မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

နာမတော်ကို ယေဟောဝါ ဂုဏ်တင်ချီးမြှောက်

နာမတော်ကို ယေဟောဝါ ဂုဏ်တင်ချီးမြှောက်

အဓိကအကြောင်းအရာ

ဘုရားသခင့်လူမျိုးက မြင့်မြတ်တဲ့နာမတော်ကို ထင်ရှားကျော်စောစေ

၁၊ ၂။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဘုရားသခင့်နာမည်ကို ဘယ်လိုဂုဏ်တင်ချီးမြှောက်သလဲ။

၁၉၄၇၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့၊ နေခြည်နုနုဖြာကျပြီး ချမ်းအေးတဲ့မနက်ခင်းမှာ နယူးယောက်၊ ဘရွတ်ကလင်ဗေသလက ဘိသိက်ခံညီအစ်ကိုအုပ်စုလေးဟာ ကြီးမားတဲ့တာဝန်တစ်ခုကို စတင်လုပ်ဆောင်ခဲ့ကြတယ်။ အားသွန်ခွန်စိုက်လုပ်ရတဲ့ အလုပ်ဖြစ်ပေမဲ့လည်း နောက် ၁၂ နှစ်လုံးလုံး သူတို့ဆက်လုပ်ဆောင်ခဲ့ကြတယ်။ နောက်ဆုံးတော့ ၁၉၆၀၊ မတ် ၁၃ ရက်၊ တနင်္ဂနွေနေ့မှာ ဘာသာပြန်ကျမ်းသစ်ရဲ့ နောက်ဆုံးကျမ်းပိုဒ်ကို ပြန်ဆိုပြီးသွားတယ်။ သုံးလအကြာ ၁၉၆၀၊ ဇွန် ၁၈ ရက်၊ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ စည်းဝေးကြီးမှာ ညီအစ်ကိုနေသန်နောရ်က ကမ္ဘာသစ်ဘာသာပြန်ကျမ်းရဲ့နောက်ဆုံးအတွဲကို ထုတ်ဝေတဲ့အခါ ပရိသတ်တွေ စိတ်လှုပ်ရှားခဲ့ကြတယ်။ ဟောပြောသူက “ဒီနေ့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ယေဟောဝါသက်သေတွေအတွက် ပျော်စရာအကောင်းဆုံး နေ့တစ်နေ့ပါပဲ” လို့ပြောတယ်။ အဲဒါက တက်ရောက်သူအားလုံးရဲ့ ခံစားချက်ကို ကောင်းကောင်းဖော်ပြလိုက်တာပါပဲ။ ဒီဘာသာပြန်ကျမ်းသစ်ရဲ့ ထူးခြားတဲ့အသွင်အပြင်တစ်ရပ်ကတော့ ဘုရားသခင့်နာမည်ကို အကြိမ်ပေါင်းများစွာ အသုံးပြုထားခြင်းဖြစ်တယ်။ အဲဒါက အထူးပျော်ရွှင်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ၁၉၅၀ ခုနှစ်၊ သီအိုကရေစီတိုးပွားလာ စည်းဝေးကြီးမှာ ထုတ်ဝေခဲ့ (ဘယ်– နယူးယောက်မြို့၊ ရန်ကီးအားကစားကွင်း၊ ညာ– ဂါနာ)

ဘာသာပြန်ကျမ်းများစွာက ဘုရားသခင့်နာမည်ကို ထုတ်ပယ်ခဲ့ကြတယ်။ ဒါပေမဲ့ လူတွေရဲ့မှတ်ဉာဏ်ကနေ ဘုရားသခင့်နာမည်ပျောက်ကွယ်သွားအောင် စာတန်ကြိုးစားတာကို ယေဟောဝါရဲ့ ဘိသိက်ခံကျေးကျွန်တွေ ခုခံကာကွယ်ခဲ့ကြတယ်။ အဲဒီနေ့မှာထုတ်ဝေတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း နိဒါန်းမှာ အခုလိုဖော်ပြတယ်– “ဒီဘာသာပြန်ကျမ်းရဲ့ ထူးခြားတဲ့အသွင်အပြင်ကတော့ မြင့်မြတ်တဲ့နာမတော်ကို နေရာမှန်မှာ ပြန်ထည့်ထားခြင်းပါပဲ။” မှန်ပါတယ်၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ ဘုရားသခင့်နာမည် ယေဟောဝါဆိုတာကို အကြိမ်ပေါင်း ၇,၀၀၀ ကျော် အသုံးပြုထားတယ်။ ဒီဘာသာပြန်ကျမ်းက ကျွန်တော်တို့ရဲ့ကောင်းကင်ဖခင် ယေဟောဝါရဲ့နာမည်ကို အကောင်းဆုံးနည်းနဲ့ ဂုဏ်တင်ချီးမြှောက်လိုက်တာပဲ။

၃။ (က) ဘုရားသခင့်နာမည်ရဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ညီအစ်ကိုတွေ ဘာကိုနားလည်လာသလဲ။ (ခ) ထွက်မြောက်ရာ ၃:၁၃၊ ၁၄ ကို ဘယ်လိုနားလည်သင့်သလဲ။ (“ ဘုရားသခင့်နာမည်ရဲ့ အဓိပ္ပာယ်” လေးထောင့်ကွက်ကိုကြည့်ပါ။)

