မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

ကောင်းကင်မှာ နိုင်ငံတော်ဖွားမြင်ပြီ

ကောင်းကင်မှာ နိုင်ငံတော်ဖွားမြင်ပြီ

အဓိကအကြောင်းအရာ

နိုင်ငံတော်ဖွားမြင်ခြင်းအတွက် လူမျိုးတော်ကို ဘုရားသခင် ပြင်ဆင်ပေးပုံ

၁၊ ၂။ ကမ္ဘာ့သမိုင်းမှာဖြစ်ဖူးခဲ့သမျှတွေထဲက အကြီးကျယ်ဆုံးဖြစ်ရပ်က ဘာလဲ။ အဲဒါကို လူတွေမမြင်ရတာ ဘာကြောင့်အံ့သြစရာမဟုတ်သလဲ။

သမိုင်းတစ်ကွေ့မှာ အလှည့်အပြောင်းကြီးတစ်ခုဖြစ်ပျက်တာကို သင် ကြုံဖူးသလား။ အများစုက ကြုံဖူးကြတယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ တကယ်လို့ သင်ကြုံဖူးတယ်ဆိုရင်တောင် အဲဒီလိုပြောင်းလဲစေတဲ့ အဓိကဖြစ်ရပ်တွေကို ကိုယ်တိုင်မြင်ခဲ့ရသလား။ မမြင်ရဖို့များပါတယ်။ အစိုးရဟောင်းတွေကို ဖြုတ်ချတဲ့ဖြစ်ရပ်တွေ၊ သမိုင်းစာမျက်နှာတွေကို ပြည့်သွားစေတဲ့ဖြစ်ရပ်တွေဟာ လူအများရဲ့မျက်ကွယ်မှာ ဖြစ်ပျက်လေ့ရှိတယ်။ အဲဒါတွေက လျှို့ဝှက်စည်းဝေးခန်းတွေ၊ အစိုးရရုံးတွေထဲမှာ ဖြစ်လေ့ရှိတဲ့ ကန့်လန့်ကာနောက်ကွယ်က ဖြစ်ရပ်တွေပါပဲ။ ဒါပေမဲ့ အဲဒီအပြောင်းအလဲတွေက လူသန်းပေါင်းများစွာရဲ့ အသက်တာအပေါ် အကျိုးသက်ရောက်မှုရှိတယ်။

ကမ္ဘာ့သမိုင်းမှာ ဖြစ်ဖူးသမျှတွေထဲက အကြီးကျယ်ဆုံးဖြစ်ရပ်နဲ့ပတ်သက်လို့ကော။ အဲဒီဖြစ်ရပ်က လူသန်းပေါင်းများစွာရဲ့အသက်တာအပေါ် အကျိုးသက်ရောက်ခဲ့ပေမဲ့ လူသားတွေရဲ့မျက်ကွယ်မှာ ဖြစ်ပျက်ခဲ့တယ်။ အဲဒါကတော့ ကောင်းကင်မှာ မေရှိယအုပ်ချုပ်တဲ့ ဘုရားသခင့်နိုင်ငံတော်ဖွားမြင်ခြင်းပါပဲ။ ရှေးကတည်းက ကတိပြုထားတဲ့ အဲဒီနိုင်ငံတော်ဟာ မကြာခင် ဒီလောကစနစ်တစ်ခုလုံးကို အဆုံးတိုင်စေပါလိမ့်မယ်။ (ဒံယေလ ၂:၃၄၊ ၃၅၊ ၄၄၊ ၄၅ ကိုဖတ်ပါ။) နိုင်ငံတော်ဖွားမြင်တာကို လူသားတွေမမြင်ရတဲ့အတွက် ယေဟောဝါက အဲဒီဖြစ်ရပ်ကို လူတွေမသိအောင် ဖုံးကွယ်ထားတဲ့သဘောလား။ ဒါမှမဟုတ် အဲဒီဖြစ်ရပ်အတွက် သစ္စာရှိလူမျိုးတော်ကို ကြိုတင်ပြင်ဆင်ပေးခဲ့သလား။ ကြည့်ရအောင်။

‘ငါ့စေတမန်က ငါသွားမယ့်လမ်းကို ရှင်းပေးလိမ့်မယ်’

၃–၅။ (က) မာလခိ ၃:၁ မှာပါတဲ့ ‘ပဋိညာဉ်တမန်’ က ဘယ်သူလဲ။ (ခ) ဗိမာန်တော်ကို ‘ပဋိညာဉ်တမန်’ မလာခင် ဘာဖြစ်မလဲ။

မေရှိယနိုင်ငံတော်ဖွားမြင်ခြင်းအတွက် လူမျိုးတော်ကိုပြင်ဆင်ပေးဖို့ ရှေးအချိန်ကတည်းက ယေဟောဝါ ရည်ရွယ်ထားတယ်။ ဥပမာ၊ မာလခိ ၃:၁ (ကဘ) မှာပါတဲ့ ဒီပရောဖက်ပြုချက်ကို သုံးသပ်ရအောင်– ‘ကြည့်ပါ။ ငါ့စေတမန်ကို ငါစေလွှတ်မယ်။ သူက ငါသွားမယ့်လမ်းကို ရှင်းပေးလိမ့်မယ်။ သင်တို့ရှာဖွေနေတဲ့ စစ်မှန်တဲ့သခင်က ဗိမာန်တော်ကို ရုတ်တရက်လာလိမ့်မယ်။ သင်တို့နှစ်သက်တဲ့ပဋိညာဉ်တမန်လည်း လာလိမ့်မယ်။’

မျက်မှောက်ခေတ်ပြည့်စုံချက်အရ ‘စစ်မှန်တဲ့သခင်’ ယေဟောဝါက ပုံဆောင်ဗိမာန်တော်ရဲ့မြေကြီးရင်ပြင်မှာ အမှုဆောင်နေသူတွေကို စစ်ဆေးဖို့ ဘယ်အချိန်မှာ ရောက်လာသလဲ။ ယေဟောဝါက ‘ပဋိညာဉ်တမန်’ နဲ့အတူလာမယ်လို့ ပရောဖက်ပြုချက်မှာ ရှင်းပြတယ်။ အဲဒီပဋိညာဉ်တမန်က ဘယ်သူလဲ။ မေရှိယဘုရင် ယေရှုခရစ်ပါပဲ။ (လု. ၁:၆၈-၇၃) နန်းတက်ခါစဘုရင်အနေနဲ့ ယေရှုဟာ မြေကြီးပေါ်ကဘုရားသခင့်လူမျိုးတော်ကို စစ်ဆေးပြီး သန့်စင်ပေးပါလိမ့်မယ်။—၁ ပေ. ၄:၁၇

မာလခိ ၃:၁ အစမှာ ဖော်ပြတဲ့ ‘စေတမန်’ ကကော ဘယ်သူလဲ။ အဲဒီစေတမန်က မေရှိယဘုရင် မရောက်လာခင်ကတည်းက ရှိနှင့်နေမှာဖြစ်တယ်။ ဒါဆိုရင် ၁၉၁၄ ခုနှစ်မတိုင်ခင် ဆယ်စုနှစ်တွေမှာ မေရှိယဘုရင်ရဲ့လမ်းကို ‘ရှင်းပေး’ တဲ့သူ ရှိခဲ့သလား။

၆။ ရှေ့မှာဖြစ်လာမယ့် ဖြစ်ရပ်တွေအတွက် ဘုရားသခင့်လူမျိုးကို အသင့်ပြင်ပေးဖို့ ဦးဆုံးရောက်လာတဲ့ ‘စေတမန်’ က ဘယ်သူလဲ။

ဒီစာအုပ်မှာပါတဲ့ ခေတ်သစ်ယေဟောဝါလူမျိုးရဲ့ စိတ်လှုပ်ရှားစရာသမိုင်းမှာ အဲဒီလိုမေးခွန်းတွေရဲ့အဖြေကို တွေ့ရပါလိမ့်မယ်။ သမိုင်းကိုကြည့်တဲ့အခါ ၁၉ ရာစုနှောင်းပိုင်းမှာ သစ္စာရှိအုပ်စုလေးတစ်စုဟာ များပြားလှတဲ့ ခရစ်ယာန်အတုအယောင်တွေကြားမှာ တစ်ခုတည်းသော စစ်မှန်တဲ့ခရစ်ယာန်အုပ်စုအဖြစ် ပေါ်ထွက်ခဲ့တယ်။ အဲဒီအုပ်စုလေးကို ကျမ်းစာကျောင်းသားများလို့ သိခဲ့ကြတယ်။ သူတို့ထဲက ဦးဆောင်သူတွေဖြစ်တဲ့ ချားလ်စ် တီ ရပ်စယ်လ်နဲ့အပေါင်းပါတွေဟာ ကြိုဟောထားတဲ့ ‘စေတမန်’ အဖြစ် လုပ်ဆောင်ခဲ့တယ်။ ဘုရားသခင့်လူမျိုးကို ကျမ်းစာလမ်းညွှန်ချက်တွေပေးပြီး ရှေ့မှာဖြစ်လာမယ့် ဖြစ်ရပ်တွေအတွက် အသင့်ပြင်ပေးခဲ့တယ်။ ‘စေတမန်’ လုပ်ဆောင်ခဲ့တဲ့ နည်းလမ်းလေးခုကို ဆန်းစစ်ကြည့်ရအောင်။

