မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

ဘုရင်က နိုင်ငံတော်အပေါ် အလင်းဖြာပေး

ဘုရင်က နိုင်ငံတော်အပေါ် အလင်းဖြာပေး

အဓိကအကြောင်းအရာ

နိုင်ငံတော်၊ အုပ်ချုပ်သူတွေနဲ့ ပြည်သူပြည်သားတွေအကြောင်း အရေးကြီးအမှန်တရားတွေအပြင် နိုင်ငံတော်ကိုသစ္စာစောင့်သိဖို့လိုကြောင်း ဘုရားသခင့်လူမျိုး သိနားလည်လာ

၁၊ ၂။ ယေရှုဟာ ဘယ်လိုနည်းနဲ့ ပညာရှိတဲ့လမ်းညွှန်ဖြစ်သလဲ။

ဝါရင့်ဧည့်လမ်းညွှန်က သင့်ကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့မြို့တစ်မြို့ကို လိုက်ပြပေးနေတယ်လို့ မြင်ယောင်ကြည့်ပါ။ သင်ရော၊ တခြားဧည့်သည်တွေရော ဒီမြို့ကို မရောက်ဖူးတော့ ဧည့်လမ်းညွှန်ပြောသမျှကို စိတ်၀င်တစားနားထောင်နေကြတယ်။ နားထောင်နေရင်းနဲ့ မြို့ရဲ့ထူးခြားချက်တချို့ကို မတွေ့ရသေးခင် သိချင်ဇောနဲ့မေးကြတယ်။ ဒါပေမဲ့ ဧည့်လမ်းညွှန်က မပြောပြသေးဘူး။ ပြောချိန်တန်မှ၊ တွေ့ရတဲ့အချိန်ကျမှ ပြောပြတယ်။ နောက်ဆုံးတော့ ပညာရှိတဲ့ဧည့်လမ်းညွှန်ကို သင် လေးစားသွားတယ်။ ဘာလို့လဲဆိုတော့ သူက သိသင့်သိအပ်ရာကို သိသင့်တဲ့အချိန်မှာ ပြောပြလို့ပဲ။

ခရစ်ယာန်စစ်တွေရဲ့ အခြေအနေကလည်း အဲဒီဧည့်သည်တွေလိုပါပဲ။ ‘စစ်မှန်သည့်အုတ်မြစ်များရှိသောမြို့၊’ ရင်သပ်ရှုမောစရာအကောင်းဆုံးမြို့ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း သိချင်စိတ်ပြင်းပြနေကြတယ်။ (ဟေဗြဲ ၁၁:၁၀) ယေရှု မြေကြီးပေါ်မှာရှိတုန်းက အဲဒီနိုင်ငံတော်အကြောင်း ပိုသိလာအောင် နောက်လိုက်တွေကို သူကိုယ်တိုင် လမ်းညွှန်ပေးခဲ့တယ်။ ဒါပေမဲ့ သူတို့မေးတဲ့မေးခွန်းအားလုံးကို ယေရှုအဖြေပေးခဲ့သလား။ နိုင်ငံတော်နဲ့ပတ်သက်သမျှကို တစ်ထိုင်တည်းနဲ့ အကုန်ပြောပြလိုက်သလား။ ယေရှု အဲဒီလိုမလုပ်ခဲ့ဘူး။ “သင်တို့အား ငါပြောစရာ များစွာရှိသေးသော်လည်း သင်တို့သည် ယခု မခံယူနိုင်ကြ” လို့ပြောခဲ့တယ်။ (ယော. ၁၆:၁၂) ပညာအရှိဆုံးလမ်းညွှန်ဖြစ်တဲ့ ယေရှုဟာ တပည့်တွေကို ၀န်ထုပ်၀န်ပိုး မဖြစ်စေခဲ့ဘူး။ သူတို့ မခံယူနိုင်သေးတဲ့အကြောင်းတွေကို မပြောပြခဲ့ဘူး။

၃၊ ၄။ (က) ယေရှုက သစ္စာရှိသူတွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ဘယ်လိုဆက်သင်ပေးသလဲ။ (ခ) ဒီအခန်းမှာ ဘာအကြောင်းဆွေးနွေးကြမလဲ။

ယေရှုက ယောဟန် ၁၆:၁၂ မှာပါတဲ့ စကားတွေကို သူ့ရဲ့မြေကြီးအသက်တာနောက်ဆုံးညမှာ ပြောခဲ့တယ်။ သူသေဆုံးပြီးနောက်မှာ သစ္စာရှိတပည့်တွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ဘယ်လိုဆက်သင်ပေးအုံးမလဲ။ ‘အမှန်တရားကိုဖော်ပြသော စွမ်းအားတော်က အမှန်တရားကို သင်တို့ အပြည့်အဝနားလည်စေရန် သွန်သင်ပြသလိမ့်မည်’ လို့ တမန်တော်တွေကို ယေရှု ပြောခဲ့တယ်။ (ယော. ၁၆:၁၃) သန့်ရှင်းသောစွမ်းအားတော်ကို စိတ်ရှည်တဲ့လမ်းညွှန်တစ်ယောက်အဖြစ် စဉ်းစားကြည့်ပါ။ ယေရှုက အဲဒီစွမ်းအားတော်ကိုသုံးပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း နောက်လိုက်တွေသိသင့်သိအပ်ရာကို သိသင့်တဲ့အချိန်မှာ သွန်သင်ပေးတယ်။