အစောပိုင်းနှစ်တွေမှာ ကျမ်းစာကျောင်းသားတွေက ဘုရားသခင့်နာမည်ဟာ “ငါသည် ငါဖြစ်၏” လို့အဓိပ္ပာယ်ရှိတယ်ဆိုပြီး နားလည်ခဲ့ကြတယ်။ (ထွ. ၃:၁၄ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း) ဒါကြောင့် ၁၉၂၆၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ “ယေဟောဝါရဲ့နာမည်က ကိုယ်တော်ဟာ အစမရှိ၊ အဆုံးမရှိအရှင်ဖြစ်တယ်ဆိုတဲ့ သဘောဆောင်တယ်” လို့ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုစတင်ဘာသာပြန်ချိန်မှာ ယေဟောဝါက မိမိနာမည်ဟာ အဲဒီသဘောဆောင်ရုံသာမကဘူး၊ အဓိကအားဖြင့် မိမိဟာ ရည်ရွယ်ချက်ရှိတဲ့ဘုရား၊ အဲဒီရည်ရွယ်ချက်ကို ပြည့်စုံစေတဲ့ဘုရားဖြစ်ကြောင်း ဖော်ပြတယ်ဆိုတာ လူမျိုးတော်နားလည်အောင် ကူညီပေးခဲ့တယ်။ ဒါကြောင့် ယေဟောဝါရဲ့နာမည်ဟာ စာသားအရ “ကိုယ်တော်ဖြစ်လာစေသည်” ဆိုတဲ့အဓိပ္ပာယ်ရှိကြောင်း သူတို့နားလည်ခဲ့ကြတယ်။ မှန်ပါတယ်၊ ကိုယ်တော်ဟာ စကြဝဠာကြီးနဲ့ အသိဉာဏ်ရှိသတ္တဝါတွေကို ဖြစ်ပေါ်လာစေခဲ့တယ်။ ကိုယ်တော့်အလိုတော်နဲ့ ရည်ရွယ်ချက်ကိုလည်း ဆက်ပြီး အမှန်တကယ်ဖြစ်လာစေတယ်။ ဒါပေမဲ့လည်း ဘုရားသခင့်နာမည်ကို ဂုဏ်တင်ချီးမြှောက်ဖို့ ဘာကြောင့်ဒီလောက်အရေးကြီးရတာလဲ။ အဲဒီလို ဂုဏ်တင်ချီးမြှောက်ခြင်းမှာ ကျွန်တော်တို့ ဘယ်လိုပါဝင်နိုင်သလဲ။

ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်စေခြင်း

၄၊ ၅။ (က) “နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” လို့ဆုတောင်းတဲ့အခါ ဘာအတွက်တောင်းနေတာလဲ။ (ခ) ဘုရားသခင်က မိမိနာမည်ကို ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ သန့်ရှင်းမြင့်မြတ်စေမလဲ။

ယေဟောဝါက မိမိနာမည် ဂုဏ်တင်ချီးမြှောက်ခံရဖို့ အလိုရှိတယ်။ ကိုယ်တော့်အဓိကရည်ရွယ်ချက်က မိမိနာမည် သန့်ရှင်းမြင့်မြတ်စေဖို့ပဲ။ ယေရှုရဲ့စံပြဆုတောင်းချက်မှာ “နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဆိုပြီး ဦးဆုံးဆုတောင်းတာကိုကြည့်ရင် သိနိုင်ပါတယ်။ (မ. ၆:၉) ကျွန်တော်တို့ အဲဒီလိုဆုတောင်းတဲ့အခါ ဘာအတွက်တောင်းနေတာလဲ။

ဒီစာအုပ်ရဲ့အခန်း ၁ မှာ တွေ့ခဲ့တဲ့အတိုင်း “နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဆိုတဲ့အချက်ဟာ ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့သက်ဆိုင်တဲ့ အသနားခံချက်သုံးခုထဲက တစ်ခုဖြစ်တယ်။ နောက်နှစ်ခုကတော့ ‘နိုင်ငံတော် လာပါစေ။ အလိုတော် ပြည့်စုံပါစေ’ ဖြစ်တယ်။ (မ. ၆:၁၀) ဒါကြောင့် နိုင်ငံတော်လာဖို့၊ အလိုတော်ပြည့်စုံစေဖို့ အရေးယူလုပ်ဆောင်ပါလို့ ယေဟောဝါဆီမှာတောင်းလျှောက်သလို နာမတော်သန့်ရှင်းမြင့်မြတ်စေဖို့လည်း အရေးယူလုပ်ဆောင်ပါလို့ တောင်းလျှောက်ကြတယ်။ နောက်တစ်နည်းပြောရရင် ဧဒင်မှာ ပုန်ကန်မှုပေါ်ပေါက်ကတည်းက နည်းအမျိုးမျိုးနဲ့ နာမတော်ရှုတ်ချခံနေရတာကို ဖယ်ရှားဖို့ အရေးယူလုပ်ဆောင်ပါဆိုပြီး ယေဟောဝါဆီ တောင်းလျှောက်နေခြင်းဖြစ်တယ်။ အဲဒီလိုဆုတောင်းချက်ကို ယေဟောဝါဘယ်လိုတုံ့ပြန်သလဲ။ ‘လူမျိုးတွေအလယ်မှာ ကဲ့ရဲ့ရှုတ်ချခံရတဲ့ ငါ့ရဲ့ကြီးမြတ်တဲ့နာမည်ကို ငါသန့်ရှင်းမြင့်မြတ်စေမယ်’ လို့ကိုယ်တော်ပြောတယ်။ (ယေဇ. ၃၆:၂၃ကဘ; ၃၈:၂၃) အာမဂေဒုန်မှာ ဆိုးသွမ်းမှုတွေကို ဖယ်ရှားတဲ့အခါ ယေဟောဝါက ဖန်ဆင်းရာအားလုံးရှေ့မှာ သူ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေပါလိမ့်မယ်။

၆။ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်စေရေးမှာ ကျွန်တော်တို့ ဘယ်လိုပါဝင်နိုင်သလဲ။

