စုံစေဖို့ မေရှိယနိုင်ငံတော်ကို အသုံးပြုပါလိမ့်မယ်။

၉၊ ၁၀။ (က) ဘုရားသခင့်နိုင်ငံတော်လာတဲ့အခါ ဘာတွေလုပ်ဆောင်မလဲ။ (ခ) ဘယ်ကျမ်းစာကတိတော် ပြည့်စုံလာတာကို သင်မြင်ချင်သလဲ။

ဘုရားသခင့်နိုင်ငံတော်လာတဲ့အခါ ဘာတွေလုပ်ဆောင်မလဲ။ “နိုင်ငံတော်လာပါစေ” လို့ဆုတောင်းတဲ့အခါ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုနေတာဖြစ်တယ်။ နိုင်ငံတော်လာတဲ့အခါ ကမ္ဘာပေါ်မှာ နိုင်ငံတော်ရဲ့တန်ခိုးအာဏာ အပြည့်အဝသက်ရောက်လာလိမ့်မယ်။ နိုင်ငံတော်ဟာ လူ့အုပ်ချုပ်မှုအားလုံးအပါအဝင် ဆိုးသွမ်းတဲ့လက်ရှိစနစ်ကို ဖယ်ရှားပြီး ဖြောင့်မတ်တဲ့ကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။ (ဒံ. ၂:၄၄၊ ၄၅; ၂ ပေ. ၃:၁၃) အဲဒီနောက် နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ တစ်ကမ္ဘာလုံး ပရဒိသုဖြစ်လာပါလိမ့်မယ်။ (လု. ၂၃:၄၃) ဘုရားသခင့်မှတ်ဉာဏ်ထဲမှာရှိသူအားလုံး အသက်ပြန်ရှင်လာပြီး သူတို့ရဲ့ချစ်မြတ်နိုးရသူတွေနဲ့ ပြန်လည်ဆုံဆည်းကြပါလိမ့်မယ်။ (ယော. ၅:၂၈၊ ၂၉) နာခံမှုရှိသူတွေဟာ စုံလင်လာပြီး ထာဝစဉ်အသက်ရှင်လာလိမ့်မယ်။ (ဗျာ. ၂၁:၃-၅) အဲဒီနောက်မှာ ယေဟောဝါဘုရားသခင်ရဲ့အလိုတော်ဟာ ကောင်းကင်မှာပြည့်စုံသလို မြေကြီးမှာလည်း ပြည့်စုံလာပါလိမ့်မယ်။ ကျမ်းစာကတိတွေပြည့်စုံလာတာကို သင် မမြင်ချင်ဘူးလား။ နိုင်ငံတော်လာပါစေလို့ဆုတောင်းတိုင်း အဲဒီကတိတွေ ပြည့်စုံလာဖို့တောင်းနေတယ်ဆိုတာ သတိရပါ။

၁၀ အခုအထိတော့ ဘုရားသခင့်နိုင်ငံတော် ‘မလာ’ သေးဘူးဆိုတာ ရှင်းနေပါတယ်။ လူ့အစိုးရတွေ ရှိနေသေးတယ်၊ ဖြောင့်မတ်တဲ့ကမ္ဘာသစ်လည်း မရောက်သေးဘူး။ ဒါပေမဲ့ သတင်းကောင်းကတော့ ဘုရားသခင့်နိုင်ငံတော်တည်ထောင်နေပြီ ဆိုတာပဲ။ အဲဒီအကြောင်းကို နောက်အခန်းမှာဆွေးနွေးကြမယ်။ နိုင်ငံတော် ဘယ်တော့တည်ထောင်မယ်၊ ဘယ်တော့လာမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှုဘာပြောခဲ့တယ်ဆိုတာ အခုသုံးသပ်ကြည့်ရအောင်။

ဘုရားသခင့်နိုင်ငံတော် ဘယ်တော့တည်ထောင်မလဲ

၁၁။ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ခြင်းနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။

၁၁ တပည့်တချို့မျှော်လင့်သလို အေဒီပထမရာစုမှာ နိုင်ငံတော်တည်ထောင်မှာ မဟုတ်ဘူးလို့ ယေရှုပြောခဲ့တယ်။ (တ. ၁:၆) နှစ်နှစ်တာကာလအတွင်း ယေရှုပြောခဲ့တဲ့ ပုံဥပမာနှစ်ခုကို သုံးသပ်ကြည့်ရအောင်။

၁၂။ အေဒီပထမရာစုမှာ နိုင်ငံတော်မတည်ထောင်ခဲ့ကြောင်းကို စပါးပင်နဲ့ပေါင်းပင်ပုံဥပမာက ဘယ်လိုဖော်ပြသလဲ။