ယေဟောဝါရဲ့သန့်ရှင်းသောစွမ်းအားတော်က စိတ်ရင်းမှန်တဲ့ခရစ်ယာန်တွေကို နိုင်ငံတော်အကြောင်းပိုသိလာအောင် ဘယ်လိုလမ်းညွှန်ပေးသလဲဆိုတာ သုံးသပ်ကြည့်ကြစို့။ ဦးဆုံး၊ ဘုရားသခင့်နိုင်ငံတော် စတင်စိုးစံပြီဖြစ်ကြောင်း ဘယ်လိုသိလာသလဲဆိုတာ သုံးသပ်ကြမယ်။ အဲဒီနောက် နိုင်ငံတော်မှာအုပ်ချုပ်မယ့်သူတွေနဲ့ ပြည်သူပြည်သားတွေက ဘယ်သူဘယ်ဝါဖြစ်တယ်၊ သူတို့မှာ ဘာမျှော်လင့်ချက်ရှိတယ်ဆိုတာ သုံးသပ်ကြမယ်။ နောက်ဆုံး၊ နိုင်ငံတော်ကို သစ္စာစောင့်သိကြောင်း တင်ပြခြင်းနဲ့ပတ်သက်ပြီး ခရစ်တော်ရဲ့နောက်လိုက်တွေ ဘယ်လိုရှင်းရှင်းလင်းလင်း သိမြင်လာသလဲဆိုတာ သုံးသပ်ကြပါမယ်။

အရေးကြီးတဲ့နှစ်အကြောင်း နားလည်လာခြင်း

၅၊ ၆။ (က) နိုင်ငံတော်တည်ထောင်ခြင်းနဲ့ ရိတ်သိမ်းခြင်းအကြောင်း ကျမ်းစာကျောင်းသားတွေ ဘယ်လိုတလွဲယူဆခဲ့သလဲ။ (ခ) ဒီလိုတလွဲယူဆချက်တွေက နောက်လိုက်တွေကို ယေရှုလမ်းညွှန်နေတယ်ဆိုတဲ့အချက်ကို ဘာကြောင့် သံသယမဝင်စေသလဲ။

ဒီစာအုပ်ရဲ့အခန်း ၂ မှာ တွေ့ခဲ့တဲ့အတိုင်း ကျမ်းစာကျောင်းသားတွေက ၁၉၁၄ ခုနှစ်ဟာ ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံတဲ့ ထူးခြားတဲ့နှစ်ဖြစ်မယ်ဆိုပြီး ဆယ်စုနှစ်ချီကြိုပြောခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ၁၈၇၄ မှာ ခရစ်တော် စတင်ရောက်ရှိပြီ၊ ၁၈၇၈ မှာ ကောင်းကင်မှာ စတင်စိုးစံပြီ၊ ၁၉၁၄ အောက်တိုဘာရောက်မှပဲ နိုင်ငံတော် အပြည့်အ၀တည်ထောင်မယ်လို့ ယုံကြည်ခဲ့ကြတယ်။ ရိတ်သိမ်းချိန်ဟာ ၁၈၇၄ ကနေ ၁၉၁၄ အထိ ကြာရှည်ပြီး ဘိသိက်ခံတွေကို ကောင်းကင်မှာစုသိမ်းခြင်းနဲ့ အဆုံးသတ်မယ်လို့လည်း ယုံကြည်ခဲ့တယ်။ အဲဒီလိုတလွဲယူဆချက်တွေက သစ္စာရှိသူတွေကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ယေရှုလမ်းညွှန်နေတယ်ဆိုတာကို သံသယ၀င်စေသလား။

သံသယမဝင်စေပါဘူး။ အစမှာပါတဲ့ ဥပမာကို ပြန်သုံးသပ်ကြည့်ရအောင်။ ဧည့်သည်တွေ အချိန်မတန်ခင်ပြောလိုက်တဲ့ ထင်မြင်ချက်တွေ၊ သိချင်ဇောနဲ့မေးလိုက်တဲ့မေးခွန်းတွေက ဧည့်လမ်းညွှန်ဟာ ယုံကြည်စိတ်ချရတဲ့သူ ဟုတ်မဟုတ်ဆိုတာ သံသယ၀င်စေသလား။ ဝေးပါသေးတယ်။ အလားတူပါပဲ။ ဘုရားသခင့်လူမျိုးက သန့်ရှင်းသောစွမ်းအားတော်လမ်းညွှန်ပေးတဲ့ အချိန်မတိုင်ခင်မှာ ယေဟောဝါရဲ့ရည်ရွယ်ချက်အသေးစိတ်ကို နားလည်ဖို့ကြိုးစားတဲ့အခါတွေရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ယေရှု ဦးဆောင်နေတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့် သစ္စာရှိသူတွေဟာ တည့်မတ်ပေးတာကို လိုလိုလားလားခံယူပြီး သူတို့ရဲ့အမြင်ကို နှိမ့်ချစွာပြုပြင်ပြောင်းလဲခဲ့ကြတယ်။—ယာ. ၄:၆

၇။ ဘယ်အမှန်တရားအလင်း ထွန်းလင်းလာသလဲ။

၁၉၁၉ နောက်ပိုင်းနှစ်တွေမှာ အမှန်တရားအလင်း ပိုပိုထွန်းလင်းလာတယ်။ (ဆာလံ ၉၇:၁၁ ကိုဖတ်ပါ။) * ၁၉၂၅ ကင်းမျှော်စင်မှာ “လူမျိုးတစ်မျိုး မွေးဖွားခြင်း” ဆိုတဲ့ ထူးခြားတဲ့ဆောင်းပါးတစ်ပုဒ်ပါလာတယ်။ အဲဒီဆောင်းပါးက ၁၉၁၄ မှာ မေရှိယနိုင်ငံတော်ဖွားမြင်ခဲ့ပြီ၊ ဗျာဒိတ်အခန်းကြီး ၁၂ မှာပါတဲ့ ဘုရားသခင့်ကောင်းကင်ဆိုင်ရာမိန်းမ သားဖွားခြင်းပရောဖက်ပြုချက် ပြည့်စုံပြီဆိုတာ ကျမ်းစာအထောက်အထားနဲ့ ရှင်းပြထားတယ်။ * ဒါ့အပြင် စစ်ကာလအတွင်း ယေဟောဝါရဲ့လူမျိုးတွေ ကြုံခဲ့ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခက်အခဲဒုက္ခတွေက စာတန် ကောင်းကင်ကနေပစ်ချခံရပြီ၊ ‘မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသထွက်နေပြီ’ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြတယ်လို့လည်း ရှင်းပြထားတယ်။—ဗျာ. ၁၂:၁၂