သမိုင်းတစ်လျှောက်ကိုကြည့်ရင် ယေဟောဝါက နာမတော်သန့်ရှင်းမြင့်မြတ်စေရေးမှာ မိမိကျေးကျွန်တွေကို ပါဝင်စေခဲ့မှန်း တွေ့ရတယ်။ ဘုရားသခင့်နာမည် ပိုသန့်ရှင်းအောင် ကျွန်တော်တို့ မလုပ်ပေးနိုင်ပါဘူး။ ကိုယ်တော့်နာမည်က အကြွင်းမဲ့သန့်ရှင်းပြီးသားပဲ။ ဒါဆိုရင် ကျွန်တော်တို့က ဘယ်လိုနည်းနဲ့ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေနိုင်မလဲ။ ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကိုပဲ သန့်ရှင်းတယ်လို့ ယူမှတ်သင့်တယ်’ ဆိုပြီး ဟေရှာယပြောတယ်။ ယေဟောဝါကလည်း သူ့လူမျိုးနဲ့ပတ်သက်ပြီး ‘သူတို့က ငါ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေကြလိမ့်မယ်။ အစ္စရေးတို့ရဲ့ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြလိမ့်မယ်’ လို့ပြောတယ်။ (ဟေရှာ. ၈:၁၃ကဘ; ၂၉:၂၃ကဘ) ဒါကြောင့် နာမတော်ဟာ တခြားနာမည်အားလုံးထက်မြင့်မြတ်ပြီး သီးခြားဖြစ်တယ်လို့ ယူမှတ်ခြင်းအားဖြင့်၊ နာမတော်ကိုယ်စားပြုသမျှကို လေးမြတ်ခြင်းအားဖြင့်၊ တခြားသူတွေလည်း နာမတော်ကိုသန့်ရှင်းတယ်လို့ ယူမှတ်အောင် ကူညီပေးခြင်းအားဖြင့် ဘုရားသခင့်နာမည်ကို ကျွန်တော်တို့ သန့်ရှင်းမြင့်မြတ်စေကြတယ်။ အထူးသဖြင့် ယေဟောဝါကို အုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုပြီး နှလုံးအကြွင်းမဲ့ နာခံတဲ့အခါ နာမတော်ကို ကြောက်ရွံ့ရိုသေကြောင်း တင်ပြကြတယ်။—သု. ၃:၁; ဗျာ. ၄:၁၁

ဘုရားသခင့်နာမည်ကိုခံယူပြီး ဂုဏ်တင်ချီးမြှောက်ဖို့ အသင့်ပြင်ပေးခံရ

၇၊ ၈။ (က) ဘုရားသခင့်လူမျိုးတွေ နာမတော်ကိုမခံယူခင် ဘာကြောင့် အချိန်ယူဖို့လိုအပ်ခဲ့သလဲ။ (ခ) အခု ဘာအကြောင်းသုံးသပ်ကြမလဲ။

မျက်မှောက်ခေတ် ဘုရားသခင့်ကျေးကျွန်တွေဟာ ၁၈၇၀ ပြည့်လွန်နှစ်တွေကစပြီး သူတို့ထုတ်ဝေတဲ့စာပေတွေမှာ နာမတော်ကို အသုံးပြုခဲ့ကြတယ်။ ဥပမာ၊ ၁၈၇၉၊ ဩဂုတ်လထုတ် ဇိအုန်ကင်းမျှော်စင်နဲ့ အဲဒီနှစ်မှာပဲထုတ်ဝေတဲ့ သတို့သမီး၏သီချင်းများ သီချင်းစာအုပ်မှာ ယေဟောဝါဆိုတဲ့နာမည်ကို ဖော်ပြထားတယ်။ ဒါပေမဲ့ မိမိလူမျိုးတွေ မြင့်မြတ်တဲ့နာမတော်ကို လူသိရှင်ကြားမခံယူခင် ဒီအခွင့်ထူးအတွက် လိုအပ်တဲ့တောင်းဆိုချက်တွေကို ပြည့်မီရမယ်လို့ ယေဟောဝါ ယူမှတ်ပုံရတယ်။ ဒါဆိုရင် နာမတော်ကိုခံယူတဲ့သူတွေ ဖြစ်လာစေဖို့ အဲဒီအစောပိုင်းကျမ်းစာကျောင်းသားတွေကို ယေဟောဝါ ဘယ်လိုပြင်ဆင်ပေးခဲ့သလဲ။

၁၈၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းနဲ့ ၁၉၀၀ ပြည့်လွန်နှစ်အစောပိုင်းကို ပြန်ကြည့်တဲ့အခါ ယေဟောဝါက သူ့နာမည်နဲ့ပတ်သက်တဲ့ အရေးကြီးအမှန်တရားတွေကို ပိုရှင်းရှင်းလင်းလင်းနားလည်လာအောင် သူ့လူမျိုးကို ဘယ်လိုကူညီပေးခဲ့သလဲဆိုတာ တွေ့နိုင်တယ်။ အဲဒီအမှန်တရား သုံးခုကို သုံးသပ်ကြည့်ရအောင်။

၉၊ ၁၀။ (က) အစောပိုင်းကင်းမျှော်စင်တွေမှာ ယေရှုကို ဘာကြောင့်အလေးပေးဖော်ပြခဲ့တာလဲ။ (ခ) ၁၉၁၉ ကစပြီး ဘာအပြောင်းအလဲဖြစ်ခဲ့သလဲ။ ဘာအကျိုးရခဲ့သလဲ။ (“ ကင်းမျှော်စင်က ဘုရားသခင့်နာမည်ကို ဂုဏ်တင်ချီးမြှောက်ပုံ” လေးထောင့်ကွက်ကိုလည်းကြည့်ပါ။)

