မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

ဟောပြောသူများ​—ကိုယ့်ကိုယ်ကိုယ် လိုလိုလားလားပေးဆက်နေတဲ့ အမှုတော်ဆောင်များ

ဟောပြောသူများ​—ကိုယ့်ကိုယ်ကိုယ် လိုလိုလားလားပေးဆက်နေတဲ့ အမှုတော်ဆောင်များ

အဓိကအကြောင်းအရာ

ဘုရင်က ဟောပြောသူ တပ်မဟာကြီးကိုဖွဲ့စည်း

၁၊ ၂။ ဘယ်ကြီးမားတဲ့လုပ်ငန်းအကြောင်း ယေရှုကြိုပြောခဲ့သလဲ။ ဘယ်အရေးကြီးတဲ့မေးခွန်း ပေါ်လာသလဲ။

နိုင်ငံရေးခေါင်းဆောင်တွေက ကတိတွေပေးတတ်ပေမဲ့ ကတိမတည်ကြဘူး။ စိတ်ရင်းစေတနာကောင်းသူတွေတောင် သူတို့ရဲ့ကတိအတိုင်း မလုပ်နိုင်တဲ့အခါတွေရှိတယ်။ ၀မ်းသာစရာက မေရှိယဘုရင် ယေရှုခရစ်ကတော့ သူတို့နဲ့မတူဘဲ အမြဲကတိတည်တယ်။

ယေရှုက ၁၉၁၄ ခုနှစ်မှာ ဘုရင်ဖြစ်ပြီးတဲ့နောက် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၉၀၀ လောက်က သူပြောခဲ့တဲ့ပရောဖက်ပြုချက်ကို ပြည့်စုံစေဖို့ အသင့်ရှိနေပြီ။ “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်” လို့ သူမသေခင်လေးမှာ ကြိုပြောခဲ့တယ်။ (မ. ၂၄:၁၄) ဒီစကားတွေ ပြည့်စုံလာတာက နိုင်ငံတော်အာဏာနဲ့ယေရှုရောက်ရှိနေခြင်းနိမိတ်ရဲ့ အသွင်အပြင်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ဒီမေးခွန်းပေါ်လာတယ်– မေတ္တာမရှိ၊ တစ်ကိုယ်ကောင်းဆန်ပြီး ဘုရားတရားမဲ့တဲ့သဘောထားတွေ များလာတဲ့ ဒီနောက်ဆုံးကာလမှာ လိုလိုလားလားဟောပြောသူ တပ်မဟာကြီးကို ဘုရင် ဘယ်လိုဖွဲ့စည်းနိုင်မှာလဲ။ (မ. ၂၄:၁၂; ၂ တိ. ၃:၁-၅) ဒီမေးခွန်းရဲ့အဖြေက ခရစ်ယာန်စစ်အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် အဖြေကို ကျွန်တော်တို့ သိဖို့လိုတယ်။

၃။ ယေရှု ဘာကိုယုံကြည်စိတ်ချသလဲ။ အဲဒီလိုယုံကြည်စိတ်ချမှုမျိုးကို သူ ဘယ်ကရရှိခဲ့သလဲ။

ယေရှုရဲ့စကားတွေကို ပြန်ဆန်းစစ်ကြည့်ရအောင်။ “ဟောပြောရလိမ့်မည်” ဆိုတဲ့စကားက ယုံကြည်စိတ်ချမှုကို ဖော်ပြနေတာလား။ သေချာတာပေါ့။ နောက်ဆုံးကာလမှာ လိုလိုလားလားနဲ့ ကူညီထောက်မသူတွေရှိမယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချခဲ့တယ်။ အဲဒီလို ယုံကြည်စိတ်ချမှုမျိုးကို သူဘယ်ကရရှိခဲ့သလဲ။ သူ့ခမည်းတော်ဆီက သင်ယူခဲ့တာ။ (ယော. ၁၂:၄၅; ၁၄:၉) ယေဟောဝါက သူ့ကို၀တ်ပြုကိုးကွယ်သူတွေဆီမှာ တလိုတလားစိတ်ဓာတ်ရှိတယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ ဒါကို ယေရှု လူသားဘ၀မတိုင်ခင်မှာ ကိုယ်တွေ့မြင်ခဲ့ရတယ်။ အဲဒီလိုယုံကြည်စိတ်ချမှုကို ယေဟောဝါ ဘယ်လိုတင်ပြခဲ့သလဲဆိုတာ ကြည့်ရအောင်။

‘သခင့်လူတွေက ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ပေးဆက်ကြလိမ့်မယ်’

၄။ ဘယ်လုပ်ငန်းကို ထောက်မပေးဖို့ အစ္စရေးတွေကို ယေဟောဝါ ဖိတ်ခေါ်ခဲ့သလဲ။ သူတို့ ဘယ်လိုတုံ့ပြန်ကြသလဲ။

