မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁

ကိုယ်ကျင့်တရားပိုင်း သန့်စင်ပေးမှုများက ဘုရားသခင့်သန့်ရှင်းခြင်းကို ထင်ရှားစေ

ကိုယ်ကျင့်တရားပိုင်း သန့်စင်ပေးမှုများက ဘုရားသခင့်သန့်ရှင်းခြင်းကို ထင်ရှားစေ

အဓိကအကြောင်းအရာ

ဘုရားသခင်ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို လေးစားလိုက်နာဖို့ ဘုရင်က နောက်လိုက်တွေကို သွန်သင်ပေးပုံ

ယေဟောဝါရဲ့ ကြီးမြတ်တဲ့ ပုံဆောင်ဗိမာန်တော် အပြင်ရင်ပြင်ဂိတ်တံခါးထဲ ဝင်နေတယ်လို့ မြင်ယောင်ကြည့်ပါ

၁။ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဘယ်အရာကို ယေဇကျေလတွေ့ခဲ့သလဲ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၅၀၀ လောက်က ပရောဖက်ယေဇကျေလ တွေ့ကြုံခဲ့သလိုမျိုး သင်လည်း တွေ့ကြုံရမယ်ဆိုရင် ဘယ်လိုနေမလဲ။ မြင်ယောင်ကြည့်လိုက်ပါ။ သင်ဟာ ကြီးကျယ်ခမ်းနားပြီး တဖိတ်ဖိတ်တောက်နေတဲ့ ဗိမာန်တော်အဆောက်အအုံဆီ သွားနေတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဒီနေရာကို လိုက်ပြပေးဖို့ ခွန်အားကြီးကောင်းကင်တမန်တစ်ပါးလည်း ရှိနေတယ်။ ဂိတ်တံခါးသုံးခုထဲက တစ်ခုဆီရောက်ဖို့ လှေကားထစ်ခုနစ်ထစ်ကို သင်တက်သွားတယ်။ အဲဒီဂိတ်တံခါးတွေကိုကြည့်ပြီး သင် အံ့သြမှင်တက်မိတယ်။ ဂိတ်တံခါးတွေရဲ့အမြင့်က ပေ ၁၀၀ လောက်ရှိနေတာကိုး။ အဝင်လမ်းမှာ အစောင့်ခန်းတွေရှိတယ်။ တိုင်တွေပေါ်မှာ တကယ့်ကိုလက်ရာမြောက်တဲ့ စွန်ပလွံပင်ပုံ ထွင်းထုထားတယ်။—ယေဇ. ၄၀:၁-၄၊ ၁၀၊ ၁၄၊ ၁၆၊ ၂၂; ၄၁:၂၀

၂။ (က) ရူပါရုံမှာပါတဲ့ဗိမာန်တော်က ဘာကိုတင်စားသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။) (ခ) ဗိမာန်တော်ဝင်ပေါက်တွေရဲ့ အသွင်အပြင်တွေကနေ ဘာသိရှိရသလဲ။

ဒါက ပုံဆောင်ဗိမာန်တော်နဲ့ဆိုင်တဲ့ ရူပါရုံပါပဲ။ ယေဇကျေလက ဒီဗိမာန်တော်အကြောင်းကို အခန်းကြီး ၄၀ ကနေ ၄၈ မှာ အသေးစိတ်ဖော်ပြထားတယ်။ ဒီဗိမာန်တော်က ယေဟောဝါရဲ့စင်ကြယ်တဲ့ဝတ်ပြုရေးအစီအစဉ်ကို တင်စားတယ်။ အသွင်အပြင်တစ်ခုစီရဲ့အဓိပ္ပာယ်က နောက်ဆုံးကာလအတွင်း ကျွန်တော်တို့ရဲ့ဝတ်ပြုရေးနဲ့ သက်ဆိုင်တယ်။ * မြင့်မားတဲ့ဂိတ်တံခါးတွေက ဘာကိုဆိုလိုသလဲ။ ယေဟောဝါရဲ့စင်ကြယ်တဲ့ဝတ်ပြုရေးအစီအစဉ်ထဲ ဝင်ရောက်သူတွေဟာ ကိုယ်တော်ရဲ့မြင့်မားတဲ့၊ ဖြောင့်မတ်တဲ့စံနှုန်းတွေအတိုင်း အသက်ရှင်ရမယ်ဆိုတာ သတိရစေတယ်။ ထွင်းထုထားတဲ့စွန်ပလွံပင်ပုံတွေကလည်း အဲဒီအချက်ကိုပဲ သတိပေးတယ်။ အကြောင်းကတော့ ကျမ်းစာမှာ စွန်ပလွံပင်ကို ဖြောင့်မတ်ခြင်းကို ကိုယ်စားပြုတဲ့အရာအဖြစ် တစ်ခါတစ်ရံအသုံးပြုလို့ပဲ။ (ဆာ. ၉၂:၁၂) အစောင့်ခန်းတွေကကော ဘာကိုဆိုလိုသလဲ။ ဘုရားသခင့်စံနှုန်းတွေကို မလေးစားသူတွေဟာ လှပတင့်တယ်တဲ့လမ်း၊ တစ်နည်းအားဖြင့် စင်ကြယ်တဲ့ဝတ်ပြုရေးရဲ့အသက်လမ်းထဲ ဝင်ခွင့်ရမှာမဟုတ်ဘူး။—ယေဇ. ၄၄:၉

၃။ ခရစ်တော်ရဲ့နောက်လိုက်တွေကို ဆက်သန့်စင်ပေးဖို့ ဘာကြောင့် လိုအပ်သလဲ။

ယေဇကျေလရဲ့ရူပါရုံ ဘယ်လိုပြည့်စုံလာသလဲ။ အခန်း ၂ မှာလေ့လာခဲ့တဲ့အတိုင်း ယေဟောဝါက ခရစ်တော်ကို အသုံးပြုပြီး သူ့လူမျိုးကို ၁၉၁၄ ကနေ ၁၉၁၉ ခုနှစ်အစောပိုင်းအထိ အထူးသန့်စင်ပေးခဲ့တယ်။ အဲဒီသန့်စင်ခြင်း ပြီးဆုံးသွားပြီလား။ မပြီးသေးပါဘူး။ လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း ခရစ်တော်က ယေဟောဝါရဲ့သန့်ရှင်းတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ဆက်ပြီးကိုင်စွဲခဲ့တယ်။ သူ့နောက်လိုက်တွေကိုလည်း ဆက်သန့်စင်ပေးဖို့ လိုအပ်နေတုန်းပဲ။ ဘာကြောင့်လဲ။ ခရစ်တော်က သူ့နောက်လိုက်တွေကို ကိုယ်ကျင့်တရားပျက်ပြားတဲ့ ဒီလောက,ကနေ စုသိမ်းထားတာဖြစ်ပြီး စာတန်ကလည်း သူတို့ကို အကျင့်ပျက်မှုနွံထဲ ပြန်နစ်သွားအောင် မပြတ်ကြိုးစားနေလို့ပဲ။ (၂ ပေတရု ၂:၂၀–၂၂ ကိုဖတ်ပါ။) ခရစ်ယာန်စစ်တွေ တဖြည်းဖြည်းသန့်စင်ခံနေရတဲ့ ကဏ္ဍသုံးခုကို လေ့လာကြည့်ကြစို့။ ဦးဆုံး၊ ကိုယ်ကျင့်တရားပိုင်း သန့်စင်ပေးမှုတချို့အကြောင်း လေ့လာကြမယ်။ အဲဒီနောက် အသင်းတော်ကိုသန့်ရှင်းစေတဲ့ အရေးကြီးတဲ့အစီအစဉ်နဲ့ မိသားစုအစီအစဉ်အကြောင်း လေ့လာသုံးသပ်သွားကြမယ်။