ဦးဆုံး၊ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ နာမတော်ရဲ့အရေးကြီးမှုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့အမြင် ရှိလာကြတယ်။ ရွေးနုတ်ဖိုးအစီအစဉ်ဟာ ကျမ်းစာရဲ့အဓိကသွန်သင်ချက်ဖြစ်တယ်လို့ အစောပိုင်း သစ္စာရှိကျမ်းစာကျောင်းသားတွေ ထင်ခဲ့ကြတယ်။ ဒါကြောင့်လည်း ကင်းမျှော်စင်မှာ ယေရှုကို မကြာခဏ အလေးပေးခဲ့တယ်။ ဥပမာ၊ ကင်းမျှော်စင်ထုတ်ဝေတဲ့ ဦးဆုံးနှစ်မှာ ယေရှုရဲ့နာမည်ကို ယေဟောဝါရဲ့နာမည်ထက် ဆယ်ကြိမ်ပိုပြီး ဖော်ပြတယ်။ အဲဒီအစောပိုင်းနှစ်တွေနဲ့ပတ်သက်ပြီး ၁၉၇၆၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ ကျမ်းစာကျောင်းသားတွေဟာ ယေရှုကို “ပိုအလေးပေးလွန်းတယ်” လို့ ပြောထားတယ်။ ဒါပေမဲ့ ကျမ်းစာမှာတော့ ဘုရားသခင့်နာမည်ကို အလေးပေးထားတယ်ဆိုတာ သူတို့သိမြင်လာအောင် ယေဟောဝါ ကူညီပေးတယ်။ ဒီအချက်က ကျမ်းစာကျောင်းသားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ အထူးသဖြင့် ၁၉၁၉ ကစပြီး “သူတို့ဟာ မေရှိယရဲ့ကောင်းကင်ခမည်းတော် ယေဟောဝါကို အရင်ကထက် ပိုဂုဏ်တင်ခဲ့တယ်” လို့ အဲဒီကင်းမျှော်စင်ဆောင်းပါးက ဆက်ပြောတယ်။ ၁၉၂၀ ကနေ ၁၉၂၉ ခုနှစ်အတွင်း ကင်းမျှော်စင်မှာ ဘုရားသခင့်နာမည် အကြိမ်ပေါင်း ၆,၅၀၀ ကျော် ပါလာတယ်။

၁၀ ညီအစ်ကိုတွေက ယေဟောဝါဆိုတဲ့နာမည်ကို မှန်မှန်ကန်ကန်အသိအမှတ်ပြုခြင်းအားဖြင့် နာမတော်ကို ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့တယ်။ ရှေးခေတ်က မောရှေလိုပဲ သူတို့ဟာ ‘ယေဟောဝါရဲ့နာမည်ကို စတင်ကြေညာခဲ့ကြတယ်။’ (တရား. ၃၂:၃ကဘ; ဆာ. ၃၄:၃) ယေဟောဝါကလည်း ကျမ်းစာမှာ ကတိပြုထားတဲ့အတိုင်း နာမတော်အတွက် သူတို့ပြတဲ့မေတ္တာကို အသိအမှတ်ပြုပြီး သူတို့ကို မျက်နှာသာပြတယ်။—ဆာ. ၁၁၉:၁၃၂; ဟေဗြဲ ၆:၁၀

၁၁၊ ၁၂။ (က) ၁၉၁၉ နောက်ပိုင်း မကြာခင်မှာ ကျွန်တော်တို့ရဲ့စာပေတွေက ဘယ်လိုနည်းနဲ့ ဦးတည်ချက်ပြောင်းသွားသလဲ။ (ခ) ယေဟောဝါက သူ့ကျေးကျွန်တွေကို ဘယ်အရာအပေါ် အာရုံစိုက်စေခဲ့သလဲ။ ဘာကြောင့်လဲ။

၁၁ ဒုတိယ၊ ခရစ်ယာန်စစ်တွေဟာ ဘုရားသခင်ပေးအပ်ထားတဲ့လုပ်ငန်းအကြောင်း မှန်မှန်ကန်ကန်နားလည်လာကြတယ်။ ၁၉၁၉ နောက်ပိုင်း မကြာခင်မှာ ဦးဆောင်နေတဲ့ဘိသိက်ခံညီအစ်ကိုတွေဟာ ဟေရှာယပရောဖက်ပြုချက်ကို လေ့လာဆန်းစစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့စာပေတွေက ဦးတည်ချက်ပြောင်းသွားပြီး ဟောပြောခြင်းလုပ်ငန်းကို ပိုအလေးပေးလာတယ်။ အဲဒီပြောင်းလဲမှုက “အချိန်တန်အစာ” ဖြစ်တယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ။—မ. ၂၄:၄၅

၁၂ ‘ထာ၀ရဘုရားမိန့်တော်မူသည်ကား သင်တို့သည် ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်ဖြစ်ကြ၏’ ဆိုတဲ့ ဟေရှာယရဲ့စကားကို ၁၉၁၉ မတိုင်ခင်က ကင်းမျှော်စင်မှာ တစ်ခါမှမဆွေးနွေးဖူးဘူး။ (ဟေရှာယ ၄၃:၁၀–၁၂ ကိုဖတ်ပါ။) ဒါပေမဲ့ ၁၉၁၉ နောက်ပိုင်း မကြာခင်မှာတော့ ကျွန်တော်တို့ရဲ့စာပေတွေက အဲဒီကျမ်းချက်ကို စတင်အာရုံစိုက်လာတယ်။ ယေဟောဝါ ပေးအပ်ထားတဲ့လုပ်ငန်းဖြစ်တဲ့ ကိုယ်တော့်အကြောင်း သက်သေခံခြင်းလုပ်ငန်းမှာ ဘိသိက်ခံအားလုံးပါ၀င်ဖို့ အားပေးတယ်။ ၁၉၂၅ ကနေ ၁၉၃၁ ခုနှစ်အတွင်းမှာပဲ ကင်းမျှော်စင် ၅၇ စောင်မှာ ဟေရှာယအခန်းကြီး ၄၃ ကို ဆွေးနွေးသုံးသပ်ပြီး ဟေရှာယရဲ့စကားတွေဟာ ခရစ်ယာန်စစ်တွေနဲ့သက်ဆိုင်ကြောင်း စာစောင်တိုင်းမှာ ဖော်ပြခဲ့တယ်။ အဲဒီနှစ်တွေအတွင်း ယေဟောဝါက သူ့ကျေးကျွန်တွေကို သူတို့လုပ်ရမယ့်လုပ်ငန်းအပေါ် အာရုံစိုက်စေခဲ့မှန်း ထင်ရှားပါတယ်။ ဘာကြောင့်လဲ။ သူတို့တွေ “သင့်လျော်ခြင်းရှိမရှိ ဦးစွာစမ်းသပ်ခံ” ရဖို့ပါပဲ။ (၁ တိ. ၃:၁၀) ကျမ်းစာကျောင်းသားတွေက ဘုရားသခင့်နာမည်ကို မခံယူခင် မိမိတို့ဟာ ကိုယ်တော့်သက်သေအမှန်တကယ်ဖြစ်ကြောင်း အလုပ်အားဖြင့် ယေဟောဝါကို သက်သေပြခဲ့ရတယ်။—လု. ၂၄:၄၇၊ ၄၈

