မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

ဟောပြောခြင်းလုပ်ငန်းရဲ့အကျိုးရလဒ်များ—“စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ”

ဟောပြောခြင်းလုပ်ငန်းရဲ့အကျိုးရလဒ်များ—“စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ”

အဓိကအကြောင်းအရာ

ယေဟောဝါက နိုင်ငံတော် အမှန်တရားမျိုးစေ့တွေကို ကြီးထွားစေ

၁၊ ၂။ (က) တပည့်တွေ ဘာကြောင့် စဉ်းစားရခက်နေတာလဲ။ (ခ) ယေရှုက ဘယ်ရိတ်သိမ်းခြင်းအကြောင်း ပြောနေတာလဲ။

တပည့်တွေ စဉ်းစားရခက်နေတယ်။ ယေရှုက “လယ်ပြင်ကို မျှော်၍ကြည့်ကြလော့။ စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ” ဆိုပြီးပြောလို့ပဲ။ ယေရှုညွှန်ပြတဲ့ဘက်ကို ကြည့်လိုက်တော့ လယ်ကွင်းတွေ မှည့်ဝင်းနေတာလည်း မတွေ့ရဘူး။ အဲဒီအစား အနှံထွက်ခါစ မုယောစပါးတွေကြောင့် လယ်ကွင်းက စိမ်းစိုနေတယ်။ ‘ရိတ်သိမ်းချိန်မှ မရောက်သေးတာ၊ ဘာကို ရိတ်သိမ်းမှာလဲ’ လို့ သူတို့တွေးမိမှာပဲ။—ယော. ၄:၃၅

တကယ်တော့ ယေရှုက ပကတိရိတ်သိမ်းခြင်းအကြောင်း ပြောနေတာမဟုတ်ဘူး။ ဒီအချိန်အခါကိုသုံးပြီး လူတွေကိုစုသိမ်းခြင်းနဲ့ပတ်သက်တဲ့ အရေးကြီးသင်ခန်းစာနှစ်ခု သင်ပေးနေတာ။ ဘာသင်ခန်းစာတွေဖြစ်မလဲ။ အဖြေသိနိုင်ဖို့ ဒီမှတ်တမ်းကို အသေးစိတ်လေ့လာကြည့်ရအောင်။

ဖိတ်ခေါ်ချက်နဲ့ ကတိပြုချက်

၃။ (က) “စပါးရိတ်သိမ်းရန် လယ်ပြင် သည် မှည့်ဝင်းလျက်ရှိနေပြီ” လို့ ယေရှု ဘာကြောင့်ပြောတာဖြစ်နိုင်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။) (ခ) အဲဒီစကားရဲ့ဆိုလိုရင်းကို ယေရှု ဘယ်လိုရှင်းပြခဲ့သလဲ။

အေဒီ ၃၀ အကုန်ပိုင်း၊ ရှမာရိနယ်၊ ရှုခါမြို့နားမှာ တပည့်တွေနဲ့ ယေရှုစကားပြောနေတယ်။ တပည့်တွေ မြို့ထဲသွားတော့ ယေရှုက ရေတွင်းနားမှာ နေရစ်ခဲ့ပြီး အမျိုးသမီးတစ်ယောက်ကို ကျမ်းစာအမှန်တရားတွေ ပြောပြတယ်။ ယေရှုရဲ့သွန်သင်ချက်တွေ ဘယ်လောက်အရေးကြီးမှန်း အဲဒီအမျိုးသမီး ချက်ချင်းသဘောပေါက်သွားတယ်။ တပည့်တွေ ပြန်လာတဲ့အခါ အမျိုးသမီးက သူသိလာတဲ့အကြောင်းတွေကို အိမ်နီးချင်းတွေကိုပြောပြဖို့ ရှုခါမြို့ထဲ မြန်မြန်ဝင်သွားတယ်။ သူပြောတာကိုကြားတော့ အိမ်နီးချင်းတွေ အရမ်းစိတ်ဝင်စားသွားပြီး ယေရှုကို အပြေးအလွှား လာတွေ့ကြတယ်။ ယေရှုက ခပ်လှမ်းလှမ်းမှာရှိတဲ့ လယ်ကွင်းတွေကို ကြည့်နေတုန်း သူ့ဆီလာနေတဲ့ ရှမာရိနယ်သားတွေကို မြင်လိုက်တဲ့အခါ “လယ်ပြင်ကို မျှော်၍ကြည့်ကြလော့။ စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ” ဆိုတဲ့စကားတွေကို ပြောတာဖြစ်နိုင်တယ်။ * အဲဒီနောက် ပကတိရိတ်သိမ်းခြင်းအကြောင်းမဟုတ်ဘဲ လူတွေကိုစုသိမ်းခြင်းအကြောင်း ပြောနေမှန်းသိစေဖို့ “ရိတ်သောသူသည် . . . ထာဝရအသက်ရရန် အသီးအနှံကို စုသိမ်း၏” လို့ယေရှုဆက်ပြောတယ်။—ယော. ၄:၅-၃၀၊ ၃၆

၄။ (က) လူတွေကိုစုသိမ်းခြင်းနဲ့ပတ်သက်ပြီး ဘယ်အရေးကြီးသင်ခန်းစာနှစ်ခုကို ယေရှုသင်ပေးခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