နှစ်တွေတစ်လျှောက် ကိုယ်ကျင့်တရားပိုင်းသန့်စင်ပေးမှုများ

၄၊ ၅။ ဘယ်နည်းလမ်းကို အရင်ကတည်းက စာတန်အသုံးပြုခဲ့သလဲ။ ဘယ်လောက်ထိ အောင်မြင်ခဲ့သလဲ။

ယေဟောဝါရဲ့လူမျိုးက ကိုယ်ကျင့်တရားကောင်းရှိဖို့ အထူးစိတ်ဝင်စားတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုရှင်းလင်းတဲ့ညွှန်ကြားချက်တွေ ရရှိတဲ့အခါ လိုက်နာကြတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ရအောင်။

လိင်အကျင့်ယိုယွင်းခြင်း။ အိမ်ထောင်ဖက်တွေ လိင်ဆက်ဆံတာက ယေဟောဝါပေးတဲ့ ဆုလက်ဆောင်ဖြစ်ပြီး သန့်ရှင်းစင်ကြယ်ဖို့၊ အသရေရှိဖို့ ကိုယ်တော်ရည်ရွယ်တယ်။ ဒါပေမဲ့ စာတန်က အဲဒီဆုလက်ဆောင်ကို ညစ်ညမ်းတဲ့အရာဖြစ်အောင်လုပ်ပြီး ယေဟောဝါရဲ့လူမျိုးကိုသွေးဆောင်ဖို့ အသုံးချတယ်။ ဒီနည်းနဲ့ ဘုရားမျက်နှာသာ ဆုံးရှုံးသွားအောင် သူလုပ်တယ်။ ဗာလမ်အချိန်တုန်းက အဲဒီနည်းလမ်းကို စာတန်အသုံးပြုတာ အကြီးအကျယ်အောင်မြင်ခဲ့တယ်။ ဒီနောက်ဆုံးကာလမှာလည်း အဲဒီနည်းလမ်းကို အရင်ကထက် ပိုအသုံးပြုနေတယ်။—တော. ၂၅:၁-၃၊ ၉; ဗျာ. ၂:၁၄

၆။ ကင်းမျှော်စင်မှာ ဘယ်ကတိခံဝန်ချက် ပါလာသလဲ။ အဲဒါကို ဘယ်လိုအသုံးပြုခဲ့ကြသလဲ။ နောက်ပိုင်းမှာ အဲဒါကို ဘာကြောင့်အသုံးမပြုတော့တာလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

စာတန်ရဲ့ကြိုးစားမှုတွေကို တိုက်လှန်တဲ့အနေနဲ့ ၁၉၀၈၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုကတိခံဝန်ချက်တစ်ခု ပါလာတယ်– “အချိန်တိုင်း နေရာတိုင်းမှာ ကျွန်တော်/ကျွန်မဟာ လိင်ခြားသူတွေနဲ့ လူရှေ့သူရှေ့မှာ ပြောဆိုဆက်ဆံတဲ့အတိုင်း ကွယ်ရာမှာလည်း ပြောဆိုဆက်ဆံပါ့မယ်။” * ဒါက မဖြစ်မနေကတိပြုရမယ့်အရာ မဟုတ်ပေမဲ့ အများစုက ကတိပြုကြပြီး သူတို့ရဲ့နာမည်တွေကို ဇိအုန်ကင်းမျှော်စင်မှာ ဖော်ပြခွင့်ပြုခဲ့တယ်။ အဲဒီကတိခံဝန်ချက်က အများစုအတွက် အထောက်အကူဖြစ်ပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ထုံးစံတစ်ခုလိုဖြစ်လာတာကြောင့် အသုံးမပြုတော့ဘူး။ ဒါပေမဲ့ ကတိခံဝန်ချက်မှာပါတဲ့ မြင့်မားတဲ့ကိုယ်ကျင့်တရားစံနှုန်းတွေကိုတော့ အမြဲကိုင်စွဲခဲ့တယ်။

၇။ ၁၉၃၅ ခုနှစ်ထုတ် ကင်းမျှော်စင်မှာ ဘယ်ပြဿနာအကြောင်း ဖော်ပြခဲ့သလဲ။ ဘယ်စံနှုန်းကို ထပ်အတည်ပြုခဲ့သလဲ။

စာတန်ရဲ့တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာတယ်။ ဒါကြောင့် ၁၉၃၅၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ဘုရားသခင့်လူမျိုးတွေကြား ဖြစ်ပျက်နေတဲ့ပြဿနာတစ်ခုအကြောင်း ပွင့်ပွင့်လင်းလင်းဖော်ပြခဲ့တယ်။ တချို့က အမှုဆောင်လုပ်ငန်းမှာ ပါဝင်တယ်ဆိုရင် နေ့စဉ်ဘဝမှာ ယေဟောဝါရဲ့ကိုယ်ကျင့်တရားစံနှုန်းတွေကို အတော်အတန်လျစ်လျူရှုနိုင်တယ်လို့ ယူဆပုံရတယ်။ ဒါကြောင့် ကင်းမျှော်စင်မှာ အခုလိုရှင်းရှင်းပြောတယ်– “သက်သေခံခြင်းလုပ်ငန်းမှာ ပါဝင်ဖို့လောက်ပဲ တောင်းဆိုထားတာမဟုတ်မှန်း သတိရသင့်တယ်။ ယေဟောဝါသက်သေတွေဟာ ယေဟောဝါရဲ့ကိုယ်စားလှယ်တွေဖြစ်တယ်။ ဒါကြောင့် ယေဟောဝါနဲ့နိုင်ငံတော်ကို သင့်တင့်လျောက်ပတ်စွာ ကိုယ်စားပြုရမယ့် တာဝန်ရှိတယ်။” ဒါ့အပြင် အိမ်ထောင်ရေးနဲ့ လိင်အကျင့်သီလပိုင်းဆိုင်ရာ ရှင်းလင်းပြတ်သားတဲ့အကြံပြုချက်တွေပေးခဲ့လို့ ဘုရားသခင့်လူမျိုးဟာ “မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေး” ဖို့ အကူအညီရခဲ့တယ်။—၁ ကော. ၆:၁၈

၈။ လိင်အကျင့်ယိုယွင်းခြင်းအတွက်အသုံးပြုတဲ့ ဂရိစကားလုံးရဲ့အဓိပ္ပာယ်အမှန်ကို ကင်းမျှော်စင်က ဘာကြောင့် အကြိမ်ကြိမ်အလေးပေးခဲ့သလဲ။

မကြာသေးခင်ဆယ်စုနှစ်တွေမှာ ကင်းမျှော်စင်က လိင်အကျင့်ယိုယွင်းခြင်းအတွက် ခရစ်ယာန်ဂရိကျမ်းမှာအသုံးပြုထားတဲ့ ပေါ်နီယာဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်အမှန်ကို အကြိမ်ကြိမ်အလေးပေးခဲ့တယ်။ အဲဒီစကားလုံးရဲ့အဓိပ္ပာယ်က လိင်ဆက်ဆံမှုတစ်ခုတည်းကိုပဲ ရည်ညွှန်းတာမဟုတ်ဘူး။ အကျင့်ပျက်လုပ်ရပ်အမျိုးမျိုး၊ ပြည့်တန်ဆာအိမ်တွေမှာလုပ်တဲ့ ညစ်ညမ်းတဲ့အပြုအမူအားလုံး ပါဝင်တယ်။ ဒီလိုနည်းနဲ့ ခရစ်တော်ရဲ့နောက်လိုက်တွေဟာ ဒီနေ့လောကမှာရှိတဲ့လူအများကို ဝါးမျိုနေတဲ့ လိင်အကျင့်ယိုယွင်းခြင်းဘေးဆိုးကနေ ကာကွယ်ခံခဲ့ရတယ်။—ဧဖက် ၄:၁၇–၁၉ ကိုဖတ်ပါ။