၁၃။ ဖြေရှင်းရမယ့် အရေးကြီးဆုံးကိစ္စကို ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ။

၁၃ တတိယ၊ ယေဟောဝါရဲ့လူမျိုးက နာမတော်သန့်ရှင်းမြင့်မြတ်စေဖို့ အရေးကြီးတယ်ဆိုတာ နားလည်လာကြတယ်။ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်စေခြင်းဟာ ဖြေရှင်းရမယ့် အရေးကြီးဆုံးကိစ္စဖြစ်မှန်း ၁၉၂၀ ပြည့်လွန်နှစ်တွေအတွင်း သူတို့သိလာတယ်။ ဒီအရေးကြီးတဲ့ အမှန်တရားကို ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ။ သာဓကနှစ်ခုကို သုံးသပ်ကြည့်ရအောင်။ အစ္စရေးလူမျိုးကို အီဂျစ်ပြည်ကနေ ဘုရားသခင်ကယ်တင်ရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။ ‘ငါ့နာမည်ကို မြေတစ်ပြင်လုံးသိစေဖို့’ ဖြစ်တယ်လို့ ယေဟောဝါပြောတယ်။ (ထွ. ၉:၁၆ကဘ) အစ္စရေးတွေ ယေဟောဝါကို ပုန်ကန်တဲ့အခါ ကိုယ်တော် သူတို့ကို ကရုဏာပြခဲ့တာ ဘာကြောင့်လဲ။ ဒီတစ်ကြိမ်မှာလည်း ယေဟောဝါက ‘သူတို့နေထိုင်တဲ့လူမျိုးတွေအလယ်မှာ ငါ့နာမည်ကဲ့ရဲ့ရှုတ်ချစရာမဖြစ်အောင် ငါ့နာမည်အတွက် ငါလုပ်ဆောင်ခဲ့တယ်’ လို့ပြောတယ်။ (ယေဇ. ၂၀:၈-၁၀ကဘ) ဒီမှတ်တမ်းတွေနဲ့ တခြားကျမ်းစာမှတ်တမ်းတွေကနေ ကျမ်းစာကျောင်းသားတွေ ဘာသိရှိခဲ့သလဲ။

၁၄။ (က) ၁၉၂၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ ဘုရားသခင့်လူမျိုးတွေ ဘာကိုသိလာသလဲ။ (ခ) ကျမ်းစာကျောင်းသားတွေရဲ့သိနားလည်မှု တိုးတက်လာခြင်းက ဟောပြောခြင်းလုပ်ငန်းအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ (“ ဟောပြောဖို့အတွက် ခိုင်လုံတဲ့အကြောင်းရင်း” လေးထောင့်ကွက်ကိုလည်းကြည့်ပါ။)

၁၄ ၁၉၂၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ ဘုရားသခင့်လူမျိုးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၇၀၀ လောက်က ဟေရှာယပြောခဲ့တဲ့စကားရဲ့ အဓိပ္ပာယ်ကို သိလာကြတယ်။ ဟေရှာယက ယေဟောဝါနဲ့ပတ်သက်ပြီး ‘ကိုယ်တော်က ခံ့ညားထည်ဝါတဲ့နာမည်ရဖို့ ကိုယ်တော့်လူတွေကို အဲဒီလိုဦးဆောင်လမ်းပြခဲ့တယ်’ လို့ ပြောတယ်။ (ဟေရှာ. ၆၃:၁၄ကဘ) ဒါကြောင့် ကိုယ်တိုင်ကယ်တင်ခြင်းရဖို့က အဓိကမဟုတ်ဘဲ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်စေဖို့က အဓိကအရေးကိစ္စဖြစ်မှန်း ကျမ်းစာကျောင်းသားတွေ နားလည်လာခဲ့တယ်။ (ဟေရှာ. ၃၇:၂၀; ယေဇ. ၃၈:၂၃) ၁၉၂၉ မှာ ပရောဖက်ပြုချက် ဆိုတဲ့စာအုပ်က အဲဒီအမှန်တရားကို အခုလိုအကျဉ်းချုပ်ဖော်ပြတယ်– “ယေဟောဝါရဲ့နာမည်က ဖန်ဆင်းရာအားလုံးရှေ့မှာ အရေးကြီးဆုံးကိစ္စဖြစ်တယ်။” ဘုရားသခင့်ကျေးကျွန်တွေရဲ့ သိနားလည်မှု အခုလိုပြောင်းလဲသွားတဲ့အတွက် ယေဟောဝါအကြောင်း သက်သေခံဖို့၊ ကိုယ်တော့်နာမည် ရှုတ်ချခံနေရတာကို ဖယ်ရှားဖို့ ထပ်ဆင့်လှုံ့ဆော်ခံခဲ့ရတယ်။

၁၅။ (က) ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ညီအစ်ကိုတွေ ဘာကိုနားလည်လာသလဲ။ (ခ) ဘယ်အချိန်ရောက်လာပြီလဲ။