အမှန်တရားနဲ့အညီ ကိုးကွယ်ခြင်း

၇၊ ၈။ (က) ဝိညာဉ်မသေနိုင်အယူဝါဒ မှားကြောင်းကို ၁၈၀၀ နဲ့ ၁၉၀၀ ခုနှစ်ကြားကာလအတွင်း ဘယ်သူတွေ စတင်ဖော်ထုတ်ခဲ့သလဲ။ (ခ) စီ တီ ရပ်စယ်လ်နဲ့အပေါင်းပါတွေက တခြားဘယ်အယူဝါဒအမှားတွေကိုလည်း ဖော်ထုတ်ခဲ့သလဲ။

ကျမ်းစာကျောင်းသားတွေဟာ ဆုတောင်းပြီး လေ့လာတယ်၊ သဘောတူဆုံးဖြတ်တယ်၊ သိရှိရာတွေကို စုစည်းတယ်၊ အယူဝါဒပိုင်းဆိုင်ရာအမှန်တရားတွေကို ပုံနှိပ်ဖြန့်ချိတယ်။ ရာစုနှစ်တွေတစ်လျှောက်မှာ အမည်ခံခရစ်ယာန်တွေဟာ ပုံဆောင်အမှောင်ထုထဲ ပိတ်မိနေတယ်။ သူတို့ရဲ့သွန်သင်ချက်များစွာဟာ အယူမှားဘာသာကနေ ဆင်းသက်လာတယ်။ ထင်ရှားတဲ့သာဓကတစ်ခုကတော့ ဝိညာဉ်မသေနိုင်အယူဝါဒပါပဲ။ ၁၈၀၀ နဲ့ ၁၉၀၀ ခုနှစ် ကြားကာလအတွင်း စိတ်ရင်းမှန်သူတချို့က အဲဒီအယူဝါဒကို သေချာလေ့လာတဲ့အခါ ကျမ်းစာနဲ့မညီမှန်း သိလာကြတယ်။ ဟင်နရီ ဂရူး၊ ဂျော့ခ်ျ စတက်ဆင်၊ ဂျော့ခ်ျ စတောစ်တို့က စာတန်ရဲ့ အဲဒီမုသာအယူဝါဒကို သတ္တိရှိရှိ ဖော်ထုတ်ရေးသားဟောပြောခဲ့ကြတယ်။ * သူတို့ရဲ့လုပ်ဆောင်မှုက စီ တီ ရပ်စယ်လ်နဲ့အပေါင်းပါတွေရဲ့ ကျမ်းစာနားလည်မှုကို တိုးတက်စေခဲ့တယ်။

ဝိညာဉ်မသေနိုင်အယူဝါဒနဲ့ဆက်စပ်နေတဲ့ တခြားအယူဝါဒတွေကလည်း မှားယွင်းပြီး ရှုပ်ထွေးနေမှန်း ကျမ်းစာကျောင်းသားအုပ်စုလေး သိလာတယ်။ ဥပမာ၊ လူကောင်းအားလုံး ကောင်းကင်သွားမယ်၊ ဘုရားသခင်က လူဆိုးတွေရဲ့ဝိညာဉ်ကို မီးငရဲမှာ ထာဝစဉ်ညှဉ်းဆဲမယ်ဆိုတဲ့ သွန်သင်ချက်တွေဖြစ်တယ်။ ရပ်စယ်လ်နဲ့အပေါင်းပါတွေဟာ အဲဒီမုသာအယူဝါဒတွေအကြောင်းကို ဆောင်းပါးတွေ၊ စာအုပ်တွေ၊ လက်ကမ်းစာစောင်တွေ၊ ဝေစာတွေမှာ သတ္တိရှိရှိဖော်ထုတ်ခဲ့တယ်။ သတင်းစာမှာလည်း ဟောပြောချက်တွေ ပုံနှိပ်ခဲ့တယ်။

၉။ ဇိအုန်ကင်းမျှော်စင်က သုံးပါးတစ်ဆူအယူဝါဒမှားကြောင်း ဘယ်လိုဖော်ထုတ်ခဲ့သလဲ။

လူအများယုံကြည်လက်ခံတဲ့ သုံးပါးတစ်ဆူအယူဝါဒဟာလည်း မှားယွင်းကြောင်း ကျမ်းစာကျောင်းသားတွေ ဖော်ထုတ်ခဲ့တယ်။ ၁၈၈၇ ခုနှစ်၊ ဇိအုန်ကင်းမျှော်စင်မှာ အခုလိုဖော်ပြတယ်– “ယေဟောဝါနဲ့သခင်ယေရှုဟာ သပ်သပ်စီပဲ၊ တစ်ယောက်က အဖေ၊ တစ်ယောက်က သားဆိုတာ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။” အဲဒီဆောင်းပါးက အခုလိုဆက်ပြောတယ်– “သုံးပါးတစ်ဆူအယူဝါဒ ဒီလောက်အထိ ထင်ရှားကျော်ကြားလာပြီး လူအများလက်ခံလာတာ အံ့ဩစရာပဲ။ ဒါပေမဲ့ ဒီအချက်က အမည်ခံခရစ်ယာန်ချာ့ခ်ျတွေ ပုံဆောင်သဘောအရ အိပ်မောကျနေတဲ့အတွက် ဒီအယူဝါဒအမှားကို စာတန်ဖြန့်နိုင်ခဲ့မှန်း အထင်အရှားဖော်ပြနေတယ်။”

၁၀။ ၁၉၁၄ ဟာ ထူးခြားတဲ့နှစ် ဖြစ်ကြောင်း ကင်းမျှော်စင်က ဘယ်လိုဖော်ပြခဲ့သလဲ။

၁၀ ဇိအုန်ကင်းမျှော်စင်နဲ့ ခရစ်တော်ရောက်ရှိခြင်းသံတော်ဆင့် ဂျာနယ်ဟာ ခေါင်းစဉ်နဲ့အညီ ခရစ်တော်ရောက်ရှိခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေကို အလေးအနက်အာရုံစိုက်တယ်။ “ခုနစ်ကာလ” အကြောင်း ဒံယေလပရောဖက်ပြုချက်ဟာ မေရှိယနိုင်ငံနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်တွေ ပြည့်စုံလာမယ့်အချိန်နဲ့ ဆက်စပ်နေမှန်း အဲဒီဂျာနယ်ကိုရေးသားတဲ့ သစ္စာရှိဘိသိက်ခံတွေ သိလာတယ်။ ၁၉၁၄ မှာ ခုနစ်ကာလကုန်ဆုံးမယ်ဆိုပြီး ၁၈၇၆ အစောပိုင်းကတည်းက သူတို့ထောက်ပြခဲ့တယ်။ (ဒံ. ၄:၂၅; လု. ၂၁:၂၄) အဲဒီတုန်းက ညီအစ်ကိုတွေဟာ ၁၉၁၄ ခုနှစ်ရဲ့အဓိပ္ပာယ်ကို အပြည့်အဝမသိသေးပေမဲ့ သူတို့သိသလောက်ကို ကျယ်ကျယ်ပြန့်ပြန့်ကြေညာခဲ့ကြတယ်။ အဲဒီအကျိုးရလဒ်ကို ကျွန်တော်တို့ ဒီနေ့အထိ ခံစားနေရတယ်။

၁၁၊ ၁၂။ (က) ညီအစ်ကိုရပ်စယ်လ်က သူသွန်သင်ခဲ့တာတွေအတွက် ဘယ်သူ့ကို ဂုဏ်တင်ခဲ့သလဲ။ (ခ) ၁၉၁၄ မတိုင်ခင် ဆယ်စုနှစ်တွေအတွင်း ရပ်စယ်လ်နဲ့အပေါင်းပါတွေရဲ့ လုပ်ဆောင်မှုဟာ ဘယ်လောက်ထိအရေးပါခဲ့သလဲ။

၁၁ ဒီအရေးကြီးတဲ့ကျမ်းစာအမှန်တရားတွေကို ဖော်ထုတ်နိုင်၊ နားလည်နိုင်တဲ့အတွက် ရပ်စယ်လ်ကော၊ သူ့ရဲ့သစ္စာရှိအပေါင်းပါတွေကော ကိုယ့်ကိုယ်ကိုယ်ဂုဏ်မတင်ခဲ့ဘူး။ ရပ်စယ်လ်က သူ့ထက်အရင်ကျသူတွေကို ဂုဏ်တင်ခဲ့တယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါဘုရားသခင်ကို အဓိကဂုဏ်တင်တယ်။ ကိုယ်တော်ဟာ မိမိလူမျိုး သိသင့်သိအပ်ရာကို သိသင့်သိအပ်တဲ့အချိန်မှာ သွန်သင်ပေးတဲ့အရှင်ပါပဲ။ အမှားတွေထဲကနေ အမှန်တရားကို စစ်ထုတ်ဖို့ ရပ်စယ်လ်နဲ့အပေါင်းပါတွေ ကြိုးစားလုပ်ဆောင်တာကို ယေဟောဝါကောင်းချီးပေးခဲ့မှန်း ထင်ရှားပါတယ်။ နှစ်တွေကုန်လွန်လာတာနဲ့အမျှ သူတို့ဟာ အမည်ခံခရစ်ယာန်တွေနဲ့ ပိုပြီးသီးခြားရပ်တည်လာခဲ့ကြတယ်။