၉၊ ၁၀။ (က) ၁၉၃၅ ခုနှစ်မှာ ကင်းမျှော်စင်က ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ဘယ်ကဏ္ဍကို ဖော်ပြခဲ့သလဲ။ (ခ) အရက်သောက်သုံးတာနဲ့ ပတ်သက်ပြီး ကျမ်းစာရဲ့မျှတတဲ့သွန်သင်ချက်က ဘာလဲ။

အရက်အလွဲသုံးခြင်း။ ၁၉၃၅၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ နောက်ကဏ္ဍတစ်ခုကို အခုလိုဖော်ပြတယ်– “တချို့က အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေတုန်း၊ အဖွဲ့အစည်းတာဝန်တွေကို ထမ်းဆောင်နေတုန်း အရက်သောက်ထားတာကို တွေ့ရတယ်။ ဘယ်လိုအခြေအနေမျိုးမှာ အရက်ယမကာသောက်သုံးဖို့ ကျမ်းစာက ခွင့်ပြုသလဲ။ သခင့်အဖွဲ့အစည်းရဲ့တာဝန်တွေကို ထိခိုက်တဲ့အထိ အရက်ယမကာသောက်သုံးတာ သင့်လျော်ပါ့မလား။”

၁၀ အဖြေကိုသိရဖို့ အရက်ယမကာနဲ့ပတ်သက်ပြီး ကျမ်းစာရဲ့မျှတတဲ့အမြင်ကို ဆွေးနွေးထားတယ်။ ကျမ်းစာက ဝိုင်နဲ့တခြားအရက်ယမကာတွေ အတော်အသင့်သောက်သုံးတာကို မတားမြစ်ပေမဲ့ သောက်ကြူးခြင်းကိုတော့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားတယ်။ (ဆာ. ၁၀၄:၁၄၊ ၁၅; ၁ ကော. ၆:၉၊ ၁၀) အရက်သောက်ထားပြီး မြင့်မြတ်တဲ့အမှုတော်ကို ထမ်းဆောင်တာနဲ့ပတ်သက်လို့ ဘုရားသခင့်ကျေးကျွန်တွေကို သတိပေးဖို့ အာရုန်သားတွေရဲ့မှတ်တမ်းကို အရင်ကတည်းက အသုံးပြုခဲ့တယ်။ သူတို့က တားမြစ်ထားတဲ့မီးကို ယဇ်ပလ္လင်ပေါ်မှာပူဇော်တဲ့အတွက် သူတို့ကို ဘုရားသခင် သေဒဏ်စီရင်ခဲ့တယ်။ သိပ်မကြာခင်မှာ ဘုရားသခင်က ယဇ်ပုရောဟိတ်အားလုံး မြင့်မြတ်တဲ့တာဝန် ထမ်းဆောင်နေစဉ်အတွင်း အရက်ယမကာမသောက်ရဆိုပြီး ဥပဒေထုတ်ပြန်ခဲ့တယ်။ ဒါက အာရုန်ရဲ့သားတွေ ဒီလိုမသင့်တော်တဲ့လုပ်ရပ် လုပ်ရတဲ့အကြောင်းရင်း ဖြစ်နိုင်တယ်။ (ဝတ်. ၁၀:၁၊ ၂၊ ၈-၁၁) ဒီနေ့လည်း အဲဒီမူကို ကျင့်သုံးတဲ့အနေနဲ့ ခရစ်တော်ရဲ့နောက်လိုက်တွေဟာ မြင့်မြတ်တဲ့အမှုတော်မှာ ပါဝင်နေချိန်အတွင်း အရက်ယမကာမသောက်ဖို့ ဂရုပြုကြတယ်။

၁၁။ အရက်စွဲခြင်းနဲ့ပတ်သက်ပြီး ထပ်ဆင့်သိနားလည်မှုရရှိတာက ဘုရားသခင့်လူမျိုးအတွက် ဘာကြောင့် ကောင်းချီးတစ်ရပ်ဖြစ်သလဲ။

၁၁ မကြာသေးခင်ဆယ်စုနှစ်တွေအတွင်း အရက်စွဲခြင်းနဲ့ပတ်သက်ပြီး ထပ်ဆင့်သိနားလည်မှုရရှိတာက ခရစ်တော်ရဲ့နောက်လိုက်တွေအတွက် ကောင်းချီးတစ်ရပ်ပါပဲ။ အရက်စွဲခြင်းမှာ အရက်ကို ပုံမှန်သောက်တာ၊ မသောက်ရမနေနိုင်အောင်ဖြစ်တာ ပါဝင်တယ်။ အချိန်တန်အစာရရှိတဲ့အတွက် လူများစွာဟာ အရက်စွဲတဲ့ပြဿနာကို ကောင်းကောင်းဖြေရှင်းနိုင်ဖို့ အကူအညီရခဲ့ပြီး သူတို့ရဲ့ဘဝကို ပြန်ထိန်းသိမ်းနိုင်ခဲ့တယ်။ တခြားသူတွေကျတော့ အရက်နဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိလာလို့ အရက်စွဲတဲ့ပြဿနာ လုံးဝမကြုံရတော့ဘူး။ အရက်အလွဲသုံးခြင်းကြောင့် ကိုယ်နဲ့ကိုယ့်မိသားစုရဲ့ ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးရတာမျိုး မဖြစ်စေသင့်ဘူး။ ပိုအရေးကြီးတာက ယေဟောဝါရဲ့စင်ကြယ်တဲ့ဝတ်ပြုရေးမှာ ပါဝင်ရတဲ့အခွင့်ထူး ဆုံးရှုံးသွားတာမျိုး မဖြစ်စေသင့်ဘူး။

“သခင်က ဆေးလိပ်ငွေ့တထောင်းထောင်းနဲ့ ဆေးလိပ်ဖွာနေတာ ဒါမှမဟုတ် ပါးစပ်ထဲမှာ ညစ်ညမ်းတဲ့အရာတစ်ခုခု ငုံထားတာကို ကျွန်တော်တို့ မြင်ယောင်ကြည့်လို့တောင်မရဘူး။”—စီ တီ ရပ်စယ်လ်

၁၂။ နောက်ဆုံးကာလမစခင် ကတည်းက ခရစ်တော်ရဲ့ကျေးကျွန်တွေဟာ ဆေးရွက်ကြီးအသုံးပြုခြင်းကို ဘယ်လိုသဘောထားခဲ့ကြသလဲ။

၁၂ ဆေးရွက်ကြီးအသုံးပြုခြင်း။ နောက်ဆုံးကာလမစခင်ကတည်းက ခရစ်တော်ရဲ့ကျေးကျွန်တွေဟာ ဆေးရွက်ကြီးအသုံးပြုခြင်းကို အားမပေးခဲ့ဘူး။ လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက သက်ကြီးညီအစ်ကို ချားလ်စ် ကာပန်ဟာ ၁၉ ရာစုနှောင်းပိုင်းမှာ ချားလ်စ် တေ့စ် ရပ်စယ်လ်နဲ့ ဦးဆုံးတွေ့ဆုံခဲ့ချိန်အကြောင်း ပြန်ပြောပြခဲ့တယ်။ အဲဒီတုန်းက အသက် ၁၃ နှစ်အရွယ် ကာပန်နဲ့ သူ့အစ်ကိုတစ်ယောက်၊ ညီနှစ်ယောက်တို့ဟာ ပဲင်စီလ်ဗေးနီးယားပြည်နယ်၊ အလက်ဂနီမြို့က သမ္မာကျမ်းစာအိမ်တော်ရဲ့လှေကားပေါ်မှာ ရပ်နေကြတယ်။ ရပ်စယ်လ်က သူတို့ဘေးနားကနေ ဖြတ်သွားရင်း “ကောင်လေးတွေ၊ မင်းတို့ ဆေးလိပ်သောက်ထားကြသလား။ ငါ ဆေးလိပ်အနံ့ရတယ်” လို့ပြောတယ်။ သူတို့က လုံးဝမသောက်ထားပါဘူးလို့ ပြန်ပြောကြတယ်။ ဆေးလိပ်နဲ့ပတ်သက်တဲ့ ညီအစ်ကိုရပ်စယ်လ်ရဲ့သဘောထားကို သူတို့ကောင်းကောင်းသိသွားမှာ သေချာပါတယ်။ ၁၈၉၅၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ညီအစ်ကိုရပ်စယ်လ်က ၂ ကောရိန္သု ၇:၁ နဲ့ပတ်သက်ပြီး အခုလိုမှတ်ချက်ချတယ်– “ခရစ်ယာန်တစ်ယောက် ဆေးရွက်ကြီးကို တစ်နည်းနည်းနဲ့အသုံးပြုတာက ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းရာမရောက်သလို သူ့အတွက်လည်း ဘာအကျိုးမှမရှိဘူး။ . . . သခင်က ဆေးလိပ်ငွေ့တထောင်းထောင်းနဲ့ ဆေးလိပ်ဖွာနေတာ ဒါမှမဟုတ် ပါးစပ်ထဲမှာ ညစ်ညမ်းတဲ့အရာတစ်ခုခု ငုံထားတာကို ကျွန်တော်တို့ မြင်ယောင်ကြည့်လို့တောင်မရဘူး။”