လူတွေကိုစုသိမ်းခြင်းနဲ့ပတ်သက်ပြီး ဘယ်အရေးကြီးသင်ခန်းစာနှစ်ခုကို ယေရှုသင်ပေးခဲ့သလဲ။ ပထမ၊ ဒီအလုပ်က အရေးတကြီးလုပ်ဆောင်ရမယ့် အလုပ်ဖြစ်တယ်။ “စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ” ဆိုတဲ့ယေရှုရဲ့စကားက နောက်လိုက်တွေအတွက် လှုံ့ဆော်မှုဖြစ်စေတဲ့ ဖိတ်ခေါ်ချက်ပါပဲ။ ဒီလုပ်ငန်း ဘယ်လောက်အရေးတကြီးဖြစ်နေမှန်း တပည့်တွေ နားလည်စေဖို့ ယေရှုက ‘ရိတ်သောသူသည် အခကိုခံယူ’ ပြီးပြီ လို့ဆက်ပြောတယ်။ မှန်ပါတယ်၊ ရိတ်သိမ်းခြင်းလုပ်ငန်း အစပြုပြီးနေပြီ။ အချိန်ဆွဲနေလို့ မရတော့ဘူး။ ဒုတိယ၊ လုပ်သားတွေ ရွှင်လန်းဝမ်းမြောက်နေကြတယ်။ ယေရှုက မျိုးကြဲသူနဲ့ရိတ်သိမ်းသူတို့ဟာ “အတူဝမ်းမြောက်” ကြလိမ့်မယ်လို့ ကတိပေးခဲ့တယ်။ (ယော. ၄:၃၅ခ၊ ၃၆) ‘ရှမာရိလူအများ ယုံကြည်’ လာတာကို ယေရှုတွေ့တဲ့အခါ ဝမ်းမြောက်သလိုပဲ သူ့တပည့်တွေလည်း ရိတ်သိမ်းခြင်းလုပ်ငန်းမှာ စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်တဲ့အခါ သိပ်ရွှင်လန်းကြလိမ့်မယ်။ (ယော. ၄:၃၉-၄၂) အဲဒီပထမရာစုမှတ်တမ်းက ကျွန်တော်တို့အတွက် အင်မတန်အရေးပါတယ်။ အကြောင်းကတော့ အခုလုပ်ဆောင်နေတဲ့ အကြီးကျယ်ဆုံးရိတ်သိမ်းချိန်အတွင်းမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ဖော်ပြပေးလို့ပဲ။ မျက်မှောက်ခေတ်ရိတ်သိမ်းချိန် ဘယ်တုန်းက အစပြုခဲ့သလဲ။ ဘယ်သူတွေ ပါဝင်ကြသလဲ။ ဘာအကျိုးရလဒ်တွေ ရခဲ့သလဲ။

အကြီးကျယ်ဆုံးရိတ်သိမ်းခြင်းလုပ်ငန်းကို ကျွန်တော်တို့ဘုရင် ဦးဆောင်နေ

၅။ ကမ္ဘာချီရိတ်သိမ်းခြင်းလုပ်ငန်းကို ဘယ်သူဦးဆောင်နေသလဲ။ ဒီလုပ်ငန်း ကို အရေးတကြီးလုပ်ဆောင်ရမယ်ဆိုတာ ယောဟန်ရဲ့ရူပါရုံက ဘယ်လိုဖော်ပြသလဲ။

တမန်တော်ယောဟန်ကိုပေးတဲ့ ရူပါရုံမှာ ယေဟောဝါက ကမ္ဘာချီရိတ်သိမ်းခြင်းလုပ်ငန်းကို ဦးဆောင်ဖို့ ယေရှုကိုတာဝန်ပေးထားကြောင်း ဖော်ပြတယ်။ (ဗျာဒိတ် ၁၄:၁၄–၁၆ ကိုဖတ်ပါ။) အဲဒီရူပါရုံမှာ ယေရှုကို သရဖူဆောင်းပြီး တံစဉ်ကိုင်ထားသူအဖြစ် သရုပ်ဖော်ထားတယ်။ ‘ခေါင်းပေါ်မှာ ရွှေသရဖူ’ ဆောင်းထားတာက ယေရှုဟာ နန်းထိုင်နေတဲ့ဘုရင်ဖြစ်ကြောင်း၊ ‘လက်ထဲမှာ ထက်သောတံစဉ်’ ကိုင်ထားတာက ရိတ်သိမ်းသူဖြစ်ကြောင်း သက်သေပြတယ်။ ယေဟောဝါက ကောင်းကင်တမန်တစ်ပါးကနေတစ်ဆင့် “မြေကြီးပေါ်မှ သီးနှံများဝင်းမှည့်” နေပြီလို့ ပြောခြင်းအားဖြင့် အရေးတကြီးလုပ်ဆောင်ရမယ့် အလုပ်ဖြစ်ကြောင်း အလေးပေးခဲ့တယ်။ မှန်ပါတယ်၊ “ရိတ်သိမ်းချိန် တန်ပြီ။” အချိန်ဆွဲနေလို့ မရတော့ဘူး။ ‘တံစဉ်နဲ့ရိတ်သိမ်းပါ’ ဆိုတဲ့ ဘုရားသခင့်အမိန့်ကို နားထောင်တဲ့အနေနဲ့ ယေရှုက သူ့တံစဉ်ကိုလွှတ်ပြီး မြေအသီးအနှံတွေကို ရိတ်သိမ်းတယ်။ ဆိုလိုတာက မြေကြီးပေါ်ကလူတွေကို စုသိမ်းတယ်။ ဒီစိတ်လှုပ်ရှားစရာရူပါရုံက “စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ” ဆိုတာ ကျွန်တော်တို့ကို ထပ်သတိပေးလိုက်တာပဲ။ ဒီရူပါရုံက ကမ္ဘာချီရိတ်သိမ်းခြင်းလုပ်ငန်းစတင်ချိန်ကို သိရှိစေဖို့ အထောက်အကူပြုသလား။ ပြုပါတယ်။

၆။ (က) ဘယ်အချိန်မှာ “ရိတ်သိမ်းချိန်” စတင်သလဲ။ (ခ) “မြေကြီးပေါ်မှ သီးနှံများ” ကို တကယ်ရိတ်သိမ်းတာက ဘယ်အချိန်မှာစတင်သလဲ။ ရှင်းပြပါ။