အစ္စရေးလူမျိုးရဲ့ ၀တ်ပြုရေးအချက်အချာအဖြစ် တဲတော်ဆောက်လုပ်ဖို့ မောရှေကို ယေဟောဝါ မိန့်မှာတုန်းက ဖြစ်ပျက်ခဲ့ရာကို ပြန်စဉ်းစားကြည့်ပါ။ တဲတော်ဆောက်လုပ်ရေးလုပ်ငန်းကို ထောက်မပေးဖို့ မောရှေကတစ်ဆင့် လူအားလုံးကို ယေဟောဝါ ဖိတ်ခေါ်တယ်။ မောရှေက ‘စေတနာထက်သန်သူတိုင်း ယေဟောဝါအတွက် အလှူပစ္စည်းတွေကို ယူလာကြပါ’ လို့ပြောတယ်။ လူတွေ ဘယ်လိုတုံ့ပြန်ကြသလဲ။ လူတွေက ‘စေတနာနဲ့လှူတဲ့ အလှူပစ္စည်းတွေကို မနက်တိုင်း ယူလာနေတုန်းပဲ။’ သူတို့ယူလာတာ သိပ်များလွန်းလို့ ထပ်မယူလာတော့ဖို့ တားခဲ့ရတယ်။ (ထွ. ၃၅:၅ကဘ; ၃၆:၃ကဘ) အစ္စရေးတွေဟာ သူတို့ကို ယေဟောဝါ ယုံကြည်စိတ်ချတာ မှန်တယ်ဆိုတာ သက်သေပြခဲ့တယ်။

၅၊ ၆။ ဆာလံ ၁၁၀:၁-၃ အရ နောက်ဆုံးကာလမှာ ယေဟောဝါနဲ့ ယေရှုက စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်သူတွေဆီမှာ ဘယ်လိုစိတ်ဓာတ်မျိုးတွေ့ရဖို့ မျှော်လင့်သလဲ။

နောက်ဆုံးကာလမှာရော ယေဟောဝါက သူ့ကိုဝတ်ပြုကိုးကွယ်သူတွေဆီမှာ အဲဒီလိုတလိုတလားစိတ်ဓာတ်မျိုးတွေ့ရဖို့ မျှော်လင့်သလား။ မျှော်လင့်ပါတယ်။ ယေရှု မြေကြီးပေါ်မမွေးဖွားခင် နှစ်ပေါင်း ၁,၀၀၀ ကျော်ကတည်းက ယေဟောဝါဟာ မေရှိယစတင်စိုးစံချိန်နဲ့ပတ်သက်ပြီး ရေးသားဖို့ ဒါဝိဒ်ကို စွမ်းအားတော်နဲ့ညွှန်ကြားခဲ့တယ်။ (ဆာလံ ၁၁၀:၁–၃ ကိုဖတ်ပါ။) * နန်းတက်ခါစဘုရင် ယေရှုမှာ ရန်သူတွေရှိမှာဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုထောက်မပေးတဲ့ စစ်တပ်လည်း ရှိပါလိမ့်မယ်။ ဘုရင့်အမှုတော်ကို ထမ်းဆောင်ဖို့ သူတို့ကို အတင်းအကျပ်ခိုင်းစရာမလိုဘူး။ လူငယ်တွေတောင် ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ပေးဆက်ကြလိမ့်မယ်။ အဲဒီလူငယ်တွေဟာ နံနက်ခင်းမှာ မြေပေါ်ဖုံးလွှမ်းနေတဲ့ မရေတွက်နိုင်တဲ့နှင်းစက်တွေလို အမြောက်အမြားရှိလိမ့်မယ်။ *

နိုင်ငံတော်ကို လိုလိုလားလားထောက်မသူတွေဟာ နှင်းစက်တွေလို အလွန်များပြား (အပိုဒ် ၅ ကိုကြည့်ပါ)

ဆာလံ ၁၁၀ မှာပါတဲ့ ပရောဖက်ပြုချက်ဟာ မိမိနဲ့သက်ဆိုင်မှန်း ယေရှုသိတယ်။ (မ. ၂၂:၄၂-၄၅) ဒါကြောင့် ကမ္ဘာတစ်ဝန်း သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလားပေးဆက်ပြီး သစ္စာရှိရှိထောက်မသူတွေရှိမယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချတယ်။ သမိုင်းအထောက်အထားတွေက ဘာကိုဖော်ပြသလဲ။ ဒီနောက်ဆုံးကာလမှာ လိုလိုလားလားဟောပြောသူ တပ်မဟာကြီးကို ဘုရင် ဖွဲ့စည်းခဲ့သလား။

“ဒီသတင်းအကြောင်းကြေညာဖို့က ငါ့ရဲ့အခွင့်ထူးနဲ့တာ၀န်ပဲ”

၇။ ဘုရင်အဖြစ် နန်းတင်ခံရပြီးနောက် ရှေ့မှာလုပ်ဆောင်မယ့်လုပ်ငန်းအတွက် နောက်လိုက်တွေကို ယေရှု ဘယ်လိုအဆင့်ဆင့် ပြင်ဆင်ပေးခဲ့သလဲ။

ယေရှုက ဘုရင်အဖြစ်နန်းတင်ခံရပြီး မကြာခင်မှာ ကြီးမားတဲ့လုပ်ငန်းအတွက် နောက်လိုက်တွေကို အဆင့်ဆင့်ပြင်ဆင်ပေးခဲ့တယ်။ အခန်း ၂ မှာလေ့လာခဲ့သလို ယေရှုဟာ ၁၉၁၄ ကနေ ၁၉၁၉ ခုနှစ်အစောပိုင်းအထိ စစ်ဆေးခြင်းနဲ့သန့်စင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့တယ်။ (မာလ. ၃:၁-၄) အဲဒီနောက် နောက်လိုက်တွေကို ဦးဆောင်ဖို့ သစ္စာရှိကျွန်ကို ၁၉၁၉ ခုနှစ်မှာ ခန့်အပ်ခဲ့တယ်။ (မ. ၂၄:၄၅) အဲဒီအချိန်ကစပြီး ကျွန်ဟာ စည်းဝေးကြီးဟောပြောချက်တွေနဲ့ ပုံနှိပ်စာပေတွေအားဖြင့် အချိန်တန်အစာကို စတင်ဝေပေးခဲ့ပြီး ခရစ်ယာန်အားလုံး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ရမယ်ဆိုတာ ထပ်ခါထပ်ခါ အလေးပေးခဲ့တယ်။