၁၃။ ၁၉၇၃ ခုနှစ်မှာ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ ဘယ်သန့်စင်မှု ပြုလုပ်ခဲ့သလဲ။

၁၃ ၁၉၃၅ ခုနှစ်ထုတ် ကင်းမျှော်စင်မှာ ဆေးရွက်ကြီးကို “ညစ်ညမ်းတဲ့အပင်” လို့ခေါ်ထားပြီး ဆေးရွက်ကြီးဝါးတဲ့သူ၊ သောက်တဲ့သူတစ်ယောက်မှ ဗေသလအိမ်သားအဖြစ်၊ ရှေ့ဆောင်လုပ်ငန်း၊ နယ်လှည့်လုပ်ငန်းမှာ ဘုရားသခင့်အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခွင့်မရနိုင်ဘူးလို့ ဖော်ပြခဲ့တယ်။ ၁၉၇၃ ခုနှစ်မှာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ နောက်ထပ်သန့်စင်မှု ပြုလုပ်ခဲ့တယ်။ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင်က ယေဟောဝါသက်သေတစ်ယောက်ဟာ ညစ်ညမ်းပြီး မေတ္တာမဲ့တဲ့၊ သေစေနိုင်တဲ့ ဒီအကျင့်ကို မဖြတ်နိုင်ဘူးဆိုရင် အသင်းတော်မှာ သူ့ကို လက်ခံနိုင်တဲ့အနေအထားမရှိတော့ဘူးလို့ ရှင်းပြတယ်။ ဆေးရွက်ကြီးတလွဲသုံးတာကို မဖြတ်နိုင်သူတွေဟာ နှင်ထုတ်ခံရမှာဖြစ်တယ်။ * ခရစ်တော်က သူ့နောက်လိုက်တွေကို သန့်စင်ပေးရာမှာ အရေးကြီးတဲ့နောက်ခြေလှမ်းတစ်လှမ်း လှမ်းခဲ့တယ်။

၁၄။ သွေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်စံနှုန်းက ဘာလဲ။ သွေးသွင်းခြင်းဟာ ဘယ်လိုနည်းနဲ့ သုံးနေကျနည်းလမ်းတစ်ခု ဖြစ်လာသလဲ။

၁၄ သွေးအလွဲသုံးခြင်း။ နောဧခေတ်မှာ ဘုရားသခင်က သွေးမစားရဘူးလို့ ပြောခဲ့တယ်။ အစ္စရေးလူမျိုးကို ပညတ်ပေးချိန်မှာ အဲဒီအချက်ကို ကိုယ်တော်ထပ်အတည်ပြုခဲ့ပြီး ခရစ်ယာန်အသင်းတော်ကိုလည်း “သွေး . . . ကို ကြဉ်ရှောင်” ပါလို့ ညွှန်ကြားတယ်။ (တ. ၁၅:၂၀၊ ၂၉; က. ၉:၄; ဝတ်. ၇:၂၆) စာတန်ကတော့ ဒီမြင့်မြတ်တဲ့စံနှုန်းကို လူတွေမလိုက်နာအောင် လုပ်နိုင်မယ့်နည်းလမ်းတစ်ခုကို အခုခေတ်မှာ တွေ့ရှိခဲ့တယ်။ ၁၉ ရာစုမှာ ဆရာဝန်တွေက သွေးသွင်းခြင်းနဲ့ပတ်သက်ပြီး စမ်းသပ်မှုတွေလုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သွေးအမျိုးအစားတွေကို သိရှိလာပြီးနောက်မှာ သွေးသွင်းကုသခြင်းဟာ ပိုပျံ့နှံ့လာတယ်။ ၁၉၃၇ ခုနှစ်မှာ သွေးကို စတင်စုဆောင်းပြီး သွေးလှူဘဏ်တွေမှာ သိုလှောင်ထားတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ သွေးသွင်းခြင်းက ပိုခေတ်စားလာတယ်။ သိပ်မကြာခင်မှာပဲ သွေးသွင်းခြင်းဟာ ကမ္ဘာတစ်ဝန်းမှာ သုံးနေကျနည်းလမ်းတစ်ခု ဖြစ်လာတယ်။

၁၅၊ ၁၆။ (က) သွေးသွင်းခြင်းနဲ့ ပတ်သက်ပြီး ယေဟောဝါသက်သေတွေရဲ့ရပ်တည်ချက်က ဘာလဲ။ (ခ) သွေးသွင်းခြင်း၊ သွေးမဲ့ကုသခြင်းနဲ့ပတ်သက်ပြီး ခရစ်တော်ရဲ့နောက်လိုက်တွေအတွက် ဘာတွေပြင်ဆင်ပေးခဲ့သလဲ။ ဘာရလဒ်ရရှိသလဲ။

၁၅ ၁၉၄၄ ခုနှစ်ကတည်းက ကင်းမျှော်စင်မှာ သွေးသွင်းတာဟာ သွေးစားတာနဲ့အတူတူပဲလို့ ဖော်ပြခဲ့တယ်။ နောက်တစ်နှစ်မှာ အဲဒီကျမ်းစာရှုမြင်ချက်ကို ခိုင်လုံတဲ့အထောက်အထားတွေနဲ့ အကျယ်တဝင့်ရှင်းပြခဲ့တယ်။ ဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ ဘုရားသခင့်လူမျိုးကို အကူအညီဖြစ်စေဖို့ မေးခွန်းနဲ့အဖြေတွေပါတဲ့စာပေကို ၁၉၅၁ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ ကမ္ဘာတစ်၀န်းမှာ ခရစ်တော်ရဲ့သစ္စာရှိနောက်လိုက်တွေဟာ သွေးကိစ္စနဲ့ပတ်သက်ပြီး ကဲ့ရဲ့ရှုတ်ချတာ၊ ရန်လိုတာ၊ ပေါ်ပေါ်ထင်ထင် နှိပ်စက်ညှဉ်းပန်းတာတွေ မကြာခဏကြုံရပေမဲ့ သတ္တိရှိရှိရပ်တည်ခဲ့ကြတယ်။ ခရစ်တော်က လိုအပ်တဲ့အကူအညီပေးဖို့ သူ့အဖွဲ့အစည်းကို ဆက်တွန်းအားပေးခဲ့တယ်။ ဒါကြောင့် အသေးစိတ် သုတေသနပြုရှာဖွေထားတဲ့ ဘရိုရှာနဲ့ဆောင်းပါးတွေကို ပုံနှိပ်ထုတ်ဝေခဲ့တယ်။