ဗျာဒိတ်အခန်းကြီး ၁၄ မှာပါတဲ့ ယောဟန်ရဲ့ရူပါရုံက ယေရှုကို သရဖူဆောင်းထားတဲ့ ရိတ်သိမ်းသူအဖြစ် ပုံဖော်ထားတဲ့အတွက် (အခန်းငယ် ၁၄) ဘုရင်အဖြစ် ခန့်အပ်ခံရပြီးပြီဆိုတာ ဖော်ပြတယ်။ (ဒံ. ၇:၁၃၊ ၁၄) ယေရှုဟာ ၁၉၁၄ မှာ ဘုရင်အဖြစ် ခန့်အပ်ခံရတယ်။ အဲဒီနောက်ပိုင်း တစ်ချိန်ချိန်မှာ ရိတ်သိမ်းခြင်းလုပ်ငန်းစတင်ဖို့ အမိန့်ပေးခံရတယ် (အခန်းငယ် ၁၅)။ အခုလိုအစဉ်အတိုင်း ဖြစ်ပျက်တာကို စပါးရိတ်ချိန်နဲ့ပတ်သက်တဲ့ ယေရှုရဲ့ပုံဥပမာမှာလည်း တွေ့နိုင်တယ်။ အဲဒီမှာ “ရိတ်သိမ်းချိန်သည် လောကစနစ်နိဂုံးပိုင်းဖြစ်၏” လို့ယေရှုပြောခဲ့တယ်။ ဒါကြောင့် ရိတ်သိမ်းချိန်နဲ့ ဒီလောကစနစ်နိဂုံးပိုင်း နှစ်ခုစလုံးဟာ ၁၉၁၄ ခုနှစ်မှာ စတင်တယ်။ အဲဒီနောက် “စပါးရိတ်ချိန်ရောက်မှ၊” ဆိုလိုတာက ရိတ်သိမ်းချိန်အတွင်းမှာမှ တကယ့်ရိတ်သိမ်းခြင်းလုပ်ငန်း စတင်တယ်။ (မ. ၁၃:၃၀၊ ၃၉) အခုအချိန်ကနေ နောက်ပြန်ကြည့်တဲ့အခါ တကယ့်ရိတ်သိမ်းခြင်းလုပ်ငန်းဟာ ယေရှုဘုရင်ဖြစ်ပြီးနောက် နှစ်အနည်းငယ်အကြာမှာ စတင်ခဲ့တာကို တွေ့ရတယ်။ ဦးဆုံး၊ ယေရှုက ၁၉၁၄ ကနေ ၁၉၁၉ ခုနှစ်အစောပိုင်းအထိ ဘိသိက်ခံနောက်လိုက်တွေကို သန့်စင်ပေးတဲ့လုပ်ငန်း လုပ်ခဲ့တယ်။ (မာလ. ၃:၁-၃; ၁ ပေ. ၄:၁၇) အဲဒီနောက် ၁၉၁၉ ခုနှစ်မှာ “မြေကြီးပေါ်မှ သီးနှံများ” ရိတ်သိမ်းတဲ့လုပ်ငန်း စတင်ခဲ့တယ်။ ယေရှုက အချိန်မဆွဲဘဲ ခန့်အပ်ခါစသစ္စာရှိကျွန်ကိုအသုံးပြုပြီး ဟောပြောခြင်းလုပ်ငန်း အရေးကြီးတယ်ဆိုတာကို ညီအစ်ကိုတွေ သဘောပေါက်အောင် ကူညီပေးခဲ့တယ်။ ဖြစ်ပျက်ခဲ့ရာတွေကို သုံးသပ်ကြည့်ပါ။

၇။ (က) ဟောပြောခြင်းလုပ်ငန်းအရေးကြီးကြောင်း ညီအစ်ကိုတွေသိမြင်လာအောင် ဘယ်လေ့လာဆန်းစစ်မှုက ကူညီပေးခဲ့သလဲ။ (ခ) ညီအစ်ကိုတွေ ဘာလုပ်ဖို့အားပေးခံရသလဲ။

၁၉၂၀၊ ဇူလိုင်လထုတ် ကင်းမျှော်စင်မှာ အခုလိုပြောထားတယ်– “ကျမ်းစာကို သေချာဆန်းစစ်ကြည့်တဲ့အခါ နိုင်ငံတော်သတင်းကြေညာတဲ့ အခွင့်ထူးကြီးကို ချာ့ခ်ျကိုအပ်နှင်းထားမှန်း ထင်ရှားတယ်။” ဥပမာအနေနဲ့၊ ညီအစ်ကိုတွေက ဟေရှာယပရောဖက်ပြုချက်တွေကို သေချာလေ့လာတဲ့အခါ ကမ္ဘာတစ်ဝန်း နိုင်ငံတော်သတင်းကြေညာရမယ်ဆိုတာ သိလာကြတယ်။ (ဟေရှာ. ၄၉:၆; ၅၂:၇; ၆၁:၁-၃) ဒီလောက်ကြီးမားတဲ့လုပ်ငန်းကို ဘယ်လိုပြီးမြောက်နိုင်မလဲဆိုတာ မသိပေမဲ့ သူတို့အတွက် ယေဟောဝါလမ်းဖွင့်ပေးမယ်ဆိုတာကိုတော့ ယုံကြည်စိတ်ချခဲ့ကြတယ်။ (ဟေရှာယ ၅၉:၁ ကိုဖတ်ပါ။) ဟောပြောခြင်းလုပ်ငန်းကို အရေးတကြီးလုပ်ဖို့လိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိလာတဲ့အတွက် ဒီလုပ်ငန်းကို အရှိန်မြှင့်တင်ဖို့ ညီအစ်ကိုတွေ အားပေးခံခဲ့ရတယ်။ သူတို့ ဘယ်လိုတုံ့ပြန်ကြသလဲ။

၈။ ၁၉၂၁ မှာ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ ဘယ်အရေးကြီးသင်ခန်းစာနှစ်ခုကို ညီအစ်ကိုတွေ သဘောပေါက်လာသလဲ။

၁၉၂၁၊ ဒီဇင်ဘာလထုတ် ကင်းမျှော်စင်မှာ အခုလိုကြေညာတယ်– “ဒီနှစ်ဟာ အကောင်းဆုံးနှစ်ပါပဲ။ အရင်နှစ်တွေထက်စာရင် ၁၉၂၁ ခုနှစ်အတွင်းမှာ အမှန်တရားသတင်းကို ကြားရသူအရေအတွက် ပိုများလာတယ်။” “ဒါပေမဲ့ လုပ်စရာအများကြီး ရှိသေးတယ်။ . . . ရွှင်လန်းတဲ့စိတ်နှလုံးနဲ့ လုပ်ဆောင်ကြပါစို့” ဆိုပြီး ဆောင်းပါးက ဆက်ပြောတယ်။ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး တမန်တော်တွေကို ယေရှုပြောခဲ့တဲ့ အရေးကြီးသင်ခန်းစာနှစ်ခုကို ညီအစ်ကိုတွေ တကယ်သဘောပေါက်ခဲ့တယ်။ အဲဒါကတော့ အရေးတကြီးလုပ်ဆောင်ရမယ့်အလုပ်နဲ့ လုပ်သားတွေ ရွှင်လန်းဝမ်းမြောက်ကြမယ် ဆိုတာပါပဲ။