၁၂ စပါးပင်နဲ့ပေါင်းပင်ပုံဥပမာ။ (မဿဲ ၁၃:၂၄–၃၀ ကိုဖတ်ပါ။) ဒီပုံဥပမာကို အေဒီ ၃၁ နွေဦးမှာ ယေရှုပြောခဲ့ပုံရပြီး တပည့်တွေကို အဲဒီအကြောင်း ရှင်းပြခဲ့တယ်။ (မ. ၁၃:၃၆-၄၃) ပုံဥပမာရဲ့ အကျဉ်းချုပ်နဲ့အဓိပ္ပာယ်က ဒီလိုပါ– တမန်တော်တွေသေဆုံးပြီးနောက် မာရ်နတ်က ပေါင်းပင်တွေ (ခရစ်ယာန်အတုအယောင်တွေ) ကို စပါးပင်တွေ (“နိုင်ငံတော်သားများ” ဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေ) ကြားမှာ လာကြဲသွားလိမ့်မယ်။ စပါးပင်နဲ့ပေါင်းပင်နှစ်မျိုးစလုံးဟာ ရိတ်သိမ်းချိန်ဖြစ်တဲ့ “လောကစနစ်နိဂုံးပိုင်း” အထိ အတူကြီးထွားလာလိမ့်မယ်။ ရိတ်သိမ်းချိန်စတင်ပြီးနောက် ပေါင်းပင်တွေကိုနုတ်ယူပြီး စပါးပင်တွေကို စုသိမ်းမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်တည်ထောင်မယ့်အချိန်ဟာ အေဒီပထမရာစုမှာမဟုတ်ဘဲ ကြီးထွားချိန်ကုန်ဆုံးပြီးနောက်မှာဖြစ်မယ်လို့ ပုံဥပမာကဖော်ပြတယ်။ အဲဒီအတိုင်းပဲ ၁၉၁၄ မှာ ကြီးထွားချိန်ကုန်ဆုံးပြီး ရိတ်သိမ်းချိန်စတင်တော့တယ်။

၁၃။ ကောင်းကင်ပြန်ရောက်ရောက်ချင်း မေရှိယဘုရင်ဖြစ်မှာမဟုတ်ကြောင်းကို ယေရှု ဘယ်လိုဥပမာပေးခဲ့သလဲ။

၁၃ မိုင်နာပုံဥပမာ။ (လုကာ ၁၉:၁၁–၁၃ ကိုဖတ်ပါ။) အေဒီ ၃၃ ခုနှစ်၊ ဂျေရုဆလင်မြို့ကို ယေရှု နောက်ဆုံးအကြိမ်သွားနေတုန်းမှာ ဒီပုံဥပမာကိုပြောခဲ့တယ်။ ဒါကြောင့် ဂျေရုဆလင်မြို့ရောက်တာနဲ့ နိုင်ငံတော်တည်ထောင်ပေးလိမ့်မယ်လို့ တပည့်တချို့ထင်ခဲ့ကြတယ်။ အဲဒီယူဆချက်မှားကြောင်းနဲ့ နိုင်ငံတော်တည်ထောင်ဖို့လိုသေးကြောင်း နားလည်စေဖို့ ယေရှုက မိမိကိုယ်ကို “မင်းရိုက်ရာကိုဆက်ခံ” ဖို့ “ဝေးသောပြည်သို့” သွားတဲ့ “မင်းသားတစ်ပါး” အဖြစ် နှိုင်းယှဉ်ပြခဲ့တယ်။ * ယေရှုအတွက် “ဝေးသောပြည်” က ကောင်းကင်ဖြစ်တယ်။ အဲဒီမှာ ခမည်းတော်ဆီကနေ ဘုရင့်အရိုက်အရာကို သူဆက်ခံမှာဖြစ်တယ်။ ဒါပေမဲ့ ကောင်းကင်ပြန်ရောက်ရောက်ချင်း မေရှိယဘုရင်ဖြစ်မှာမဟုတ်မှန်း ယေရှုကြိုသိထားတယ်။ သတ်မှတ်ထားချိန်ရောက်တဲ့အထိ ဘုရားသခင့်လက်ယာဘက်မှာ သူထိုင်စောင့်နေရလိမ့်မယ်။ ဖြစ်ပုံကတော့ ရာစုနှစ်နဲ့ချီ စောင့်ခဲ့ရတယ်။—ဆာ. ၁၁၀:၁၊ ၂; မ. ၂၂:၄၃၊ ၄၄; ဟေဗြဲ ၁၀:၁၂၊ ၁၃