၈–၁၀။ စည်းဝေးကြီးတွေက ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုတွန်းအားပေးသလဲ။ သာဓကတစ်ခု ပြောပြပါ။ (“ ဟောပြောခြင်းလုပ်ငန်းကို တွန်းအားပေးတဲ့ အစောပိုင်းစည်းဝေးကြီးများ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

စည်းဝေးကြီးဟောပြောချက်များ။ ကျမ်းစာကျောင်းသားတွေဟာ ညွှန်ကြားချက်ရရှိဖို့ ၁၉၁၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကနေ ၈ ရက်အထိ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့မှာ စုဝေးခဲ့ကြတယ်။ အဲဒါက ပထမကမ္ဘာစစ်ပြီးနောက် ဦးဆုံးကျင်းပတဲ့စည်းဝေးကြီးပဲ။ ဒုတိယနေ့မှာ ညီအစ်ကိုရပ်သဖော့ဒ်က ဟောပြောချက်ပေးပြီး “မြေကြီးပေါ်မှာ ခရစ်ယာန်တစ်ယောက်ရဲ့တာဝန်က . . . သခင့်နိုင်ငံတော်အကြောင်း ကြွေးကြော်ဖို့ပဲ” လို့ ရှင်းရှင်းလင်းလင်းပြောခဲ့တယ်။

ငါးရက်မြောက်နေ့၊ “တွဲဖက်လုပ်သားများအတွက် ပြောကြားချက်” ဆိုတဲ့ဟောပြောချက်ကို ညီအစ်ကိုရပ်သဖော့ဒ် ပေးခဲ့တဲ့နေ့ကတော့ စည်းဝေးကြီးရဲ့ အထွတ်အထိပ်အခါသမယပါပဲ။ နောက်ပိုင်းမှာ အဲဒီဟောပြောချက်ကို “နိုင်ငံတော်အကြောင်း ကြေညာခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ကင်းမျှော်စင်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ဟောပြောချက်မှာ သူအခုလိုပြောတယ်– “စိတ်ညစ်နေတဲ့အခါတွေမှာ ခရစ်ယာန်တစ်ယောက်က ငါဘာကြောင့် မြေကြီးပေါ်မှာ အသက်ရှင်နေတာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးမိနိုင်တယ်။ ကျိန်းသေတဲ့အဖြေကတော့ ဘုရားသခင်ရဲ့ ပြန်လည်သင့်မြတ်ခြင်းသတင်းအကြောင်း လူတွေကိုကြားပြောဖို့ သံတမန်အဖြစ် ငါ့ကို သခင်ခန့်ထားတဲ့အတွက် ဒီသတင်းအကြောင်းကြေညာဖို့က ငါ့ရဲ့အခွင့်ထူးနဲ့တာ၀န်ပဲ ဆိုပြီးဖြစ်သင့်တယ်။”

၁၀ သမိုင်းတွင်တဲ့ အဲဒီဟောပြောချက်မှာ ညီအစ်ကိုရပ်သဖော့ဒ်က နိုင်ငံတော်ဟာ လူသားတွေအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်း လူတွေသိရှိစေဖို့ ရွှေခေတ် (အခု နိုးလော့!) မဂ္ဂဇင်းအသစ်ကို ထုတ်ဝေမယ့်အကြောင်း ကြေညာခဲ့တယ်။ အဲဒီနောက် ဟောပြောသူက ဒီဂျာနယ်ဖြန့်ဝေရာမှာ ပရိသတ်ထဲက ဘယ်နှစ်ယောက်ပါ၀င်ချင်သလဲလို့ မေးလိုက်တယ်။ စည်းဝေးကြီးမှတ်တမ်းက အခုလိုဖော်ပြတယ်– “တုံ့ပြန်မှုကတော့ တကယ့်ကိုအားရှိစရာပါပဲ။ တက်ရောက်သူ ၆,၀၀၀ စလုံး ချက်ချင်းမတ်တတ်ရပ်ခဲ့ကြတယ်။” * ဘုရင့်မှာ တလိုတလားကူညီထောက်မသူတွေရှိနေတယ်ဆိုတာ ရှင်းနေပါတယ်။ သူတို့က နိုင်ငံတော်အကြောင်းကြွေးကြော်ဖို့ စိတ်ထက်သန်နေကြတယ်။

၁၁၊ ၁၂။ ၁၉၂၀ ခုနှစ်ထုတ် ကင်းမျှော်စင်က ယေရှုကြိုပြောတဲ့လုပ်ငန်းကို ဘယ်အချိန်မှာ လုပ်ဆောင်ရမယ်လို့ ပြောသလဲ။

၁၁ ပုံနှိပ်စာပေများ။ ယေရှု ကြိုပြောခဲ့တဲ့ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းအကြောင်းကို ကင်းမျှော်စင် စာမျက်နှာတွေမှာ ပိုရှင်းရှင်းလင်းလင်းဖော်ပြလာတယ်။ ၁၉၂၀ ပြည့်လွန်နှစ်အစောပိုင်းက သာဓကတချို့ကို သုံးသပ်ကြည့်ပါ။