၁၅ ၁၉၃၀ ပြည့်လွန်နှစ်အစပိုင်းမှာ ညီအစ်ကိုတွေက နာမတော်ရဲ့အရေးကြီးမှုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့အမြင်ရှိလာတယ်။ ဘုရားသခင်ပေးအပ်ထားတဲ့လုပ်ငန်းအကြောင်း ရှင်းရှင်းလင်းလင်းနားလည်လာပြီး နာမတော်သန့်ရှင်းမြင့်မြတ်စေဖို့ အရေးကြီးတယ်ဆိုတာ ပိုသဘောပေါက်လာကြတယ်။ အခု မိမိကျေးကျွန်တွေကို နာမတော်ကို လူသိရှင်ကြားခံယူခွင့်ပေးဖို့ ယေဟောဝါသတ်မှတ်ထားတဲ့အချိန် ရောက်လာပါပြီ။ အဲဒီအကြောင်းကိုသိနိုင်ဖို့ အတိတ်ကဖြစ်ရပ်တချို့ကို သုံးသပ်ကြည့်ကြစို့။

‘နာမတော်အတွက် လူမျိုးတစ်မျိုးကို’ ယေဟောဝါရွေးချယ်

၁၆။ (က) နာမတော်ကို ယေဟောဝါဂုဏ်တင်ချီးမြှောက်ရာမှာ ထူးခြားတဲ့နည်းတစ်နည်းက ဘာလဲ။ (ခ) အတိတ်တုန်းက ဘုရားသခင့်နာမည်အတွက် လူမျိုးတစ်မျိုးအဖြစ် ဘယ်သူတွေကို ဦးဆုံးရွေးချယ်ခဲ့သလဲ။

၁၆ နာမတော်ကို ယေဟောဝါဂုဏ်တင်ချီးမြှောက်ရာမှာ ထူးခြားတဲ့နည်းတစ်နည်းက သူ့နာမည်ကိုခံယူစေဖို့ မြေကြီးပေါ်ကလူမျိုးတစ်မျိုးကို ရွေးချယ်ခြင်းဖြစ်တယ်။ ဘီစီ ၁၅၁၃ ကစပြီး အစ္စရေးလူမျိုးကို မိမိလူမျိုးအဖြစ် ယေဟောဝါရွေးချယ်ခဲ့တယ်။ (ဟေရှာ. ၄၃:၁၂) ဒါပေမဲ့ သူတို့က ဘုရားသခင်နဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ကို မစောင့်ထိန်းတဲ့အတွက် အေဒီ ၃၃ မှာ ကိုယ်တော်နဲ့အထူးဆက်ဆံရေး ဆုံးရှုံးခဲ့ရတယ်။ အဲဒီနောက် မကြာခင်မှာ ယေဟောဝါက ‘မိမိ၏နာမတော်အတွက် လူမျိုးခြားတို့ထဲမှ လူတစ်မျိုးကို နုတ်ယူရန် ထိုသူတို့ထံ အာရုံလှည့်လာ’ တယ်။ (တ. ၁၅:၁၄) ရွေးချယ်ခံရတဲ့ လူမျိုးသစ်ကို “ဘုရားသခင်၏အစ္စရေးလူမျိုး” လို့ခေါ်ပြီး လူမျိုးအသီးသီးထဲက ခရစ်တော်ရဲ့ဘိသိက်ခံနောက်လိုက်တွေနဲ့ ဖွဲ့စည်းထားတယ်။—ဂလ. ၆:၁၆

၁၇။ စာတန်ရဲ့ဘယ်အကြံအစည် အောင်မြင်ခဲ့သလဲ။

၁၇ အေဒီ ၄၄ ခန့်မှာ ခရစ်တော်ရဲ့တပည့်တွေဟာ “ဘုရားသခင့်လမ်းညွှန်ချက်ကြောင့် ခရစ်ယာန်ဟု ခေါ်ဝေါ်ခြင်းကို” ခံကြတယ်။ (တ. ၁၁:၂၆) အစပိုင်းမှာ ဒီနာမည်က သိသိသာသာကွဲပြားပြီး ခရစ်ယာန်စစ်တွေကိုပဲ ရည်ညွှန်းတယ်။ (၁ ပေ. ၄:၁၆) ဒါပေမဲ့ စပါးပင်နဲ့ပေါင်းပင်ပုံဥပမာမှာ ယေရှုပြောတဲ့အတိုင်း စာတန်က ဒီထူးခြားတဲ့နာမည်မှာ ခရစ်ယာန်အတုအယောင်အားလုံးလည်း ပါဝင်လာအောင် ကြံစည်ခဲ့ပြီး သူ့အကြံအစည် အောင်မြင်ခဲ့တယ်။ ဒါကြောင့် ရာစုနှစ်တွေတစ်လျှောက်မှာ ခရစ်ယာန်စစ်တွေဟာ ခရစ်ယာန်အတုအယောင်တွေနဲ့ ကွဲကွဲပြားပြား မရှိတော့ဘူး။ ဒါပေမဲ့ ၁၉၁၄ ကနေစတင်တဲ့ “ရိတ်သိမ်းချိန်” အတွင်း အပြောင်းအလဲ စဖြစ်လာတယ်။ ဘာကြောင့်လဲ။ ကောင်းကင်တမန်တွေက ခရစ်ယာန်စစ်တွေနဲ့ ခရစ်ယာန်အတုအယောင်တွေကို စတင်ခွဲခြားလို့ပဲ။—မ. ၁၃:၃၀၊ ၃၉-၄၁