၉။ (က) ၁၉၅၄ မှာ ကင်းမျှော်စင်က ရိတ်သိမ်းခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ချသလဲ။ ဘာကြောင့်လဲ။ (ခ) လွန်ခဲ့တဲ့အနှစ် ၅၀ အတွင်း ကြေညာသူအရေအတွက်နဲ့ပတ်သက်ပြီး ကမ္ဘာချီတိုးတက်မှု ဘယ်လိုရှိခဲ့သလဲ။ (“ ကမ္ဘာချီတိုးတက်မှု” ဇယားကို ကြည့်ပါ။)

၁၉၃၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ညီအစ်ကိုတွေက အခြားသိုးအဝင် လူအုပ်ကြီးဟာ နိုင်ငံတော်သတင်းကို လက်ခံမယ်ဆိုတာ သဘောပေါက်လာပြီးနောက် ဟောပြောခြင်းလုပ်ငန်းကို ပိုအရှိန်မြှင့်တင်ခဲ့ကြတယ်။ (ဟေရှာ. ၅၅:၅; ယော. ၁၀:၁၆; ဗျာ. ၇:၉) ရလဒ်အနေနဲ့ ၁၉၃၄ ခုနှစ်မှာ နိုင်ငံတော်သတင်းဟောပြောသူ ၄၁,၀၀၀ ရှိရာကနေ ၁၉၅၃ ခုနှစ်မှာ ၅၀၀,၀၀၀ အထိ တိုးတက်လာတယ်။ ဒါကြောင့် ၁၉၅၄၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုမှတ်ချက်ချတယ်– “ဒီကမ္ဘာချီရိတ်သိမ်းခြင်းလုပ်ငန်းကြီး ပြီးမြောက်အောင်မြင်နေတာက ယေဟောဝါရဲ့စွမ်းအားတော်နဲ့စကားတော် တန်ခိုးကြောင့်ပါပဲ။” *ဇာ. ၄:၆

ကမ္ဘာချီတိုးတက်မှု

နိုင်ငံ

၁၉၆၂

၁၉၈၇

၂၀၁၃

ဩစတြေးလျ

၁၅,၉၂၇

၄၆,၁၇၀

၆၆,၀၂၃

ဘရာဇီး

၂၆,၃၉၀

၂၁၆,၂၁၆

၇၅၆,၄၅၅

 ပြင်သစ်

၁၈,၄၅၂

၉၆,၉၅၄

၁၂၄,၀၂၉

အီတလီ

၆,၉၂၉

 ၁၄၉,၈၇၀

၂၄၇,၂၅၁

ဂျပန်

၂,၄၉၁

၁၂၀,၇၂၂

 ၂၁၇,၁၅၄

မက္ကဆီကို

၂၇,၀၅၄

၂၂၂,၁၆၈

၇၇၂,၆၂၈

နိုင်ဂျီးရီးယား

၃၃,၉၅၆

၁၃၃,၈၉၉

၃၄၄,၃၄၂

ဖိလစ်ပိုင်

၃၆,၈၂၉

၁၀၁,၇၃၅

၁၈၁,၂၃၆

အမေရိကန်ပြည်ထောင်စု

၂၈၉,၁၃၅

၇၈၀,၆၇၆

၁,၂၀၃,၆၄၂

ဇမ်ဘီယာ

၃၀,၁၂၉

၆၇,၁၄၄

၁၆၂, ၃၇၀

တိုးများလာတဲ့ ကျမ်းစာသင်အံမှု အရေအတွက်

၁၉၅၀

၂၃၄,၉၅၂

၁၉၆၀

၆၄၆,၁၀၈

၁၉၇၀

၁,၁၄၆,၃၇၈

၁၉၈၀

၁,၃၇၁,၅၈၄

၁၉၉၀

၃,၆၂၄,၀၉၁

၂၀၀၀

၄,၇၆၆,၆၃၁

၂၀၁၀

၈,၀၅၈,၃၅၉

ရိတ်သိမ်းခြင်းလုပ်ငန်းရဲ့အကျိုးရလဒ်ကို ထင်သာမြင်သာတဲ့ပုံဥပမာတွေနဲ့ ကြိုပြောခဲ့

၁၀၊ ၁၁။ မုန်ညင်းစေ့ပုံဥပမာမှာ မျိုးစေ့ကြီးထွားခြင်းနဲ့ပတ်သက်တဲ့ ဘယ်အသွင်အပြင်တွေကို အလေးပေးထားသလဲ။

၁၀ နိုင်ငံတော်အကြောင်းပုံဥပမာတွေမှာ ယေရှုက ရိတ်သိမ်းခြင်းလုပ်ငန်းရဲ့အကျိုးရလဒ်ကို ထင်သာမြင်သာတဲ့အသုံးအနှုန်းတွေနဲ့ ကြိုပြောခဲ့တယ်။ မုန်ညင်းစေ့ပုံဥပမာနဲ့ တဆေးပုံဥပမာတို့ကို သုံးသပ်ကြည့်ကြစို့။ အထူးသဖြင့် နောက်ဆုံးကာလမှာ ဒီပုံဥပမာတွေ ဘယ်လိုပြည့်စုံလာတယ်ဆိုတာ လေ့လာသွားမယ်။

၁၁ မုန်ညင်းစေ့ပုံဥပမာ။ လူတစ်ယောက်က မုန်ညင်းစေ့တစ်စေ့ကို စိုက်တယ်။ နောက်ပိုင်းမှာ အဲဒီအစေ့က ငှက်တွေ နားနေမှီခိုလောက်တဲ့အပင် ဖြစ်လာတယ်။ (မဿဲ ၁၃:၃၁၊ ၃၂ ကိုဖတ်ပါ။) ဒီပုံဥပမာမှာ မျိုးစေ့ကြီးထွားခြင်းနဲ့ပတ်သက်တဲ့ ဘယ်အသွင်အပြင်တွေကို အလေးပေးထားသလဲ။ (၁) ကြီးထွားမှုအတိုင်းအတာက တကယ့်ကိုအံ့သြစရာပဲ။ မုန်ညင်းစေ့က “မျိုးစေ့တကာထက်ငယ်” ပေမဲ့ “အကိုင်းအခက်ကြီးများ” ရှိတဲ့အပင်ကြီး ဖြစ်လာတယ်။ (မာ. ၄:၃၁၊ ၃၂) (၂) ကြီးထွားလာမှာ သေချာတယ်။ အစေ့ကိုစိုက်တဲ့အခါ ‘ကြီးပွားလာနိုင်တယ်’ လို့ ယေရှုမပြောဘဲ ‘ကြီးပွားလာတယ်’ လို့ ပြောတယ်။ အပင်ရဲ့ကြီးထွားမှုက မရပ်တန့်သွားဘဲ အပင်ကြီးတစ်ပင်ဖြစ်လာတယ်။ (၃) ရှင်သန်ကြီးထွားလာတဲ့အပင်က ငှက်တွေအတွက် ဆွဲဆောင်မှုဖြစ်သလို ခိုနားရာလည်းဖြစ်တယ်။ “မိုးကောင်းကင်ငှက်တို့သည် လာ၍” “အရိပ်ခို၍နားနေ” ကြတယ်။ ဒီအသွင်အပြင်သုံးခုက မျက်မှောက်ခေတ် ပုံဆောင်ရိတ်သိမ်းခြင်းလုပ်ငန်းနဲ့ ဘယ်လိုသက်ဆိုင်သလဲ။