၈၊ ၉။ (က) ဘုရားသခင့်နိုင်ငံတော်ရဲ့အရေးကြီးမှုကို ဘယ်လိုအလေးပေးခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

နိုင်ငံတော်က ဘယ်လောက်ထိအရေးပါသလဲ။ ၁၉၂၈ ကင်းမျှော်စင်မှာ ရွေးနုတ်ဖိုးအားဖြင့် ကိုယ်တိုင်ကယ်တင်ခံရခြင်းထက် နိုင်ငံတော်ကပိုအရေးကြီးတယ်ဆိုတာ စတင်အလေးပေးခဲ့တယ်။ မှန်ပါတယ်၊ မေရှိယနိုင်ငံတော်အားဖြင့် ယေဟောဝါက မိမိနာမည်ကို သန့်ရှင်းမြင့်မြတ်စေမယ်၊ မိမိရဲ့အချုပ်အခြာအာဏာကို သံသယကင်းရှင်းစေမယ်၊ လူသားတွေနဲ့ပတ်သက်တဲ့ မိမိရည်ရွယ်ချက်ကို ပြည့်စုံစေပါလိမ့်မယ်။

နိုင်ငံတော်မှာ ခရစ်တော်နဲ့အတူဘယ်သူတွေ တွဲဖက်အုပ်ချုပ်မလဲ။ နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပေါ်မှာရှိတဲ့ ပြည်သူပြည်သားတွေက ဘယ်သူတွေလဲ။ ခရစ်တော်ရဲ့နောက်လိုက်တွေက ဘယ်လုပ်ငန်းကို လုပ်ဆောင်ကြမလဲ။

ရိတ်သိမ်းခြင်းလုပ်ငန်းက ဘိသိက်ခံတွေကိုအာရုံစိုက်

၁၀။ ဘုရားသခင့်လူမျိုးတွေက ၁၄၄,၀၀၀ နဲ့ပတ်သက်ပြီး အရင် ကတည်းက ဘယ်လိုနားလည်ခဲ့သလဲ။

၁၀ သစ္စာရှိနောက်လိုက် ၁၄၄,၀၀၀ ဟာ ကောင်းကင်မှာ ခရစ်တော်နဲ့အတူအုပ်ချုပ်မယ်ဆိုတာကို ၁၉၁၄ မတိုင်ခင် ဆယ်စုနှစ်တွေကတည်းက ခရစ်ယာန်စစ်တွေ နားလည်ပြီးသားဖြစ်တယ်။ * အဲဒီအရေအတွက်က စာသားအတိုင်းဖြစ်ပြီး အေဒီပထမရာစုကနေ စတင်ရွေးကောက်လာတယ်ဆိုတာကို ကျမ်းစာကျောင်းသားတွေ သိကြတယ်။

၁၁။ ခရစ်တော်ရဲ့သတို့သမီးအဝင်ဖြစ်မယ့်သူတွေက မြေကြီးပေါ်မှာ သူတို့ရထားတဲ့တာဝန်အကြောင်း ဘယ်လိုအဆင့်ဆင့်နားလည်လာသလဲ။

၁၁ ဒါပေမဲ့ ခရစ်တော်ရဲ့သတို့သမီးအ၀င်ဖြစ်မယ့်သူတွေ မြေကြီးပေါ်ရှိနေချိန်မှာ ဘာလုပ်ဖို့ တာ၀န်ရထားသလဲ။ ယေရှုက ဟောပြောခြင်းလုပ်ငန်းကို အလေးပေးခဲ့ပြီး ရိတ်သိမ်းရာကာလနဲ့ဆက်စပ်ဖော်ပြခဲ့မှန်း သူတို့သိကြတယ်။ (မ. ၉:၃၇; ယော. ၄:၃၅) အခန်း ၂ မှာတွေ့ခဲ့တဲ့အတိုင်း ရိတ်သိမ်းချိန်ဟာ အနှစ် ၄၀ ကြာရှည်ပြီး ဘိသိက်ခံတွေကို ကောင်းကင်မှာစုသိမ်းခြင်းနဲ့ အဆုံးသတ်မယ်လို့ သူတို့အချိန်အတော်ကြာ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ အနှစ် ၄၀ ကုန်လွန်ပြီးနောက်မှာတောင် လုပ်ငန်းကိုဆက်လုပ်နေတုန်းပဲ။ ဒါကြောင့် ဒီကိစ္စကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ လိုနေတယ်။ အခုချိန်မှာတော့ ရိတ်သိမ်းရာကာလ (ဂျုံပင်နဲ့ပေါင်းပင်ကို ခွဲခြားတဲ့ကာလ၊ သစ္စာရှိဘိသိက်ခံခရစ်ယာန်တွေနဲ့ ခရစ်ယာန်အတုအယောင်တွေကို ခွဲခြားတဲ့ကာလ) ဟာ ၁၉၁၄ မှာ စတင်မှန်း ကျွန်တော်တို့သိကြတယ်။ ကောင်းကင်အတန်းအစားအကြွင်းအကျန်တွေကို စုသိမ်းဖို့ အာရုံစိုက်တဲ့အချိန် ရောက်လာပြီ။