၁၆ ၁၉၇၉ ခုနှစ်ကစပြီး အကြီးအကဲတချို့က ကျွန်တော်တို့ရဲ့ရပ်တည်မှုနဲ့ ကျမ်းစာအကြောင်းရင်းတွေအပြင် သွေးအစားထိုးကုသမှုတွေရှိမှန်း ဆရာဝန်တွေ ကောင်းကောင်းနားလည်နိုင်အောင် ကူညီပေးဖို့ ဆေးရုံတွေကို လည်ပတ်ခဲ့ကြတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ မြို့ပေါင်း ၃၉ မြို့က အကြီးအကဲတွေကို ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အထူးလေ့ကျင့်ပေးတယ်။ နောက်တော့ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာတစ်ဝန်းမှာ ဆေးရုံဆက်သွယ်ရေးကော်မတီတွေဖွဲ့စည်းဖို့ ခွင့်ပြုလိုက်တယ်။ ဒီကြိုးစားအားထုတ်မှုတွေကြောင့် နှစ်တွေတစ်လျှောက်မှာ တိုးတက်အောင်မြင်ခဲ့သလား။ အခုဆိုရင် ပါရဂူတွေ၊ ခွဲစိတ်ဆရာဝန်တွေ၊ မေ့ဆေးဆရာဝန်တွေအပါအဝင် ဆေးဘက်ဆိုင်ရာပညာရှင် ထောင်ပေါင်းများစွာက သက်သေခံလူနာတွေနဲ့ ပူပေါင်းလုပ်ဆောင်ပြီး သွေးမဲ့ကုသဖို့ ရွေးချယ်တာကို လေးစားလာကြတယ်။ ဆေးရုံအတော်များများကလည်း သွေးမသွင်းဘဲ ကုသပေးလာပြီ။ တချို့က အဲဒါကို အဆင့်အမြင့်ဆုံးဆေးကုသမှုလို့တောင် သတ်မှတ်ကြတယ်။ စာတန်က ယေရှုရဲ့နောက်လိုက်တွေကို ညစ်ညမ်းသွားအောင် မပြတ်ကြိုးစားနေတယ်။ ဒါပေမဲ့ သူတို့ကို ယေရှုကာကွယ်ပေးနေတဲ့ နည်းလမ်းတွေအကြောင်း လေ့လာရတာ စိတ်လှုပ်ရှားစရာကောင်းတယ် မဟုတ်လား။—ဧဖက် ၅:၂၅–၂၇ ကိုဖတ်ပါ။

ဆေးရုံအတော်များများက သွေးမသွင်းဘဲ ကုသပေးလာပြီ။ တချို့က အဲဒါကို အဆင့်အမြင့်ဆုံးဆေးကုသမှုလို့တောင် သတ်မှတ်ကြတယ်

၁၇။ နောက်လိုက်တွေကို ခရစ်တော် သန့်စင်ပေးနေတဲ့နည်းလမ်းကို တန်ဖိုးထားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။

၁၇ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– “နောက်လိုက်တွေကို ခရစ်တော် သန့်စင်ပေးနေတဲ့နည်းလမ်းကို ငါတို့ တန်ဖိုးထားရဲ့လား။ ယေဟောဝါရဲ့ မြင့်မားတဲ့ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း လိုက်လျှောက်ဖို့ လေ့ကျင့်ပေးနေတဲ့နည်းလမ်းကိုကော တန်ဖိုးထားရဲ့လား။” တန်ဖိုးထားတယ်ဆိုရင် ကျွန်တော်တို့ သတိရနေရမယ့် အချက်တစ်ချက်ရှိတယ်။ ဘုရားသခင်ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို လေးစားတဲ့စိတ် တဖြည်းဖြည်းပျောက်သွားအောင်၊ ယေဟောဝါနဲ့ယေရှုဆီကနေ ဝေးကွာသွားအောင် စာတန် အမြဲကြိုးစားနေတယ်ဆိုတဲ့ အချက်ပဲ။ စာတန်ရဲ့သြဇာလွှမ်းမိုးမှုကို တွန်းလှန်နိုင်ဖို့ ယေဟောဝါရဲ့အဖွဲ့အစည်းက ဒီလောကရဲ့အကျင့်ပျက်လမ်းစဉ်တွေအကြောင်း မေတ္တာပါသတိပေးချက်တွေ၊ နှိုးဆော်ချက်တွေကို အမြဲပြင်ဆင်ပေးနေတယ်။ အဲဒါတွေကို အမြဲသတိပြုနေပြီး နာခံမှုရှိရှိ ချက်ချင်းလိုက်နာကြပါစို့။—သု. ၁၉:၂၀

ကိုယ်ကျင့်တရားပိုင်း ကဲ့ရဲ့ရှုတ်ချစရာမဖြစ်အောင် အသင်းတော်ကိုကာကွယ်ခြင်း

၁၈။ ဘုရားသခင့်စံနှုန်းတွေကို တမင်တကာချိုးဖောက်သူတွေနဲ့ပတ်သက်ပြီး ယေဇကျေလရဲ့ရူပါရုံက ဘာကိုသတိရစေသလဲ။

၁၈ ကိုယ်ကျင့်တရားပိုင်း သန့်စင်ပေးတဲ့ ဒုတိယကဏ္ဍကတော့ အသင်းတော်ကို ဆက်သန့်ရှင်းနေအောင် လုပ်ဆောင်ခြင်းပါပဲ။ ဝမ်းနည်းစရာက၊ ကိုယ်ကျင့်တရားဆိုင်ရာ ယေဟောဝါရဲ့စံနှုန်းတွေကို လက်ခံပြီး ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံသူအားလုံးက သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်း သစ္စာရှိရှိနေထိုင်ကြတာ မဟုတ်ဘူး။ တချို့က နောက်ပိုင်းမှာ စိတ်ပြောင်းသွားပြီး အဲဒီစံနှုန်းတွေကို တမင်တကာ ချိုးဖောက်ခဲ့ကြတယ်။ အဲဒီလိုလူတွေကို ဘယ်လိုလုပ်သင့်သလဲ။ ဒီအခန်းရဲ့အစပိုင်းမှာ ဆွေးနွေးခဲ့တဲ့ ယေဇကျေလရဲ့ ပုံဆောင်ဗိမာန်တော်ရူပါရုံမှာ သတိပြုစရာအချက်တစ်ချက်ရှိတယ်။ မြင့်မားတဲ့ဂိတ်တံခါးတွေကို ပြန်သတိရပါ။ ဂိတ်တံခါးတစ်ခုစီရဲ့အတွင်းမှာ အစောင့်ခန်းရှိတယ်။ အစောင့်တွေက ‘စိတ်နှလုံး အရေပြားမဖြတ်ထား’ သူတွေ မဝင်လာအောင် တားဆီးခြင်းအားဖြင့် ဗိမာန်တော်ကို ကာကွယ်ပေးတယ်။ (ယေဇ. ၄၄:၉ကဘ) ဒီအချက်က ကိုယ်ကျင့်တရားဆိုင်ရာ ယေဟောဝါရဲ့ စင်ကြယ်တဲ့စံနှုန်းတွေအတိုင်း အသက်ရှင်ဖို့ကြိုးစားသူတွေသာ စင်ကြယ်တဲ့ဝတ်ပြုရေးမှာပါဝင်ရတဲ့ အခွင့်ထူးရှိကြောင်း သတိရစေတယ်။ အဲဒီလိုပါပဲ၊ ဒီနေ့လည်း ခရစ်ယာန်ချင်းတွေနဲ့ အတူပေါင်းသင်းပြီး ဝတ်ပြုကိုးကွယ်ရတဲ့ အခွင့်ထူးကို လူတိုင်းမရနိုင်ဘူး။