၁၂။ မုန်ညင်းစေ့ပုံဥပမာက မျက်မှောက်ခေတ်ရိတ်သိမ်းခြင်းလုပ်ငန်းနဲ့ ဘယ်လိုသက်ဆိုင်သလဲ။ (“ တိုးများလာတဲ့ ကျမ်းစာသင်အံမှုအရေအတွက်” ဇယားကိုလည်း ကြည့်ပါ။)

၁၂ (၁) ကြီးထွားမှုအတိုင်းအတာ။ ဒီပုံဥပမာက နိုင်ငံတော်သတင်းပျံ့နှံ့မှုနဲ့ ခရစ်ယာန်အသင်းတော်ကြီးထွားမှုကို အလေးပေးတယ်။ ဇွဲရှိရှိရိတ်သိမ်းတဲ့လုပ်သားတွေကို ပြန်တည်ထောင်ထားတဲ့ခရစ်ယာန်အသင်းတော်ထဲ ၁၉၁၉ ခုနှစ်ကစပြီး စုသိမ်းခဲ့တယ်။ အဲဒီအချိန်တုန်းက လုပ်သားအရေအတွက်နည်းပေမဲ့ နောက်ပိုင်းမှာ မြန်မြန်ဆန်ဆန်တိုးများလာတယ်။ ၁၉၀၀ ပြည့်လွန်နှစ်အစောပိုင်းကနေ ဒီနေ့အထိ တိုးများလာတဲ့အရေအတွက်က အံ့ဩစရာပဲ။ (ဟေရှာ. ၆၀:၂၂) (၂) သေချာမှု။ ခရစ်ယာန်အသင်းတော် မရပ်မနားကြီးထွားနေတာ အမှန်ပါပဲ။ ဘုရားသခင့်ရန်သူတွေက မျိုးစေ့လေးပေါ်မှာ ကျောက်နဲ့တူတဲ့ဆန့်ကျင်မှုတွေ အထပ်ထပ်စုပုံထားပေမဲ့ မျိုးစေ့လေးကတော့ အတားအဆီးအားလုံးကိုဖယ်ရှားပြီး ဆက်ကြီးထွားလာခဲ့တယ်။ (ဟေရှာ. ၅၄:၁၇) (၃) ခိုနားရာ။ သစ်ပင်ရိပ်မှာနားနေမှီခိုတဲ့ “မိုးကောင်းကင်ငှက်” တွေက နိုင်ငံနဲ့ဒေသပေါင်း ၂၄၀ နီးပါးမှာရှိတဲ့ စိတ်ရိုးဖြောင့်သူ သန်းပေါင်းများစွာကို တင်စားတယ်။ သူတို့ဟာ နိုင်ငံတော်သတင်းကို လက်ခံပြီး ခရစ်ယာန်အသင်းတော်အဝင် ဖြစ်လာကြတယ်။ (ယေဇ. ၁၇:၂၃) အသင်းတော်ထဲမှာ အချိန်တန်အစာ၊ လန်းဆန်းမှုနဲ့ ကာကွယ်မှု ရရှိနေကြတယ်။—ဟေရှာ. ၃၂:၁၊ ၂; ၅၄:၁၃

ခရစ်ယာန်အသင်းတော်ထဲမှာရှိသူတွေဟာ ခိုနားစရာနေရာနဲ့ အကာအကွယ်ရရှိကြောင်း မုန်ညင်းစေ့ပုံဥပမာကဖော်ပြ (အပိုဒ် ၁၁၊ ၁၂ ကိုကြည့်ပါ)

၁၃။ တဆေးပုံဥပမာမှာ နိုင်ငံတော်သတင်းပျံ့နှံ့မှုနဲ့ပတ်သက်တဲ့ ဘယ်အသွင်အပြင်တွေကို အလေးပေးထားသလဲ။

၁၃ တဆေးပုံဥပမာ။ အမျိုးသမီးတစ်ယောက်က မုန့်ညက်ထဲ တဆေးနည်းနည်းထည့်လိုက်တဲ့အခါ မုန့်ညက်တစ်ပုံလုံး ဖောင်းကြွလာတယ်။ (မဿဲ ၁၃:၃၃ ကိုဖတ်ပါ။) ဒီပုံဥပမာမှာ နိုင်ငံတော်သတင်းပျံ့နှံ့မှုနဲ့ပတ်သက်တဲ့ ဘယ်အသွင်အပြင်တွေကို အလေးပေးထားသလဲ။ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ရအောင်။ (၁) ပျံ့နှံ့မှုက ပြောင်းလဲမှုကို ဖြစ်စေတယ်။ တဆေးပျံ့နှံ့သွားတဲ့အခါ ‘မုန့်ညက်တစ်ပုံလုံး ဖောင်းကြွ’ လာတယ်။ (၂) နေရာအနှံ့ကို ပျံ့နှံ့သွားတယ်။ တဆေးက “မုန့်ညက်တစ်တင်း” လုံး၊ တစ်ပုံလုံးကို ဖောင်းကြွစေတယ်။ ဒီအသွင်အပြင်နှစ်ခုက မျက်မှောက်ခေတ် ပုံဆောင်ရိတ်သိမ်းခြင်းလုပ်ငန်းနဲ့ ဘယ်လိုသက်ဆိုင်သလဲ။

