မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၅

လွတ်လပ်စွာကိုးကွယ်ခွင့်အတွက် တိုက်ပွဲဝင်ခြင်း

လွတ်လပ်စွာကိုးကွယ်ခွင့်အတွက် တိုက်ပွဲဝင်ခြင်း

အဓိကအကြောင်းအရာ

တရားဝင်အသိအမှတ်ပြုချက် ရရှိဖို့နဲ့ ဘုရားသခင့်ပညတ်တွေကို နာခံပိုင်ခွင့်ရရှိဖို့ တိုက်ပွဲဝင်ရာမှာ နောက်လိုက်တွေကို ခရစ်တော် ကူညီပေးပုံ

၁၊ ၂။ (က) သင်ဟာ ဘုရားသခင့် နိုင်ငံတော်ရဲ့ နိုင်ငံသားဖြစ်ကြောင်း ဘယ်လိုသက်သေပြမလဲ။ (ခ) ယေဟောဝါသက်သေတွေဟာ လွတ်လပ်စွာကိုးကွယ်ခွင့်ရဖို့ ဘာကြောင့် မကြာခဏတိုက်ပွဲဝင်ခဲ့သလဲ။

သင်ဟာ ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားတစ်ယောက်လား။ ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ သင်ဟာ နိုင်ငံသားဖြစ်တာ သေချာပါတယ်။ ဒါဆိုရင် နိုင်ငံသားဖြစ်ကြောင်း ဘယ်လိုသက်သေပြမလဲ။ မှတ်ပုံတင်ကတ်ပြား ဒါမှမဟုတ် အစိုးရထောက်ခံချက်တစ်ခုခုနဲ့ မဟုတ်ပါဘူး။ အဲဒီအစား ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပုံနည်းလမ်းနဲ့ သက်သေပြနိုင်ပါတယ်။ စစ်မှန်တဲ့ဝတ်ပြုရေးဆိုတာ သင် ဘာတွေကိုယုံကြည်ထားတယ်ဆိုတာလောက်ပဲ မဟုတ်ဘူး။ သင့်ရဲ့လုပ်ဆောင်မှုတွေလည်း ပါဝင်တယ်။ တစ်နည်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်ဥပဒေတွေကို နာခံခြင်းပါဝင်တယ်။ ကျွန်တော်တို့ရဲ့ဝတ်ပြုရေးက မိသားစုကိုကျွေးမွေးပြုစုပုံ၊ ကျန်းမာရေးကိစ္စတွေကိုဖြေရှင်းပုံ စတဲ့ဘဝကဏ္ဍတိုင်းနဲ့ သက်ဆိုင်တယ်။

ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားဖြစ်ရတာကို ကျွန်တော်တို့သိပ်တန်ဖိုးထားပေမဲ့ ဒီလောက,ကတော့ အဲဒါကို အမြဲအသိအမှတ်မပြုဘူး၊ နိုင်ငံတော်ရဲ့တောင်းဆိုချက်တွေကိုလည်း အမြဲမလေးစားဘူး။ အစိုးရတချို့က ကျွန်တော်တို့ရဲ့ကိုးကွယ်မှုကို ကန့်သတ်ဖို့၊ လုံးဝပိတ်ပင်ဖို့တောင် ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် မေရှိယဘုရင်ရဲ့လက်အောက်ခံတွေက ဘုရင်ချမှတ်ထားတဲ့ ဥပဒေတွေအတိုင်း လွတ်လပ်စွာနေထိုင်ခွင့်ရဖို့ တိုက်ပွဲဝင်ရတဲ့အခါတွေရှိတယ်။ ဒါကလည်း အံ့ဩစရာမဟုတ်ပါဘူး။ ကျမ်းစာခေတ်က ယေဟောဝါရဲ့လူမျိုးတွေလည်း ယေဟောဝါကို လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိဖို့ မကြာခဏ တိုက်ပွဲဝင်ခဲ့ကြတယ်။

၃။ မိဖုရားဧသတာလက်ထက်မှာ ဘုရားသခင့်လူမျိုးဟာ ဘာအတွက် တိုက်ပွဲဝင်ခဲ့သလဲ။

ဥပမာအနေနဲ့၊ မိဖုရားဧသတာလက်ထက်မှာ ဘုရားသခင့်လူမျိုးဟာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ဘာကြောင့်လဲ။ ဂျူးတွေရဲ့ ‘စည်းမျဉ်းဥပဒေက တခြားလူမျိုးတွေရဲ့ စည်းမျဉ်းဥပဒေနဲ့မတူ’ တာကြောင့် နိုင်ငံအတွင်းမှာနေထိုင်တဲ့ ဂျူးအားလုံးကိုသတ်ပစ်ဖို့ ဆိုးညစ်တဲ့ ဝန်ကြီးချုပ်ဟာမန်က ပါးရှားဘုရင်အာရွှေရုကို အကြံပေးခဲ့လို့ပဲ။ (ဧသ. ၃:၈ကဘ၊ ၉၊ ၁၃) ယေဟောဝါက သူ့လူမျိုးကိုအကူအညီမပေးဘဲ ပစ်ထားခဲ့သလား။ ပစ်မထားခဲ့ပါဘူး။ ဘုရားသခင့်လူမျိုးကို ကာကွယ်ပေးဖို့ ပါရှားဘုရင်ဆီမှာ မော်ဒကဲနဲ့ဧသတာ အသနားခံတဲ့အခါ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်တော် ကောင်းချီးပေးခဲ့တယ်။—ဧသ. ၉:၂၀-၂၂

၄။ ဒီအခန်းမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

ဒီနေ့အချိန်မှာကော။ ရှေ့အခန်းမှာလေ့လာခဲ့တဲ့အတိုင်း လောကအာဏာရှင်တွေက ယေဟောဝါသက်သေတွေကို ဆန့်ကျင်ခဲ့တဲ့အချိန်တွေရှိတယ်။ ကျွန်တော်တို့ရဲ့ဝတ်ပြုကိုးကွယ်မှုကို ကန့်သတ်ဖို့ အစိုးရတွေ ဘယ်လိုကြိုးစားတယ်ဆိုတဲ့အကြောင်း ဒီအခန်းမှာဆွေးနွေးပါမယ်။ ကဏ္ဍသုံးခုကို လေ့လာကြည့်ရအောင်။ (၁) အဖွဲ့အစည်းအဖြစ် ရပ်တည်ခွင့်နဲ့ ကိုယ့်ရွေးချယ်မှုအတိုင်း ဝတ်ပြုကိုးကွယ်ခွင့်၊ (၂) ကျမ်းစာမူတွေနဲ့ကိုက်ညီတဲ့ ဆေးကုသမှုကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ (၃) ယေဟောဝါရဲ့စံနှုန်းအတိုင်း မိဘတွေ သားသမီးပြုစုပျိုးထောင်ခွင့် တို့ဖြစ်တယ်။ ကဏ္ဍတစ်ခုစီမှာ မေရှိယနိုင်ငံရဲ့ သစ္စာရှိနိုင်ငံသားတွေက သူတို့ရဲ့နိုင်ငံသားအဖြစ်ကို ကာကွယ်ဖို့ ဘယ်လို သတ္တိရှိရှိတိုက်ပွဲဝင်ခဲ့တယ်၊ ဘယ်လိုကောင်းချီးတွေရရှိခဲ့တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

တရားဝင်အသိအမှတ်ပြုချက်နဲ့ အခြေခံလွတ်လပ်ခွင့်တွေရရှိဖို့ တိုက်ပွဲဝင်ခြင်း

၅။ တရားဝင်အသိအမှတ်ပြုခံရတဲ့အခါ ခရစ်ယာန်စစ်တွေ ဘယ်လိုအကျိုးရရှိသလဲ။

ယေဟောဝါကို ဝတ်ပြုကိုးကွယ်နိုင်ဖို့ လူ့အစိုးရတွေဆီကနေ တရားဝင်အသိအမှတ်ပြုချက် လိုအပ်သလား။ မလိုအပ်ပါဘူး။ ဒါပေမဲ့ တရားဝင်အသိအမှတ်ပြုခံရတဲ့အခါ ကျွန်တော်တို့ရဲ့ဝတ်ပြုရေးလုပ်ငန်းတွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တယ်။ ဥပမာ၊ နိုင်ငံတော်ခန်းမတွေနဲ့ စည်းဝေးပွဲခန်းမတွေမှာ လွတ်လပ်စွာစုဝေးနိုင်တယ်၊ ကျမ်းစာ,စာပေတွေ ပုံနှိပ်တင်ပို့နိုင်တယ်၊ သတင်းကောင်းကို အနှောင့်အယှက်မရှိ ဟောပြောနိုင်တယ်။ နိုင်ငံများစွာမှာ ယေဟောဝါသက်သေတွေဟာ တရားဝင်မှတ်ပုံတင်ထားတာကြောင့် တရားဝင်အသိအမှတ်ပြုခံရတဲ့ တခြားဘာသာရေးအသင်းတွေလိုပဲ လွတ်လပ်စွာဝတ်ပြုခွင့်ရရှိကြတယ်။ ဒါပေမဲ့ အစိုးရတွေက တရားဝင်အသိအမှတ်မပြုတဲ့အခါ၊ အခြေခံလွတ်လပ်ခွင့်တွေကို ကန့်သတ်ဖို့ကြိုးစားတဲ့အခါ ဘာဖြစ်လာသလဲ။