၁၉၊ ၂၀။ (က) ကြီးလေးတဲ့အမှား တွေကို ကိုင်တွယ်တာနဲ့ပတ်သက်ပြီး ပိုတိုးတက်လာအောင် နောက်လိုက်တွေကို ခရစ်တော် ဘယ်လိုကူညီပေးခဲ့သလဲ။ (ခ) နောင်တမရတဲ့အပြစ်ပြုသူတွေကို နှင်ထုတ်ရတဲ့ အကြောင်းရင်းသုံးခုက ဘာလဲ။

၁၉ ၁၈၉၂ ခုနှစ်တုန်းက ကင်းမျှော်စင်မှာ အခုလိုပြောတယ်– “ကျွန်တော်တို့ရဲ့တာဝန်ကတော့ လူအားလုံးအတွက် ခရစ်တော်ရွေးနုတ်ဖိုးပေးခဲ့တယ်ဆိုတာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ငြင်းပယ်သူ . . . တွေကို (ခရစ်ယာန်အဖြစ်) လက်မခံဘဲ နှင်ထုတ်ဖို့ပါပဲ။” (၂ ယောဟန် ၁၀ ကိုဖတ်ပါ။) ၁၉၀၄ ခုနှစ်မှာ ဖန်ဆင်းရာအသစ်စာအုပ်က မှားယွင်းတဲ့အကျင့်ကို ဆက်ကျင့်နေသူတွေဟာ အသင်းတော်ရဲ့ကိုယ်ကျင့်တရားပိုင်းကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ အသိအမှတ်ပြုခဲ့တယ်။ အဲဒီအချိန်တုန်းကဆိုရင် ကြီးလေးတဲ့အမှားတွေကို စစ်ဆေးတဲ့အခါ အသင်းတော်တစ်ခုလုံး ပါဝင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါမျိုးက ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ၁၉၄၄ ခုနှစ်မှာ ကင်းမျှော်စင်က အဲဒီလိုကိစ္စတွေကို တာဝန်ရှိညီအစ်ကိုတွေသာ ကိုင်တွယ်သင့်ကြောင်း ဖော်ပြခဲ့တယ်။ ၁၉၅၂ ခုနှစ်ထုတ် ကင်းမျှော်စင်မှာ တရားရေးကိစ္စတွေ ကိုင်တွယ်တာနဲ့ပတ်သက်တဲ့ ကျမ်းစာအခြေပြုလုပ်ထုံးလုပ်နည်းကို ဖော်ပြတဲ့အပြင် နောင်တမရသူကို နှင်ထုတ်ရတဲ့အဓိကအကြောင်းရင်းက အသင်းတော်သန့်ရှင်းနေစေဖို့ဖြစ်တယ်ဆိုတာကိုလည်း အလေးပေးခဲ့တယ်။

၂၀ အဲဒီအချိန်ကစပြီး ဆယ်စုနှစ်တွေတစ်လျှောက်မှာ ခရစ်တော်က ကြီးလေးတဲ့အမှားတွေကို ကိုင်တွယ်တာနဲ့ပတ်သက်ပြီး ပိုနားလည်လာအောင်၊ ပိုတိုးတက်လာအောင် သူ့နောက်လိုက်တွေကို ကူညီပေးခဲ့တယ်။ တရားရေးကိစ္စတွေကို ယေဟောဝါရဲ့နည်းလမ်းအတိုင်း ကိုင်တွယ်ဖို့၊ တရားမျှတမှုနဲ့ကရုဏာကို ဟန်ချက်ညီညီတင်ပြဖို့ ခရစ်ယာန်အကြီးအကဲတွေကို သေချာလေ့ကျင့်ပေးတယ်။ အခုဆိုရင် နောင်တမရတဲ့ အပြစ်ပြုသူကို အသင်းတော်ကနေ နှင်ထုတ်ရတဲ့အကြောင်းရင်း အနည်းဆုံးသုံးခုရှိမှန်း ရှင်းရှင်းလင်းလင်းသိလာရပြီ။ အဲဒါတွေကတော့ (၁) ယေဟောဝါရဲ့နာမည် ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်စေဖို့၊ (၂) ကြီးလေးတဲ့အပြစ်ရဲ့ ဆိုးကျိုးတွေကနေ အသင်းတော်ကို ကာကွယ်ပေးဖို့၊ (၃) ဖြစ်နိုင်မယ်ဆိုရင် အပြစ်ပြုသူကို နောင်တရအောင် လှုံ့ဆော်ပေးဖို့ ဖြစ်တယ်။

၂၁။ နှင်ထုတ်ခြင်းအစီအစဉ်က ဘုရားသခင့်လူမျိုးအတွက် ဘယ်လိုနည်းနဲ့ ကောင်းကျိုးဖြစ်ထွန်းစေသလဲ။

၂၁ နှင်ထုတ်ခြင်းအစီအစဉ်က ဒီနေ့ ခရစ်တော်ရဲ့နောက်လိုက်တွေအတွက် ကောင်းကျိုးဖြစ်ထွန်းစေတယ် မဟုတ်လား။ ရှေးအစ္စရေးအချိန်တုန်းကလည်း အပြစ်ပြုသူတွေဟာ လူမျိုးတစ်မျိုးလုံးအပေါ် မကောင်းတဲ့သြဇာ လွှမ်းမိုးခဲ့ကြတယ်။ တစ်ခါတစ်ရံမှာ သူတို့ရဲ့အရေအတွက်က ယေဟောဝါကိုချစ်ပြီး မှန်တာလုပ်ချင်တဲ့သူတွေထက်တောင် ပိုများသေးတယ်။ ဒါကြောင့်လည်း အစ္စရေးလူမျိုးဟာ ယေဟောဝါရဲ့နာမည်ကို ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေခဲ့ပြီး ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးခဲ့ရတယ်။ (ယေ. ၇:၂၃-၂၈) အခုအချိန်မှာတော့ ယေဟောဝါက လူမျိုးတစ်မျိုးတည်းနဲ့ မဆက်ဆံတော့ဘဲ လူမျိုးအသီးသီးထဲက သစ္စာရှိအမျိုးသားအမျိုးသမီးတွေနဲ့ ဆက်ဆံနေတယ်။ ခေါင်းမာမာနဲ့ အပြစ်ပြုသူတွေကို အသင်းတော်ကနေ ဖယ်ရှားလိုက်တဲ့အတွက် သူတို့ကို လက်ကိုင်တုတ်အနေနဲ့ စာတန်အသုံးပြုလို့ မရတော့ဘူး။ အသင်းတော်ရဲ့သန့်ရှင်းတဲ့အခြေအနေ ထပ်ပြီးထိခိုက်ပျက်စီးသွားအောင် လုပ်လို့မရတော့ဘူး။ အဲဒီအစား သူတို့ရဲ့သြဇာလွှမ်းမိုးမှုကို နည်းသထက် နည်းသွားစေတယ်။ ဒါကြောင့် အုပ်စုလိုက်အနေနဲ့ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့မျက်နှာသာ ဆက်ပြီးရရှိနေတယ်ဆိုတာ သေချာပါတယ်။ ‘သင့်ကိုတိုက်ခိုက်ဖို့လုပ်တဲ့ ဘယ်လက်နက်မှ အောင်မြင်မှာမဟုတ်ဘူး’ လို့ ယေဟောဝါ ကတိပြုထားတာကို သတိရပါ။ (ဟေရှာ. ၅၄:၁၇ကဘ) ကြီးလေးတဲ့တာဝန်ဖြစ်တဲ့ တရားရေးကိစ္စတွေ ကိုင်တွယ်နေတဲ့ အကြီးအကဲတွေကို ကျွန်တော်တို့ သစ္စာရှိရှိထောက်မပေးနေသလား။