၁၂ မဿဲ ၂၄:၁၄ ပြည့်စုံတဲ့အနေနဲ့ ဘယ်သတင်းကို ဟောပြောရမလဲ။ ဒီလုပ်ငန်းကို ဘယ်အချိန်မှာ လုပ်ဆောင်ရမလဲ။ ဟောပြောမယ့်သတင်းနဲ့ပတ်သက်ပြီး ၁၉၂၀၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် “နိုင်ငံတော်သတင်းကောင်း” ဆိုတဲ့ဆောင်းပါးမှာ “ဒီသတင်းကောင်းက စနစ်ဟောင်းကုန်ဆုံးခြင်း၊ မေရှိယနိုင်ငံတော်တည်ထောင်ခြင်းနဲ့ သက်ဆိုင်တယ်” လို့ဖော်ပြတယ်။ လုပ်ဆောင်မယ့်အချိန်နဲ့ပတ်သက်ပြီး “ကမ္ဘာစစ်ကြီး [ပထမကမ္ဘာစစ်] နဲ့ ‘ကြီးစွာသောဒုက္ခ’ ကြားမှာ ဒီသတင်းကို ဟောပြောရမယ်” လို့ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့တယ်။ ဒါကြောင့် “အခုအချိန်က . . . ဒီသတင်းကောင်းကို အမည်ခံခရစ်ယာန်တွေဆီ ကျယ်ကျယ်ပြန့်ပြန့် ကြွေးကြော်ရမယ့်အချိန်ပဲ” ဆိုပြီး ဆောင်းပါးမှာဆက်ပြောတယ်။

၁၃။ ၁၉၂၁ ခုနှစ်ထုတ် ကင်းမျှော်စင်က တလိုတလားစိတ်ဓာတ်တင်ပြဖို့ ဘိသိက်ခံခရစ်ယာန်တွေကို ဘယ်လိုအားပေးသလဲ။

၁၃ ယေရှုကြိုပြောခဲ့တဲ့ ဒီလုပ်ငန်းကိုလုပ်ဆောင်ဖို့ ဘုရားသခင့်လူမျိုးတွေကို ဖိအားပေးခဲ့သလား။ မပေးခဲ့ပါဘူး။ ၁၉၂၁ ခုနှစ်၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် “အားယူလော့” ဆိုတဲ့ဆောင်းပါးက တလိုတလားစိတ်ဓာတ်တင်ပြဖို့ ဘိသိက်ခံခရစ်ယာန်တွေကို အားပေးတယ်။ “ဒီလုပ်ငန်းမှာပါဝင်တာက ငါ့အတွက် အကြီးမြတ်ဆုံးအခွင့်ထူးနဲ့ တာ၀န်ဖြစ်တယ်မဟုတ်လား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးဖို့ အားပေးခဲ့တယ်။ ဆောင်းပါးက အခုလိုဆက်ပြောတယ်– “အဲဒီလို [လုပ်ငန်းမှာပါဝင်ရတာကို အခွင့်ထူးအဖြစ်] ယူဆတဲ့အခါ သင်လည်း ယေရမိလိုဖြစ်လာမယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ ယေရမိစိတ်ထဲမှာ သခင့်စကားတော်ဟာ ‘အရိုးတွေကိုလောင်မြိုက်နေတဲ့မီးလို’ သူ့ကို တိုက်တွန်းလှုံ့ဆော်နေတဲ့အတွက် မပြောဘဲမနေနိုင်ခဲ့ဘူး။” (ယေ. ၂၀:၉ကဘ) နိုင်ငံတော်ကို သစ္စာရှိရှိထောက်မပေးနေသူတွေအပေါ် ယေဟောဝါနဲ့ယေရှုတို့ ယုံကြည်စိတ်ချကြောင်း ဒီလှိုက်လှဲတဲ့အားပေးချက်က ဖော်ပြတယ်။

၁၄၊ ၁၅။ တခြားသူတွေ သတင်းကောင်းကြားအောင် ဘိသိက်ခံခရစ်ယာန်တွေ လုပ်ဆောင်ရမယ့်နည်းနဲ့ ပတ်သက်ပြီး ၁၉၂၂ ခုနှစ်ထုတ် ကင်းမျှော်စင်မှာ ဘယ်လိုတိုက်တွန်းသလဲ။

၁၄ နိုင်ငံတော်သတင်းကို တခြားသူတွေကြားအောင် ခရစ်ယာန်စစ်တွေ ဘယ်လိုလုပ်ဆောင်မလဲ။ ၁၉၂၂ ခုနှစ်၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ “အရေးကြီးသောလုပ်ငန်း” ဆိုတဲ့ တိုတုတ်ထိရောက်တဲ့ ဆောင်းပါးတစ်ပုဒ်ပါလာတယ်။ ဆောင်းပါးမှာ “ပုံနှိပ်စာပေတွေကို လူတွေဆီ ထက်ထက်သန်သန်ယူသွားပါ၊ အိမ်တွေမှာ သူတို့နဲ့စကားပြောပါ၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ ဆိုတဲ့အကြောင်း သက်သေခံပါ” လို့ ဘိသိက်ခံခရစ်ယာန်တွေကို တိုက်တွန်းထားတယ်။