၁၉၁၄ မှာ ရိတ်သိမ်းရာကာလစတင် (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၂၊ ၁၃။ အပျိုကညာဆယ်ဦးပုံဥပမာနဲ့ တဲလင့်ပုံဥပမာက နောက်ဆုံးကာလမှာ ဘယ်လိုပြည့်စုံလာသလဲ။

၁၂ ၁၉၁၉ ကစပြီး ခရစ်တော်က ဟောပြောခြင်းလုပ်ငန်းကိုအလေးပေးဖို့ သစ္စာနဲ့သတိပညာရှိကျွန်ကို ဆက်ညွှန်ကြားခဲ့တယ်။ ယေရှုက ပထမရာစုမှာ ဟောပြောခြင်းတာ၀န်ကို အပ်နှင်းခဲ့တာဖြစ်တယ်။ (မ. ၂၈:၁၉၊ ၂၀) အဲဒီတာ၀န်ကိုကျေပွန်စေဖို့ ဘိသိက်ခံတွေမှာ ဘယ်အရည်အသွေးတွေလိုအပ်ကြောင်းကိုလည်း ဖော်ပြတယ်။ ဘယ်လိုနည်းနဲ့ ဖော်ပြခဲ့သလဲ။ အပျိုကညာဆယ်ဦးပုံဥပမာမှာ ဘိသိက်ခံတွေဟာ နိုးကြားနေဖို့၊ သတိရှိနေဖို့လိုကြောင်း ဖော်ပြခဲ့တယ်။ ဒါမှ ကောင်းကင်မှာ ခရစ်တော်နဲ့ သူ့ရဲ့ “သတို့သမီး” ဖြစ်တဲ့ ၁၄၄,၀၀၀ တို့ဆင်နွှဲမယ့် မင်္ဂလာပွဲကြီးမှာ သူတို့ပါ၀င်နိုင်ကြမယ်။ (ဗျာ. ၂၁:၂) တဲလင့်ပုံဥပမာမှာတော့ ဘိသိက်ခံတွေဟာ ယေရှုအပ်နှင်းထားတဲ့ ဟောပြောခြင်းလုပ်ငန်းကို လုံ့လဝီရိယရှိရှိလုပ်ဆောင်ဖို့လိုကြောင်း ဖော်ပြခဲ့တယ်။—မ. ၂၅:၁-၃၀

၁၃ လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း ဘိသိက်ခံတွေဟာ နိုးနိုးကြားကြားရှိကြောင်း၊ လုံ့လဝီရိယရှိကြောင်း တင်ပြခဲ့ကြတယ်။ သူတို့က သတိရှိရှိစောင့်နေတဲ့အတွက် ဆုချခံရမှာ သေချာပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ရိတ်သိမ်းခြင်းလုပ်ငန်းက ခရစ်တော်နဲ့တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ ကိုပဲ စုသိမ်းမှာလား။

နိုင်ငံတော်က မြေကြီးပေါ်မှာရှိတဲ့ ပြည်သူပြည်သားတွေကိုစုသိမ်း

၁၄၊ ၁၅။ ပြီးဆုံးလေသောနက်နဲရာ စာအုပ်မှာ ဘယ်အုပ်စုလေးစုအကြောင်း ဆွေးနွေးထားသလဲ။

၁၄ ဗျာဒိတ် ၇:၉-၁၄ မှာပါတဲ့ “လူအုပ်ကြီး” နဲ့ပတ်သက်ပြီး သစ္စာရှိအမျိုးသား၊ အမျိုးသမီးတွေ သိချင်နေတာကြာလှပြီ။ ဒါကြောင့်လည်း ဒီလူအုပ်ကြီး ဘယ်သူဘယ်ဝါဖြစ်မှန်း ခရစ်တော်ဖော်ပြချိန်မတိုင်ခင်မှာ အမျိုးမျိုးထင်ကြေးပေးခဲ့ကြတာ မဆန်းပါဘူး။ ဒါပေမဲ့ သူတို့ပြောခဲ့တာတွေက ဒီနေ့ ကျွန်တော်တို့တန်ဖိုးထားတဲ့ ရိုးရှင်းတဲ့အမှန်တရားတွေနဲ့ တက်တက်စင်အောင်လွဲနေတယ်။

၁၅ ၁၉၁၇ မှာ ပြီးဆုံးလေသောနက်နဲရာစာအုပ်က “ကောင်းကင်ဆိုင်ရာကယ်တင်ခြင်းနှစ်မျိုး၊ မြေကြီးဆိုင်ရာကယ်တင်ခြင်းနှစ်မျိုး” ရှိတယ်ဆိုပြီး ဖော်ပြတယ်။ ကယ်တင်ခြင်းမျှော်လင့်ချက်မတူတဲ့ အဲဒီအုပ်စုလေးစုမှာ ဘယ်သူတွေပါ၀င်သလဲ။ ပထမအုပ်စုက ခရစ်တော်နဲ့တွဲဖက်အုပ်ချုပ်မယ့် ၁၄၄,၀၀၀၊ ဒုတိယအုပ်စုက လူအုပ်ကြီး ဖြစ်တယ်။ အဲဒီတုန်းက ယူဆခဲ့တာကတော့ လူအုပ်ကြီးဆိုတာ အမည်ခံခရစ်ယာန်ချာ့ခ်ျအသင်းသား ဖြစ်နေသေးတဲ့သူတွေကို ဆိုလိုတယ်။ သူတို့မှာ ယုံကြည်ခြင်းအတော်အတန်ရှိပေမဲ့ အခိုင်အမာ သမာဓိစောင့်သိဖို့အတွက်တော့ လုံလောက်တဲ့ယုံကြည်ခြင်းမရှိဘူး။ ဒါကြောင့် သူတို့ဟာ ကောင်းကင်မှာ အဆင့်နိမ့်တဲ့နေရာ ရရှိကြမယ်။ မြေကြီးနဲ့ဆိုင်တဲ့ တတိယအုပ်စုမှာ “ရှေးခေတ်မှလေးစားထိုက်သူများ” ဖြစ်တဲ့ အာဗြဟံ၊ မောရှေနဲ့ တခြားသစ္စာရှိသူတွေပါ၀င်တယ်လို့ ယူဆခဲ့တယ်။ သူတို့က စတုတ္ထအုပ်စုဖြစ်တဲ့ လူသားထုကြီးကို ကြီးကြပ်ကွပ်ကဲဖို့ အခွင့်အာဏာရရှိကြမယ်။