၁၈။ နာမည်သစ်လိုအပ်ကြောင်း ညီအစ်ကိုတွေ သိမြင်လာအောင် ဘာကကူညီပေးခဲ့သလဲ။

၁၈ ၁၉၁၉ ခုနှစ်မှာ သစ္စာရှိကျွန်ကို ခန့်အပ်ပြီးနောက် ယေဟောဝါက သူပေးအပ်ထားတဲ့လုပ်ငန်းကို သူ့လူမျိုးတွေသိနားလည်လာအောင် ကူညီပေးခဲ့တယ်။ ဒါကြောင့် တစ်အိမ်တက်ဆင်းဟောပြောခြင်းလုပ်ငန်းဟာ သူတို့ကို ခရစ်ယာန်အတုအယောင်အားလုံးနဲ့ ကွဲပြားခြားနားစေတယ်ဆိုတာ ချက်ချင်းသိလာတယ်။ ဒီအချက်ကိုသိလာပြီး သိပ်မကြာခင်မှာပဲ “ကျမ်းစာကျောင်းသားများ” ဆိုတဲ့နာမည်က သူတို့ကို သိသိသာသာမကွဲပြားစေဘူးဆိုတာ သဘောပေါက်လာကြတယ်။ သူတို့ဘ၀ရဲ့အဓိကရည်ရွယ်ချက်က ကျမ်းစာလေ့လာဖို့လောက်သာမဟုတ်ဘဲ ဘုရားသခင်အကြောင်းသက်သေခံဖို့၊ ကိုယ်တော့်နာမည်ကို ဂုဏ်တင်ချီးမြှောက်ဖို့ဖြစ်တယ်။ ဒါဆိုရင် ဘယ်နာမည်က သူတို့လုပ်နေတဲ့လုပ်ငန်းနဲ့ သင့်တော်မလဲ။ ၁၉၃၁ ခုနှစ်မှာ အဲဒီမေးခွန်းရဲ့အဖြေကို ရခဲ့တယ်။

၁၉၃၁ ခုနှစ်၊ စည်းဝေးကြီး အစီအစဉ်စာရွက်

၁၉၊ ၂၀။ (က) ၁၉၃၁ ခုနှစ် စည်းဝေးကြီးမှာ စိတ်လှုပ်ရှားစရာ ဘယ်အဓိဋ္ဌာန်ပြုခဲ့သလဲ။ (ခ) နာမည်သစ်ခံယူတာကို ညီအစ်ကိုတွေ ဘယ်လိုတုံ့ပြန်သလဲ။

၁၉ ၁၉၃၁ ခုနှစ်၊ ဇူလိုင်လမှာ ကျမ်းစာကျောင်းသား ၁၅,၀၀၀ လောက်ဟာ စည်းဝေးကြီးတက်ဖို့ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့ကို ရောက်လာကြတယ်။ စည်းဝေးကြီးအစီအစဉ်စာရွက် မျက်နှာဖုံးမှာ JW ဆိုတဲ့စာလုံးကြီးနှစ်လုံးကို တွေ့တာနဲ့ ‘ဘာအဓိပ္ပာယ်ပါလိမ့်’ ဆိုပြီး အရမ်းစိတ်ဝင်စားခဲ့ကြတယ်။ တချို့ကလည်း ထင်ကြေးအမျိုးမျိုးပေးကြတယ်။ ဇူလိုင် ၂၆ ရက်၊ တနင်္ဂနွေနေ့မှာတော့ ညီအစ်ကို ဂျိုးဇက်ဖ် ရပ်သဖော့ဒ်က အဓိဋ္ဌာန်တစ်ခုဖတ်ပြတယ်။ အဓိဋ္ဌာန်ထဲမှာ “ကျွန်တော်တို့ဟာ ယေဟောဝါသက်သေများဆိုတဲ့နာမည်ကို ခံယူလိုပြီး အဲဒီလိုအခေါ်ခံလိုကြတယ်” လို့ ဖော်ပြထားတယ်။ အဲဒီအချိန်ကျမှ ပရိသတ်တွေက ပဟေဠိဆန်တဲ့စာလုံးနှစ်လုံးရဲ့ အဓိပ္ပာယ်ဟာ ယေဟောဝါသက်သေများဆိုတာ သိသွားကြတယ်။ အဲဒါက ဟေရှာယ ၄၃:၁၀ ကို အခြေခံတဲ့ ကျမ်းစာနာမည်ဖြစ်တယ်။

၂၀ အဓိဋ္ဌာန်ပြုချက်ကိုဖတ်ပြီးနောက် ပရိသတ်က တစ်ခဲနက်ကြွေးကြော်ပြီး လက်ခုပ်သြဘာတီးခဲ့ကြတယ်။ ကိုလံဘတ်စ်မြို့မှာ အဲဒီလိုစိတ်အားထက်သန်စွာတုံ့ပြန်တာကို ရေဒီယိုကနေတစ်ဆင့် ကမ္ဘာကြီးရဲ့တစ်ဝက်အထိ ကြားခဲ့ရတယ်။ ဩစတြေးလျနိုင်ငံက အားနက်စ်နဲ့ နေအိုမီ ဘာဘာတို့ အခုလိုပြန်ပြောပြတယ်– “အမေရိကန်နိုင်ငံမှာ လက်ခုပ်တီးတဲ့အခါ မဲလ်ဘုန်းမြို့က ညီအစ်ကိုတွေလည်း ထခုန်ပြီး လက်ခုပ်တီးတော့တာပဲ။ အဲဒီအချိန်ကို ကျွန်တော်တို့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။” *

ကမ္ဘာတစ်ဝန်းမှာ ဘုရားသခင့်နာမည် ဂုဏ်တင်ချီးမြှောက်ခံရ

၂၁။ နာမည်သစ်က ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုလှုံ့ဆော်ပေးသလဲ။