၆။ ၁၉၄၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ဩစတြေးလျနိုင်ငံက ယေဟောဝါ သက်သေတွေ ဘာအခက်အခဲ ကြုံတွေ့ခဲ့ရသလဲ။

ဩစတြေးလျ။ ၁၉၄၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ဩစတြေးလျဘုရင်ခံချုပ်က သက်သေခံတွေရဲ့ယုံကြည်ချက်တွေဟာ စစ်ဘက်ဆိုင်ရာလုပ်ငန်းကို “ထိခိုက်နစ်နာ” စေတယ်လို့ ယူဆပြီး သက်သေခံတွေကို ပိတ်ပင်လိုက်တယ်။ ဒါကြောင့် လွတ်လပ်စွာစုဝေးခွင့်၊ ဟောပြောခွင့် မရတော့ဘူး။ ဗေသလလုပ်ငန်းတွေကို ပိတ်လိုက်ရတယ်။ နိုင်ငံတော်ခန်းမတွေလည်း သိမ်းပိုက်ခံရတယ်။ ကျမ်းစာ,စာပေတွေ လက်ဝယ်ပိုင်ဆိုင်တာကိုတောင် တားမြစ်ခဲ့တယ်။ ဩစတြေးလျက သက်သေခံတွေဟာ နှစ်အတန်ကြာ လျှို့ဝှက်လုပ်ဆောင်ခဲ့ရပြီး နောက်ဆုံးမှာတော့ လွတ်မြောက်ခဲ့ကြတယ်။ ၁၉၄၃၊ ဇွန်လ ၁၄ ရက်မှာ ဩစတြေးလျအထက်တရားရုံးက ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တယ်။

၇၊ ၈။ လွတ်လပ်စွာကိုးကွယ်ခွင့်ရဖို့ ရုရှားနိုင်ငံက ညီအစ်ကိုတွေ နှစ်ပေါင်းများစွာဆင်နွှဲခဲ့တဲ့ တိုက်ပွဲအကြောင်း ပြောပြပါ။

ရုရှား။ ယေဟောဝါသက်သေတွေဟာ ကွန်မြူနစ်ပိတ်ပင်မှုအောက်မှာ ဆယ်စုနှစ်ချီနေခဲ့ရပေမဲ့ ၁၉၉၁ ခုနှစ်မှာတော့ တရားဝင်မှတ်ပုံတင်နိုင်ခဲ့တယ်။ ယခင်ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ၁၉၉၂ ခုနှစ်မှာ ရုရှားပြည်ထောင်စုမှာလည်း တရားဝင်အသိအမှတ်ပြုခံရတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဆန့်ကျင်သူတချို့၊ အထူးသဖြင့် ရုရှားသြသဒေါက်အသင်းသားတွေဟာ သက်သေခံတွေ အရေအတွက်တိုးများလာတာကို အကြီးအကျယ်စိုးရိမ်လာတယ်။ ၁၉၉၅ နဲ့ ၁၉၉၈ ခုနှစ်ကြားမှာ ယေဟောဝါသက်သေတွေကို ပြစ်မှုဆိုင်ရာစွဲချက်ငါးခု တင်သွင်းခဲ့တယ်။ စွဲချက်တိုင်းမှာ တရားလိုရှေ့နေက သက်သေခံတွေမှာအပြစ်ရှိကြောင်း အထောက်အထားမပြနိုင်ခဲ့ဘူး။ ဒါနဲ့ ဆန့်ကျင်သူတွေက ၁၉၉၈ ခုနှစ်မှာ တရားမမှုနဲ့ စွဲချက်တင်ပြန်တယ်။ အစပိုင်းမှာ သက်သေခံတွေ အနိုင်ရပေမဲ့ ဆန့်ကျင်သူတွေက ရုံးတော်ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့တယ်။ ၂၀၀၁၊ မေလမှာ သက်သေခံတွေ အယူခံဝင်တာ ရှုံးနိမ့်သွားတယ်။ အဲဒီနှစ် အောက်တိုဘာလမှာ အမှုကို ပြန်ကြားနာစစ်ဆေးတယ်။ ဒီလိုနဲ့ ၂၀၀၄ ခုနှစ်မှာ မော်စကိုမြို့ကသက်သေခံတွေ အသုံးပြုတဲ့ တရား၀င်အသင်းအဖွဲ့ကို ဖျက်သိမ်းဖို့၊ သက်သေခံတွေရဲ့လုပ်ငန်းကို ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

အဲဒီအချိန်ကစပြီး နှိပ်စက်ညှဉ်းပန်းမှုတွေ ဆက်တိုက်ကြုံရတယ်။ (၂ တိမောသေ ၃:၁၂ ကိုဖတ်ပါ။) နှောင့်ယှက်မှုတွေ၊ ကိုယ်ထိလက်ရောက်စော်ကားမှုတွေ ခံခဲ့ရတယ်။ ဘာသာရေးစာပေတွေ အသိမ်းခံရတယ်။ ဝတ်ပြုကိုးကွယ်တဲ့နေရာတွေ ဆောက်လုပ်တာ၊ ငှားရမ်းတာကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ခဲ့တယ်။ ဒီလိုအခက်အခဲတွေ ကြုံရတဲ့အခါ ညီအစ်ကိုညီအစ်မတွေ ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ၂၀၀၁ ခုနှစ်မှာ သက်သေခံတွေက လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (အီးစီအိပ်ခ်ျအာရ်) မှာ အမှုတင်သွင်းတယ်။ ၂၀၀၄ ခုနှစ်မှာ ထပ်ဆင့်အချက်အလက်တွေ တင်ပြပြန်တယ်။ ၂၀၁၀ မှာ အီးစီအိပ်ခ်ျအာရ်က ဆုံးဖြတ်ချက်ချတယ်။ ရုရှားနိုင်ငံမှာ သက်သေခံတွေကို ပိတ်ပင်ရတဲ့အကြောင်းရင်းက ဘာသာရေးအစွန်းရောက်မှုဖြစ်ကြောင်း ရုံးတော်ကတွေ့ရှိပြီး အောက်တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေကို အတည်ပြုစရာအကြောင်းမရှိဘူးလို့ စီရင်ချက်ချခဲ့တယ်။ အကြောင်းကတော့ သက်သေခံတွေမှာ အပြစ်ရှိကြောင်း အထောက်အထားတစ်ခုမှ မတွေ့လို့ပဲ။ ဒါ့အပြင် သက်သေခံတွေရဲ့ တရားဝင်အခွင့်အရေးတွေကို ဖယ်ရှားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပိတ်ပင်ခဲ့မှန်း ရုံးတော်ကသတိပြုမိတယ်။ ရုံးတော်ရဲ့ဆုံးဖြတ်ချက်က သက်သေခံတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အတည်ပြုပေးတယ်။ ရုရှားအာဏာပိုင် အတော်များများက အီးစီအိပ်ခ်ျအာရ်ရဲ့ဆုံးဖြတ်ချက်ကို မလိုက်နာပေမဲ့ ရုရှားနိုင်ငံမှာရှိတဲ့ ဘုရားသခင့်လူမျိုးဟာ အဲဒီအောင်ပွဲတွေကြောင့် အရမ်းအားတက်လာကြတယ်။

တီတော့စ် မာနူဆာကီ (အပိုဒ် ၉ ကိုကြည့်ပါ)

၉–၁၁။ ဂရိနိုင်ငံမှာ ယေဟောဝါရဲ့လူမျိုးဟာ အတူတကွ လွတ်လပ်စွာကိုးကွယ်ခွင့်ရဖို့ ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲ။ ဘာရလဒ်ရခဲ့သလဲ။