၁၆။ ၁၉၂၃ နဲ့ ၁၉၃၂ မှာ ဘယ်အမှန်တရားအလင်း ထွန်းလင်းလာသလဲ။

၁၆ ဒီနေ့ ကျွန်တော်တို့တန်ဖိုးထားတဲ့ သိနားလည်မှုကိုရရှိအောင် ခရစ်တော်ရဲ့နောက်လိုက်တွေကို သန့်ရှင်းသောစွမ်းအားတော်က ဘယ်လိုလမ်းညွှန်ခဲ့သလဲ။ အမှန်တရားအလင်း အဆင့်ဆင့်ထွန်းလင်းခြင်းအားဖြင့် လမ်းညွှန်ပေးခဲ့တယ်။ ၁၉၂၃ အစောပိုင်းမှာ ကင်းမျှော်စင်က ကောင်းကင်မျှော်လင့်ချက်မရှိဘဲ ခရစ်တော်အုပ်ချုပ်မှုအောက် မြေကြီးပေါ်မှာအသက်ရှင်မယ့်အုပ်စုကို အာရုံစိုက်ခဲ့တယ်။ ၁၉၃၂ မှာ ကင်းမျှော်စင်က ယောနဒပ်အကြောင်း ဆွေးနွေးခဲ့တယ်။ သူက အယူမှားဝတ်ပြုရေးကို ချေမှုန်းရာမှာ ဘုရားသခင်ဘိသိက်ပေးထားတဲ့ အစ္စရေးဘုရင်ယေဟုနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်။ (၄ ရာ. ၁၀:၁၅-၁၇) အဲဒီဆောင်းပါးက မျက်မှောက်ခေတ်မှာလည်း ယောနဒပ်နဲ့တူတဲ့အတန်းအစားရှိကြောင်း၊ ယေဟောဝါက အဲဒီအတန်းအစားကို “အာမဂေဒုန်ဒုက္ခကာလတစ်လျှောက်မှာ” ကယ်နုတ်ပြီး ဒီကမ္ဘာပေါ်မှာ အသက်ရှင်စေမှာဖြစ်ကြောင်း ဆက်ပြောတယ်။

၁၇။ (က) ၁၉၃၅ မှာ အလွန်တောက်ပ တဲ့ ဘယ်အမှန်တရားအလင်း ထွန်းလင်းလာသလဲ။ (ခ) လူအုပ်ကြီးနဲ့ပတ်သက်တဲ့ နားလည်မှုအသစ်က သစ္စာရှိခရစ်ယာန်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ (“ အခုမှပဲ စိတ်အေးသွားတော့တယ်” လေးထောင့်ကွက်ကိုကြည့်ပါ။)

၁၇ ၁၉၃၅ မှာတော့ အလွန်တောက်ပတဲ့ အမှန်တရားအလင်း ထွန်းလင်းလာတယ်။ ဝါရှင်တန်ဒီစီ စည်းဝေးကြီးမှာ လူအုပ်ကြီးဟာ မြေကြီးအတန်းအစားဖြစ်ကြောင်း၊ ယေရှုရဲ့သိုးနဲ့ဆိတ်ပုံဥပမာထဲက သိုးနဲ့တူတဲ့သူတွေဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ (မ. ၂၅:၃၃-၄၀) လူအုပ်ကြီးဟာ “အခြားသိုး” အဝင်ဖြစ်ပြီး သူတို့နဲ့ပတ်သက်လို့ ယေရှုက ‘ထိုသိုးများကိုလည်း ငါဆောင်ခဲ့ရမည်’ ဆိုပြီးပြောခဲ့တယ်။ (ယော. ၁၀:၁၆) ဟောပြောသူ ဂျေ အက်ဖ် ရပ်သဖော့ဒ်က “မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ဖို့မျှော်လင့်သူအားလုံး ကျေးဇူးပြုပြီး မတ်တတ်ရပ်ပေးပါ” လို့ပြောလိုက်တဲ့အခါ ပရိသတ်တစ်ဝက်ကျော် မတ်တတ်ရပ်ခဲ့တယ်။ ဒါနဲ့ သူက “လူအုပ်ကြီးကို ကြည့်ကြပါ” လို့ အသံကျယ်ကျယ်နဲ့ပြောလိုက်တယ်။ အများစုက နောက်ဆုံးမှာ သူတို့ရဲ့အနာဂတ်မျှော်လင့်ချက်ကို နားလည်လိုက်ရလို့ စိတ်လှုပ်ရှားခဲ့ကြတယ်။

၁၈။ ခရစ်တော်ရဲ့နောက်လိုက်တွေက ဘယ်လုပ်ငန်းကို အာရုံစိုက်လုပ်ဆောင်ကြသလဲ။ ဘာရလဒ်ရခဲ့သလဲ။