၁၅ ခရစ်ယာန်တစ်ဦးရဲ့ အခွင့်ထူးနဲ့တာဝန်ဟာ နိုင်ငံတော်သတင်းကြွေးကြော်ခြင်းဖြစ်ကြောင်း ထပ်ခါထပ်ခါအလေးပေးဖော်ပြဖို့ ခရစ်တော်ဟာ ၁၉၁၉ ခုနှစ်ကစပြီး သစ္စာနဲ့သတိပညာရှိကျွန်ကို အသုံးပြုခဲ့တယ်ဆိုတာ ရှင်းနေပါတယ်။ ဒါပေမဲ့ နိုင်ငံတော်သတင်းကြွေးကြော်ခြင်းလုပ်ငန်းမှာ ပါ၀င်ဖို့တိုက်တွန်းချက်ကို အစောပိုင်းကျမ်းစာကျောင်းသားတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

“သစ္စာရှိသူတွေက စေတနာ့၀န်ထမ်းတွေအဖြစ် လုပ်ဆောင်ကြလိမ့်မယ်”

၁၆။ အမှုဆောင်လုပ်ငန်းမှာ အားလုံး ပါဝင်ရမယ်ဆိုတဲ့ အကြံပြုချက်ကို အကြီးအကဲတချို့ ဘယ်လိုတုံ့ပြန်သလဲ။

၁၆ ၁၉၂၀ နဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ တချို့က ဘိသိက်ခံခရစ်ယာန်အားလုံး အမှုဆောင်လုပ်ငန်းမှာ ပါဝင်ရမယ်ဆိုတဲ့ အကြံပြုချက်ကို ဆန့်ကျင်ခဲ့တယ်။ ၁၉၂၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခုလိုဖော်ပြတယ်– “အမှုဆောင်လုပ်ငန်းမှာ ကိုယ်တိုင်မပါ၀င်တဲ့အပြင် ညီအစ်ကိုတွေကိုလည်း ပါ၀င်ဖို့အားမပေးတဲ့ အကြီးအကဲတွေ အသင်းတော်မှာ အခုရှိနေတယ်။ . . . သူတို့က ဘုရားသခင့်သတင်းစကားဖြစ်တဲ့ ဘုရင်နဲ့နိုင်ငံတော်အကြောင်း လူတွေကို တစ်အိမ်တက်ဆင်းဟောပြောပါဆိုတဲ့ အကြံပေးချက်ကို သရော်ကြတယ်။” ဆောင်းပါးက အခုလို ပွင့်ပွင့်လင်းလင်းဆက်ပြောတယ်– “သစ္စာရှိသူတွေအနေနဲ့ အဲဒီလိုလူတွေကို မှတ်ထားပြီး ရှောင်ဖို့၊ သူတို့ကို အကြီးအကဲတာဝန် အပ်နှင်းတော့မှာမဟုတ်ဘူးဆိုတာ ပြောပြဖို့ အချိန်ရောက်လာပြီ။” *

၁၇၊ ၁၈။ အသင်းတော်တွေမှာ အများ စုက သစ္စာရှိကျွန်ရဲ့ညွှန်ကြားချက်ကို ဘယ်လိုတုံ့ပြန်သလဲ။ လွန်ခဲ့တဲ့အနှစ် ၁၀၀ ကျော်အတွင်း လူသန်းပေါင်းများစွာ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၁၇ အသင်းတော်တွေမှာ အများစုက သစ္စာရှိကျွန်ရဲ့ညွှန်ကြားချက်ကို စိတ်ထက်သန်စွာ လက်ခံခဲ့ကြတာ ၀မ်းသာစရာပဲ။ သူတို့က နိုင်ငံတော်သတင်း ဝေမျှရတာကို အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။ ဒီအကြောင်းကို ၁၉၂၆ ခုနှစ်၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုဖော်ပြတယ်– “လူတွေဆီ ဒီသတင်းကိုပြောပြဖို့ . . . သစ္စာရှိသူတွေက စေတနာ့၀န်ထမ်းတွေအဖြစ် လုပ်ဆောင်ကြလိမ့်မယ်။” အဲဒီသစ္စာရှိသူတွေက ဆာလံ ၁၁၀:၃ မှာပါတဲ့ ပရောဖက်ပြုစကားတွေနဲ့အညီ လုပ်ဆောင်ပြီး မေရှိယဘုရင်ကို လိုလိုလားလား ထောက်မသူတွေဖြစ်ကြောင်း သက်သေပြခဲ့တယ်။

၁၈ လွန်ခဲ့တဲ့အနှစ် ၁၀၀ ကျော်အတွင်း လူသန်းပေါင်းများစွာဟာ နိုင်ငံတော်သတင်း ကြွေးကြော်ခြင်းလုပ်ငန်းမှာပါဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် တလိုတလားပေးဆက်ခဲ့ကြတယ်။ သူတို့ ဘယ်လိုဟောသလဲ၊ တစ်နည်းအားဖြင့် ဘယ်နည်းလမ်းနဲ့ကိရိယာတွေ အသုံးပြုသလဲ၊ ဘာရလဒ်တွေရသလဲ ဆိုတဲ့အကြောင်းကို နောက်အခန်းတချို့မှာ သုံးသပ်ကြမယ်။ ငါသာအဓိကဖြစ်နေတဲ့လောကမှာ အသက်ရှင်နေရပေမဲ့ လူသန်းပေါင်းများစွာက နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းမှာ စေတနာအလျောက် ဘာကြောင့်ပါ၀င်တာလဲဆိုတာကို ဦးဆုံးလေ့လာသွားမယ်။ ဒီအကြောင်းကို လေ့လာရင်းနဲ့ ‘ငါကော တခြားသူတွေကို ဘာကြောင့် သတင်းကောင်းဝေမျှတာလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။