ဂရိ။ ၁၉၈၃ ခုနှစ်မှာ တီတော့စ် မာနူဆာကီဟာ ခရိကျွန်း၊ ဟီရတ်လီယွန်မြို့မှာ အခန်းတစ်ခန်းငှားပြီး ယေဟောဝါသက်သေအုပ်စုလေးတစ်စု အဲဒီမှာစုဝေးဝတ်ပြုကြတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) မကြာခင်မှာပဲ ဩသဒေါက်ဓမ္မဆရာတစ်ယောက်က အစိုးရအာဏာပိုင်တွေဆီ တိုင်ချက်ဖွင့်ပြီး အဲဒီအခန်းမှာ သက်သေခံတွေဝတ်ပြုနေတာကို ကန့်ကွက်ခဲ့တယ်။ ဘာကြောင့်လဲ။ သက်သေခံတွေရဲ့ယုံကြည်ချက်က ဩသဒေါက်ချာ့ခ်ျရဲ့ယုံကြည်ချက်နဲ့ မတူဘူးဆိုတဲ့ အချက်ကြောင့်ပဲ။ ချာ့ခ်ျရဲ့ရှေ့နေတွေက တီတော့စ် မာနူဆာကီနဲ့ ဒေသခံညီအစ်ကိုသုံးယောက်ကို ပြစ်မှုကျူးလွန်တယ်ဆိုပြီး စွဲချက်တင်ခဲ့တယ်။ ဒါကြောင့် သူတို့ကိုဒဏ်ငွေတပ်ပြီး ထောင်ဒဏ်နှစ်လ ချမှတ်လိုက်တယ်။ ဘုရားသခင့်နိုင်ငံတော်အပေါ် သစ္စာရှိသူတွေက တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက်တယ်လို့ ယူဆခဲ့ကြတယ်။ ဒါကြောင့် ပြည်တွင်းတရားရုံးတွေမှာ အမှုရင်ဆိုင်ခဲ့ပြီး နောက်ဆုံး အီးစီအိပ်ခ်ျအာရ်မှာ တင်သွင်းခဲ့တယ်။

၁၀ ၁၉၉၆ ခုနှစ်မှာချမှတ်တဲ့ အီးစီအိပ်ခ်ျအာရ်ရဲ့ဆုံးဖြတ်ချက်က စင်ကြယ်တဲ့ဝတ်ပြုရေးဆန့်ကျင်သူတွေအတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုပါပဲ။ “ဂရိဥပဒေအရ ယေဟောဝါသက်သေတွေဟာ ‘တရားဝင်ဘာသာ’ ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ထဲမှာ ဘောင်ဝင်တယ်၊” အောက်တရားရုံးတွေရဲ့ဆုံးဖြတ်ချက်ဟာ “လျှောက်ထားသူတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ထိပါးရာရောက်တယ်” ဆိုတာ ရုံးတော်ကတွေ့ရှိခဲ့တယ်။ ဒါ့အပြင် “ဘာသာရေးယုံကြည်ချက်တွေကို ဒါမှမဟုတ် အဲဒီယုံကြည်ချက်တွေဖော်ပြပုံကို လက်ခံနိုင်ဖွယ်ဖြစ်မဖြစ် စိစစ်ဆုံးဖြတ်” ဖို့က ဂရိအစိုးရရဲ့တာဝန်မဟုတ်ဘူးလို့ ရုံးတော်ကဆုံးဖြတ်ခဲ့တယ်။ သက်သေခံတွေအပေါ်ချမှတ်တဲ့ စီရင်ချက်တွေကို ဖယ်ရှားလိုက်ပြီး လွတ်လပ်စွာဝတ်ပြုခွင့်ကို အတည်ပြုပေးခဲ့တယ်။

၁၁ အဲဒီအောင်ပွဲကြောင့် ဂရိနိုင်ငံမှာ သက်သေခံတွေရဲ့ ပြဿနာတွေ ပြေလည်သွားသလား။ မပြေလည်ခဲ့ပါဘူး။ ဂရိနိုင်ငံ၊ ကာစန်ဒရီမြို့မှာ ၁၂ နှစ်နီးပါး တရားရင်ဆိုင်နေရတဲ့ အလားတူကိစ္စတစ်ခုကို နောက်ဆုံး ၂၀၁၂ ခုနှစ်ကျမှ ဖြေရှင်းနိုင်ခဲ့တယ်။ ဒီကိစ္စမှာ ဩသဒေါက်ဂိုဏ်းအုပ်ဘုန်းကြီးတစ်ပါးက ဆန့်ကျင်မှုကို အစပျိုးပေးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတော်ကောင်စီဖြစ်တဲ့ ဂရိနိုင်ငံ စီမံအုပ်ချုပ်ရေးတရားရုံးချုပ်က ဘုရားသခင့်လူမျိုးကို အနိုင်ပေးလိုက်တယ်။ ရုံးတော်ရဲ့ဆုံးဖြတ်ချက်မှာ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးတဲ့ ဂရိဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားဖော်ပြခဲ့တယ်။ ယေဟောဝါသက်သေတွေဟာ တရားဝင်ဘာသာမဟုတ်ဘူးဆိုပြီး အကြိမ်ကြိမ်တင်သွင်းတဲ့စွဲချက်ကိုလည်း ပယ်ချလိုက်တယ်။ “‘ယေဟောဝါသက်သေတွေ’ ဟာ သူတို့ရဲ့ယုံကြည်ချက်တွေကို မဖုံးကွယ်ထားဘူး။ ဒါကြောင့် သူတို့သက်ဝင်ယုံကြည်တဲ့ဘာသာက တရားဝင်ဘာသာဖြစ်တယ်” ဆိုပြီး ရုံးတော်ကဖော်ပြခဲ့တယ်။ အခု ကာစန်ဒရီမြို့က အသင်းတော်လေးဟာ ကိုယ်ပိုင်နိုင်ငံတော်ခန်းမမှာ စည်းဝေးကျင်းပနိုင်ပြီဖြစ်လို့ အရမ်းဝမ်းသာနေကြတယ်။

၁၂၊ ၁၃။ ပြင်သစ်နိုင်ငံမှာ ဆန့်ကျင်သူတွေက ‘ဥပဒေကိုအသုံးချပြီး’ ဘုရားသခင့်လူမျိုး ‘ဒုက္ခရောက်အောင်’ ဘယ်လိုကြံစည်ခဲ့သလဲ။ ဘာရလဒ်ရခဲ့သလဲ။

၁၂ ပြင်သစ်။ ဆန့်ကျင်သူတချို့က ‘ဥပဒေကိုအသုံးချပြီး’ ဘုရားသခင့်လူမျိုး ‘ဒုက္ခရောက်အောင်ကြံစည်’ ကြတယ်။ (ဆာလံ ၉၄:၂၀ ကိုဖတ်ပါ။) * ဥပမာ၊ ၁၉၉၀ ပြည့်လွန်နှစ်အလယ်ပိုင်းမှာ ပြင်သစ်နိုင်ငံ အကောက်ခွန်အရာရှိတွေက ယေဟောဝါသက်သေတွေရဲ့ တရားဝင်အသင်းတစ်ခုဖြစ်တဲ့ အေတီဂျေအသင်း (Association Les Témoins de Jéhovah) ရဲ့ငွေစာရင်းကို စစ်ဆေးခဲ့တယ်။ ဘတ်ဂျက်စစ်ဆေးရေးအရာရှိက ငွေစာရင်းစစ်ရတဲ့ ရည်ရွယ်ချက်အမှန်ကို အခုလိုပြောခဲ့တယ်– “ဒီလိုစစ်ဆေးလိုက်တဲ့အတွက် ဥပဒေအရဖျက်သိမ်းတာ၊ ပြစ်မှုမကင်းကြောင်း တရားစွဲဆိုတာတွေ လုပ်နိုင်တယ်။ . . . အဲဒါက အသင်းရဲ့လုပ်ငန်းလည်ပတ်မှုကို မတည်မငြိမ်ဖြစ်စေနိုင်သလို ကျွန်တော်တို့ရဲ့နယ်မြေမှာ အသင်းရဲ့လုပ်ဆောင်မှုတွေကို ရပ်ဆိုင်းသွားစေနိုင်တယ်။” စာရင်းစစ်တဲ့အခါ စည်းမျဉ်းဘောင်နဲ့မကိုက်ညီတာတွေ မတွေ့ရပေမဲ့ အကောက်ခွန်အရာရှိတွေက အေတီဂျေအသင်းကို အကြီးအကျယ်ထိခိုက်နစ်နာစေတဲ့အခွန်ငွေ ဆောင်စေခဲ့တယ်။ သူတို့ရဲ့အကြံအစည်သာ အောင်မြင်ခဲ့မယ်ဆိုရင် ညီအစ်ကိုတွေအနေနဲ့ များပြားလှတဲ့အခွန်ငွေကိုပေးဆောင်ဖို့ ဌာနခွဲရုံးကိုပိတ်ပြီး ရောင်းပစ်ဖို့ပဲ ရှိတော့တယ်။ ဒါဟာ ပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်ပေမဲ့ ဘုရားသခင့်လူမျိုးက အလျှော့မပေးခဲ့ဘူး။ ဒီမတရားလုပ်ရပ်ကို သတ္တိရှိရှိကန့်ကွက်ပြီး ၂၀၀၅ ခုနှစ်မှာ အမှုကို အီးစီအိပ်ခ်ျအာရ်အထိ တင်သွင်းခဲ့တယ်။