၁၈ အဲဒီအချိန်ကစပြီး ခရစ်တော်ဟာ ကြီးစွာသောဒုက္ခကနေ ထွက်လာမယ့်၊ အရှင်လတ်လတ်ကယ်တင်ခံရမယ့် လူအုပ်ကြီးအဝင်တွေကို စုသိမ်းခြင်းလုပ်ငန်းမှာ အာရုံစိုက်လုပ်ဆောင်ဖို့ ညွှန်ကြားနေတယ်။ အစပိုင်းမှာတော့ အဲဒီစုသိမ်းခြင်းလုပ်ငန်းက သိပ်အားရစရာမကောင်းဘူး။ “‘လူအုပ်ကြီး’ က ဒီလောက်ကြီးလာမယ့်ပုံလည်း မပေါ်ပါဘူး” လို့တောင် ညီအစ်ကိုရပ်သဖော့ဒ် ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ရိတ်သိမ်းခြင်းလုပ်ငန်းကို ယေဟောဝါ အကြီးအကျယ်ကောင်းချီးပေးခဲ့မှန်း အခု ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ပါပဲ။ ယေရှုနဲ့ သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုအောက်မှာ ဘိသိက်ခံတွေနဲ့ သူတို့ရဲ့အပေါင်းပါ “အခြားသိုး” တွေဟာ ယေရှုကြိုပြောခဲ့တဲ့အတိုင်း “သိုးထိန်းတစ်ပါးတည်း” ရဲ့လက်အောက်မှာ “သိုးအုပ်တစ်အုပ်” အဖြစ် အတူတကွအမှုဆောင်နေကြတယ်။

လူအုပ်ကြီး ဘယ်လောက် တိုးပွားလာမယ်ဆိုတာ ညီအစ်ကိုရပ်သဖော့ဒ် ကြိုမသိခဲ့ (ဘယ်မှညာ– နေသန် အိပ်ခ်ျ နောရ်၊ ဂျိုးဇက် အက်ဖ် ရပ်သဖော့ဒ်၊ ဟေဒင် စီ ကာဗင်တန်)

၁၉။ လူအုပ်ကြီးအရေအတွက် တိုးများလာအောင် ကျွန်တော်တို့ ဘယ်လိုပါ၀င်လုပ်ဆောင်နိုင်သလဲ။

၁၉ သစ္စာရှိသူအမြောက်အမြားဟာ ခရစ်တော်နဲ့ ၁၄၄,၀၀၀ တို့ရဲ့ အုပ်ချုပ်မှုအောက် မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ကြပါလိမ့်မယ်။ အနာဂတ်မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ဒီလိုရှင်းရှင်းလင်းလင်းနားလည်လာအောင် ဘုရားသခင့်လူမျိုးကို ခရစ်တော်လမ်းညွှန်ပေးပုံအကြောင်း ပြန်စဉ်းစားသုံးသပ်ရတာ နှစ်သက်စရာမကောင်းဘူးလား။ အမှုဆောင်လုပ်ငန်းမှာတွေ့ရသူတွေကို ဒီမျှော်လင့်ချက်အကြောင်း ဝေမျှရတာ တကယ့်အခွင့်ထူးပါပဲ။ ဒါကြောင့် အခြေအနေခွင့်ပြုသရွေ့ အမှုဆောင်လုပ်ငန်းမှာ တက်တက်ကြွကြွပါဝင်ကြပါစို့။ ဒါမှ လူအုပ်ကြီးအရေအတွက် ပိုတိုးများလာပြီး ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းသံလည်း ပိုကျယ်လောင်လာပါလိမ့်မယ်။—လုကာ ၁၀:၂ ကိုဖတ်ပါ။

လူအုပ်ကြီးအရေအတွက် အဆက်မပြတ်တိုးပွားနေ

နိုင်ငံတော်ကို သစ္စာစောင့်သိကြောင်းတင်ပြနိုင်ပုံ

၂၀။ စာတန့်အဖွဲ့အစည်းမှာ ဘယ်အစိတ်အပိုင်းတွေ ပါဝင်သလဲ။ ခရစ်ယာန် တစ်ယောက်ရဲ့ သစ္စာစောင့်သိမှုနဲ့ ဘယ်လိုပတ်သက်သလဲ။

၂၀ ဘုရားသခင့်လူမျိုးက နိုင်ငံတော်အကြောင်း ဆက်သင်ယူလာတာနဲ့အမျှ ကောင်းကင်နိုင်ငံတော်ကို သစ္စာစောင့်သိခြင်းဆိုတာ ဘာကိုဆိုလိုမှန်း ကောင်းကောင်းသဘောပေါက်ဖို့လည်း လိုအပ်လာတယ်။ ဒါနဲ့ပတ်သက်လို့ ၁၉၂၂ ကင်းမျှော်စင်မှာ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ စာတန်ရဲ့အဖွဲ့အစည်းဆိုပြီး အဖွဲ့အစည်းနှစ်ခုရှိကြောင်း၊ စာတန့်အဖွဲ့အစည်းမှာ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးအစိတ်အပိုင်းတွေ ပါဝင်ကြောင်း ဖော်ပြခဲ့တယ်။ ခရစ်တော်အုပ်ချုပ်တဲ့ ဘုရားသခင့်နိုင်ငံတော်ကို သစ္စာခံသူတွေဟာ စာတန့်အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုခုမှာ ပါဝင်ခြင်းအားဖြင့် မိမိတို့ရဲ့သစ္စာစောင့်သိမှုကို အလျှော့ပေးလိုက်လျောတာမျိုး မလုပ်ရဘူး။ (၂ ကော. ၆:၁၇) အဲဒါက ဘာကိုဆိုလိုသလဲ။