၁၄။ တဆေးပုံဥပမာက မျက်မှောက်ခေတ်ရိတ်သိမ်းခြင်းလုပ်ငန်းနဲ့ ဘယ်လိုသက်ဆိုင်သလဲ။

၁၄ (၁) ပြောင်းလဲမှု။ တဆေးက နိုင်ငံတော်သတင်းကို တင်စားပြီး မုန့်ညက်က လူသားထုကို တင်စားတယ်။ တဆေးနဲ့မုန့်ညက်ကို ရောလိုက်ပြီးနောက် တဆေးကြောင့် မုန့်ညက်ပြောင်းလဲသွားတယ်။ အလားတူပဲ၊ နိုင်ငံတော်သတင်းကို လူတွေလက်ခံပြီးနောက် အဲဒီသတင်းကြောင့် သူတို့စိတ်နှလုံးပြောင်းလဲသွားတယ်။ (ရော. ၁၂:၂) (၂) နေရာအနှံ့ ပျံ့နှံ့မှု။ တဆေးပျံ့နှံ့တာက နိုင်ငံတော်သတင်းပျံ့နှံ့တာကို တင်စားတယ်။ တဆေးက မုန့်ညက်တစ်ပုံလုံးမှာ ပျံ့နှံ့သွားသလို နိုင်ငံတော်သတင်းကလည်း “မြေကြီးစွန်းတိုင်အောင်” ပျံ့နှံ့သွားတယ်။ (တ. ၁:၈) ဒီအသွင်အပြင်က ကျွန်တော်တို့ရဲ့လုပ်ငန်းကို ပိတ်ပင်ထားတဲ့နိုင်ငံတွေနဲ့လည်း သက်ဆိုင်တယ်။ အဲဒီဒေသတွေမှာ ဟောပြောခြင်းလုပ်ငန်းကို လူတွေသတိမထားမိပေမဲ့ နိုင်ငံတော်သတင်းကတော့ ပျံ့နှံ့သွားပါလိမ့်မယ်။

၁၅။ ဟေရှာယ ၆၀:၅၊ ၂၂ မှာပါတဲ့ စကားတွေ ဘယ်လိုပြည့်စုံလာသလဲ။ (စာမျက်နှာ ၉၃ မှာပါတဲ့ “ ယေဟောဝါတတ်နိုင်၊” စာမျက်နှာ ၉၆-၉၇ မှာပါတဲ့ “ ‘အားနည်းတဲ့သူ’ က ‘အားကြီးတဲ့လူမျိုး’ ဖြစ်လာပုံ” လေးထောင့်ကွက်တွေကိုလည်း ကြည့်ပါ။)

၁၅ ဒီပုံဥပမာတွေကို ယေရှုမပြောခင် နှစ်ပေါင်း ၈၀၀ လောက်မှာ ယေဟောဝါက ဟေရှာယကနေတစ်ဆင့် မျက်မှောက်ခေတ် ပုံဆောင်ရိတ်သိမ်းခြင်းလုပ်ငန်းရဲ့အတိုင်းအတာနဲ့ ဒီလုပ်ငန်းကြောင့်ရရှိတဲ့ ရွှင်လန်းမှုအကြောင်းကို ထူးခြားတဲ့အသုံးအနှုန်းတွေနဲ့ ကြိုပြောခဲ့တယ်။ * ယေဟောဝါက သူ့အဖွဲ့အစည်းထဲကို ‘အဝေးက’ လူတွေ စုရုံးဝင်ရောက်လာနေတယ်လို့ ပြောတယ်။ မြေကြီးပေါ်က ဘိသိက်ခံအကြွင်းအကျန်တွေနဲ့တင်စားထားတဲ့ ‘မိန်းမ’ ကို ကိုယ်တော် အခုလိုပြောတယ်– ‘သင်မြင်ပြီး ရွှင်မြူးလိမ့်မယ်။ သင့်စိတ်နှလုံးလည်း ပျော်လွန်းလို့ တလှပ်လှပ်ခုန်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပင်လယ်ရဲ့စည်းစိမ်က သင့်ဘက်ရောက်လာပြီး လူမျိုးတွေရဲ့ပစ္စည်းဥစ္စာတွေကလည်း သင့်ဆီရောက်လာမှာဖြစ်လို့ပဲ။’ (ဟေရှာ. ၆၀:၁၊ ၄၊ ၅၊ကဘ) ဒီစကားတွေ သိပ်မှန်တာပဲ။ ယေဟောဝါရဲ့သက်တမ်းကြာကျေးကျွန်တွေဟာ သူတို့နိုင်ငံမှာ နိုင်ငံတော်ကြေညာသူအနည်းငယ်ကနေ ထောင်ပေါင်းများစွာအထိ တိုးတက်လာတာကို တွေ့ရတဲ့အခါ တကယ်ပဲ ဝမ်းမြောက်ရွှင်မြူးနေကြတယ်။

ယေဟောဝါရဲ့ကျေးကျွန်အားလုံး ဝမ်းမြောက်ရတဲ့အကြောင်းရင်း

၁၆၊ ၁၇။ ‘မျိုးကြဲသူနဲ့ရိတ်သိမ်းသူတို့ အတူဝမ်းမြောက်’ ရတဲ့အကြောင်းရင်းတစ်ခုက ဘာလဲ။ (“ ဝေစာနှစ်စောင်က အမေဇုန်ဒေသမှာရှိတဲ့ လူနှစ်ဦးရဲ့ နှလုံးသားကို ထိမိစေခဲ့” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၆ “ရိတ်သောသူသည် အခကိုခံယူ၍ ထာဝရအသက်ရရန် အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်၍ မျိုးကြဲသူနှင့် ရိတ်သိမ်းသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်” ဆိုပြီး တမန်တော်တွေကို ယေရှုပြောခဲ့တဲ့စကားကို သင်မှတ်မိပါလိမ့်မယ်။ (ယော. ၄:၃၆) ဘယ်အကြောင်းရင်းတွေကြောင့် ကမ္ဘာချီရိတ်သိမ်းခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ “အတူဝမ်းမြောက်” နေကြသလဲ။ အကြောင်းရင်းများစွာထဲက သုံးခုကို သုံးသပ်ကြည့်ရအောင်။