‘နိုင်ငံတော်ကို ဦးစွာရှာလျက်နေကြလော့’

၁၉။ ‘နိုင်ငံတော်ကို ဦးစွာရှာလျက်နေကြလော့’ ဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကို ကျွန်တော်တို့ ဘာကြောင့်လိုက်နာကြသလဲ။

၁၉ ‘နိုင်ငံတော်ကို ဦးစွာရှာလျက်နေကြလော့’ လို့ နောက်လိုက်တွေကို ယေရှု မိန့်မှာခဲ့တယ်။ (မ. ၆:၃၃) အဲဒီမိန့်မှာချက်ကို ကျွန်တော်တို့ ဘာကြောင့်လိုက်နာကြသလဲ။ နိုင်ငံတော်ရဲ့အရေးကြီးမှုကို အသိအမှတ်ပြုလို့ပဲ။ နိုင်ငံတော်ဟာ ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံရေးမှာ အဓိကကျတယ်။ ရှေ့အခန်းမှာလေ့လာခဲ့တဲ့အတိုင်း သန့်ရှင်းသောစွမ်းအားတော်က နိုင်ငံတော်နဲ့ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာအမှန်တရားတွေကို အဆင့်ဆင့်ဖော်ပြခဲ့တယ်။ ဒီအဖိုးတန်နိုင်ငံတော်အမှန်တရားက ကျွန်တော်တို့ရဲ့စိတ်နှလုံးကို ထိမိတဲ့အခါ နိုင်ငံတော်ကိုဦးစွာရှာဖို့ လှုံ့ဆော်ခံရတယ်။

ဝှက်ထားတဲ့ဘဏ္ဍာကိုတွေ့လို့ သိပ်ပျော်သွားတဲ့လူလိုပဲ ခရစ်ယာန်တွေဟာ နိုင်ငံတော် အမှန်တရားကိုတွေ့ရှိလို့ ပျော်ရွှင်ကြ (အပိုဒ် ၂၀ ကိုကြည့်ပါ)

၂၀။ နိုင်ငံတော်ကို ဦးစွာရှာပါဆိုတဲ့ မိန့်မှာချက်ကို ယေရှုရဲ့နောက်လိုက်တွေ တုံ့ပြန်ပုံနဲ့ပတ်သက်ပြီး ဝှက်ထားတဲ့ဘဏ္ဍာပုံဥပမာက ဘယ်လိုဖော်ပြသလဲ။

၂၀ နိုင်ငံတော်ကို ဦးစွာရှာပါဆိုတဲ့ မိန့်မှာချက်ကို နောက်လိုက်တွေ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ယေရှုသိတယ်။ ဝှက်ထားတဲ့ဘဏ္ဍာပုံဥပမာကို သုံးသပ်ကြည့်ပါ။ (မဿဲ ၁၃:၄၄ ကိုဖတ်ပါ။) ပုံဥပမာမှာ လယ်သမားက လယ်မှာအလုပ်လုပ်နေရင်း ဝှက်ထားတဲ့ဘဏ္ဍာကို မထင်မှတ်ဘဲတွေ့သွားတယ်။ ဒီဘဏ္ဍာရဲ့တန်ဖိုးကို သူချက်ချင်းသိလိုက်တယ်။ ဒီတော့ သူဘာလုပ်သလဲ။ “၀မ်းမြောက်စွာသွားပြီးလျှင် မိမိ၌ရှိသမျှကို ရောင်းချလျက် ထိုလယ်ကို၀ယ်လေ၏။” ကျွန်တော်တို့အတွက် သင်ခန်းစာက ဘာလဲ။ နိုင်ငံတော်အမှန်တရားကိုတွေ့ရှိပြီး အဲဒီတန်ဖိုးကိုသိတဲ့အခါ နိုင်ငံတော်အကျိုးစီးပွားကို ကျွန်တော်တို့ဘဝမှာ ဦးစားထားနိုင်ဖို့ လိုအပ်တဲ့ ဘယ်စွန့်လွှတ်မှုကိုမဆို ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်မှာဖြစ်တယ်။ *

၂၁၊ ၂၂။ နိုင်ငံတော်ကို သစ္စာရှိရှိ ထောက်မနေသူတွေဟာ နိုင်ငံတော်ကို ပထမနေရာမှာထားကြောင်း ဘယ်လိုသက်သေပြသလဲ။ တွေ့ကြုံမှုတစ်ခု ပြောပြပါ။

၂၁ နိုင်ငံတော်ကို သစ္စာရှိရှိထောက်မနေသူတွေဟာ နိုင်ငံတော်ကို ပထမနေရာမှာထားကြောင်း အပြောနဲ့သာမဟုတ်ဘဲ အလုပ်နဲ့သက်သေပြကြတယ်။ သူတို့ရဲ့ဘဝ၊ စွမ်းရည်နဲ့ ပိုင်ဆိုင်ရာတွေကို နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းမှာ မြှုပ်နှံထားကြတယ်။ အများစုက အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်နိုင်ဖို့ ကြီးမားတဲ့စွန့်လွှတ်မှုတွေ လုပ်ခဲ့တယ်။ အဲဒီလို တလိုတလားဟောပြောသူအားလုံးဟာ နိုင်ငံတော်ဦးစွာရှာသူတွေကို ယေဟောဝါ ကောင်းချီးပေးတယ်ဆိုတာ ကိုယ်တွေ့ခံစားခဲ့ရတယ်။ အစောပိုင်းအချိန်တုန်းက တွေ့ကြုံမှုတစ်ခုကို သုံးသပ်ကြည့်ပါ။