မိသားစုတိုင်းအတွက် အမည်နာမရရှိစေတဲ့အရှင်ကို ဂုဏ်တင်ချီးမွမ်းခြင်း

၂၂၊ ၂၃။ ၂၀ ရာစုအစောပိုင်းက ခရစ်ယာန်ချင်းတွေကို ကျွန်တော်တို့ ဘာကြောင့် ကျေးဇူးတင်လေးမြတ်ကြသလဲ။ ဒါပေမဲ့ မိသားစုဘဝနဲ့ပတ်သက်ရင် မျှတမှုပိုလိုအပ်နေသေးတယ်ဆိုတာ ဘယ်အချက်က ဖော်ပြသလဲ။

၂၂ ခရစ်တော်ရဲ့နောက်လိုက်တွေ အမြဲသန့်စင်ပေးခံရတဲ့အတွက် အကျိုးရရှိတဲ့ တတိယကဏ္ဍကတော့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝပါပဲ။ နှစ်တွေတစ်လျှောက်မှာ မိသားစုနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့အမြင်ကို သန့်စင်ပေးခဲ့သလား။ သန့်စင်ပေးခဲ့ပါတယ်။ ဥပမာအနေနဲ့၊ ၂၀ ရာစုအစောပိုင်းတုန်းက ဘုရားသခင့်ကျေးကျွန်တွေအကြောင်း ဖတ်ရတဲ့အခါ သူတို့ရဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို အထင်ကြီးလေးစားပြီး အံ့သြမိမှာပဲ။ အရာရာထက် ဘုရားသခင့်အမှုတော်ကို သူတို့ဦးစားထားခဲ့တဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ကြတယ်။ တစ်ချိန်တည်းမှာ မျှမျှတတရှိဖို့ ပိုလိုအပ်နေသေးတယ်ဆိုတာကိုလည်း သတိထားမိနိုင်တယ်။ ဘာကြောင့်လဲ။

၂၃ အဲဒီတုန်းက ညီအစ်ကိုတွေဟာ အမှုဆောင်လုပ်ငန်း၊ နယ်လှည့်လုပ်ငန်း တာ၀န်တွေကြောင့် တစ်ခါတလေ လနဲ့ချီပြီး မိသားစုနဲ့ဝေးနေတာမျိုး ဖြစ်တတ်တယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့စာပေတွေမှာ အိမ်ထောင်ပြုတာနဲ့ပတ်သက်လို့ ကျမ်းစာမှာပြောတာထက် ပိုပြင်းပြင်းထန်ထန် တားမြစ်လာတယ်။ အိမ်ထောင်ခိုင်မြဲအောင် ဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့အကြောင်းကိုတော့ နည်းနည်းပဲပြောခဲ့တယ်။ ဒီနေ့အချိန်မှာကော၊ ခရစ်တော်ရဲ့နောက်လိုက်တွေဆီမှာ အဲဒီလိုအခြေအနေတွေ ရှိနေတုန်းပဲလား။ မရှိတော့ပါဘူး။

မိသားစုတာဝန်တွေကို မလုပ်နိုင်တော့တဲ့အထိ အသင်းတော်တာဝန် တွေကို ကြိုးစားလုပ်နေတာမျိုး မဖြစ်ရဘူး

၂၄။ အိမ်ထောင်ရေး၊ မိသားစုဘဝနဲ့ ပတ်သက်ပြီး ပိုမျှတတဲ့အမြင်ရှိလာအောင် သစ္စာရှိသူတွေကို ခရစ်တော် ဘယ်လိုကူညီပေးခဲ့သလဲ။

၂၄ အခုဆိုရင် မိသားစုတာဝန်တွေကို မလုပ်နိုင်တော့တဲ့အထိ အသင်းတော်တာဝန်တွေကို ကြိုးစားလုပ်နေတာမျိုးမဖြစ်ဖို့ သတိပေးနေတယ်။ (၁ တိမောသေ ၅:၈ ကိုဖတ်ပါ။) ဒါ့အပြင် အိမ်ထောင်ရေး၊ မိသားစုဘဝနဲ့ပတ်သက်ပြီး အထောက်အကူဖြစ်စေတဲ့၊ မျှတတဲ့ ကျမ်းစာအကြံပြုချက်အလျှံပယ်ကို သစ္စာရှိနောက်လိုက်တွေ ပုံမှန်ရရှိနိုင်ဖို့ ခရစ်တော် သေချာစီစဉ်ပေးနေတယ်။ (ဧ. ၃:၁၄၊ ၁၅) ၁၉၇၈ ခုနှစ်မှာ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ် ထွက်လာတယ်။ ၁၈ နှစ်လောက်အကြာမှာ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ဒါ့အပြင် အိမ်ထောင်မှာ ကျမ်းစာမူတွေကိုကျင့်သုံးနိုင်ဖို့ ဇနီးမောင်နှံတွေကို ကူညီပေးတဲ့ ကင်းမျှော်စင် ဆောင်းပါးများစွာကိုလည်း ထုတ်ဝေခဲ့တယ်။

၂၅–၂၇။ နှစ်တွေတစ်လျှောက်မှာ အသက်အရွယ်အမျိုးမျိုးရှိတဲ့ ကလေးတွေရဲ့လိုအပ်ရာကို ဘယ်လိုနည်းနဲ့ ပိုအာရုံစိုက်လာသလဲ။

၂၅ လူငယ်တွေအတွက်ကော။ နှစ်တွေတစ်လျှောက် သူတို့ရဲ့လိုအပ်ရာတွေကို ပိုပိုအာရုံစိုက်လာတယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းဟာ အသက်အရွယ်အမျိုးမျိုးရှိတဲ့ ကလေးတွေအတွက် ကောင်းမွန်ရာတွေကို အရင်ကတည်းက ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အရင်တုန်းက အနည်းငယ်သာ ပြင်ဆင်ပေးခဲ့ရာကနေ နောက်ပိုင်းမှာ အလျှံပယ် ပုံမှန်ပြင်ဆင်ပေးလာတယ်။ ဥပမာအနေနဲ့၊ ၁၉၁၉ ကနေ ၁၉၂၁ ခုနှစ်အထိ ရွှေခေတ်မဂ္ဂဇင်းမှာ “လူငယ်ကျမ်းစာသင်တန်း” ဆိုတဲ့ကဏ္ဍပါလာတယ်။ အဲဒီနောက် ၁၉၂၀ မှာ ရွှေခေတ် အေဘီစီ ဘရိုရှာ၊ ၁၉၄၁ ခုနှစ်မှာ သားသမီး စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကြီးမြတ်သောဆရာ့စကားကိုနားထောင်ခြင်း၊ လူငယ့်ဘဝ—အနှစ်သာရ၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် တို့ကို ထုတ်ဝေတယ်။ ၁၉၈၂ ခုနှစ်ကစပြီး နိုးလော့! မှာ “လူငယ်များအမေး” ဆိုတဲ့အခန်းဆက်ဆောင်းပါးတွေ ပါလာတယ်။ ၁၉၈၉ ခုနှစ်မှာတော့ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ကို ထုတ်ဝေခဲ့တယ်။

ဂျာမနီနိုင်ငံက ဒီစည်းဝေးကြီးမှာ ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ ဘရိုရှာကိုရရှိလို့ ပျော်ရွှင်နေကြ