ဘုရားသခင့်နိုင်ငံတော် ဘယ်တော့လာမလဲ

၁၄။ (က) တမန်တော်လေးယောက်ရဲ့အမေးကို ယေရှု ဘယ်လိုဖြေကြားခဲ့သလဲ။ (ခ) ယေရှုရဲ့ပရောဖက်ပြုချက်ပြည့်စုံမှုက ယေရှုရောက်ရှိနေခြင်းနဲ့ နိုင်ငံတော်အကြောင်း ဘာဖော်ပြသလဲ။

၁၄ ယေရှုအသတ်မခံရခင် ရက်အနည်းငယ်မှာ တမန်တော်လေးယောက်က “ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်” မလဲလို့ မေးခဲ့တယ်။ (မ. ၂၄:၃; မာ. ၁၃:၄) ယေရှုဟာ မဿဲအခန်းကြီး ၂၄၂၅ မှာ မှတ်တမ်းတင်ထားတဲ့ ပရောဖက်ပြုချက်နဲ့ အဖြေပေးခဲ့တယ်။ ယေရှု “ရောက်ရှိနေ” တဲ့ အချိန်ကာလကိုဖော်ပြပေးမယ့် ကမ္ဘာချီအဖြစ်အပျက်အမျိုးမျိုးအကြောင်း အသေးစိတ်ပြောခဲ့တယ်။ ယေရှုရောက်ရှိချိန်အစမှာ နိုင်ငံတော်တည်ထောင်မယ်။ ယေရှုရောက်ရှိချိန်အဆုံးမှာ နိုင်ငံတော်လာမယ်။ ၁၉၁၄ ခုနှစ်ကတည်းက ယေရှုရဲ့ပရောဖက်ပြုချက် ပြည့်စုံနေတယ်ဆိုတဲ့သက်သေတွေ အများကြီးပါပဲ။ * ဒါကြောင့် ၁၉၁၄ ခုနှစ်ဟာ ယေရှုစတင်ရောက်ရှိတဲ့နှစ်၊ နိုင်ငံတော်တည်ထောင်တဲ့နှစ်ဖြစ်တယ်။

၁၅၊ ၁၆။ “ဤလူမျိုးဆက်” ဆိုတဲ့စကားက ဘယ်သူ့ကိုဆိုလိုသလဲ။

၁၅ ဒါဆို ဘယ်အချိန်မှာ ဘုရားသခင့်နိုင်ငံတော်လာမလဲ။ အဲဒီအချိန်ကို ယေရှုအတိအကျ မဖော်ပြခဲ့ဘူး။ (မ. ၂၄:၃၆) ဒါပေမဲ့ သိပ်နီးနေမှန်း အသေအချာသိစေတဲ့ စကားတစ်ခွန်းကိုတော့ ပြောခဲ့တယ်။ ပရောဖက်ပြုချက်တွေ ပြည့်စုံလာတာကို “ဤလူမျိုးဆက်” မြင်ပြီးနောက်မှ နိုင်ငံတော်လာမယ်လို့ ယေရှုပြောခဲ့တယ်။ (မဿဲ ၂၄:၃၂–၃၄ ကိုဖတ်ပါ။) “ဤလူမျိုးဆက်” ဆိုတာ ဘယ်သူ့ကိုပြောတာလဲ။ ယေရှုရဲ့စကားတွေကို အသေအချာဆန်းစစ်ကြည့်ရအောင်။

၁၆ “ဤလူမျိုးဆက်။” ဒီစကားတွေကိုယေရှုပြောတဲ့အခါ မယုံကြည်သူတွေကို ပြောနေတာလား။ သူ့ရဲ့စကားကို နားထောင်နေတဲ့သူတွေက ဘယ်သူတွေလဲ။ “အခြားသူမပါဘဲ ချဉ်းကပ်” လာတဲ့ တမန်တော်တချို့ဖြစ်တယ်။ (မ. ၂၄:၃) မကြာခင်မှာ တမန်တော်တွေဟာ စွမ်းအားတော်နဲ့ဘိသိက်ပေးခံရတော့မယ်။ ရှေ့နောက်စကားကိုလည်း သတိပြုကြည့်ပါ။ “ဤလူမျိုးဆက်” လို့မပြောခင် ယေရှုအခုလိုပြောခဲ့တယ်– “သဖန်းပင်ပုံဥပမာမှ သင်ယူကြလော့။ သဖန်းပင်သည် အခက်အလက်နုထွက်၍ ရွက်နုပေါက်သောအခါ နွေကာလနီးကြောင်း သင်တို့သိကြ၏။ ထိုနည်းတူ ထိုအခြင်းအရာအလုံးစုံတို့ကို သင်တို့မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ရောက်ရှိနေသည်ကို သိမှတ်ကြလော့။” ကြိုပြောထားတဲ့အခြင်းအရာတွေကို မြင်ပြီး အဲဒါရဲ့အဓိပ္ပာယ်ကို သိကြမယ့်သူတွေ၊ တစ်နည်းအားဖြင့် ယေရှု “တံခါးဝတိုင်အောင် အနီးသို့ရောက်” နေမှန်း သိကြမယ့်သူတွေက မယုံကြည်သူတွေမဟုတ်ဘဲ ယေရှုရဲ့ဘိသိက်ခံနောက်လိုက်တွေဖြစ်တယ်။ ဒါကြောင့် “ဤလူမျိုးဆက်” လို့ယေရှုပြောတဲ့အခါ ဘိသိက်ခံနောက်လိုက်တွေကို ဆိုလိုနေတာဖြစ်တယ်။