၂၁။ (က) သစ္စာရှိကျွန်က စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ပတ်သက်ပြီး ဘုရားသခင့်လူမျိုးကို ဘယ်လိုသတိပေးခဲ့သလဲ။ (ခ) ၁၉၆၃ မှာ ကင်းမျှော်စင်က “မဟာဗာဗုလုန်” နဲ့ပတ်သက်ပြီး ဘယ်လို ဖော်ပြသလဲ။

၂၁ သစ္စာရှိကျွန်ပြင်ဆင်ပေးတဲ့ အချိန်တန်အစာက စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုကို မပြတ်ဖော်ထုတ်ပြီး နေရာအနှံ့မှာလွှမ်းမိုးနေတဲ့ ပစ္စည်းဥစ္စာတပ်မက်တဲ့သဘောထားကိုရှောင်ဖို့ ဘုရားသခင့်လူမျိုးကို သတိပေးတယ်။ (မ. ၆:၂၄) အလားတူ၊ စာတန့်အဖွဲ့အစည်းရဲ့ ဘာသာရေးအစိတ်အပိုင်းကိုလည်း ကျွန်တော်တို့စာပေတွေက မီးမောင်းထိုးပြတယ်။ ၁၉၆၃ မှာ ကင်းမျှော်စင်က “မဟာဗာဗုလုန်” ဟာ အမည်ခံခရစ်ယာန်ကိုသာမက ကမ္ဘာ့အယူမှားဘာသာအားလုံးကို ကိုယ်စားပြုကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြခဲ့တယ်။ ဒါကြောင့် ‘သူ၏အထဲမှထွက်ဖို့၊’ အယူမှားဘာသာရေးအကျင့်ဓလေ့အားလုံးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ နိုင်ငံနဲ့လူမျိုးတိုင်းမှာရှိတဲ့ ဘုရားသခင့်လူမျိုးတွေကို ကူညီပေးခဲ့တယ်ဆိုတာ ဒီစာအုပ်ရဲ့အခန်း ၁၀ မှာ အကျယ်တဝင့်သိရပါလိမ့်မယ်။—ဗျာ. ၁၈:၂၊

၂၂။ ပထမကမ္ဘာစစ်အတွင်းမှာ ဘုရားသခင့်လူမျိုးအများစုက ရောမ ၁၃:၁ ကို ဘယ်လိုနားလည်ခဲ့သလဲ။

၂၂ စာတန့်အဖွဲ့အစည်းရဲ့ နိုင်ငံရေးအစိတ်အပိုင်းနဲ့ပတ်သက်လို့ကော။ ခရစ်ယာန်စစ်တွေဟာ စစ်ပွဲတွေ၊ လူမျိုးရေးပဋိပက္ခတွေမှာ ပါဝင်လို့ရမလား။ ခရစ်တော်ရဲ့ နောက်လိုက်တွေဟာ လူလူချင်းကို မသတ်ရဘူးဆိုတာ ပထမကမ္ဘာစစ်အတွင်း ကျမ်းစာကျောင်းသားတွေ နားလည်ခဲ့ကြတယ်။ (မ. ၂၆:၅၂) ဒါပေမဲ့ ရောမ ၁၃:၁ မှာ “အထက်မင်းအာဏာစက်” ကို နာခံပါဆိုတဲ့ တိုက်တွန်းချက်အရ စစ်ထဲဝင်လို့ရတယ်၊ စစ်ယူနီဖောင်းဝတ်ပြီး လက်နက်တောင်ကိုင်လို့ရတယ်ဆိုပြီး ယူဆခဲ့တယ်။ ရန်သူကိုသတ်ခိုင်းရင်တော့ သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်တယ်။

၂၃၊ ၂၄။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ရောမ ၁၃:၁ ကို ဘယ်လိုနားလည်ခဲ့သလဲ။ ပိုတိတိကျကျနားလည်လာအောင် စွမ်းအားတော်က ခရစ်တော်ရဲ့ နောက်လိုက်တွေကို ဘယ်လိုလမ်းညွှန်ပေးသလဲ။

၂၃ ၁၉၃၉ မှာ ဒုတိယကမ္ဘာစစ်ဖြစ်ပွားတဲ့အခါ ကင်းမျှော်စင်က ကြားနေမှုအကြောင်း အသေးစိတ်ဆွေးနွေးခဲ့တယ်။ ခရစ်ယာန်တွေက စာတန့်လောကရဲ့စစ်ပွဲတွေနဲ့ လူမျိုးရေးပဋိပက္ခတွေမှာ လုံးဝမပါဝင်ရဘူးဆိုပြီး ဆောင်းပါးမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ အချိန်ကိုက်လမ်းညွှန်ချက်ပါပဲ။ ဒါကြောင့် ခရစ်တော်ရဲ့နောက်လိုက်တွေဟာ အဲဒီစစ်အတွင်း ဆိုးဆိုးဝါးဝါး သွေးပြစ်သင့်မယ့်အခြေအနေကနေ ကာကွယ်ခံခဲ့ရတယ်။ ဒါပေမဲ့ ၁၉၂၉ ကစပြီး ကျွန်တော်တို့ရဲ့စာပေတွေက ရောမ ၁၃:၁ မှာပါတဲ့ အထက်မင်းအာဏာစက်တွေဟာ လောကအုပ်စိုးရှင်တွေမဟုတ်ဘဲ ယေဟောဝါနဲ့ယေရှု ဖြစ်တယ်လို့ရှင်းပြခဲ့တယ်။ ပိုတိကျတဲ့သိနားလည်မှု လိုနေဆဲပါပဲ။