ညီအစ်ကိုရပ်စယ်လ်နဲ့ အပေါင်းပါတွေက ကျမ်းစာအမှန်တရားတွေကို ထောက်ခံခဲ့ကြ

၁၂ ၁၉၁၄ မတိုင်ခင် ဆယ်စုနှစ်တွေအတွင်း အမှန်တရားကို ထောက်ခံရာမှာ ဒီသစ္စာရှိအမျိုးသားတွေရဲ့လုပ်ဆောင်မှုဟာ တကယ်အံ့သြစရာပါပဲ။ ၁၉၁၇၊ နိုဝင်ဘာ ၁ ရက်ထုတ် ဇိအုန်ကင်းမျှော်စင်နဲ့ ခရစ်တော်ရောက်ရှိခြင်းသံတော်ဆင့်က လုပ်ဆောင်ခဲ့ရာတွေနဲ့ပတ်သက်ပြီး အခုလိုမှတ်ချက်ချတယ်– “ယနေ့ လူသန်းပေါင်းများစွာဟာ မီးငရဲနဲ့ တခြားအယူဝါဒအမှားတွေကြောင့် ကြောက်ရွံ့နေရတဲ့ဘဝကနေ လွတ်မြောက်လာကြပြီ။ . . . အမှန်တရားဒီရေဟာ လွန်ခဲ့တဲ့အနှစ်လေးဆယ်ကျော်ကတည်းက စပြီးတက်လာခဲ့တယ်။ အခုလည်း တဖြည်းဖြည်းမြင့်တက်နေတယ်။ တစ်ကမ္ဘာလုံးကိုဖုံးလွှမ်းသွားတဲ့အထိ ဆက်တက်နေမှာပဲ။ ကမ္ဘာမှာ အမှန်တရားမပျံ့နှံ့အောင် ဆန့်ကျင်သူတွေလုပ်ဆောင်တာက သမုဒ္ဒရာလှိုင်းလုံးကြီးတွေကို တံမြက်စည်းလေးနဲ့ လှည်းချဖို့ ကြိုးစားနေတာနဲ့တူတယ်။”

၁၃၊ ၁၄။ (က) ‘စေတမန်’ က မေရှိယဘုရင်အတွက်လမ်းကို ဘယ်လိုပြင်ဆင်ပေးသလဲ။ (ခ) လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ညီအစ်ကိုတွေဆီကနေ ကျွန်တော်တို့ဘာသင်ယူနိုင်သလဲ။

၁၃ စဉ်းစားကြည့်ပါ– ဘုရားသခင့်လူမျိုးက ယေရှုနဲ့ ခမည်းတော်ယေဟောဝါဘုရားကို ကွဲကွဲပြားပြားမသိနိုင်ဘူးဆိုရင် ခရစ်တော်စတင်ရောက်ရှိခြင်းအတွက် အဆင်သင့်ဖြစ်နေပါ့မလား။ မသေနိုင်တဲ့အဖြစ်က ခရစ်တော်ရဲ့နောက်လိုက်အနည်းငယ်သာ ရရှိမယ့်ဆုကျေးဇူးမဟုတ်ဘဲ လူအားလုံး ပိုင်ဆိုင်မယ့်အရာဖြစ်တယ်လို့ ယုံကြည်နေမယ်ဆိုရင်ကော။ ဒါမှမဟုတ် ဘုရားသခင်က လူတွေကို မီးငရဲမှာ ထာဝစဉ်ညှဉ်းဆဲတယ်လို့ ယုံကြည်နေမယ်ဆိုရင်ကော။ သူတို့အဆင်သင့်ဖြစ်နေပါ့မလား။ ဖြစ်မှာမဟုတ်ပါဘူး။ ‘စေတမန်’ က မေရှိယဘုရင်အတွက် လမ်းပြင်ဆင်ပေးခဲ့မှန်း သေချာပါတယ်။

၁၄ ကျွန်တော်တို့ကော။ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ညီအစ်ကိုတွေဆီကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့လည်း ကျမ်းစာကို စိတ်ထက်သန်စွာ ဖတ်ရှုလေ့လာသူတွေဖြစ်ရမယ်။ (ယော. ၁၇:၃) ပစ္စည်းဥစ္စာအဓိကထားတဲ့ ဒီလောကဟာ ပုံဆောင်အစာမစားရလို့ ပိန်ချုံးချည့်နဲ့နေချိန်မှာ ကျွန်တော်တို့ကတော့ ပုံဆောင်အစာကိုစားချင်စိတ် ပိုပြင်းပြနေကြပါစို့။—၁ တိမောသ ၄:၁၅ ကိုဖတ်ပါ။

‘ငါ၏လူမျိုးတို့၊ သူ၏အထဲမှ ထွက်ကြလော့’

၁၅။ ကျမ်းစာကျောင်းသားတွေ ဘာကို တဖြည်းဖြည်းနားလည်လာသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၅ လောကနဲ့ရောနှောနေတဲ့ ချာ့ခ်ျတွေကနေ ထွက်ဖို့လိုတယ်လို့ ကျမ်းစာကျောင်းသားတွေ သွန်သင်တယ်။ ၁၈၇၉ ခုနှစ်မှာ ကင်းမျှော်စင်က “ဗာဗုလုန်ချာ့ခ်ျ” အကြောင်း ဖော်ပြခဲ့တယ်။ အဲဒါက ပုပ်ရဟန်းမင်းအရိုက်အရာလား။ ရိုမန်ကက်သလစ်ချာ့ခ်ျလား။ ပရိုတက်စတင့်အသင်းသားတွေက ကျမ်းစာမှာဖော်ပြထားတဲ့ ဗာဗုလုန်ဟာ ရိုမန်ကက်သလစ်ချာ့ခ်ျကို ရည်ညွှန်းတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ခေတ်သစ် “ဗာဗုလုန်” မှာ အမည်ခံခရစ်ယာန်ချာ့ခ်ျအားလုံးပါဝင်မှန်း ကျမ်းစာကျောင်းသားတွေ တဖြည်းဖြည်းနားလည်လာတယ်။ ဘာကြောင့်လဲ။ ချာ့ခ်ျအားလုံးက အထက်မှာပြောခဲ့တဲ့ မုသာအယူဝါဒတွေကို သွန်သင်ပေးလို့ပဲ။ * ဒါကြောင့် ဗာဗုလုန်ချာ့ခ်ျအသင်းသားတွေထဲက စိတ်နှလုံးရိုးဖြောင့်သူတွေ ဘာလုပ်သင့်တယ်ဆိုတာ ကျွန်တော်တို့ရဲ့စာပေတွေမှာ ပိုပြီးပွင့်ပွင့်လင်းလင်း ပြောလာတယ်။

၁၆၊ ၁၇။ (က) အနှစ်တစ်ထောင်အရုဏ်ဦးစာအုပ် အတွဲ ၃ နဲ့ ကင်းမျှော်စင်က အယူမှားဘာသာကနေ လူတွေထွက်လာအောင် ဘယ်လိုအားပေးခဲ့သလဲ။ (ခ)  ဘယ်ယူဆချက်က အဲဒီအစောပိုင်းသတိပေးချက်တွေကို အားပျော့သွားစေသလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

၁၆ ဥပမာ၊ ၁၈၉၁ ခုနှစ်၊ အနှစ်တစ်ထောင်အရုဏ်ဦးစာအုပ် အတွဲ ၃ မှာ ခေတ်သစ်ဗာဗုလုန်ကို ဘုရားသခင်ငြင်းပယ်ကြောင်း ဖော်ပြထားပြီး “အမည်ခံခရစ်ယာန်ချာ့ခ်ျအားလုံး ငြင်းပယ်ခံရပြီ” လို့ ပြောတယ်။ “ဗာဗုလုန်ရဲ့ မှားယွင်းတဲ့အယူဝါဒတွေနဲ့ အကျင့်ဓလေ့တွေကို မထောက်ခံသူအားလုံး အခု အဲဒီကနေ ခွဲထွက်ရမယ်” ဆိုပြီး ဆက်ပြောတယ်။

၁၇ “အမှန်တရားကိုပဲ ထောက်ခံတာပါ၊ တခြားစည်းဝေးတွေကိုလည်း တစ်ခါတလေမှ တက်တာပါ” ဆိုပြီး ဆင်ခြေပေးသူတွေ၊ အမည်ခံခရစ်ယာန်ချာ့ခ်ျတွေရဲ့ အသင်းသားစာရင်းဝင် ဖြစ်နေသေးသူတွေကို ၁၉၀၀၊ ဇန်နဝါရီလထုတ် ကင်းမျှော်စင်မှာ အခုလိုတိုက်တွန်းထားတယ်– “ဗာဗုလုန်အထဲမှာ တစ်ဝက်၊ အပြင်မှာ တစ်ဝက်ရှိနေတာ မှန်ရဲ့လား။ အဲဒါက နာခံမှုပြနေတာလား။ . . . ဘုရားသခင် နှစ်သက်လက်ခံပါ့မလား။ ဝေးပါသေးတယ်။ တစ်ယောက်ယောက်က အသင်းတစ်ခုနဲ့ပူးပေါင်းတဲ့အခါ အဲဒီအသင်းရဲ့ တရားဝင်အသင်းသားအဖြစ် ကတိခံဝန်ချက်ပြုရတယ်။ အသင်းသားအဖြစ် တရားဝင် မနုတ်ထွက်မချင်း . . . ကတိခံဝန်ချက်မှာပါတဲ့ တောင်းဆိုချက်အားလုံးကို သစ္စာရှိရှိလိုက်နာရတယ်။” နှစ်တွေတစ်လျှောက် အဲဒီအကြောင်းကို ပိုပိုအလေးပေးပြောလာတယ်။ * ယေဟောဝါရဲ့ကျေးကျွန်တွေဟာ အယူမှားဘာသာနဲ့ လုံးဝအဆက်ဖြတ်ပစ်ရမယ်။