၁၃ ၂၀၁၁၊ ဇွန်လ ၃၀ ရက်မှာ ရုံးတော်က စီရင်ချက်ချတယ်။ ဘာသာရေးလွတ်လပ်ခွင့်ရှိတဲ့အတွက် အစိုးရအနေနဲ့ ဆိုးရွားလွန်းတဲ့ကိစ္စတွေကလွဲရင် ဘာသာရေးယုံကြည်ချက်တွေကို ဒါမှမဟုတ် အဲဒီယုံကြည်ချက်တွေဖော်ပြပုံကို လက်ခံနိုင်ဖွယ်ဖြစ်မဖြစ် စိစစ်ဆုံးဖြတ်တာမျိုး မလုပ်သင့်ဘူးလို့ ရုံးတော်က ကောက်ချက်ချခဲ့တယ်။ ဒါ့အပြင် “အခုလို အခွန်ငွေကောက်ခံခြင်းက . . . အသင်းရဲ့ အဓိကလုပ်ငန်းဆောင်တာတွေကို ရပ်ဆိုင်းသွားစေတယ်။ ဒီအခါ အသင်းအနေနဲ့ အသင်းသားတွေ လွတ်လပ်စွာဝတ်ပြုခွင့်ရှိအောင် မလုပ်ဆောင်ပေးနိုင်တော့ဘူး” လို့လည်းဖော်ပြခဲ့တယ်။ ရုံးတော်က ယေဟောဝါသက်သေတွေကို အနိုင်ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံးမှာ ပြင်သစ်အစိုးရက အေတီဂျေအသင်းအပေါ်စည်းကြပ်တဲ့ အခွန်ငွေနဲ့တကွ အတိုးကိုပါ ပြန်ပေးခဲ့ရတယ်။ ဌာနခွဲအဆောက်အအုံ ထိန်းသိမ်းခွင့်တွေကိုလည်း ရုံးတော်ရဲ့အမိန့်အရ ရုပ်သိမ်းခဲ့ရတယ်။ ယေဟောဝါရဲ့လူမျိုးတွေ တကယ့်ကိုဝမ်းမြောက်ပျော်ရွှင်ခဲ့ကြတယ်။

လက်ရှိအချိန်မှာ တရားမမျှတမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ညီအစ်ကိုညီအစ်မတွေအတွက် သင် မှန်မှန်ဆုတောင်းပေးနိုင်ပါတယ်

၁၄။ လွတ်လပ်စွာကိုးကွယ်ခွင့်ရဖို့ သင် ဘယ်လိုကူညီပေးနိုင်သလဲ။

၁၄ ရှေးခေတ်တုန်းက မော်ဒကဲနဲ့ဧသတာလိုပဲ ဒီနေ့ ယေဟောဝါရဲ့လူမျိုးကလည်း ယေဟောဝါမိန့်မှာထားတဲ့နည်းလမ်းအတိုင်း လွတ်လပ်စွာဝတ်ပြုကိုးကွယ်နိုင်ဖို့ တိုက်ပွဲဝင်ကြတယ်။ (ဧ. ၄:၁၃-၁၆) သင်ကော အဲဒီတိုက်ပွဲမှာ ကူညီတိုက်ခိုက်ပေးနိုင်သလား။ ကူညီပေးနိုင်ပါတယ်။ လက်ရှိအချိန်မှာ တရားမမျှတမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ညီအစ်ကိုညီအစ်မတွေအတွက် သင် မှန်မှန်ဆုတောင်းပေးနိုင်ပါတယ်။ အဲဒီဆုတောင်းချက်တွေက အခက်အခဲတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံနေရတဲ့ ညီအစ်ကိုညီအစ်မတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်တယ်။ (ယာကုပ် ၅:၁၆ ကိုဖတ်ပါ။) ယေဟောဝါက အဲဒီဆုတောင်းချက်တွေကို နားထောင်ပေးသလား။ တရားရုံးတွေမှာ ကျွန်တော်တို့ရရှိတဲ့အောင်ပွဲတွေက ကိုယ်တော် တကယ်နားထောင်တယ်ဆိုတဲ့ သက်သေပါပဲ။—ဟေဗြဲ ၁၃:၁၈၊ ၁၉

ယုံကြည်ချက်တွေနဲ့ကိုက်ညီတဲ့ ဆေးကုသမှုကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်

၁၅။ ဘုရားသခင့်လူမျိုးဟာ သွေးအသုံးပြုခြင်းနဲ့ပတ်သက်လာရင် ဘယ်အချက်တွေကို ထည့်စဉ်းစားကြသလဲ။

၁၅ အခန်း ၁၁ မှာလေ့လာခဲ့တဲ့အတိုင်း ဒီနေ့အချိန်မှာ သွေးအလွဲသုံးတာ ပိုခေတ်စားလာပေမဲ့ ဘုရားသခင့်နိုင်ငံတော်သားတွေကတော့ သွေးအလွဲသုံးခြင်းကို ရှောင်ကြဉ်ပါဆိုတဲ့ ရှင်းလင်းတဲ့ကျမ်းစာလမ်းညွှန်ချက်ကို ရရှိထားကြတယ်။ (က. ၉:၅၊ ၆; ဝတ်. ၁၇:၁၁; တမန်တော် ၁၅:၂၈၊ ၂၉ ကိုဖတ်ပါ။) ကျွန်တော်တို့ဟာ သွေးသွင်းတာကို လက်မခံပေမဲ့ ကိုယ်တိုင်နဲ့ချစ်ရသူတွေအတွက် ဘုရားသခင့်ပညတ်နဲ့မဆန့်ကျင်တဲ့ အကောင်းဆုံးဆေးကုသမှုတွေကို လိုချင်ကြတယ်။ နိုင်ငံများစွာမှာရှိတဲ့ တရားရုံးချုပ်တွေကလည်း လူတွေမှာ ကိုယ့်ရဲ့မှားမှန်သိစိတ်နဲ့အညီ၊ ဘာသာရေးယုံကြည်ချက်တွေနဲ့အညီ ဆေးကုသမှုကို ရွေးချယ်ပိုင်ခွင့်၊ ငြင်းဆိုပိုင်ခွင့်ရှိကြောင်း အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတချို့မှာ ဘုရားသခင့်လူမျိုးက ကြီးမားတဲ့အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

၁၆၊ ၁၇။ ဂျပန်နိုင်ငံက ညီအစ်မ တစ်ယောက်ဟာ ဆေးကုသချိန်အတွင်းမှာ ဘယ်ထိတ်လန့်စရာအခြေအနေကို ရင်ဆိုင်ခဲ့ရသလဲ။ သူ့ဆုတောင်းချက်တွေ အဖြေရခဲ့သလား။

၁၆ ဂျပန်။ ဂျပန်နိုင်ငံက အသက် ၆၃ နှစ်အရွယ် အိမ်ထောင်ရှင်မ မီဆာအီ တာခီဒါက အကြီးစားခွဲစိတ်ကုသမှုလုပ်ဖို့ လိုအပ်လာတယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့သစ္စာရှိနိုင်ငံသားအနေနဲ့ သူက သွေးမဲ့ကုသမှု ခံယူချင်တယ်လို့ ဆရာဝန်ကို ရှင်းပြတယ်။ ဒါပေမဲ့ သူ့ကိုခွဲစိတ်ချိန်အတွင်းမှာ သွေးသွင်းခဲ့ကြောင်း လအတော်ကြာမှ သိလိုက်ရတဲ့အခါ အကြီးအကျယ်ထိတ်လန့်သွားတယ်။ ညီမတာခီဒါဟာ စော်ကားခံရတယ်၊ လှည့်စားခံရတယ်လို့ ခံစားရတဲ့အတွက် ၁၉၉၃၊ ဇွန်လမှာ ဆေးရုံနဲ့ဆရာ၀န်တွေကို တရားစွဲခဲ့တယ်။ ရိုးရိုးအေးအေးလေးနေတတ်ပြီး စကားပြောနူးညံ့တဲ့ ဒီညီအစ်မမှာ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိတယ်။ ကျန်းမာရေးမကောင်းတဲ့ကြားက အစစ်အဆေးခံတဲ့နေရာမှာ တစ်နာရီကျော်ရပ်ပြီး လူအပြည့်ရှိတဲ့တရားခွင်မှာ သတ္တိရှိရှိသက်သေထွက်ဆိုခဲ့တယ်။ မသေဆုံးခင် တစ်လအလိုမှာတောင် တရားရုံးကို နောက်ဆုံးအကြိမ် လာခဲ့သေးတယ်။ သူ့ရဲ့ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိကို ကျွန်တော်တို့လေးစားမိတယ် မဟုတ်လား။ ညီအစ်မတာခီဒါက အမှုနိုင်ဖို့ ယေဟောဝါကို အမြဲဆုတောင်းအသနားခံတယ်လို့ ပြောပြတယ်။ သူ့ရဲ့ဆုတောင်းချက်တွေ အဖြေရမယ်လို့လည်း ယုံကြည်စိတ်ချတယ်။ တကယ်ကော အဖြေရခဲ့သလား။