၂၁ ယေဟောဝါသက်သေဆိုတဲ့ ကျမ်းစာနာမည်ကိုခံယူတာက ဟောပြောခြင်းလုပ်ငန်းမှာ ပိုမိုပါဝင်ဖို့ ဘုရားသခင့်ကျေးကျွန်တွေကို အားဖြည့်ပေးလိုက်တာပဲ။ ၁၉၃၁ မှာ ကိုလံဘတ်စ်မြို့စည်းဝေးကြီးကို တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံက ရှေ့ဆောင်ဇနီးမောင်နှံ အက်ဒဝပ်နဲ့ ဂျေစီ ဂရင်းမ်တို့ အခုလိုပြောပြတယ်– “ကျွန်တော်တို့ အိမ်ကထွက်လာတုန်းကတော့ ကျမ်းစာကျောင်းသားတွေပေါ့။ ပြန်တဲ့အခါမှာတော့ ယေဟောဝါသက်သေတွေဖြစ်သွားပြီ။ ဘုရားသခင့်နာမည်ကို ဂုဏ်တင်ချီးမွမ်းဖို့ အကူအညီဖြစ်စေတဲ့နာမည်ရထားတဲ့အတွက် ကျွန်တော်တို့သိပ်ပျော်တာပဲ။” စည်းဝေးကြီးပြီးနောက် သက်သေခံတချို့က ဟောပြောခြင်းလုပ်ငန်းမှာ နည်းစနစ်အသစ်ကို အသုံးပြုတယ်။ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်တဲ့အခါ “ယေဟောဝါဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်း ဟောပြောတဲ့ ယေဟောဝါသက်သေတစ်ယောက်ပါ” ဆိုပြီးရေးထားတဲ့ကတ်ပြားကို အိမ်ရှင်ကိုပေးလိုက်တယ်။ မှန်ပါတယ်၊ ဘုရားသခင့်လူမျိုးတွေက ယေဟောဝါဆိုတဲ့နာမည်ကို ခံယူခွင့်ရတဲ့အတွက် ဂုဏ်ယူကြတယ်။ နာမတော်ရဲ့အရေးပါမှုအကြောင်း နေရာအနှံ့အပြားကြေညာဖို့ အသင့်ရှိကြတယ်။—ဟေရှာ. ၁၂:၄

 

“ကျွန်တော်တို့ အိမ်က ထွက်လာတုန်းကတော့ ကျမ်းစာကျောင်းသားတွေပေါ့။ ပြန်တဲ့အခါမှာတော့ ယေဟောဝါသက်သေတွေဖြစ်သွားပြီ”

၂၂။ ယေဟောဝါရဲ့လူမျိုးမှာ ထူးခြားတဲ့အမှတ်အသားရှိကြောင်း ဘာကဖော်ပြသလဲ။

၂၂ ယေဟောဝါရဲ့လှုံ့ဆော်ပေးမှုကြောင့် ဘိသိက်ခံညီအစ်ကိုတွေ ဒီထူးခြားတဲ့နာမည်ကိုခံယူတာ နှစ်များစွာကြာခဲ့ပြီ။ ၁၉၃၁ ကစပြီး ဒီကြားကာလမှာ စာတန်က ဘုရားသခင့်လူမျိုးရဲ့ ဒီထူးခြားတဲ့အမှတ်အသား မှေးမှိန်သွားအောင် လုပ်နိုင်ခဲ့သလား။ ဘုရားသခင့်လူမျိုးကို တခြားဘာသာရေးတွေနဲ့ ခွဲခြားမရအောင် သူလုပ်နိုင်ခဲ့သလား။ လုံးဝမလုပ်နိုင်ခဲ့ပါဘူး။ အဲဒီအစား ဘုရားသခင့်သက်သေတွေအဖြစ် ကျွန်တော်တို့ရဲ့ထူးခြားတဲ့အမှတ်အသားဟာ အရင်ကထက်ပိုပြီး ထင်ရှားလာတယ်။ (မိက္ခာ ၄:၅ နဲ့ မာလခိ ၃:၁၈ ကိုဖတ်ပါ။) တကယ်တော့ ကျွန်တော်တို့ဟာ ဘုရားသခင့်နာမည်နဲ့ဆက်စပ်လွန်းတဲ့အတွက် အခုဆိုရင် ဘုရားသခင့်နာမည်ကို ကောင်းကောင်းအသုံးပြုသူတစ်ယောက်ကိုတွေ့တာနဲ့ ယေဟောဝါသက်သေမှန်း ချက်ချင်းသိကြတယ်။ တောင်နဲ့တူတဲ့ အယူမှားဘာသာတွေက စစ်မှန်တဲ့ဝတ်ပြုရေးကို မကာဆီးထားနိုင်ဘူး။ ယေဟောဝါရဲ့စစ်မှန်တဲ့ဝတ်ပြုရေးဟာ ‘တောင်တွေရဲ့ထိပ်ဆုံးမှာ အခိုင်အမာတည်နေတယ်။’ (ဟေရှာ. ၂:၂ကဘ) အမှန်ပါပဲ၊ ဒီနေ့အချိန်မှာ ယေဟောဝါရဲ့ဝတ်ပြုရေးနဲ့ မြင့်မြတ်တဲ့နာမတော်ဟာ အကြီးအကျယ်ချီးမြှောက်ခံနေရတယ်။

၂၃။ ဆာလံ ၁၂၁:၅ အရ ယေဟောဝါနဲ့ပတ်သက်တဲ့ ဘယ်အရေးကြီးအမှန်တရားက ကျွန်တော်တို့ကို ပိုအားရှိစေသလဲ။

၂၃ ယေဟောဝါက အခုရော၊ နောင်ရော စာတန်ရဲ့တိုက်ခိုက်မှုတွေကနေ ကျွန်တော်တို့ကို ကာကွယ်ပေးမယ်ဆိုတာ သိရတဲ့အတွက် ဘယ်လောက်အားရှိစရာကောင်းလိုက်သလဲ။ (ဆာ. ၁၂၁:၅) ဒါကြောင့် ‘ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်တဲ့လူမျိုး၊ ကိုယ်တော့်ပိုင်ဆိုင်ရာအဖြစ် ရွေးချယ်ခံရတဲ့လူတွေက ပျော်ရွှင်တယ်’ ဆိုပြီး ဆာလံဆရာခံစားခဲ့ရသလို ကျွန်တော်တို့လည်း ခံစားရတယ်။—ဆာ. ၃၃:၁၂ကဘ။

^ အပိုဒ်၊ 20 ရေဒီယိုအသုံးပြုတာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို အခန်း ၇၊ စာမျက်နှာ ၇၂-၇၄ မှာကြည့်ပါ။