၂၆ အခုဆိုရင် လူငယ်များအမေးစာအုပ် အတွဲနှစ်တွဲရှိနေပြီ။ jw.org ဝက်ဘ်ဆိုက်မှာလည်း အဲဒီအခန်းဆက်ဆောင်းပါးအသစ်တွေကို ဆက်ပြီးဖတ်ရှုနိုင်ပါတယ်။ ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်လည်းရှိတယ်။ အဲဒီအပြင် ကျွန်တော်တို့ရဲ့ဝက်ဘ်ဆိုက်မှာ လူငယ်တွေအတွက် ကဏ္ဍစုံစုံလင်လင်ရှိတယ်။ ကျမ်းစာဇာတ်ကောင်ကတ်များ၊ ကလေးတွေအတွက် လေ့လာသင်ယူစရာများ၊ ရုပ်ပုံမှာ လုပ်စရာများ၊ ဗီဒီယို၊ ကျမ်းစာရုပ်ပြဇာတ်လမ်းများ၊ သုံးနှစ်နဲ့သုံးနှစ်အောက် ကလေးတွေအတွက် ကျမ်းစာသင်ခန်းစာများ စတာတွေဖြစ်တယ်။ ပထမရာစုမှာ ခရစ်တော်က ကလေးငယ်တွေကို သူ့ဆီခေါ်ပြီး ချီပိုက်ခဲ့တယ်။ ကလေးတွေနဲ့ပတ်သက်ပြီး အဲဒီကတည်းက သူ့မှာရှိတဲ့သဘောထား မပြောင်းလဲဘူးဆိုတာ သေချာပါတယ်။ (မာ. ၁၀:၁၃-၁၆) ခရစ်တော်က လူငယ်လေးတွေကို မေတ္တာခံစားစေချင်တယ်၊ ဘုရားရေးရာနဲ့ဆိုင်တဲ့ ပုံဆောင်အစာကိုလည်း ဝဝလင်လင်စားသုံးစေချင်တယ်။

၂၇ ယေရှုက ကလေးတွေကို အန္တရာယ်ကနေ ကာကွယ်ပေးချင်တယ်။ ကိုယ်ကျင့်တရားယုတ်ညံ့တဲ့ ဒီလောကဟာ အကျင့်ပျက်မှုနွံထဲ နစ်သထက်နစ်နေတာနဲ့အမျှ ကလေးမတော်မတရားပြုတာတွေလည်း ပိုပျံ့နှံ့လာတယ်။ ဒါကြောင့် ကြောက်စရာကောင်းတဲ့ အဲဒီအဖြစ်ဆိုးကနေ ကလေးတွေကို ကာကွယ်နိုင်အောင် မိဘတွေကိုကူညီပေးဖို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးထားတဲ့ စာပေတွေကို ထုတ်ဝေခဲ့တယ်။ *

၂၈။ (က) ယေဇကျေလရဲ့ဗိမာန်တော်ရူပါရုံမှာ ဖော်ပြတဲ့အတိုင်း စင်ကြယ်တဲ့ဝတ်ပြုရေးမှာ ပါဝင်နိုင်ဖို့ ဘာလုပ်ရမလဲ။ (ခ) သင်ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၂၈ ခရစ်တော်က သူ့နောက်လိုက်တွေကို ယေဟောဝါရဲ့မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို လေးစားဖို့၊ အဲဒါတွေအတိုင်းအသက်ရှင်ပြီး အကျိုးခံစားရဖို့ ဘယ်လိုလေ့ကျင့်ပေးနေတယ်၊ ဘယ်လိုဆက်သန့်စင်ပေးနေတယ်ဆိုတာကို လေ့လာသုံးသပ်ရတာ စိတ်လှုပ်ရှားစရာကောင်းတယ်မဟုတ်လား။ ယေဇကျေလရူပါရုံမှာပါတဲ့ ဗိမာန်တော်အကြောင်း ပြန်စဉ်းစားကြည့်ပါ။ မြင့်မားတဲ့ဂိတ်တံခါးတွေကိုလည်း ပြန်သတိရပါ။ အဲဒီဗိမာန်တော်က တကယ့်နေရာတစ်ခုမဟုတ်ဘဲ ပုံဆောင်နေရာဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါကို တကယ်တည်ရှိတဲ့နေရာတစ်ခုလို ကျွန်တော်တို့ မြင်သလား။ နိုင်ငံတော်ခန်းမကိုသွားရုံ၊ ကျမ်းစာဖွင့်ဖတ်ရုံ၊ အမှုဆောင်လုပ်ငန်းမှာ တံခါးခေါက်ရုံနဲ့ ဗိမာန်တော်ထဲဝင်တယ်လို့ ပြောလို့မရဘူး။ အဲဒါတွေက သိသာတဲ့ အပြင်ပန်းလုပ်ရပ်တွေဖြစ်တယ်။ အရေခြုံသူတစ်ယောက်တောင်မှ ယေဟောဝါရဲ့ဗိမာန်တော်ထဲမဝင်ဘဲ ဒီအရာတွေကို လုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒါတွေကိုလုပ်ဆောင်ရင်း တစ်ချိန်တည်းမှာ ယေဟောဝါရဲ့မြင့်မားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း အသက်ရှင်နေရမယ်၊ စင်ကြယ်တဲ့ဝတ်ပြုရေးမှာ မှန်ကန်တဲ့သဘောထားနဲ့ ပါဝင်ရမယ်။ ဒါဆိုရင် ဗိမာန်တော်ထဲဝင်ပြီး အသန့်ရှင်းဆုံးနေရာဖြစ်တဲ့ ယေဟောဝါဘုရားရဲ့စင်ကြယ်တဲ့ဝတ်ပြုရေးအစီအစဉ်မှာ အမှုဆောင်နေတာဖြစ်တယ်။ အဲဒီအဖိုးတန်အခွင့်ထူးကို အမြဲတန်ဖိုးထားလေးမြတ်ကြပါစို့။ ယေဟောဝါရဲ့ဖြောင့်မတ်တဲ့စံနှုန်းတွေကို ကိုင်စွဲခြင်းအားဖြင့် ကိုယ်တော့်သန့်ရှင်းခြင်းကို ထင်ရှားစေဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်နေကြပါစို့။

^ အပိုဒ်၊ 2 ၁၉၃၂ ခုနှစ်ထုတ် သင်္ကာယနကင်းရှင်းစေခြင်း စာအုပ် အတွဲ ၂ မှာ ဘုရားသခင့်လူမျိုး ပြည်တော်ပြန်ခြင်းဆိုင်ရာ ကျမ်းစာပရောဖက်ပြုချက်တွေဟာ မျက်မှောက်ခေတ်မှာ ဇာတိအစ္စရေးလူမျိုးနဲ့မဟုတ်ဘဲ ဘုရားသခင့်အစ္စရေးလူမျိုးနဲ့ပတ်သက်ပြီး ပြည့်စုံနေမှန်း ဦးဆုံးအကြိမ်ဖော်ပြခဲ့တယ်။ အဲဒီပရောဖက်ပြုချက်တွေက စင်ကြယ်တဲ့ဝတ်ပြုရေး ပြန်လည်ထူထောင်ခြင်းနဲ့ဆိုင်တယ်။ ၁၉၉၉၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင်က ယေဇကျေလရဲ့ဗိမာန်တော်ရူပါရုံ ကလည်း ပြန်လည်ထူထောင်ခြင်းပရောဖက်ပြုချက် ဖြစ်တဲ့အတွက် နောက်ဆုံးကာလအတွင်းမှာ အရေးပါတဲ့နည်းနဲ့ ပြည့်စုံနေတယ်လို့ ရှင်းပြခဲ့တယ်။

^ အပိုဒ်၊ 6 ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ အိမ်ထောင်ဖက်မဟုတ်ဘူး၊ ဆွေမျိုးရင်းချာမဟုတ်ဘူးဆိုရင် အခန်းတံခါးကို ကျယ်ကျယ်မဖွင့်ထားဘဲ နှစ်ယောက်တည်းအတူရှိနေတာမျိုးကို အဲဒီကတိခံဝန်ချက်မှာ တားမြစ်ထားတယ်။ နှစ်အတော်ကြာအထိ အဲဒီကတိခံဝန်ချက်ကို ဗေသလနံနက်ဝတ်ပြုမှု အစီအစဉ်မှာ နေ့စဉ်ဖတ်ရှုခဲ့တယ်။

^ အပိုဒ်၊ 13 ဆေးရွက်ကြီးတလွဲသုံးခြင်းမှာ သောက်တာ၊ ဝါးတာ၊ ငုံတာ ဒါမှမဟုတ် အဲဒီအတွက်သုံးဖို့ စိုက်ပျိုးတာတွေ ပါဝင်တယ်။