၁၇ ညီအစ်မတာခီဒါ သေဆုံးပြီးနောက် သုံးနှစ်အကြာမှာ ဂျပန်တရားရုံးချုပ်က ညီအစ်မကို အနိုင်ပေးလိုက်တယ်။ သေသေချာချာအသိပေးထားတဲ့ သူ့ရဲ့ဆန္ဒကိုဆန့်ကျင်ပြီး သွေးသွင်းပေးတာ မှားတယ်လို့ ရုံးတော်က ဆုံးဖြတ်ခဲ့တယ်။ ၂၀၀၀၊ ဖေဖော်ဝါရီလ ၂၉ ရက်မှာ ချမှတ်တဲ့ဆုံးဖြတ်ချက်အရ အဲဒီလိုကိစ္စတွေမှာ “ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်” ကို “ကိုယ်ပိုင်အခွင့်အရေးတွေလိုပဲ လေးစားရမယ်။” ညီအစ်မတာခီဒါဟာ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ မှားမှန်သိစိတ်နဲ့အညီ ဆေးကုသမှုကို လွတ်လပ်စွာရွေးချယ်ခွင့်ရဖို့ တိုက်ပွဲဝင်ခဲ့တယ်။ ဒါကြောင့် အခုဆိုရင် ဂျပန်နိုင်ငံက သက်သေခံတွေဟာ အတင်းအကျပ်သွေးသွင်းခံရမှာကို စိုးရိမ်စရာမလိုဘဲ ဆေးကုသမှုခံယူနိုင်ကြပြီ။

ပါဘလို အော်ဗရာစီနီ (အပိုဒ် ၁၈ မှ ၂၀ ကိုကြည့်ပါ)

၁၈–၂၀။ (က) လူတစ်ယောက်ဟာ ဆေးဘက်ဆိုင်ရာညွှန်ကြားချက် ကတ်ပြားကိုသုံးပြီး သွေးသွင်းဖို့ငြင်းဆန်ခွင့်ရှိကြောင်း အာဂျင်တီးနားနိုင်ငံ အယူခံတရားရုံးက ဘယ်လိုထောက်ခံခဲ့သလဲ။ (ခ) သွေးကိစ္စနဲ့ပတ်သက်ပြီး ခရစ်တော်ရဲ့ဦးဆောင်မှုကို လက်အောက်ခံကြောင်း ဘယ်လိုပြသနိုင်သလဲ။

၁၈ အာဂျင်တီးနား။ သတိလစ်နေတဲ့အချိန်မှာ ဆေးကုသမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာတယ်ဆိုပါစို့။ အဲဒီလိုကိစ္စမျိုးမှာ ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားတွေအနေနဲ့ ဘယ်လိုအသင့်ပြင်ထားနိုင်မလဲ။ ကျွန်တော်တို့ကိုယ်စား ပြောဆိုပေးမယ့် တရားဝင်စာရွက်စာတမ်းတစ်ခုကို ကိုယ်နဲ့မကွာ ဆောင်ထားနိုင်ပါတယ်။ ပါဘလို အော်ဗရာစီနီ အဲဒီအတိုင်းလုပ်ခဲ့တယ်။ သူက ၂၀၁၂၊ မေလမှာ ဓားပြတိုက်ခံရပြီး သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံလိုက်ရတယ်။ သတိလစ်နေတုန်း ဆေးရုံရောက်သွားတဲ့အတွက် သွေးသွင်းခြင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ရပ်တည်ချက်ကို မရှင်းပြနိုင်ခဲ့ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့လေးနှစ်ကျော်တုန်းက လက်မှတ်ထိုးထားတဲ့ ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြား သူ့ဆီမှာရှိနေတယ်။ အခြေအနေက အသည်းအသန်ဖြစ်နေပြီး သူ့အသက်ကိုကယ်ဖို့ သွေးသွင်းရမယ်လို့ ဆရာဝန်တချို့က ယူဆပေမဲ့ အဲဒီသွေးကတ်ပြားကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက သူ့ဆန္ဒကို လေးစားခဲ့ကြတယ်။ ဒါပေမဲ့ သက်သေခံမဟုတ်တဲ့ အဖေဖြစ်သူက သားရဲ့ဆန္ဒကိုဆန့်ကျင်ပြီး သွေးသွင်းဖို့ တရားရုံးအမိန့်ကို ရယူခဲ့တယ်။

၁၉ ဒါကြောင့် ပါဘလိုရဲ့ဇနီးအတွက် အမှုလိုက်ပေးတဲ့ရှေ့နေက ချက်ချင်းပဲ အယူခံဝင်ခဲ့တယ်။ နာရီပိုင်းအတွင်းမှာ အယူခံတရားရုံးက အောက်တရားရုံးရဲ့အမိန့်ကို ပယ်ချပြီး ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားမှာ ဖော်ပြထားတဲ့ လူနာရဲ့ဆန္ဒကို လေးစားရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ပါဘလိုရဲ့အဖေက အာဂျင်တီးနား တရားရုံးချုပ်မှာ အယူခံဝင်တယ်။ ဒါပေမဲ့ တရားရုံးချုပ်က “[သွေးသွင်းတာကို လက်မခံကြောင်း ဖော်ပြထားတဲ့ ပါဘလိုရဲ့ ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားကို] အသိဉာဏ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိနဲ့ လွတ်လပ်စွာလုပ်ပိုင်ခွင့်အရ ရေးသားထားတယ်ဆိုတာ သံသယဖြစ်စရာအကြောင်းမရှိဘူး” လို့ဆုံးဖြတ်ခဲ့တယ်။ ရုံးတော်က အခုလိုပြောခဲ့တယ်– “စဉ်းစားဉာဏ်ရှိတဲ့ အရွယ်ရောက်ပြီးသူတိုင်းဟာ [ကိုယ့်] ကျန်းမာရေးနဲ့ပတ်သက်ပြီး ကြိုတင်ညွှန်ကြားချက်တွေ ပေးနိုင်တဲ့အရည်အချင်းရှိတဲ့အပြင် ဆေးကုသမှုတစ်မျိုးမျိုးကို လက်ခံနိုင်တယ်၊ ငြင်းဆိုနိုင်တယ်။ . . . အဲဒီညွှန်ကြားချက်တွေကို တာဝန်ရှိဆရာဝန်က လိုက်နာရမယ်။”

သင့်ရဲ့သွေးကတ်ပြားကို ဖြည့်ပြီးပြီလား

၂၀ အခု ညီအစ်ကိုပါဘလို ပြန်ကျန်းမာနေပြီ။ ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားကို ဖြည့်စွက်ထားခဲ့တဲ့အတွက် သူနဲ့သူ့ဇနီး သိပ်ဝမ်းသာကြတယ်။ ဒါက လွယ်ကူပေမဲ့ သိပ်အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြည့်စွက်ထားခြင်းအားဖြင့် ပါဘလိုက ဘုရားသခင့်နိုင်ငံတော်ဘုရင် ခရစ်တော်ရဲ့အုပ်ချုပ်မှုကို လက်အောက်ခံကြောင်း တင်ပြခဲ့တယ်။ သင်နဲ့သင့်မိသားစုကော သွေးကတ်ပြားကို ဖြည့်ပြီးပြီလား။

ဧပရယ် ကာဒိုရာ (အပိုဒ် ၂၁ မှ ၂၄ ကိုကြည့်ပါ)

၂၁–၂၄။ (က) ကနေဒါတရားရုံးချုပ်က အရွယ်မရောက်သေးတဲ့ကလေးတွေအတွက် သွေးအသုံးပြုခြင်းကိစ္စမှာ ဘယ်ထူးခြားတဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့သလဲ။ (ခ) ဒီဖြစ်ရပ်က ယေဟောဝါကိုကိုးကွယ်တဲ့ လူငယ်တွေအတွက် ဘယ်လိုအားပေးမှုဖြစ်စေသလဲ။

၂၁ ကနေဒါ။ အများအားဖြင့်၊ သားသမီးတွေအတွက် အကောင်းဆုံးဆေးကုသမှုကို မိဘတွေ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာ တရားရုံးတွေ အသိအမှတ်ပြုကြတယ်။ တစ်ခါတစ်ရံ၊ တရားရုံးတွေက ဆေးကုသမှုဆိုင်ရာဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လာရင် အရွယ်မရောက်သေးပေမဲ့ ရင့်ကျက်တဲ့ကလေးတစ်ယောက်ရဲ့ဆန္ဒကိုတောင် လေးစားရမယ်ဆိုပြီး ဆုံးဖြတ်ကြတယ်။ ဧပရယ် ကာဒိုရာရဲ့အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူက အသက် ၁၄ နှစ်အရွယ်မှာ ကိုယ်တွင်းသွေးယိုစိမ့်မှုကို ဆိုးဆိုးဝါးဝါးခံစားရတဲ့အတွက် ဆေးရုံတင်လိုက်ရတယ်။ အဲဒီမတိုင်ခင် လအနည်းငယ်မှာ ကြိုတင်ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားကို ဖြည့်စွက်ပြီး အရေးပေါ်အခြေအနေမှာတောင် သွေးမသွင်းဖို့ ညွှန်ကြားထားတဲ့စာကိုလည်း ရေးသားခဲ့တယ်။ ဒါပေမဲ့ ဆရာဝန်က ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့ ဧပရယ်ရဲ့ဆန္ဒကို လျစ်လျူရှုပြီး သွေးသွင်းဖို့အတွက် တရားရုံးအမိန့်ကို ရယူခဲ့တယ်။ ပြီးတော့ သူ့ကို အတင်းအကျပ် သွေးသွင်းပေးလိုက်တယ်။ အဲဒီအတွေ့အကြုံဟာ မုဒိမ်းကျင့်ခံရတာနဲ့တူတယ်လို့ နောက်ပိုင်းမှာ ဧပရယ်ပြောပြတယ်။