၁၈။ လူတွေ မဟာဗာဗုလုန်ကနေ ထွက်လာဖို့ ဘာကြောင့်အရေးကြီးသလဲ။

၁၈ မဟာဗာဗုလုန်ကနေထွက်ပါဆိုတဲ့ အဲဒီသတိပေးချက်တွေသာ မှန်မှန်မရဘူးဆိုရင် နန်းတက်ခါစဘုရင်ခရစ်တော်အတွက် အသင့်ဖြစ်နေတဲ့ ဘိသိက်ခံကျေးကျွန်အုပ်စုတစ်စု မြေကြီးပေါ်မှာရှိပါ့မလား။ ရှိမှာမဟုတ်ပါဘူး။ ဗာဗုလုန်အနှောင်အဖွဲ့ကနေ လွတ်မြောက်တဲ့ခရစ်ယာန်တွေကသာ “စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ” ယေဟောဝါကို ကိုးကွယ်နိုင်မှာဖြစ်လို့ပဲ။ (ယော. ၄:၂၄) ကျွန်တော်တို့ကော၊ အယူမှားဘာသာနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ စိတ်ပိုင်းဖြတ်ထားကြသလား။ ‘ငါ၏လူမျိုးတို့၊ သူ၏အထဲမှ ထွက်ကြလော့’ ဆိုတဲ့အမိန့်ကို ဆက်ပြီးနာခံနေကြပါစို့။—ဗျာဒိတ် ၁၈:၄ ကိုဖတ်ပါ။

အတူတကွစုဝေးဝတ်ပြုခြင်း

၁၉၊ ၂၀။ ဘုရားသခင့်လူမျိုးတွေ အတူတကွစုဝေးဝတ်ပြုဖို့ ကင်းမျှော်စင်က ဘယ်လိုအားပေးခဲ့သလဲ။

၁၉ ဖြစ်နိုင်တဲ့အခါတိုင်း ယုံကြည်သူချင်းတွေနဲ့ အတူတကွစုဝေးဝတ်ပြုရမယ်ဆိုပြီး ကျမ်းစာကျောင်းသားတွေ သွန်သင်တယ်။ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ အယူမှားဘာသာကနေ ထွက်လာရုံနဲ့မပြီးသေးဘူး။ စင်ကြယ်တဲ့ဝတ်ပြုရေးမှာ ပါဝင်ဖို့လည်းလိုတယ်။ ကင်းမျှော်စင် အစောပိုင်းလထုတ်တွေမှာကတည်းက အတူတကွစုဝေးဝတ်ပြုပါလို့ ဖတ်ရှုသူတွေကို တိုက်တွန်းခဲ့တယ်။ ဥပမာ၊ ၁၈၈၀၊ ဇူလိုင်လထုတ်မှာ ညီအစ်ကိုရပ်စယ်လ်က သူ့ရဲ့နယ်လှည့်ဟောပြောခြင်းခရီးစဉ်အကြောင်းပြောပြီး စည်းဝေးတွေက ဘယ်လောက်အားရှိစရာကောင်းတယ်ဆိုတာ ဖော်ပြခဲ့တယ်။ ပြီးတော့ တိုးတက်မှုအကြောင်း မှတ်တမ်းကတ်ပို့ပေးဖို့ ဖတ်ရှုသူတွေကို အားပေးတယ်။ အဲဒီမှတ်တမ်းတချို့ကို ဂျာနယ်မှာ ဖော်ပြပေးမှာဖြစ်တယ်။ ဘာအတွက်လဲ။ “ယုံကြည်သူချင်းတွေနဲ့အတူ သင်တို့ စည်းဝေးတွေ ကျင်းပနေမနေဆိုတာ၊ သင်တို့ကိုသခင် ဘယ်လို ကြီးပွားတိုးတက်စေတယ်ဆိုတာ . . . အားလုံးကို သိစေချင်တယ်။”

၁၉၀၉ ခုနှစ်၊ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ချားလ်စ် ရပ်စယ်လ်နဲ့ အစောပိုင်းကျမ်းစာကျောင်းသားအုပ်စု

၂၀ ၁၈၈၂ ခုနှစ် ကင်းမျှော်စင်မှာ “အတူတကွစုဝေးခြင်း” ဆိုတဲ့ဆောင်းပါး ပါလာတယ်။ ဆောင်းပါးမှာ “အပြန်အလှန်အားပေးတည်ဆောက်ဖို့၊ ခွန်အားရှိစေဖို့” စည်းဝေးတွေ ကျင်းပပါဆိုပြီး ခရစ်ယာန်တွေကို တိုက်တွန်းထားတယ်။ အခုလိုဆက်ပြောတယ်– “ပညာတတ်တွေ၊ အရည်အချင်းရှိသူတွေ ရှိတာမရှိတာက အရေးမကြီးပါဘူး။ ယောက်တိုင်းက ကိုယ်ပိုင်ကျမ်းစာ၊ စာအုပ်၊ ခဲတံနဲ့ ကျမ်းစာစကားလုံးအညွှန်းစာအုပ်လိုမျိုး . . . ရနိုင်သမျှ အထောက်အကူပစ္စည်းအားလုံးကို ယူလာပါ။ အကြောင်းအရာတစ်ခုကို ရွေးချယ်ပြီးနောက် အဲဒါကိုနားလည်ဖို့ စွမ်းအားတော်လမ်းညွှန်မှု တောင်းခံပါ။ ပြီးရင် ဖတ်ပါ။ တွေးတောပါ။ ကျမ်းချက်တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ပါ။ ဒါဆိုရင် အမှန်တရားကို နားလည်အောင် စွမ်းအားတော်က လမ်းညွှန်ပေးပါလိမ့်မယ်။”

၂၁။ စည်းဝေးတွေကျင်းပတာ၊ အသင်းသားတွေကို ဂရုစိုက်ကြည့်ရှုပေးတာနဲ့ပတ်သက်ပြီး ပဲင်စီလ်ဗေးနီးယားပြည်နယ်၊ အလက်ဂနီမြို့ အသင်းတော်က ဘယ်လိုပုံသက်သေပြခဲ့သလဲ။

၂၁ အမေရိကန်နိုင်ငံ၊ ပဲင်စီလ်ဗေးနီးယားပြည်နယ်၊ အလက်ဂနီမြို့မှာ ကျမ်းစာကျောင်းသားတွေရဲ့ ဌာနချုပ်ရှိတယ်။ သူတို့ဟာ ဟေဗြဲ ၁၀:၂၄၊ ၂၅ (ဖတ်ပါ) မှာပါတဲ့ တိုက်တွန်းချက်ကို နာခံတဲ့အနေနဲ့ အဲဒီမှာ အတူတကွစုဝေးခြင်းအားဖြင့် ပုံသက်သေကောင်း ပြခဲ့ကြတယ်။ သက်ကြီးညီအစ်ကို ချားလ်စ် ကာပန်က သူငယ်ငယ်ကတက်ခဲ့တဲ့ အဲဒီစည်းဝေးတွေအကြောင်း နောက်ပိုင်းမှာ ပြန်ပြောပြတယ်။ သူအခုလို ရေးခဲ့တယ်– “အသင်းရဲ့စည်းဝေးခန်းမနံရံမှာရေးထားတဲ့ ကျမ်းချက်တစ်ချက်ကို မှတ်မိနေတုန်းပဲ။ ‘သင်တို့၌ ဆရာတစ်ပါးတည်းရှိ၍ သင်တို့အပေါင်းသည် ညီအစ်ကိုများဖြစ်ကြ၏’ ဆိုတဲ့ကျမ်းချက်ပဲ။ အဲဒီကျမ်းချက်က ကျွန်တော့်စိတ်ထဲမှာ အမြဲစွဲနေတယ်။ ယေဟောဝါရဲ့လူမျိုးမှာ ဓမ္မဆရာလူတန်းစား၊ သာမန်လူတန်းစားဆိုပြီး ခွဲခြားထားတာမျိုး မရှိဘူး။” (မ. ၂၃:၈) ညီအစ်ကိုကာပန်က လှုံ့ဆော်မှုဖြစ်စေတဲ့စည်းဝေးတွေ၊ လှိုက်လှိုက်လှဲလှဲအားပေးမှုတွေ၊ အသင်းသားတိုင်းကို ဂရုစိုက်ကြည့်ရှုပေးဖို့ ညီအစ်ကိုရပ်စယ်လ် ကြိုးစားအားထုတ်ခဲ့တာတွေကိုလည်း မှတ်မိနေတုန်းပဲ။

၂၂။ ခရစ်ယာန်စည်းဝေးတွေ တက်ရောက်ဖို့အားပေးတာကို သစ္စာရှိသူတွေ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ အဲဒီကနေ ကျွန်တော်တို့ ဘာသင်ခန်းစာရသလဲ။