၂၂ အေဗရီနဲ့ လိုဗင်ယာ ဘရစ္စတိုက ၁၉၂၀ ပြည့်လွန်နှစ်နှောင်းပိုင်းကစပြီး အမေရိကန်နိုင်ငံတောင်ပိုင်းမှာ ကော်လ်ပေါ်တာ (ရှေ့ဆောင်) အဖြစ် အမှုဆောင်ခဲ့တယ်။ နှစ်များစွာကြာပြီးနောက် လိုဗင်ယာ အခုလိုပြန်ပြောပြတယ်– “ရှေ့ဆောင်လုပ်ခဲ့တဲ့နှစ်တွေတစ်လျှောက် အေဗရီနဲ့ကျွန်မ သိပ်ပျော်ခဲ့ကြတယ်။ ဓာတ်ဆီ ဒါမှမဟုတ် စားစရာ၀ယ်ဖို့ ပိုက်ဆံပြတ်သွားတာ ခဏခဏပဲ။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ ယေဟောဝါ အမြဲပြင်ဆင်ပေးလို့ အချိန်ပြည့်လုပ်ငန်းကို ဆက်လုပ်နိုင်ခဲ့တယ်။ ကျွန်မတို့ တကယ်လိုအပ်တဲ့အရာကို အမြဲရခဲ့တယ်။” ဖလော်ရီဒါပြည်နယ်၊ ပန်ဆာကိုလာမြို့မှာ အမှုဆောင်တုန်းက အဖြစ်အပျက်တစ်ခုကို လိုဗင်ယာ အမှတ်ရနေတုန်းပဲ။ အဲဒီတုန်းက သူတို့မှာ ပိုက်ဆံနည်းနည်းပဲ ရှိတော့တယ်။ စားစရာလည်း သိပ်မကျန်တော့ဘူး။ ဒါပေမဲ့ သူတို့ရဲ့နောက်တွဲယာဉ်ဆီ ပြန်လာတဲ့အခါ စားစရာထည့်ထားတဲ့ အိတ်ကြီးနှစ်လုံးနဲ့အတူ “ပန်ဆာကိုလာအသင်းတော်မှ မေတ္တာလက်ဆောင်” လို့ရေးထားတဲ့ ကတ်တစ်ကတ်ကို တွေ့လိုက်ရတယ်။ လိုဗင်ယာက အချိန်ပြည့်လုပ်ငန်းမှာပါဝင်ခဲ့တဲ့ ဆယ်စုနှစ်တွေအကြောင်း ပြန်စဉ်းစားပြီး အခုလိုပြောတယ်– “ကျွန်မတို့ကို ယေဟောဝါ ဘယ်တော့မှ ပစ်မထားဘူး။ ကိုယ်တော့်အပေါ် အယုံအကြည်မဲ့သွားအောင်လည်း ဘယ်တော့မှ မလုပ်ခဲ့ဘူး။”

၂၃။ သင်တွေ့ရှိထားတဲ့ နိုင်ငံတော် အမှန်တရားနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရသလဲ။ သင်ဘယ်လို စိတ်ပိုင်းဖြတ်ထားသလဲ။

၂၃ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်းမတူတဲ့အတွက် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နိုင်တဲ့အတိုင်းအတာလည်း မတူကြဘူး။ ဒါပေမဲ့ သတင်းကောင်းဟောပြောခြင်းမှာ စိတ်နှလုံးအကြွင်းမဲ့ ပါဝင်ရတာကို အခွင့်ထူးအဖြစ် ကျွန်တော်တို့အားလုံး ယူမှတ်နိုင်ပါတယ်။ (ကော. ၃:၂၃) ကျွန်တော်တို့တွေ့ရှိထားတဲ့ အဖိုးတန်နိုင်ငံတော်အမှန်တရားကို သိပ်တန်ဖိုးထားတဲ့အတွက် ဒီလုပ်ငန်းမှာ အတတ်နိုင်ဆုံး အပြည့်အဝလုပ်ဆောင်ဖို့ ဘယ်အရာကိုမဆို တလိုတလား စွန့်လွှတ်ကြတယ်။ သင်လည်း အဲဒီလိုလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ် မဟုတ်လား။

၂၄။ ဒီနောက်ဆုံးကာလမှာ နိုင်ငံတော်ရဲ့အကြီးမားဆုံး ပြီးမြောက်အောင်မြင်မှုက ဘာလဲ။

၂၄ လွန်ခဲ့တဲ့အနှစ်တစ်ရာအတွင်း ဘုရင်က မဿဲ ၂၄:၁၄ မှာပါတဲ့ ပရောဖက်ပြုစကားတွေကို ပြည့်စုံစေခဲ့ပါပြီ။ အဲဒီလိုပြည့်စုံလာစေဖို့ ဘယ်သူ့ကိုမှ အတင်းအကျပ်မစေခိုင်းခဲ့ဘူး။ ယေရှုရဲ့နောက်လိုက်တွေက ငါသာအဓိကဖြစ်နေတဲ့ ဒီလောက,ကနေ ထွက်လာပြီး ဟောပြောခြင်းလုပ်ငန်းမှာ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလားပေးဆက်နေကြတယ်။ သူတို့ရဲ့ကမ္ဘာချီသတင်းကောင်း ဟောပြောခြင်းလုပ်ငန်းက နိုင်ငံတော်အာဏာနဲ့ယေရှုရောက်ရှိနေခြင်းရဲ့ အသွင်အပြင်တစ်ခုဖြစ်သလို ဒီနောက်ဆုံးကာလမှာ နိုင်ငံတော်ရဲ့အကြီးမားဆုံး ပြီးမြောက်အောင်မြင်မှုလည်း ဖြစ်ပါတယ်။