၂၂ ဧပရယ်နဲ့သူ့မိဘတွေဟာ တရားမျှတမှုအတွက် ရုံးတော်မှာ အမှုရင်ဆိုင်ခဲ့တယ်။ နှစ်နှစ်ကြာပြီးနောက် အမှုက ကနေဒါတရားရုံးချုပ်အထိ ရောက်လာတယ်။ ဧပရယ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို စောဒကတက်ရာမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ရုံးတော်က တရားရေးကုန်ကျစရိတ်တွေကို ပြန်ပေးပြီး သူ့ကိုအနိုင်ပေးလိုက်တယ်။ အရွယ်မရောက်သေးပေမဲ့ ရင့်ကျက်တဲ့ တခြားကလေးတွေကိုလည်း ကိုယ့်ရဲ့ဆေးကုသမှုကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ပေးလိုက်တယ်။ တရားရုံးက အခုလိုဖော်ပြတယ်– “ဆေးကုသမှုကိစ္စမှာ အသက် ၁၆ နှစ်အောက်ကလေးတွေဟာ ဆေးကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုနဲ့ပတ်သက်ပြီး သူတို့ရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ ဒါက သူတို့ဟာ အတိုင်းအတာတစ်ခုအထိ ရင့်ကျက်မှုရှိကြောင်း၊ လွတ်လပ်စွာတွေးတောကြံဆခွင့်ရှိကြောင်း ဖော်ပြတယ်။”

၂၃ တရားရုံးချုပ်က အရွယ်မရောက်သေးပေမဲ့ ရင့်ကျက်တဲ့ကလေးတွေရဲ့ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေအကြောင်းကို ပြောဆိုခဲ့တဲ့အတွက် ဒီအမှုဟာ ထူးခြားတယ်။ ဒီအမှုကို ဆုံးဖြတ်ချက်မချခင်ကဆိုရင် ကနေဒါတရားရုံးက ကလေးတွေအတွက် အကောင်းဆုံးကုသမှုဖြစ်တယ်လို့ ယူဆထားသရွေ့ အသက် ၁၆ နှစ်အောက်ကလေးတွေ ဘယ်ဆေးကုသမှုခံယူရမယ်ဆိုတာ အမိန့်ထုတ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချပြီးနောက်မှာ တရားရုံးက အသက် ၁၆ နှစ်အောက် ကလေးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့အထိ ရင့်ကျက်ကြောင်းသက်သေပြဖို့ အရင်ဆုံး အခွင့်အရေးပေးရမယ်။ အဲဒီလိုအခွင့်အရေးမပေးဘဲ ကလေးတွေရဲ့ဆန္ဒနဲ့ဆန့်ကျင်တဲ့ ကုသမှုကိုခံယူဖို့ အမိန့်ထုတ်ပိုင်ခွင့် မရှိတော့ဘူး။

“ဘုရားသခင့်နာမည်ကို ဂုဏ်တင်ဖို့နဲ့ စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေထူဖို့ တစ်ထောင့်တစ်နေရာကနေ ကြိုးစားပါဝင်ခွင့်ရလို့ ကျွန်မတကယ်ဝမ်းသာ မိတယ်”

၂၄ ဒီတရားဥပဒေတိုက်ပွဲကို သုံးနှစ်ကြာ ဆင်နွှဲခဲ့တာ အကျိုးနပ်ရဲ့လား။ “အကျိုးနပ်ပါတယ်” လို့ဧပရယ်ပြောတယ်။ အခု ဧပရယ်ဟာ မှန်မှန်ရှေ့ဆောင်လုပ်နေပြီး ကျန်းမာရေးလည်း ကောင်းနေပြီ။ “ဘုရားသခင့်နာမည်ကို ဂုဏ်တင်ဖို့နဲ့ စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း သက်သေထူဖို့ တစ်ထောင့်တစ်နေရာကနေ ကြိုးစားပါဝင်ခွင့်ရလို့ ကျွန်မတကယ်ဝမ်းသာမိတယ်” လို့သူပြောပြတယ်။ လူငယ်တွေအနေနဲ့ သတ္တိရှိရှိရပ်တည်ပြီး ဘုရားသခင်နိုင်ငံတော်ရဲ့ နိုင်ငံသားအစစ်အမှန်ဖြစ်ကြောင်း သက်သေထူနိုင်တယ်ဆိုတာ ဧပရယ်ရဲ့တွေ့ကြုံမှုက ဖော်ပြနေပါတယ်။—မ. ၂၁:၁၆

ယေဟောဝါရဲ့စံနှုန်းတွေအတိုင်း သားသမီးပြုစုပျိုးထောင်ခွင့်

၂၅၊ ၂၆။ ကွာရှင်းပြီးနောက်မှာ ဘယ်လိုအခြေအနေတွေ ပေါ်လာတတ်သလဲ။

၂၅ ယေဟောဝါက သူ့စံနှုန်းတွေအတိုင်း သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ မိဘတွေကို တာဝန်ပေးထားတယ်။ (တရား. ၆:၆-၈; ဧ. ၆:၄) ဒီတာဝန်က ခက်ခဲနိုင်တယ်။ ကွာရှင်းထားတဲ့မိဘတွေအတွက်ဆိုရင် ပိုပြီးတော့တောင် ခက်ခဲနိုင်ပါတယ်။ ကွာရှင်းပြီးနောက် သားသမီး ပြုစုပျိုးထောင်တာနဲ့ပတ်သက်ပြီး အမြင်တွေမတူကြဘူး။ ဥပမာ၊ သက်သေခံမိဘက ကလေးကို ခရစ်ယာန်စံနှုန်းတွေအတိုင်း ပြုစုပျိုးထောင်ရမယ်လို့ အခိုင်အမာယူဆပေမဲ့ သက်သေခံမဟုတ်တဲ့မိဘကတော့ အဲဒီလိုယူဆမှာ မဟုတ်ဘူး။ တကယ်တော့ ကွာရှင်းပြီးနောက်မှာ လင်မယားဆက်ဆံရေးမရှိတော့ပေမဲ့ မိဘတာဝန်ကတော့ ရှိနေဆဲပဲဆိုတာကို သက်သေခံမိဘက အသိအမှတ်ပြုသင့်တယ်။

၂၆ သက်သေခံမဟုတ်တဲ့မိဘက ကလေးရဲ့ဘာသာရေးယုံကြည်ချက်ကို ပုံသွင်းနိုင်ဖို့ သားသမီးထိန်းကျောင်းခွင့်နဲ့ပတ်သက်ပြီး တရားရုံးမှာ အသနားခံစာ တင်သွင်းထားနိုင်တယ်။ တချို့က ကလေးကို ယေဟောဝါသက်သေတစ်ယောက်အဖြစ် ပြုစုပျိုးထောင်ပေးတာ အန္တရာယ်ရှိတယ်လို့ စွပ်စွဲကြတယ်။ ကလေးတွေဟာ မွေးနေ့ပွဲနဲ့တခြားပွဲတော်တွေ ကျင်းပခွင့်ရမှာ မဟုတ်ဘူး၊ အရေးပေါ်အခြေအနေမှာ “အသက်ကယ်” ဖို့ သွေးသွင်းခွင့်ရမှာ မဟုတ်ဘူးလို့ သူတို့ပြောကြတယ်။ ဝမ်းသာစရာက၊ တရားရုံးအများစုဟာ မိဘကိုးကွယ်တဲ့ဘာသာ အန္တရာယ်ရှိမရှိဆိုတာထက် ကလေးအတွက် ဘာကအကောင်းဆုံးဖြစ်မလဲဆိုတာ ထည့်စဉ်းစားပေးကြတယ်။ ဖြစ်ရပ်တချို့ကို လေ့လာကြည့်ရအောင်။