၂၂ သစ္စာရှိသူတွေက အဲဒီပုံသက်သေကောင်းနဲ့ ပေးလာတဲ့ညွှန်ကြားချက်ကို လိုက်နာကြတယ်။ အိုဟိုင်အို၊ မစ်ရှီဂန် စတဲ့ပြည်နယ်တွေမှာ အသင်းတော်တွေ ဖွဲ့စည်းခဲ့တယ်။ နောက်တော့ မြောက်အမေရိကတစ်ဝန်းနဲ့ တခြားတိုင်းပြည်တွေမှာလည်း ဖွဲ့စည်းခဲ့တယ်။ စဉ်းစားကြည့်ပါ– အတူတကွစုဝေးဝတ်ပြုပါဆိုတဲ့ တိုက်တွန်းချက်ကို နာခံအောင် သစ္စာရှိသူတွေကို မလေ့ကျင့်ပေးထားဘူးဆိုရင် ခရစ်တော်ရောက်ရှိချိန်အတွက် သူတို့အသင့်ဖြစ်နေပါ့မလား။ ဖြစ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကော။ ခရစ်ယာန်စည်းဝေးတွေကို သစ္စာရှိရှိတက်ရောက်ဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ အတူတကွစုဝေးဝတ်ပြုဖို့၊ အချင်းချင်း အားပေးတည်ဆောက်ဖို့ ဘယ်အခွင့်အရေးကိုမှ လက်လွတ်မခံသင့်ပါဘူး။

ဇွဲရှိရှိဟောပြောခြင်း

၂၃။ ဘိသိက်ခံအားလုံး အမှန်တရားကိုဟောပြောသူဖြစ်ရမယ်ဆိုတာ ကင်းမျှော်စင်က ဘယ်လိုရှင်းရှင်းလင်းလင်းဖော်ပြသလဲ။

၂၃ ဘိသိက်ခံအားလုံး အမှန်တရား ဟောပြောသူဖြစ်ရမယ်လို့ ကျမ်းစာကျောင်းသားတွေ သွန်သင်တယ်။ ၁၈၈၅ ခုနှစ် ကင်းမျှော်စင်မှာ အခုလိုပြောထားတယ်– “ဘိသိက်ခံယောက်တိုင်းဟာ ဟောပြောဖို့ ဘိသိက်ပေးခံရတယ် (ဟေရှာ. ၆၁:၁)၊ အမှုဆောင်လုပ်ငန်းအတွက် ခေါ်တော်မူခြင်းခံရတယ်ဆိုတာ မမေ့သင့်ဘူး။” ၁၈၈၈ ခုနှစ်ထုတ်စာစောင်မှာ ဒီတိုက်တွန်းချက်ပါလာတယ်– “ကျွန်တော်တို့ရဲ့တာဝန်ကတော့ ရှင်းရှင်းလေးပါပဲ . . .။ အဲဒါကို လျစ်လျူရှုပြီး ဆင်ခြေပေးနေမယ်ဆိုရင် ကျွန်တော်တို့ဟာ ပျင်းရိတဲ့ကျွန်တွေပဲ။ ခေါ်တော်မူခြင်းနဲ့ မထိုက်တန်ကြောင်း ပြနေတာပဲ။”

၂၄၊ ၂၅။ (က) ရပ်စယ်လ်နဲ့အပေါင်းပါတွေက ဟောပြောပါလို့ တိုက်တွန်းရုံထက်မက ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။ (ခ) ကော်လ်ပေါ်တာတစ်ယောက်က မော်တော်ကားတွေ ‘သိပ်မရှိသေးတဲ့ခေတ်မှာ’ ဘယ်လိုအမှုဆောင်ခဲ့သလဲ။

၂၄ ညီအစ်ကိုရပ်စယ်လ်နဲ့အပေါင်းပါတွေက ဟောပြောပါလို့ တိုက်တွန်းရုံထက်မက လုပ်ဆောင်ခဲ့ကြတယ်။ ကျမ်းစာကျောင်းသားများ၏ဝေစာ လို့ခေါ်တဲ့ ဝေစာတွေကို စတင်ထုတ်ဝေခဲ့တယ်။ နောက်ပိုင်းမှာ အဲဒါကို ရှေးဦးဘာသာရေးယုံကြည်ချက်များလို့လည်း ခေါ်တယ်။ ကင်းမျှော်စင်ဖတ်ရှုသူတွေဟာ အဲဒီဝေစာတွေကို လူထုကိုအခမဲ့ဝေငှခဲ့တယ်။

‘ဟောပြောခြင်း လုပ်ငန်းကို ငါ့ဘ၀မှာ အဓိကထားသလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးသင့်

၂၅ အမှုဆောင်လုပ်ငန်းမှာ အချိန်ပြည့်ပါဝင်သူတွေကို ကော်လ်ပေါ်တာလို့ခေါ်တယ်။ အထက်မှာပြောခဲ့တဲ့ ချားလ်စ် ကာပန်က ကော်လ်ပေါ်တာတစ်ယောက်ပဲ။ သူအခုလို ပြန်ပြောပြတယ်– “ပဲင်စီလ်ဗေးနီးယားပြည်နယ်တစ်ခုလုံးကို ဟောပြောနိုင်ဖို့ အမေရိကန်အစိုးရ ဘူမိဗေဒလေ့လာရေးဌာနက ရေးဆွဲတဲ့မြေပုံကို ကျွန်တော်သုံးခဲ့တယ်။ အဲဒီမြေပုံမှာ လမ်းတွေအားလုံးကို ဖော်ပြထားတဲ့အတွက် ခရိုင်တစ်ခုစီမှာရှိတဲ့ နေရာအားလုံးဆီ ခြေကျင်သွားနိုင်ခဲ့တယ်။ တစ်ခါတလေ ကျေးလက်ဒေသကို သုံးရက်ခရီးသွားပြီး ကျမ်းစာစောင်များမှလေ့လာစရာများစာအုပ် အမှာစာတွေကို ကောက်ခံတယ်။ အဲဒီနောက် မြင်းလှည်းတစ်စီးငှားပြီး စာအုပ်တွေ ပို့ပေးတယ်။ မကြာခဏဆိုသလို လယ်သမားတွေဆီမှာ ညအိပ်တည်းခိုရတယ်။ အဲဒီခေတ်တုန်းက မော်တော်ကားတွေ သိပ်မရှိသေးဘူး။”

ကော်လ်ပေါ်တာတစ်ဦး။ မြင်းလှည်းနံရံမှာ “ခေတ်ကာလပြဇယား” ကိုရေးဆွဲထား

၂၆။ (က) ဘုရားသခင့်လူမျိုးတွေ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ဘာကြောင့်လိုအပ်ခဲ့သလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးသင့်သလဲ။

၂၆ ဟောပြောခြင်းလုပ်ငန်းမှာ အဲဒီလိုလုပ်ဆောင်နိုင်ဖို့ ရဲစွမ်းသတ္တိ​နဲ့ဇွဲလုံ့လ မရှိမဖြစ်လိုအပ်တယ်။ စစ်မှန်တဲ့ခရစ်ယာန်တွေကို ဟောပြောခြင်းလုပ်ငန်းရဲ့အရေးကြီးမှုအကြောင်း မသွန်သင်ပေးဘူးဆိုရင် ခရစ်တော်အုပ်ချုပ်မှုအတွက် သူတို့အသင့်ဖြစ်နေပါ့မလား။ ဖြစ်မှာမဟုတ်ပါဘူး။ ပိုအရေးကြီးတာက ဒီလုပ်ငန်းဟာ ခရစ်တော်ရောက်ရှိခြင်းရဲ့ထူးခြားတဲ့လက္ခဏာတစ်ခု ဖြစ်လာမယ်ဆိုတာပဲ။ (မ. ၂၄:၁၄) အဲဒီအသက်ကယ်လုပ်ငန်းကို ဘဝမှာအဓိကထားဖို့ ဘုရားသခင့်လူမျိုးကို အသင့်ပြင်ပေးခဲ့တယ်။ ဒီနေ့အချိန်မှာလည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– “ဟောပြောခြင်းလုပ်ငန်းကို ငါ့ဘ၀မှာ အဓိကထားသလား။ ဒီလုပ်ငန်းမှာ အပြည့်အဝပါဝင်နိုင်ဖို့ ငါ ကိုယ်ကျိုးစွန့်နေသလား။”

ဘုရားသခင့်နိုင်ငံတော် ဖွားမြင်ပြီ

၂၇၊ ၂၈။ ဘယ်စိတ်အာရုံကို တမန်တော်ယောဟန် မြင်ခဲ့သလဲ။ နိုင်ငံတော်ဖွားမြင်တာကို စာတန်နဲ့နတ်ဆိုးတွေ ဘယ်လိုတုံ့ပြန်သလဲ။