^ အပိုဒ်၊ 5 ဆာလံ ၁၁၀:၁-၃ (ကဘ)– ‘“သင့်ရန်သူ တွေကို သင့်ရဲ့ခြေတင်ခုံအဖြစ် ငါမထားမချင်း ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ ငါ့သခင်ကို ယေဟောဝါပြောတယ်။ ယေဟောဝါက သခင်ရဲ့ ရာဇအာဏာလှံတံကို ဇိအုန်ကနေ စေလွှတ်ပြီး “ရန်သူတွေအလယ်မှာ သွားအုပ်စိုးပါ” လို့ပြောလိမ့်မယ်။ စစ်တပ်အင်အားနဲ့ သခင် စစ်ချီလာတဲ့ နေ့မှာ သခင့်လူတွေက ကိုယ့်ကိုယ်ကိုယ် လိုလိုလားလားပေးဆက်ကြလိမ့်မယ်။ အရုဏ်ဦးရဲ့ဝမ်းထဲကနေ ထွက်လာတဲ့ နှင်းစက်တွေနဲ့တူတဲ့ လူငယ်အုပ်စုကြီးက သန့်ရှင်းမှုကိုဆင်မြန်းပြီး သခင့်ဆီလာကြလိမ့်မယ်။’

^ အပိုဒ်၊ 5 ကျမ်းစာမှာ နှင်းစက်တွေကို များပြား ကြွယ်ဝခြင်းနဲ့ ဆက်စပ်ဖော်ပြထားတယ်။ —က. ၂၇:၂၈; မိ. ၅:၇

^ အပိုဒ်၊ 10 မည်သူ့ထံတွင် အလုပ်အပ်နှံထားသနည်း စာအုပ်ငယ်မှာ အခုလိုပြောတယ်– “ရွှေခေတ်ရဲ့လုပ်ငန်းက တစ်အိမ်တက်ဆင်းသွားပြီး နိုင်ငံတော်သတင်းကြေညာခြင်းဖြစ်တယ်။ . . . သတင်းကောင်းပြောပြပြီးနောက် နှစ်စဉ်ကြေးယူယူ မယူယူ အိမ်တိုင်းမှာ ရွှေခေတ် တစ်စောင် ထားခဲ့ရမယ်။” နောက်ပိုင်းနှစ်တွေမှာ ကင်းမျှော်စင် နှစ်စဉ်ကြေးအပြင် ရွှေခေတ် နှစ်စဉ်ကြေးကိုလည်း ကမ်းလှမ်းဖို့ ညီအစ်ကိုတွေကို အားပေးခဲ့တယ်။ အဲဒီမဂ္ဂဇင်းတွေဝေငှဖို့နဲ့ မဂ္ဂဇင်းအရေအတွက်ကို မှတ်တမ်းပေးဖို့ ယေဟောဝါရဲ့လူမျိုးကို ၁၉၄၀၊ ဖေဖော်ဝါရီ ၁ ရက်ကစပြီး အားပေးခဲ့တယ်။

^ အပိုဒ်၊ 16 အဲဒီအချိန်တုန်းက အကြီးအကဲတွေကို အသင်းတော်က မဲစနစ်နဲ့ရွေးချယ်တယ်။ ဒါကြောင့် အမှုဆောင်လုပ်ငန်းကိုအတိုက်အခံလုပ်တဲ့ အမျိုးသားတွေကို အသင်းတော်က မဲမပေးလို့ရတယ်။ အကြီးအကဲတွေကို ဘုရားသခင့်နည်းလမ်းနဲ့အညီ ပြောင်းလဲခန့်အပ်တဲ့အကြောင်းကို အခန်း ၁၂ မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 20 အလွန်အဖိုးထိုက်တဲ့ပုလဲကိုရှာတဲ့ နယ်လှည့်ကုန်သည်ပုံဥပမာမှာလည်း အဲဒီအချက်ကိုပဲ ယေရှုထောက်ပြခဲ့တယ်။ ကုန်သည်က ပုလဲကိုတွေ့တာနဲ့ ရှိသမျှကိုရောင်းပြီး ပုလဲကို ဝယ်လိုက်တယ်။ (မ. ၁၃:၄၅၊ ၄၆) ဒီပုံဥပမာနှစ်ခုက နိုင်ငံတော်အမှန်တရားကို ကျွန်တော်တို့သိလာပုံချင်း မတူနိုင်ဘူးဆိုတာကိုလည်း သင်ပေးတယ်။ တချို့က အမှန်တရားကို မထင်မှတ်ဘဲ တွေ့ခဲ့ကြတယ်။ တချို့ကတော့ တွေ့အောင်ရှာခဲ့ကြတယ်။ အမှန်တရားကို ဘယ်လိုပဲတွေ့ပါစေ ကျွန်တော်တို့ရဲ့အသက်တာမှာ နိုင်ငံတော်ကိုဦးစားထားနိုင်ဖို့ ဘယ်အရာကိုမဆို လိုလိုလားလားစွန့်လွှတ်ကြတယ်။