၂၇၊ ၂၈။ ကလေးတစ်ယောက်ဟာ ယေဟောဝါသက်သေအဖြစ် ကြီးပြင်းလာမယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို အိုဟိုင်အိုတရားရုံးချုပ်က ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၂၇ အမေရိကန်ပြည်ထောင်စု။ ၁၉၉၂ ခုနှစ်မှာ အိုဟိုင်အိုတရားရုံးချုပ်က သက်သေခံမဟုတ်တဲ့ဖခင်တစ်ဦး တင်သွင်းတဲ့အမှုကို ကြားနာစစ်ဆေးခဲ့တယ်။ ဖခင်ဖြစ်သူက သူ့သားဟာ သက်သေခံတစ်ယောက်အဖြစ် ကြီးပြင်းလာမယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ စွပ်စွဲတယ်။ အောက်တရားရုံးက အဲဒါကိုသဘောတူပြီး ဖခင်ကို ကလေးအုပ်ထိန်းခွင့်ပေးလိုက်တယ်။ မိခင်ဖြစ်သူ ဂျနီဖာ ပေတာကိုတော့ ကလေးဆီ လည်ပတ်ခွင့်ပြုပေမဲ့ “ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်ကို တစ်နည်းနည်းနဲ့သင်ပေးတာ၊ ပြောပြတာ” မလုပ်ရဘူးလို့ အမိန့်ထုတ်ခဲ့တယ်။ အောက်တရားရုံးရဲ့ ဒီအမိန့်ဟာ ကျယ်ပြန့်လွန်းတဲ့အတွက် ညီအစ်မဂျနီဖာအနေနဲ့ သားဖြစ်သူ ဘော်ဘီကို ကျမ်းစာအကြောင်း၊ ကျမ်းစာမှာပါတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေအကြောင်းကိုတောင် ပြောလို့မရဘူးဆိုတဲ့ သဘောသက်ရောက်သွားတယ်။ သူဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဂျနီဖာခမျာ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရပေမဲ့ စိတ်ရှည်တတ်ဖို့၊ ယေဟောဝါလုပ်ဆောင်ပေးမယ့်အချိန်ကို စောင့်ဆိုင်းတတ်ဖို့ သင်ယူခဲ့တယ်လို့ ပြောပြတယ်။ “ယေဟောဝါက ကူညီပေးဖို့ အမြဲအသင့်ရှိတယ်” ဆိုပြီး သူပြောတယ်။ သူ့ရှေ့နေက ယေဟောဝါရဲ့အဖွဲ့အစည်းအကူအညီနဲ့ အိုဟိုင်အိုတရားရုံးချုပ်မှာ အယူခံဝင်ခဲ့တယ်။

၂၈ တရားရုံးချုပ်က အောက်တရားရုံးဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး အခုလိုပြောတယ်– “မိဘတွေဟာ ကိုယ့်သားသမီးကို သင်ကြားပေးခွင့်ရှိတယ်။ သူတို့ရဲ့ကိုယ်ကျင့်တရားစံနှုန်းနဲ့ ဘာသာရေးစံနှုန်းတွေအကြောင်း ကလေးတွေကို ပြောဆိုပိုင်ခွင့်ရှိတယ်။” ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးစံနှုန်းတွေက ကလေးရဲ့ကာယပိုင်းနဲ့ စိတ်ပိုင်းကို ထိခိုက်နိုင်တယ်ဆိုတာ သက်သေမပြနိုင်ဘူးဆိုရင် ရုံးတော်အနေနဲ့ ဘာသာရေးကိုအကြောင်းပြပြီး မိဘတစ်ဦးရဲ့ကလေးအုပ်ထိန်းခွင့်ကို တားမြစ်ပိုင်ခွင့်မရှိဘူးလို့ ရုံးတော်က ဆုံးဖြတ်ခဲ့တယ်။ သက်သေခံတွေရဲ့ ဘာသာရေးယုံကြည်ချက်တွေဟာ ကလေးရဲ့ ကာယပိုင်းနဲ့စိတ်ပိုင်းကို ဆိုးဆိုးရွားရွားထိခိုက်နိုင်တယ်ဆိုတဲ့ သက်သေတစ်ခုမှ ရုံးတော်က မတွေ့ခဲ့ဘူး။

တရားရုံးများစွာက ခရစ်ယာန်မိဘတွေကို ကလေးအုပ်ထိန်းခွင့်ပေးခဲ့ကြ

၂၉–၃၁။ ဒိန်းမတ်နိုင်ငံက ညီအစ်မ တစ်ယောက်ဟာ ကလေးအုပ်ထိန်းခွင့် ဘာကြောင့်ဆုံးရှုံးခဲ့တာလဲ။ ဒိန်းမတ်တရားရုံးချုပ်က ဘယ်လိုဆုံးဖြတ်ခဲ့သလဲ။

၂၉ ဒိန်းမတ်။ အနီတာ ဟန်စန်လည်း အလားတူကြုံခဲ့ရတယ်။ သူ့ခင်ပွန်းဟောင်းက ခုနစ်နှစ်သမီးလေး အမန်ဒါကို အုပ်ထိန်းခွင့်ရဖို့ တရားရုံးမှာ အသနားခံစာတင်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်မှာ ခရိုင်တရားရုံးက ညီအစ်မအနီတာကို ကလေးအုပ်ထိန်းခွင့်ပေးခဲ့ပေမဲ့ အမန်ဒါရဲ့အဖေက အထက်တရားရုံးမှာ အယူခံဝင်တယ်။ အထက်တရားရုံးက ခရိုင်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ဖခင်ကို ကလေးအုပ်ထိန်းခွင့် ပေးလိုက်တယ်။ မိဘနှစ်ပါးက ဘာသာရေးယုံကြည်ချက်ပေါ်အခြေခံပြီး ဘဝနဲ့ပတ်သက်တဲ့အမြင်တွေ ကွဲပြားတဲ့အတွက် သမီးဖြစ်သူ ဘယ်ဘာသာဝင်အဖြစ် ကြီးပြင်းရမယ်ဆိုတာ ဖခင်ကပဲ ဆုံးဖြတ်သင့်တယ်လို့ အထက်တရားရုံးက ယူဆခဲ့တယ်။ ညီအစ်မအနီတာဟာ ယေဟောဝါသက်သေဖြစ်တာကြောင့် အမန်ဒါကိုအုပ်ထိန်းခွင့် ဆုံးရှုံးခဲ့တယ်။

၃၀ ဒီခက်ခဲတဲ့အခြေအနေတစ်လျှောက်မှာ ညီအစ်မအနီတာဟာ စိတ်ရှုပ်လွန်းလို့ ဘာကိုဆုတောင်းရမှန်းတောင် မသိတဲ့အထိ ဖြစ်ခဲ့တယ်။ “ဒါပေမဲ့ ရောမ ၈:၂၆၂၇ မှာပါတဲ့စကားတွေက အရမ်းနှစ်သိမ့်မှုဖြစ်စေတယ်။ ကျွန်မ ဘာပြောချင်တယ်ဆိုတာ ယေဟောဝါနားလည်တယ်လို့ အမြဲခံစားခဲ့ရတယ်။ ကိုယ်တော်က ကျွန်မကိုကြည့်ရှုပြီး ကူညီဖို့အမြဲအသင့်ရှိတယ်” လို့သူပြောပြတယ်။—ဆာလံ ၃၂:၈; ဟေရှာယ ၄၁:၁၀ ကိုဖတ်ပါ။

၃၁ ညီအစ်မအနီတာဟာ ဒိန်းမတ်တရားရုံးချုပ်မှာ အယူခံဝင်ခဲ့တယ်။ ရုံးတော်က “ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်ရင် ကလေးအတွက် ဘာကအကောင်းဆုံးဖြစ်မယ်ဆိုတာ သေချာစဉ်းစားပြီး ဆုံးဖြတ်ရမယ်” လို့ပြောခဲ့တယ်။ ဒါ့အပြင် ယေဟောဝါသက်သေတွေရဲ့ “ယုံကြည်ချက်နဲ့ခံယူချက်တွေ” အပေါ်မဟုတ်ဘဲ သဘောထားကွဲလွဲမှုတွေကို မိဘတစ်ယောက်စီ ဘယ်လိုဖြေရှင်းသလဲဆိုတဲ့အချက်အပေါ် မူတည်ပြီး ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်သင့်တယ်လို့လည်း ရုံးတော်က ပြောကြားခဲ့တယ်။ နောက်ဆုံး ရုံးတော်က ညီအစ်မအနီတာဟာ မိဘတစ်ဦးဖြစ်ထိုက်တယ်ဆိုတာ အသိအမှတ်ပြုပြီး အမန်ဒါကိုအုပ်ထိန်းခွင့် ပြန်ပေးလိုက်လို့ သူစိတ်သက်သာရာရခဲ့တယ်။

၃၂။ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက သက်သေခံမိဘတွေ ခွဲခြားဆက်ဆံမခံရအောင် ဘယ်လိုကာကွယ်ပေးခဲ့သလဲ။