၂၇ နောက်ဆုံးတော့ ထူးခြားတဲ့ ၁၉၁၄ ခုနှစ် ရောက်လာပါပြီ။ ဒီအခန်းရဲ့အစပိုင်းမှာ ဆွေးနွေးခဲ့သလိုပဲ ကောင်းကင်မှာ ကြီးကျယ်ခမ်းနားတဲ့ဖြစ်ရပ်တွေ ဖြစ်ပျက်တာကို လူတွေမမြင်ခဲ့ဘူး။ ဒါပေမဲ့ တမန်တော်ယောဟန်က ရူပါရုံတစ်ခုမြင်ခဲ့ပြီး အကြောင်းအရာတွေကို တင်စားချက်တွေနဲ့ ဖော်ပြတယ်။ မြင်ယောင်ကြည့်ပါ– ကောင်းကင်မှာ “နိမိတ်လက္ခဏာကြီး” တစ်ခုကို ယောဟန်မြင်တယ်။ ဘုရားသခင်ရဲ့ “မိန်းမ” က ကိုယ်ဝန်ဆောင်ပြီး သားယောက်ျားမွေးဖွားတယ်။ အဲဒီ “မိန်းမ” က နာမ်ဝိညာဉ်သတ္တဝါတွေနဲ့ဖွဲ့စည်းထားတဲ့ ကောင်းကင်အဖွဲ့အစည်းဖြစ်တယ်။ ပုံဆောင်သားယောက်ျားလေးဟာ မကြာခင်မှာ “လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့်ထိန်းကျောင်း” လိမ့်မယ်။ အဲဒီကလေးဟာ “ဘုရားသခင်နှင့်ပလ္လင်တော်ထံသို့ ချီယူခံရ” တယ်။ ကောင်းကင်မှာ အခုလိုကြွေးကြော်တယ်– “ယခုအခါ ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော့်ခရစ်တော်၏ အာဏာတော် သက်ရောက်လေပြီ။”—ဗျာ. ၁၂:၁၊ ၅၊ ၁၀

၂၈ မေရှိယနိုင်ငံတော်ဖွားမြင်တာကို ရူပါရုံမှာ ယောဟန်မြင်ခဲ့တယ်။ အဲဒီဖြစ်ရပ်က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ဖြစ်ရပ်ဖြစ်ပေမဲ့ အားလုံးက နှစ်သက်တာတော့မဟုတ်ဘူး။ စာတန်နဲ့နတ်ဆိုးတွေက မိက္ခေလ ဒါမှမဟုတ် ခရစ်တော်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ သစ္စာရှိကောင်းကင်တမန်တွေကို စစ်တိုက်ကြတယ်။ ဘာရလဒ်ရခဲ့သလဲ။ ကျမ်းစာမှာ အခုလိုဖတ်ရတယ်– “သို့ဖြစ်၍ လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ်၊ စာတန်ခေါ် မူလမြွေ၊ နဂါးကြီးသည် အောက်သို့ ပစ်ချခံရ၏။ သူသည် မြေကြီးပေါ်သို့ ပစ်ချခံရ၏။ သူနှင့်အတူ သူ၏ကောင်းကင်တမန်များလည်း ပစ်ချခံကြရ၏။”—ဗျာ. ၁၂:၇၊

၁၉၁၄ ခုနှစ်မှာ ခရစ်တော် မျက်မြင်မရနည်းနဲ့ရောက်ရှိခြင်းနိမိတ်ကို ကျမ်းစာကျောင်းသားတွေ စတင်သိမြင်ခဲ့

၂၉၊ ၃၀။ (က) နိုင်ငံတော်ဖွားမြင်ပြီးနောက် မြေကြီးပေါ်မှာ အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားသလဲ။ (ခ) နိုင်ငံတော်ဖွားမြင်ပြီးနောက် ကောင်းကင်မှာ အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားသလဲ။

၂၉ ထူးခြားတဲ့ ၁၉၁၄ ခုနှစ်မှာ ဒုက္ခကာလစတင်မယ်လို့ အဲဒီနှစ်မတိုင်ခင်ကတည်းက ကျမ်းစာကျောင်းသားတွေ ကြိုပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုကြိုပြောတာ ဘယ်လောက်ထိ မှန်လိမ့်မယ်ဆိုတာကိုတော့ မသိခဲ့ကြဘူး။ အဲဒီအချိန်ကစပြီး စာတန်က လူ့အဖွဲ့အစည်းပေါ်မှာ အကြီးအကျယ် ဩဇာလွှမ်းမိုးမယ်ဆိုတာ ယောဟန် အခုလိုဖော်ပြတယ်– “မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။” (ဗျာ. ၁၂:၁၂) ၁၉၁၄ မှာ ပထမကမ္ဘာစစ် ဖြစ်ပွားပြီး နိုင်ငံတော်အာဏာနဲ့ ခရစ်တော်ရောက်ရှိခြင်းဆိုင်ရာ နိမိတ်က တစ်ကမ္ဘာလုံးမှာ စတင်ပြည့်စုံလာတယ်။ ဒီလောကစနစ်ရဲ့ “နောက်ဆုံးသောနေ့ရက်များ” စတင်လာပြီ။—၂ တိ. ၃:၁

၃၀ ဒါပေမဲ့ ကောင်းကင်မှာတော့ ရွှင်လန်းနေတယ်။ စာတန်နဲ့နတ်ဆိုးတွေကို ကောင်းကင်ကနေ အပြီးအပိုင်နှင်ချလိုက်ပြီ။ “ထို့ကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့၊ ဝမ်းမြောက်ကြလော့” ဆိုပြီး ယောဟန်ရဲ့မှတ်တမ်းမှာ ဖတ်ရတယ်။ (ဗျာ. ၁၂:၁၂) ကောင်းကင်တစ်ခွင်လုံး သန့်ရှင်းသွားပြီ။ ယေရှုလည်း ဘုရင်အဖြစ်ခန့်အပ်ခံရပြီ။ အခု မေရှိယနိုင်ငံတော်က မြေကြီးပေါ်မှာရှိတဲ့ ဘုရားသခင့်လူမျိုးတော်အကျိုးအတွက် လုပ်ဆောင်ပေးဖို့ အသင့်ဖြစ်နေပြီ။ နိုင်ငံတော်က ဘာလုပ်ဆောင်မလဲ။ ဒီအခန်းအစပိုင်းမှာ တွေ့ခဲ့တဲ့အတိုင်း ဦးဆုံးအနေနဲ့ ခရစ်တော်က ‘ပဋိညာဉ်တမန်’ အဖြစ် မြေကြီးပေါ်က ဘုရားသခင့်ကျေးကျွန်တွေကို သန့်စင်ပေးပါလိမ့်မယ်။ အဲဒါက ဘာကိုဆိုလိုသလဲ။

စမ်းသပ်ရာကာလ

၃၁။ သန့်စင်ရာကာလအကြောင်း မာလခိ ဘယ်လိုကြိုဟောခဲ့သလဲ။ ဒီပရောဖက်ပြုချက် ဘယ်လိုစတင် ပြည့်စုံလာသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်းကြည့်ပါ။)

၃၁ သန့်စင်ပေးခြင်းအစီအစဉ်ဟာ လွယ်ကူမှာမဟုတ်ဘူးလို့ မာလခိ ကြိုပြောခဲ့တယ်။ သူဒီလိုရေးတယ်– ‘ကိုယ်တော်လာမယ့်နေ့ကို ဘယ်သူခံရပ်နိုင်မလဲ။ ကိုယ်တော်ရောက်လာတဲ့အခါ ဘယ်သူရပ်တည်နိုင်မလဲ။ ကိုယ်တော်က သတ္တုသန့်စင်သူသုံးတဲ့မီးလို၊ အဝတ်လျှော်သူသုံးတဲ့ပြာရည်လို ဖြစ်လိမ့်မယ်။’ (မာလ. ၃:၂ကဘ) ဒီစကားတွေ သိပ်မှန်တာပဲ။ ၁၉၁၄ ကစပြီး မြေကြီးပေါ်က ဘုရားသခင့်လူမျိုးဟာ စမ်းသပ်မှုကြီးတွေ၊ အခက်အခဲတွေ ဆက်တိုက်ကြုံခဲ့ရတယ်။ ပထမကမ္ဘာစစ်အတွင်း ကျမ်းစာကျောင်းသားတွေဟာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံရပြီး ထောင်ချခံခဲ့ရတယ်။ *

၃၂။ ၁၉၁၆ မှာ အဖွဲ့အစည်းအတွင်း အခြေအနေတွေ ဘယ်လိုမငြိမ်မသက်ဖြစ်ခဲ့သလဲ။

၃၂ အဖွဲ့အစည်းအတွင်းမှာလည်း အခြေအနေတွေ မငြိမ်မသက်ဖြစ်ခဲ့တယ်။ ၁၉၁၆ ခုနှစ်မှာ အသက် ၆၄ နှစ်ပဲရှိသေးတဲ့ ညီအစ်ကိုရပ်စယ်လ် သေဆုံးသွားတဲ့အတွက် ဘုရားသခင့်လူမျိုးတွေ အတော်လေးတုန်လှုပ်ခဲ့တယ်။ တချို့က ရပ်စယ်လ်ကို စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကြည်ညိုလွန်းတယ်ဆိုတာ သူသေဆုံးတဲ့အခါ ပေါ်လွင်လာတယ်။ ရပ်စယ်လ်က အဲဒီလိုကြည်ညိုတာမျိုး မလိုလားပေမဲ့ အများစုမှာ သူ့ကို ၀တ်ပြုလိုတဲ့သဘောထားတွေ ရှိခဲ့တယ်။ တချို့ကလည်း သူသေဆုံးတာနဲ့ အမှန်တရားထွန်းလင်းမှု အဆုံးတိုင်သွားမယ်လို့ ယူဆကြတယ်။ တချို့ကျတော့ ရှေ့ဆက်လုပ်ဆောင်မယ့်လုပ်ငန်းတွေကို အကြီးအကျယ်အတိုက်အခံ လုပ်ကြတယ်။ အဲဒီသဘောထားကြောင့် အဖွဲ့အစည်းကို ပြိုကွဲစေတဲ့ အယူဖောက်ပြန်မှုပေါ်လာတယ်။