၁၇ ပထမ၊ ဒီလုပ်ငန်းမှာ ယေဟောဝါ ပါဝင်လုပ်ဆောင်နေတာကိုတွေ့ရလို့ ကျွန်တော်တို့ဝမ်းမြောက်ကြတယ်။ နိုင်ငံတော်သတင်းဟောပြောတာက မျိုးစေ့ကြဲတာဖြစ်တယ်။ (မ. ၁၃:၁၈၊ ၁၉) တစ်ယောက်ယောက်ကို ခရစ်တော်ရဲ့တပည့်ဖြစ်လာအောင် ကူညီပေးတာက အသီးအနှံရိတ်သိမ်းတာဖြစ်တယ်။ ယေဟောဝါက နိုင်ငံတော်မျိုးစေ့ကို ဘယ်လိုနည်းနဲ့ “အပင်ပေါက်၍ကြီးပွား” စေတယ်ဆိုတာ သိလိုက်ရတဲ့အခါ ကျွန်တော်တို့အားလုံး တအံ့တဩဖြစ်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ (မာ. ၄:၂၇၊ ၂၈) ကျွန်တော်တို့ကြဲလိုက်တဲ့ မျိုးစေ့တချို့က နောက်ပိုင်း အပင်ပေါက်လာပြီး အဲဒါကို တခြားသူတွေက ရိတ်သိမ်းတယ်။ ဗြိတိန်နိုင်ငံက ညီအစ်မဂျိုအဲန်ဟာ နှစ်ခြင်းခံတဲ့သက်တမ်း အနှစ် ၆၀ ရှိပြီ။ သူအခုလိုပြောပြတယ်– “ကျွန်မနဲ့တွေ့ဆုံသူတချို့က သူတို့နှလုံးထဲမှာ ကျွန်မမျိုးစေ့ကြဲပေးခဲ့တယ်လို့ ပြောပြကြတယ်။ လွန်ခဲ့တဲ့နှစ်များစွာတုန်းက သူတို့ကို သက်သေခံခဲ့တာ။ နောက်ပိုင်းမှာ တခြားသက်သေခံတွေက သူတို့ကိုကျမ်းစာသင်ပေးပြီး ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်လာအောင် ကူညီပေးခဲ့ကြတယ်ဆိုတာ ကျွန်မ မသိလိုက်ဘူး။ ကျွန်မကြဲခဲ့တဲ့မျိုးစေ့တွေ အပင်ပေါက်လာပြီး ရိတ်သိမ်းခံရတဲ့အတွက် သိပ်ဝမ်းသာတာပဲ။” သင့်မှာလည်း အဲဒီလိုတွေ့ကြုံမှုမျိုး ရှိနိုင်ပါတယ်။—၁ ကောရိန္သု ၃:၆၊ ၇ ကိုဖတ်ပါ။

၁၈။ ၁ ကောရိန္သု ၃:၈ မှာ ဘယ်ဝမ်းမြောက်စရာအကြောင်းကို ဖော်ပြထားသလဲ။

၁၈ ဒုတိယ၊ “အသီးသီးတို့သည် မိမိလုပ်ဆောင်သည့်အတိုင်း အကျိုးခံစားရလိမ့်မည်” ဆိုတဲ့ပေါလုရဲ့စကားကို မှတ်ထားရင် ဝမ်းမြောက်တဲ့လုပ်သားတွေ ဆက်ဖြစ်နိုင်ကြတယ်။ (၁ ကော. ၃:၈) လုပ်ဆောင်မှုရဲ့ရလဒ်အတိုင်းမဟုတ်ဘဲ လုပ်ဆောင်တဲ့အတိုင်း အကျိုးခံစားရမှာဖြစ်တယ်။ ဒီအာမခံချက်က တုံ့ပြန်မှုသိပ်မကောင်းတဲ့ရပ်ကွက်တွေမှာ အမှုဆောင်ရသူတွေအတွက် အားရှိစရာပဲ။ မျိုးကြဲခြင်းလုပ်ငန်းမှာ စိတ်နှလုံးအကြွင်းမဲ့ပါဝင်နေတဲ့ သက်သေခံယောက်တိုင်းဟာ ဘုရားသခင့်အမြင်မှာ “အသီးများစွာသီးနေ” တဲ့အတွက် ဝမ်းမြောက်စရာအကြောင်း ရှိပါတယ်။—ယော. ၁၅:၈; မ. ၁၃:၂၃

၁၉။ (က) မဿဲ ၂၄:၁၄ မှာပါတဲ့ ယေရှုရဲ့ပရောဖက်ပြုချက်က ကျွန်တော်တို့ရဲ့ဝမ်းမြောက်မှုနဲ့ ဘယ်လိုဆက်စပ်နေသလဲ။ (ခ) တပည့်ဖြစ်စေခြင်းမှာ မအောင်မြင်ရင်တောင် ဘယ်အချက်ကို သတိရသင့်သလဲ။

၁၉ တတိယ၊ ကျွန်တော်တို့ရဲ့လုပ်ငန်းက ပရောဖက်ပြုချက်ကို ပြည့်စုံစေတဲ့အတွက် ဝမ်းမြောက်ကြတယ်။ “ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ” လို့ တမန်တော်တွေမေးတဲ့အခါ ယေရှုရဲ့အဖြေကို သုံးသပ်ကြည့်ပါ။ အဲဒီနိမိတ်ရဲ့အသွင်အပြင်တစ်ခုဟာ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းဖြစ်မယ်လို့ ယေရှုပြောခဲ့တယ်။ ယေရှုက တပည့်ဖြစ်စေခြင်းလုပ်ငန်းအကြောင်း ပြောနေတာလား။ မဟုတ်ပါဘူး။ “သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်” လို့ ယေရှုပြောတယ်။ (မ. ၂၄:၃၊ ၁၄) ဒါကြောင့် မျိုးစေ့ကြဲခြင်းဖြစ်တဲ့ နိုင်ငံတော်သတင်းဟောပြောခြင်းက နိမိတ်ရဲ့အသွင်အပြင်တစ်ခုဖြစ်တယ်။ နိုင်ငံတော်သတင်းဟောပြောတဲ့အခါ တပည့်ဖြစ်စေခြင်းမှာ မအောင်မြင်ရင်တောင် “သက်သေဖြစ်စေ” ရာမှာ အောင်မြင်နေတယ်ဆိုတာ သတိရပါ။ * မှန်ပါတယ်၊ လူတွေ ဘယ်လိုပဲတုံ့ပြန်ပါစေ ကျွန်တော်တို့က ယေရှုရဲ့ပရောဖက်ပြုချက်ပြည့်စုံရေးမှာ ပါဝင်လုပ်ဆောင်နေပြီး “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်” အဖြစ် အမှုဆောင်ရတဲ့အခွင့်ထူးကို ရရှိထားကြတယ်။ (၁ ကော. ၃:၉) တကယ်ဝမ်းမြောက်စရာအကြောင်းပါပဲ။