၁၇။ “ဤလူမျိုးဆက်” နဲ့ “ထိုအခြင်းအရာအလုံးစုံ” ဆိုတဲ့စကားတွေက ဘာကိုဆိုလိုသလဲ။

၁၇ “ထိုအခြင်းအရာအလုံးစုံမဖြစ်မီ . . . အလျှင်းမကွယ်မပျောက်ရ။” ဒီစကားတွေကကော ဘယ်လိုပြည့်စုံလာမလဲ။ အဖြေကိုရဖို့ “လူမျိုးဆက်” နဲ့ “ထိုအခြင်းအရာအလုံးစုံ” ဆိုတဲ့စကားတွေရဲ့အဓိပ္ပာယ်ကို သိရမယ်။ “လူမျိုးဆက်” ဆိုတဲ့အခါ အချိန်ကာလတစ်ခုအတွင်း အတူအသက်ရှင်တဲ့ အသက်အရွယ်အသီးသီးရှိသူတွေကို ပြောတာဖြစ်တယ်။ လူမျိုးဆက်တစ်ဆက်ရဲ့သက်တမ်းက သိပ်မကြာဘူး။ တစ်ချိန်ချိန်မှာ အဆုံးတိုင်သွားတယ်။ (ထွ. ၁:၆) “ထိုအခြင်းအရာအလုံးစုံ” ဆိုတဲ့စကားက ယေရှုရောက်ရှိချိန်အတွင်း ဖြစ်လာမယ့်အဖြစ်အပျက်အားလုံးကို ဆိုလိုတယ်။ ယေရှုရောက်ရှိချိန်ဟာ ၁၉၁၄ ခုနှစ်မှာ စတင်ပြီး “ကြီးစွာသောဒုက္ခ” မှာ အဆုံးတိုင်ပါလိမ့်မယ်။—မ. ၂၄:၂၁

၁၈၊ ၁၉။ “ဤလူမျိုးဆက်” နဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားတွေကို ဘယ်လို နားလည်နိုင်သလဲ။ ကျွန်တော်တို့ ဘယ်လိုကောက်ချက်ချနိုင်သလဲ။

၁၈ ဒါဆို “ဤလူမျိုးဆက်” နဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားတွေကို ဘယ်လိုနားလည်နိုင်သလဲ။ လူမျိုးဆက်မှာ အသက်ရှင်ချိန်တစ်ထပ်တည်းကျတဲ့ ဘိသိက်ခံအုပ်စုနှစ်စု ပါဝင်တယ်။ ပထမအုပ်စုဟာ ၁၉၁၄ ခုနှစ်မှာ နိမိတ်စတင်ပြည့်စုံတာကို မြင်တွေ့ခဲ့တဲ့ ဘိသိက်ခံတွေဖြစ်တယ်။ ဒုတိယအုပ်စုဟာ ပထမအုပ်စုနဲ့ အချိန်ကာလတစ်ခုအထိ အတူအသက်ရှင်ခဲ့တဲ့ ဘိသိက်ခံတွေဖြစ်တယ်။ အနည်းဆုံးတော့ ဒုတိယအုပ်စုမှာပါဝင်သူတချို့ဟာ ကြီးစွာသောဒုက္ခရဲ့အစကို မြင်တွေ့ရလိမ့်မယ်။ ဒီအုပ်စုနှစ်စုဟာ လူမျိုးဆက်တစ်ဆက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘိသိက်ခံခရစ်ယာန်တွေအဖြစ် သူတို့အသက်ရှင်ခဲ့ချိန်ဟာ အချိန်ကာလတစ်ခုအတွင်းမှာ တစ်ထပ်တည်းကျခဲ့လို့ပဲ။ *