၃၃။ မျှော်လင့်သလို ဖြစ်မလာတာက ဘုရားသခင့်လူမျိုးကို ဘယ်လို စမ်းသပ်ခဲ့သလဲ။

၃၃ မျှော်လင့်သလို ဖြစ်မလာတာကလည်း စမ်းသပ်မှုနောက်တစ်ခုပဲ။ ၁၉၁၄ မှာ လူမျိုးခြားအချိန်ကုန်ဆုံးမယ်လို့ ကင်းမျှော်စင် မှာအတိအကျပြောပေမဲ့ အဲဒီနှစ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကိုတော့ ညီအစ်ကိုတွေ နားမလည်သေးဘူး။ (လု. ၂၁:၂၄) ၁၉၁၄ မှာ ခရစ်တော်က ဘိသိက်ခံသတို့သမီးအတန်းအစားကို သူနဲ့အတူအုပ်ချုပ်ဖို့ ကောင်းကင်ကို ခေါ်ဆောင်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့မျှော်လင့်သလို ဖြစ်မလာဘူး။ ၁၉၁၇ နှောင်းပိုင်းရောက်တော့ ကင်းမျှော်စင်က ၁၉၁၈ နွေဦးမှာ အနှစ် ၄၀ ကြာ ရိတ်သိမ်းရာကာလ ကုန်ဆုံးမယ်လို့ ကြေညာတယ်။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်း အဆုံးမတိုင်ခဲ့ဘူး။ အဲဒီနှစ်နောက်ပိုင်းမှာ ပိုတောင်တိုးတက်လာသေးတယ်။ ဒါနဲ့ ကင်းမျှော်စင်က ရိတ်သိမ်းချိန် ကုန်ဆုံးသွားပေမဲ့ ကောက်သင်းကောက်ချိန် ကျန်သေးတယ်လို့ ဖော်ပြခဲ့တယ်။ အများစုက စိတ်ဓာတ်ကျလာလို့ ယေဟောဝါကို ဆက်အမှုမဆောင်ကြတော့ဘူး။

၃၄။ ၁၉၁၈ မှာ ဘယ်ထိတ်လန့်တုန်လှုပ်ဖွယ် စမ်းသပ်မှုတစ်ခု ကြုံရသလဲ။ ဘုရားသခင့်လူမျိုး “သေ” ပြီလို့ အမည်ခံခရစ်ယာန်တွေ ဘာကြောင့်ထင်ခဲ့တာလဲ။

၃၄ ၁၉၁၈ မှာ ထိတ်လန့်တုန်လှုပ်ဖွယ်စမ်းသပ်မှုတစ်ခု ကြုံရပြန်တယ်။ စီ တီ ရပ်စယ်လ်ကို ဆက်ခံသူ၊ ဘုရားသခင့်လူမျိုးကို ဦးဆောင်သူ ဂျေ အက်ဖ် ရပ်သဖော့ဒ်နဲ့ တာဝန်ရှိညီအစ်ကိုခုနစ်ယောက် အဖမ်းခံလိုက်ရတယ်။ သူတို့ကို မတရားပြစ်ဒဏ်စီရင်ပြီး အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့က ဖယ်ဒရယ်အကျဉ်းထောင်မှာ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့တယ်။ ဘုရားသခင့်လူမျိုးတော်ရဲ့ လုပ်ငန်းဟာ အချိန်အတိုင်းတာတစ်ခုအထိ ရပ်တန့်သွားပုံပဲ။ အမည်ခံခရစ်ယာန်ဓမ္မဆရာတွေ သိပ်ဝမ်းသာခဲ့ကြတယ်။ “ခေါင်းဆောင်တွေ” ထောင်ချခံရပြီ၊ ဘရွတ်ကလင်ဌာနချုပ် ပိတ်လိုက်ရပြီ၊ အမေရိကန်နဲ့ဥရောပမှာ ဟောပြောခြင်းလုပ်ငန်း တိုက်ခိုက်ခံနေရပြီဆိုတော့ ကျမ်းစာကျောင်းသားတွေ “သေ” ပြီ၊ ဘာအနှောင့်အယှက်မှ မပေးနိုင်တော့ဘူးလို့ သူတို့ထင်ခဲ့ကြတယ်။ (ဗျာ. ၁၁:၃၊ ၇-၁၀) တကယ်တော့ သူတို့ အမှားကြီးမှားခဲ့တယ်။

ပြန်လည်ရှင်သန်ရာကာလ

၃၅။ ယေရှုက သူ့နောက်လိုက်တွေ အခက်အခဲတွေ တွေ့ကြုံရဖို့ ဘာကြောင့်ခွင့်ပြုခဲ့တာလဲ။ သူတို့ကိုကူညီဖို့ ယေရှုဘာလုပ်ခဲ့သလဲ။

၃၅ ယေဟောဝါက ‘သတ္တုသန့်စင်သူလို၊ ငွေကို အရည်ကျိုသန့်စင်သူလို’ ထိုင်ပြီး လူမျိုးတော်ကို သန့်စင်နေတဲ့အတွက် အဲဒီအခက်အခဲဒုက္ခတွေ တွေ့ကြုံရဖို့ ယေရှုခွင့်ပြုထားမှန်း အမှန်တရားရဲ့ရန်သူတွေ မသိကြဘူး။ (မာလ. ၃:၃ကဘ) မီးနဲ့တူတဲ့စမ်းသပ်မှုတွေကနေ သန့်စင်ပြီးသား၊ စင်ကြယ်ပြီးသား သစ္စာရှိသူတွေ ထွက်ပေါ်လာမယ်၊ သူတို့တွေဟာ ဘုရင့်အမှုတော်အတွက် ပိုသင့်တော်တဲ့သူတွေဖြစ်လာမယ်ဆိုတာ ယေဟောဝါနဲ့သားတော်ယေရှုတို့ သိတယ်။ ၁၉၁၉ အစောပိုင်းကစပြီး ဘုရားသခင့်စွမ်းအားတော်က ရန်သူတွေ လုံး၀မထင်ထားတဲ့အရာကို လုပ်ဆောင်ခဲ့တယ်။ သစ္စာရှိသူတွေ ပြန်ရှင်သန်လာပါပြီ။ (ဗျာ. ၁၁:၁၁) အဲဒီအချိန်မှာ ခရစ်တော်က နောက်ဆုံးသောနေ့ရက်များရဲ့နိမိတ်ထဲက အဓိကအသွင်အပြင်ကို ပြည့်စုံစေခဲ့တယ်။ အဲဒါကတော့ ‘သစ္စာနှင့်သတိပညာရှိကျွန်’ ကို ခန့်အပ်ခြင်းပါပဲ။ အဲဒီဘိသိက်ခံအမျိုးသားအုပ်စုလေးဟာ အချိန်တန်အစာဝေပေးခြင်းအားဖြင့် လူမျိုးတော်ကို ဦးဆောင်မှာဖြစ်တယ်။—မ. ၂၄:၄၅-၄၇

၃၆။ ဘုရားသခင့်လူမျိုးတွေ ပြန်ရှင်သန်လာပြီဆိုတာ ဘာကဖော်ပြသလဲ။

၃၆ ၁၉၁၉၊ မတ် ၂၆ ရက်မှာ ရပ်သဖော့ဒ်နဲ့အပေါင်းပါတွေ ထောင်ကလွတ်လာကြတယ်။ အဲဒီနှစ် စက်တင်ဘာလမှာ စည်းဝေးကြီးကျင်းပခဲ့တယ်။ ရွှေခေတ် လို့ခေါ်တဲ့ဒုတိယဂျာနယ်ကို စတင်ထုတ်ဝေဖို့ စီစဉ်တယ်။ အဲဒါက ကင်းမျှော်စင်ရဲ့ တွဲဖက်စာစောင်ဖြစ်ပြီး အမှုဆောင်လုပ်ငန်းမှာသုံးဖို့ ရည်ရွယ်တယ်။ * အဲဒီနှစ်မှာပဲ ဘူလ်လတင်၊ အခု ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း စာစောင်ကို ဦးဆုံးထုတ်ဝေခဲ့တယ်။ စတင်ထုတ်ဝေချိန်ကတည်းက အဲဒီစာစောင်ဟာ အမှုဆောင်လုပ်ငန်းမှာပါဝင်အောင် အမြဲလှုံ့ဆော်ပေးတယ်။ ၁၉၁၉ ကစပြီး တစ်အိမ်တက်ဆင်းလုပ်ငန်းကို အရင်ကထက် ပိုအလေးပေးလာတယ်။

၃၇။ ၁၉၁၉ နောက်ပိုင်းမှာ တချို့က သစ္စာမဲ့ကြောင်း ဘယ်လိုပြခဲ့သလဲ။

၃၇ ဟောပြောခြင်းလုပ်ငန်းက ခရစ်တော်ရဲ့ကျေးကျွန်တွေကို ဆက်သန့်စင်ပေးတယ်။ မာနကြီးသူတွေ၊ ဘဝင်မြင့်သူတွေက အဲဒီလိုနိမ့်ကျတဲ့လုပ်ငန်းကို မလုပ်ချင်ကြလို့ပဲ။ ဒီလုပ်ငန်းမှာမပါဝင်ချင်သူတွေက သစ္စာရှိသူတွေနဲ့ ဆက်မပေါင်းသင်းတော့ဘူး။ ၁၉၁၉ နောက်ပိုင်းမှာ သစ္စာမဲ့သူတချို့က နာကြည်းလာပြီး သွားပုပ်လေလွင့် ပြောဆိုရေးသားတဲ့အပြင် ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေကို နှိပ်စက်ညှဉ်းပန်းသူတွေနဲ့တောင် ပူးပေါင်းခဲ့တယ်။