‘နေထွက်ရာအရပ်ကနေ နေဝင်ရာအရပ်အထိ’

၂၀၊ ၂၁။ (က) မာလခိ ၁:၁၁ မှာပါတဲ့စကားတွေ ဘယ်လိုပြည့်စုံနေသလဲ။ (ခ) ရိတ်သိမ်းခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး သင် ဘယ်လိုဆုံးဖြတ်ထားသလဲ။ ဘာကြောင့်လဲ။

၂၀ ပထမရာစုမှာ ယေရှုက ရိတ်သိမ်းခြင်းလုပ်ငန်း အရေးကြီးမှန်း တမန်တော်တွေသိအောင် ကူညီပေးခဲ့တယ်။ ၁၉၁၉ ခုနှစ်ကစပြီး မျက်မှောက်ခေတ်တပည့်တွေကိုလည်း အဲဒီအမှန်တရားကိုပဲနားလည်အောင် ယေရှုကူညီပေးနေတယ်။ ဒါကြောင့် ဘုရားသခင့်လူမျိုးဟာ သူတို့ရဲ့လုပ်ဆောင်မှုကို အရှိန်မြှင့်တင်ခဲ့ကြတယ်။ ရိတ်သိမ်းခြင်းလုပ်ငန်း မရပ်တန့်သွားဘူးဆိုတာ ထင်ရှားပါတယ်။ ပရောဖက်မာလခိ ကြိုပြောတဲ့အတိုင်း ဒီနေ့အချိန်မှာ ဟောပြောခြင်းလုပ်ငန်းကို ‘နေထွက်ရာအရပ်ကနေ နေဝင်ရာအရပ်အထိ’ လုပ်ဆောင်နေကြတယ်။ (မာလ. ၁:၁၁ကဘ) မှန်ပါတယ်၊ နေထွက်ရာအရပ်ကနေ နေဝင်ရာအရပ်အထိ၊ အရှေ့အရပ်ကနေ အနောက်အရပ်အထိ၊ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မျိုးကြဲသူနဲ့ရိတ်သိမ်းသူတွေဟာ အတူတူလုပ်ဆောင်ပြီး ဝမ်းမြောက်နေကြတယ်။ နေထွက်ချိန်ကနေ နေဝင်ချိန်အထိ၊ မနက်ကနေ ညအထိ၊ တစ်နေ့လုံး အရေးတကြီးသဘောထားနဲ့ ကျွန်တော်တို့လုပ်ဆောင်နေကြတယ်။

၂၁ အခုအချိန်ကနေ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ လောက်ကို ပြန်ကြည့်လိုက်တော့ ဘုရားသခင့်ကျေးကျွန်အုပ်စုလေးဟာ ‘အားကြီးတဲ့လူမျိုး’ ဖြစ်လာတာကိုတွေ့ရတယ်။ အဲဒီအခါ ကျွန်တော်တို့စိတ်နှလုံး ‘ပျော်လွန်းလို့ တလှပ်လှပ်ခုန်’ နေပါတယ်။ (ဟေရှာ. ၆၀:၅၊ ၂၂ကဘ) အဲဒီပျော်ရွှင်မှုနဲ့ “စပါးရှင်” ယေဟောဝါကိုချစ်တဲ့မေတ္တာက အကြီးကျယ်ဆုံးရိတ်သိမ်းခြင်းလုပ်ငန်း ပြီးဆုံးတဲ့အထိ ဆက်ပါဝင်ဖို့ ကျွန်တော်တို့တစ်ယောက်စီကို လှုံ့ဆော်ပေးပါစေ။—လု. ၁၀:၂

^ အပိုဒ်၊ 3 ဘာသာပြန်ကျမ်းတချို့က ‘ရိတ်သိမ်းရန် လယ်ပြင်သည် ဖြူဖွေးလျက်ရှိနေပြီ’ လို့ ပြန်ဆိုကြတယ်။ အဲဒါက ယေရှုဆီလာနေတဲ့ ရှမာရိနယ်သားတွေ ဝတ်ဆင်ထားဖွယ်ရှိတဲ့ အဖြူရောင် ဝတ်လုံတွေကို ရည်ညွှန်းတာဖြစ်နိုင်တယ်။

^ အပိုဒ်၊ 9 အဲဒီနှစ်တွေနဲ့ နောက်ပိုင်းဆယ်စုနှစ်တွေအကြောင်းကို ပိုသိနိုင်ဖို့ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ် [အင်္ဂလိပ်]၊ စာမျက်နှာ ၄၂၅-၅၂၀ ကိုဖတ်ဖို့ အားပေးပါတယ်။ အဲဒီမှာ ၁၉၁၉ ကနေ ၁၉၉၂ ခုနှစ်အထိ ရိတ်သိမ်းခြင်းလုပ်ငန်းမှာ ပြီးမြောက်အောင်မြင်ခဲ့တာတွေကို ဖော်ပြ ထားတယ်။

^ အပိုဒ်၊ 15 လှလှပပပုံဖော်ထားတဲ့ ဒီပရောဖက်ပြုချက်အကြောင်း အသေးစိတ်ကို ဟေရှာယပရောဖက် ပြုချက်—လူခပ်သိမ်းအတွက်အလင်း အတွဲ ၂၊ စာမျက်နှာ ၁၄၁-၁၄၉ မှာကြည့်ပါ။

^ အပိုဒ်၊ 19 ဒီအရေးကြီးအမှန်တရားကို အစောပိုင်း ကျမ်းစာကျောင်းသားတွေ နားလည်ပြီးသား ဖြစ်တယ်။ ၁၈၉၅၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ဇိအုန်ကင်းမျှော်စင်မှာ အခုလိုပြောတယ်– “ဂျုံစပါးနည်းနည်းပဲ စုသိမ်းနိုင်မယ်ဆိုရင်တောင် အနည်းဆုံးတော့ အမှန်တရားအကြောင်း များစွာသက်သေခံနိုင်မယ်။ . . . သတင်းကောင်းကို အားလုံးဟောပြောနိုင်ပါတယ်။”