၃၂ ဥရောပနိုင်ငံများ။ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်တဲ့ အမှုတချို့ဟာ တရားရုံးချုပ်မှာတောင် မပြီးပြတ်တဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (အီးစီအိပ်ခ်ျအာရ်) အထိ ရောက်ခဲ့တယ်။ အမှုနှစ်ခုမှာ အောက်တရားရုံးတွေဟာ ဘာသာရေးအပေါ်အခြေခံပြီး သက်သေခံမိဘနဲ့ သက်သေခံမဟုတ်တဲ့မိဘကို ခွဲခြားဆက်ဆံတယ်ဆိုတာ အီးစီအိပ်ခ်ျအာရ်က တွေ့ရှိခဲ့တယ်။ အဲဒါကို အီးစီအိပ်ခ်ျအာရ်က ခွဲခြားဆက်ဆံမှုလို့သတ်မှတ်ပြီး “ဘာသာမတူဘူးဆိုတဲ့ အချက်တစ်ချက်တည်းအပေါ်အခြေခံပြီး ခွဲခြားဆက်ဆံတာက လက်ခံနိုင်စရာမဟုတ်ဘူး” လို့ဆုံးဖြတ်ခဲ့တယ်။ အီးစီအိပ်ခ်ျအာရ်ရဲ့ အဲဒီဆုံးဖြတ်ချက်ကြောင့် အကျိုးခံစားခဲ့ရတဲ့ သက်သေခံမိခင်တစ်ယောက်က စိတ်သက်သာရာရပြီး အခုလိုပြောပြတယ်– “ကလေးတွေကို ထိခိုက်အောင်လုပ်တယ်လို့ စွပ်စွဲခံရတဲ့အခါ ကျွန်မ တော်တော်ဝမ်းနည်းမိတယ်။ တကယ်တော့ သူတို့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကိုပေးဖို့ ကျွန်မကြိုးစားနေတာပါ။ အဲဒါကတော့ သူတို့လေးတွေကို ခရစ်ယာန်အဖြစ် ကြီးပြင်းလာစေဖို့ပါပဲ။”

၃၃။ ဖိလိပ္ပိ ၄:၅ မှာပါတဲ့မူကို သက်သေခံမိဘတွေ ဘယ်လိုကျင့်သုံး နိုင်သလဲ။

၃၃ သားသမီးတွေရဲ့နှလုံးထဲမှာ ကျမ်းစာစံနှုန်းတွေ သွင်းပေးခွင့်ရဖို့ အမှုရင်ဆိုင်နေတဲ့ သက်သေခံမိဘတွေဟာ အကျိုးသင့်အကြောင်းသင့်သဘောကို ကြိုးစားတင်ပြကြတယ်။ (ဖိလိပ္ပိ ၄:၅ ကိုဖတ်ပါ။) သူတို့မှာ သားသမီးတွေကို ဘုရားသခင့်နည်းလမ်းအတိုင်း လေ့ကျင့်ပေးခွင့်ရှိသလို သက်သေခံမဟုတ်တဲ့မိဘကလည်း ဆန္ဒရှိမယ်ဆိုရင် မိဘဝတ္တရားအတိုင်း လုပ်ဆောင်ခွင့်ရှိတယ်ဆိုတာ သူတို့အသိအမှတ်ပြုတယ်။ သက်သေခံမိဘတွေက ကလေးကိုသွန်သင်လေ့ကျင့်ပေးရတဲ့ တာဝန်ကို ဘယ်လောက်ထိ အလေးအနက်ထားကြသလဲ။

၃၄။ နေဟမိခေတ်က ဂျူးတွေရဲ့ပုံနမူနာကနေ ခရစ်ယာန်မိဘတွေ ဘာသင်ယူနိုင်သလဲ။

၃၄ နေဟမိခေတ်က ပုံနမူနာဟာ မှတ်သားစရာပါပဲ။ ဂျူးတွေက ဂျေရုဆလင်မြို့ရိုး ပြန်လည်တည်ဆောက်ဖို့ ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ကြတယ်။ အဲဒီလိုလုပ်တာက သူတို့နဲ့သူတို့ရဲ့မိသားစုတွေကို ပတ်ဝန်းကျင်ရန်သူတွေရဲ့ရန်ကနေ ကာကွယ်ပေးဖို့ဖြစ်တယ်။ ဒါကြောင့် နေဟမိက ‘ကိုယ့်ညီအစ်ကိုတွေ၊ ကိုယ့်သားမယားတွေ၊ အိမ်တွေအတွက် တိုက်ခိုက်ကြပါ’ ဆိုပြီး တိုက်တွန်းခဲ့တာ။ (နေ. ၄:၁၄ကဘ) အဲဒီတိုက်ပွဲကို ဂျူးတွေ တိုက်ရကျိုးနပ်ခဲ့တယ်။ ဒီနေ့အချိန်မှာလည်း ယေဟောဝါသက်သေမိဘတွေက သားသမီးတွေကို အမှန်တရားလမ်းမှာ ပြုစုပျိုးထောင်ပေးဖို့ ကြိုးစားကြတယ်။ သားသမီးတွေဟာ ကျောင်းမှာ၊ ပတ်ဝန်းကျင်မှာ မကောင်းတဲ့သြဇာတွေရဲ့ တိုက်ခိုက်မှုခံနေရတယ်ဆိုတာ သူတို့သိကြတယ်။ အဲဒီမကောင်းတဲ့သြဇာတွေက မီဒီယာကနေတစ်ဆင့် အိမ်ထဲကိုတောင် ရောက်လာနိုင်တယ်။ ဒါကြောင့် မိဘတို့၊ သားသမီးတွေအတွက် လုံခြုံတဲ့ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့ သင်တို့တိုက်ပွဲဝင်နေတာ အကျိုးနပ်တယ်ဆိုတာ မမေ့ပါနဲ့။ အဲဒီလို၀န်းကျင်မျိုးမှာ သားသမီးတွေနဲ့ ဘုရားသခင်စပ်ကြားက ရင်းနှီးတဲ့ဆက်ဆံရေး ရှင်သန်နေပါလိမ့်မယ်။

စစ်မှန်တဲ့ဝတ်ပြုရေးကို ယေဟောဝါထောက်မပေးနေကြောင်း ယုံကြည်စိတ်ချပါ

၃၅၊ ၃၆။ တရားဝင်အခွင့်အရေးတွေရဖို့ တိုက်ပွဲဝင်တဲ့အခါ ယေဟောဝါ သက်သေတွေ ဘာအကျိုးရရှိသလဲ။ သင် ဘယ်လိုစိတ်ပိုင်းဖြတ်ထားသလဲ။

၃၅ ဒီနေ့အချိန်မှာ ယေဟောဝါက လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်အတွက် သူ့အဖွဲ့အစည်း တိုက်ပွဲဝင်နေတာကို တကယ်ပဲ ကောင်းချီးပေးနေတယ်။ အဲဒီတရားဥပဒေတိုက်ပွဲတွေကို ဆင်နွှဲတဲ့အခါ ဘုရားသခင့်လူမျိုးက တရားရုံးတွေမှာ၊ လူတွေရှေ့မှာ မကြာခဏ ထိထိရောက်ရောက် သက်သေခံနိုင်ခဲ့တယ်။ (ရော. ၁:၈) နောက်အကျိုးတစ်ခုကတော့ သက်သေခံမဟုတ်သူတွေရဲ့ ပြည်သူ့အခွင့်အရေးကိုလည်း ပိုခိုင်မာစေခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင့်လူမျိုးက လူမှုရေးစနစ် ပြုပြင်ပြောင်းလဲရေးသမားတွေ မဟုတ်ပါဘူး။ ကိုယ်ပဲမှန်တယ်လို့ သက်သေထူချင်သူတွေလည်း မဟုတ်ပါဘူး။ အဲဒီအစား စင်ကြယ်တဲ့ဝတ်ပြုရေး တိုးတက်စေဖို့၊ ဥပဒေအရ အတည်ဖြစ်စေဖို့ တရားရုံးတွေမှာ တရားဝင်အခွင့်အရေးတွေရအောင် ကြိုးစားနေကြတာပါ။—ဖိလိပ္ပိ ၁:၇ ကိုဖတ်ပါ။

၃၆ ယေဟောဝါကို လွတ်လပ်စွာဝတ်ပြုခွင့်ရဖို့ တိုက်ပွဲဝင်ခဲ့သူတွေဆီကနေ ကျွန်တော်တို့ရရှိခဲ့တဲ့ ယုံကြည်ခြင်းသင်ခန်းစာတွေကို ဘယ်တော့မှ ပေါ့ပေါ့တန်တန်သဘောမထားပါနဲ့။ ယေဟောဝါက ကျွန်တော်တို့ရဲ့လုပ်ငန်းကို ထောက်မနေပြီး အလိုတော်ဆောင်ဖို့ ခွန်အားပေးနေတယ်ဆိုတာ ယုံကြည်စိတ်ချရင်း ဆက်ပြီးသစ္စာစောင့်သိကြပါစို့။—ဟေရှာ. ၅၄:၁၇

^ အပိုဒ်၊ 12 ဆာလံ ၉၄:၂၀ (ကဘ)– ‘ဥပဒေကို အသုံးချပြီး ဒုက္ခရောက်အောင်ကြံစည်တဲ့ အကျင့်ပျက်ခြစားတဲ့ရာဇပလ္လင်က ကိုယ်တော်နဲ့ မိတ်ဖွဲ့နိုင်ပါ့မလား။’