၃၈။ မြေကြီးပေါ်က ခရစ်တော်ရဲ့ နောက်လိုက်တွေရရှိတဲ့ အောင်မြင်မှုတွေ၊ အောင်ပွဲတွေက ဘာကို သက်သေထူသလဲ။

၃၈ အဲဒီလိုတိုက်ခိုက်မှုတွေ ကြုံရပေမဲ့လည်း မြေကြီးပေါ်က ခရစ်တော်ရဲ့နောက်လိုက်တွေဟာ ဘုရားရေးရာလုပ်ငန်းမှာ ဆက်ပြီးကြီးပွားတိုးတက်လာတယ်။ အဲဒီအချိန်ကစပြီး သူတို့ရရှိလာတဲ့အောင်မြင်မှုတိုင်း၊ အောင်ပွဲတိုင်းက ဘုရားသခင့်နိုင်ငံတော် စိုးစံပြီဆိုတာ အခိုင်အမာသက်သေထူတယ်။ သားတော်နဲ့ မေရှိယနိုင်ငံတော်အားဖြင့် ဘုရားသခင် ထောက်မပေးနေ၊ ကောင်းချီးပေးနေလို့သာ မစုံလင်တဲ့လူသားအုပ်စုလေးဟာ စာတန်နဲ့ ဆိုးယုတ်တဲ့ဒီစနစ်ကို ဆက်တိုက်အောင်ပွဲခံနိုင်ခဲ့ကြတာ။—ဟေရှာယ ၅၄:၁၇ ကိုဖတ်ပါ။

ညီအစ်ကိုရပ်သဖော့ဒ် ထောင်ကလွတ်ပြီး လအနည်းငယ်အကြာ စည်းဝေးကြီးတစ်ခုမှာ လှုံ့ဆော်မှုဖြစ်စေတဲ့ ဟောပြောချက်ပေးခဲ့

၃၉၊ ၄၀။ (က) ဒီစာအုပ်ရဲ့ အသွင်အပြင်တချို့က ဘာတွေလဲ။ (ခ) ဒီစာအုပ်ကိုလေ့လာခြင်းကနေ သင် ဘာအကျိုးရမလဲ။

၃၉ ဘုရားသခင့်နိုင်ငံတော် ကောင်းကင်မှာဖွားမြင်ပြီးချိန်ကစပြီး အနှစ်တစ်ရာအတွင်း မြေကြီးပေါ်မှာ နိုင်ငံတော်ပြီးမြောက်ခဲ့ရာတွေကို နောက်အခန်းတွေမှာ လေ့လာပါမယ်။ ဒီစာအုပ်ရဲ့ အပိုင်းတစ်ပိုင်းစီက မြေကြီးပေါ်မှာလုပ်ဆောင်နေတဲ့ နိုင်ငံတော်လုပ်ငန်းရဲ့ ထူးခြားတဲ့အသွင်အပြင်တစ်ရပ်စီကို ဖော်ပြပါလိမ့်မယ်။ အခန်းတိုင်းမှာပါတဲ့ ပြန်လည်သုံးသပ်ခြင်းလေးထောင့်ကွက်က နိုင်ငံတော် တကယ်တည်ရှိကြောင်း ကျွန်တော်တို့ ဘယ်လောက်အထိ ယုံကြည်စိတ်ချတယ်ဆိုတာ ဆန်းစစ်ဖို့ ကူညီပေးပါလိမ့်မယ်။ အနာဂတ်လက်တစ်ကမ်းအလိုမှာ ဆိုးသွမ်းမှုတွေကိုဖျက်ဆီးပြီး မြေကြီးပရဒိသုဆောင်ကြဉ်းပေးဖို့ နိုင်ငံတော်လာတဲ့အခါ ဘာတွေဖြစ်လာမယ်ဆိုတာ နိဂုံးပိုင်းအခန်းတွေမှာ လေ့လာပါမယ်။ ဒီစာအုပ်ကိုလေ့လာခြင်းကနေ သင် ဘာအကျိုးရမလဲ။

၄၀ စာတန်က ဘုရားသခင့်နိုင်ငံတော်အပေါ်ထားတဲ့ သင့်ယုံကြည်ခြင်းကို ပျက်စီးသွားစေချင်တယ်။ ယေဟောဝါကတော့ သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေချင်တယ်။ ဒါမှ အဲဒီယုံကြည်ခြင်းက သင့်ကို ကာကွယ်ပေးပြီး ခွန်အားရှိစေပါလိမ့်မယ်။ (ဧ. ၆:၁၆) ဒါကြောင့် ဒီစာအုပ်ကို ဆုတောင်းပြီး သေချာလေ့လာပါ။ ‘ဘုရားသခင့်နိုင်ငံတော် တကယ်တည်ရှိကြောင်း ငါယုံကြည်စိတ်ချသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။ နိုင်ငံတော်ကို ပိုယုံကြည်လေလေ၊ သင့်ယုံကြည်ခြင်းကို ဘယ်အရာကမှ မဖျက်ဆီးနိုင်လေလေပါပဲ။ ဒါ့အပြင် နိုင်ငံတော် တကယ်တည်ရှိကြောင်း၊ စိုးစံနေပြီဖြစ်ကြောင်း အသက်ရှင်သူအားလုံး မြင်တွေ့ချိန်မှာ သင်လည်း အဲဒီမှာရှိနေပြီး နိုင်ငံတော်ကို သစ္စာရှိရှိ၊ တက်တက်ကြွကြွ ထောက်ခံနေပါလိမ့်မယ်။

^ အပိုဒ်၊ 7 ဂရူး၊ စတက်ဆင်နဲ့ စတောစ်တို့အကြောင်းကို ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ [အင်္ဂလိပ်]၊ စာမျက်နှာ ၄၅-၄၆ မှာကြည့်ပါ။

^ အပိုဒ်၊ 15 လောကနဲ့မိတ်ဆွေဖွဲ့တဲ့ ဘာသာရေးအဖွဲ့ အစည်းတွေကနေ နုတ်ထွက်ဖို့လိုကြောင်း ကျမ်းစာကျောင်းသားတွေသိတယ်။ ဒါပေမဲ့ ရွေးနုတ်ဖိုးကို ယုံကြည်တယ်၊ ဘုရားသခင်ကို ဆက်ကပ်အပ်နှံထားတယ်လို့ပြောသူတွေကို ကျမ်းစာကျောင်းသားမဟုတ်ရင်တောင် ခရစ်ယာန်ညီအစ်ကိုတွေအဖြစ် နှစ်အတော်ကြာ ရှုမြင်ခဲ့ကြတယ်။

^ အပိုဒ်၊ 17 အဲဒီအစောပိုင်းသတိပေးချက်တွေကို အားပျော့သွားစေတာက သတိပေးချက်တွေဟာ ခရစ်တော်ရဲ့သိုးစုငယ် ၁၄၄,၀၀၀ နဲ့ အဓိက သက်ဆိုင်တယ်ဆိုတဲ့ ယူဆချက်ပဲ။ ဂျိမ်းဘုရင် ဘာသာပြန်ကျမ်း၊ ဗျာဒိတ် ၇:၉၊ ၁၀ မှာပါတဲ့ “လူအုပ်ကြီး” မှာ အမည်ခံခရစ်ယာန်ချာ့ခ်ျအသင်းသားများစွာ ပါဝင်မယ်၊ သူတို့ဟာ ခရစ်တော်ဘက် ရပ်တည်တဲ့အတွက် အဆုံးမှာ ဒုတိယကောင်းကင်အတန်းအစားအဖြစ် ဆုချခံရမယ်လို့ ၁၉၃၅ မတိုင်ခင်က နားလည်ခဲ့ကြောင်း အခန်း ၅ မှာ တွေ့ရပါလိမ့်မယ်။

^ အပိုဒ်၊ 31 ၁၉၂၀၊ စက်တင်ဘာမှာ ရွှေခေတ် (အခု နိုးလော့!) အထူးထုတ်စာစောင်ကို ထုတ်ဝေပြီး ကနေဒါ၊ အင်္ဂလန်၊ ဂျာမနီ၊ အမေရိကန်ပြည်ထောင်စုမှာ စစ်အတွင်းကြုံရတဲ့ နှိပ်စက်ညှဉ်းပန်းမှုအမျိုးမျိုးအကြောင်း အသေးစိတ်ဖော်ပြခဲ့တယ်။ တချို့နှိပ်စက်မှုတွေက လူမဆန်တဲ့လုပ်ရပ်တွေပါပဲ။ ပထမကမ္ဘာစစ်မတိုင်ခင် ဆယ်စုနှစ်တွေမှာတော့ အဲဒီလိုနှိပ်စက်ညှဉ်းပန်းမှုမျိုး မရှိသလောက်ပဲ။

^ အပိုဒ်၊ 36 နှစ်များစွာအထိ ကင်းမျှော်စင်ရဲ့ အဓိက ရည်ရွယ်ချက်က သိုးစုငယ်အဝင်တွေ အသိပညာ တိုးတက်စေဖို့ ဖြစ်တယ်။