၁၉ ဒါဆို ကျွန်တော်တို့ ဘယ်လိုကောက်ချက်ချနိုင်သလဲ။ နိုင်ငံတော်အာဏာနဲ့ယေရှုရောက်ရှိနေခြင်းနိမိတ်ကို တစ်ကမ္ဘာလုံးမှာ ထင်ထင်ရှားရှားမြင်တွေ့နေရပြီဆိုတာ ကျွန်တော်တို့သိကြတယ်။ အခုထိ အသက်ရှင်နေသေးတဲ့ “ဤလူမျိုးဆက်” အဝင် ဘိသိက်ခံတွေ အသက်ကြီးနေပြီဆိုတာလည်း သိကြတယ်။ ဒါပေမဲ့ ကြီးစွာသောဒုက္ခမစခင် သူတို့အားလုံး သေဆုံးသွားမှာမဟုတ်ဘူး။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်လာပြီး ကမ္ဘာမြေကြီးကို အုပ်စိုးတော့မယ်အချိန် အရမ်းနီးနေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ “နိုင်ငံတော်လာပါစေ” လို့ ယေရှုသင်ပေးခဲ့တဲ့ဆုတောင်းချက် ပြည့်စုံလာတာကို မြင်ရတဲ့အခါ သိပ်စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်။

၂၀။ ဒီစာအုပ်မှာ ဘယ်အရေးကြီးတဲ့အကြောင်းတွေကို ဆွေးနွေးမလဲ။ နောက်အခန်းမှာ ဘယ်အကြောင်းကို လေ့လာမလဲ။

၂၀ “သူ၏စကားကို နားထောင်ကြ” ဆိုပြီး ကောင်းကင်ကနေ ယေဟောဝါကိုယ်တော်တိုင် ပြောခဲ့တဲ့စကားကို အမြဲအမှတ်ရနေကြပါစို့။ စစ်မှန်တဲ့ခရစ်ယာန်တွေအနေနဲ့ ဘုရားသခင့်လမ်းညွှန်ချက်ကိုလိုက်နာဖို့ ကျွန်တော်တို့ဆန္ဒပြင်းပြနေကြတယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှုသွန်သင်သမျှ၊ ပြောသမျှအရာအားလုံးကို အထူးစိတ်ဝင်စားကြတယ်။ နိုင်ငံတော် လုပ်ဆောင်ခဲ့ရာတွေနဲ့ အနာဂတ်မှာလုပ်ဆောင်မယ့်အရာတွေက သိပ်ကိုအရေးကြီးပါတယ်။ ဒီစာအုပ်မှာ အဲဒီအကြောင်းတွေကို ဆွေးနွေးသွားပါလိမ့်မယ်။ ကောင်းကင်မှာ ဘုရားသခင့်နိုင်ငံတော်ဖွားမြင်တာနဲ့ဆက်စပ်တဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေအကြောင်း နောက်အခန်းမှာ လေ့လာသွားပါမယ်။

^ အပိုဒ်၊ 13 နားထောင်နေသူတွေဟာ ယေရှုရဲ့ပုံဥပမာကိုကြားတဲ့အခါ မဟာဟေရုဒ်မင်းရဲ့သားတော် အာခေလကို သတိရမိမှာပဲ။ ဟေရုဒ်ဟာ သူမသေဆုံးခင်မှာ ယုဒနဲ့တခြားဒေသတွေကို အုပ်ချုပ်ဖို့ အာခေလကို ခန့်အပ်ခဲ့တယ်။ ဒါပေမဲ့ အာခေလဟာ စတင်မအုပ်ချုပ်ခင်မှာ ဦးဆုံး ဩဂတ်စ်တပ်စ်ဆီဇာရဲ့ခွင့်ပြုချက်ရရှိဖို့ ရောမကို ခရီးဝေးနှင်ခဲ့ရတယ်။

^ အပိုဒ်၊ 18 ပထမအုပ်စုမှာပါဝင်တဲ့ ဘိသိက်ခံတွေဟာ ၁၉၁၄ ခုနှစ်မှာ “ဆင်းရဲဒုက္ခရဲ့အစ” ကို မြင်တွေ့ခဲ့သူတွေဖြစ်တယ်။ သူတို့အားလုံးသေဆုံးပြီးနောက်မှ ဘိသိက်ပေးခံရသူတွေကတော့ “ဤလူမျိုးဆက်” အဝင်မဟုတ်ဘူး။—မ. ၂၄:၈