၂၄ ၁၉၆၂ မှာ အဲဒီနားလည်မှုကိုပြုပြင်ဖို့ ခရစ်တော်ရဲ့နောက်လိုက်တွေကို သန့်ရှင်းသောစွမ်းအားတော်က လမ်းညွှန်ပေးခဲ့တယ်။ နိုဝင်ဘာ ၁၅ နဲ့ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ရောမ ၁၃:၁-၇ နဲ့ပတ်သက်တဲ့ ထူးခြားတဲ့ဆောင်းပါးတွေ ပါလာတယ်။ နောက်ဆုံးမှာ ဘုရားသခင့်လူမျိုးက “ကဲသာ၏ဥစ္စာကို ကဲသာအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့” ဆိုတဲ့ ယေရှုရဲ့စကားတွေမှာပါတဲ့ အကန့်အသတ်နဲ့လက်အောက်ခံခြင်းဆိုင်ရာမူကို နားလည်လာတယ်။ (လု. ၂၀:၂၅) အထက်မင်းအာဏာစက်ဟာ ဒီလောကအုပ်စိုးရှင်တွေဖြစ်ပြီး သူတို့ကို ခရစ်ယာန်တွေ လက်အောက်ခံရမယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါပေမဲ့ အဲဒီလက်အောက်ခံခြင်းက အကန့်အသတ်ရှိတယ်။ လောကအာဏာပိုင်တွေက ယေဟောဝါဘုရားသခင်ကိုမနာခံဖို့ တောင်းဆိုလာရင် ရှေးခေတ်ကတမန်တော်တွေလိုပဲ “ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်” လို့ ကျွန်တော်တို့ ပြန်ဖြေကြတယ်။ (တ. ၅:၂၉) ဘုရားသခင့်လူမျိုးက ခရစ်ယာန်ကြားနေမှုဆိုင်ရာမူအတိုင်း ဘယ်လိုလက်တွေ့လုပ်ဆောင်သလဲဆိုတာ ဒီစာအုပ်ရဲ့အခန်း ၁၃၁၄ မှာ ပိုသိရပါမယ်။

ကျမ်းစာမှာပါတဲ့ ထာဝရအသက် မျှော်လင့်ချက်အကြောင်း ဝေမျှရတာ တကယ့်အခွင့်ထူးပါပဲ

၂၅။ ဘုရားသခင့်နိုင်ငံတော်အကြောင်း နားလည်လာအောင် သန့်ရှင်းသောစွမ်းအားတော်လမ်းညွှန်ပေးတာကို သင် ဘာကြောင့်တန်ဖိုးထားလေးမြတ်သလဲ။

၂၅ လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း နိုင်ငံတော်နဲ့ပတ်သက်ပြီး ခရစ်တော်ရဲ့နောက်လိုက်တွေ သင်ယူခဲ့ရာအားလုံးကို ပြန်စဉ်းစားကြည့်ပါ။ ဘယ်အချိန်မှာ ဘုရားသခင့်နိုင်ငံတော် ကောင်းကင်မှာ တည်ထောင်တယ်၊ နိုင်ငံတော်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့သိခဲ့ရတယ်။ သစ္စာရှိသူတွေကိုပေးသနားတဲ့ ကောင်းကင်မျှော်လင့်ချက်နဲ့ မြေကြီးမျှော်လင့်ချက် နှစ်မျိုးအကြောင်းလည်း ရှင်းရှင်းလင်းလင်းသိလာတယ်။ လောကအာဏာပိုင်တွေကို အကန့်အသတ်နဲ့လက်အောက်ခံရင်း တစ်ချိန်တည်းမှာ ဘုရားသခင့်နိုင်ငံတော်ကို သစ္စာစောင့်သိကြောင်း ဘယ်လိုတင်ပြနိုင်သလဲဆိုတာကိုလည်း သိခဲ့ရတယ်။ ဒါကြောင့် ‘ဒီအကြောင်းတွေကို နားလည်ပြီး ပြန်သင်ပေးနိုင်အောင် မြေကြီးပေါ်ကသစ္စာရှိကျွန်ကို ယေရှုခရစ် လမ်းမညွှန်ပေးခဲ့ဘူးဆိုရင် ဒီအဖိုးတန်အမှန်တရားတွေကို ငါသိပါ့မလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ကျွန်တော်တို့ကို ခရစ်တော်နဲ့သန့်ရှင်းသောစွမ်းအားတော် လမ်းပြပေးနေတာက တကယ့်ကောင်းချီးတစ်ခုပါပဲ။

^ အပိုဒ်၊ 7 ဆာလံ ၉၇:၁၁ (ကဘ)– ‘အလင်းက ဖြောင့်မတ်သူအတွက်၊ ဝမ်းမြောက်ခြင်းက စိတ်နှလုံးရိုးဖြောင့်သူအတွက် ထွန်းလင်းတယ်။’

^ အပိုဒ်၊ 7 ဒီစိတ်အာရုံဟာ အယူမှားရောမအင်ပါယာနဲ့ ရိုမန်ကက်သလစ်ချာ့ခ်ျတို့ကြားက ပဋိပက္ခကို ရည်ညွှန်းတယ်လို့ အဲဒီမတိုင်ခင်က ယူဆခဲ့ကြတယ်။

^ အပိုဒ်၊ 10 ၁၄၄,၀၀၀ ဟာ ၁၉၁၄ ခုနှစ်မှာ ခရစ်ယာန်စစ်ဖြစ်ပြီးသား ပကတိဂျူးတွေဖြစ်ရမယ်လို့ ၁၈၈၀၊ ဇွန်လထုတ် ဇိအုန်ကင်းမျှော်စင်မှာ ဖော်ပြတယ်။ ဒါပေမဲ့ ၁၈၈၀ နောက်ပိုင်းမှာ သူတို့နားလည်လာတဲ့အချက်က ဒီနေ့ ကျွန်တော်တို့နားလည်ထားတဲ့အချက်နဲ့ ပိုနီးစပ်တယ်။