မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၈

နိုင်ငံတော်လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ပေးပုံ

နိုင်ငံတော်လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ပေးပုံ

အဓိကအကြောင်းအရာ

ယေဟောဝါရဲ့လူမျိုးက နိုင်ငံတော်လုပ်ငန်းကို ဘာကြောင့်နဲ့ဘယ်လို ငွေကြေးထောက်ပံ့ပေးကြ

၁၊ ၂။ (က) ကျမ်းစာကျောင်းသား တွေရဲ့ လုပ်ငန်းစီမံပုံအကြောင်းသိချင်တဲ့ ဓမ္မဆရာတစ်ယောက်ကို ညီအစ်ကို ရပ်စယ်လ် ဘယ်လိုပြန်ဖြေခဲ့သလဲ။ (ခ) ဒီအခန်းမှာ ဘာအကြောင်း လေ့လာကြမလဲ။

တစ်ခါက ပြန်လည်ပြုပြင်ရေးအသင်းရဲ့ ဓမ္မဆရာတစ်ယောက်က ကျမ်းစာကျောင်းသားတွေရဲ့လုပ်ငန်းကို ဘယ်လိုစီမံသလဲဆိုပြီး ညီအစ်ကိုချားလ်စ် တီ ရပ်စယ်လ်ကို မေးတယ်။

“ကျွန်တော်တို့ အလှူငွေလုံးဝမကောက်ဘူး” လို့ ညီအစ်ကိုရပ်စယ်လ်ပြောတယ်။

ဓမ္မဆရာက “ဒါဆို ပိုက်ဆံဘယ်ကရသလဲ” လို့မေးတယ်။

ရပ်စယ်လ် အခုလိုပြန်ဖြေတယ်– “အမှန်အတိုင်းပြောရင် ခင်ဗျား ယုံမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့စည်းဝေးတွေကို လူတွေလာတက်တဲ့အခါ အလှူငွေခွက် လက်ဆင့်ကမ်းတာ မတွေ့ရဘူး။ ဒါပေမဲ့ ကုန်ကျစရိတ်တွေရှိတာကိုတော့ တွေ့ကြတယ်။ ဒါကြောင့် သူတို့က ‘ဒီခန်းမအတွက် အကုန်အကျရှိမှာပဲ။ . . . ငါ့အနေနဲ့ အလှူငွေနည်းနည်းလောက် ဘယ်လိုထည့်ဝင်နိုင်မလဲ’ ဆိုပြီး စဉ်းစားကြတယ်။”

ဒီအခါ ဓမ္မဆရာက ညီအစ်ကိုရပ်စယ်လ်ကို မယုံတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

ညီအစ်ကိုရပ်စယ်လ်က ဒီလိုဆက်ပြောတယ်– “ကျွန်တော် ခင်ဗျားကို အမှန်အတိုင်းပြောနေတာ။ လူတွေက ‘အလှူငွေနည်းနည်းလောက် ဘယ်လိုထည့်ဝင်နိုင်မလဲ’ ဆိုပြီး ကျွန်တော့်ကို မေးကြတယ်။ လူတစ်ယောက်ဟာ ဘုရားရဲ့ကောင်းချီးခံစားရပြီး ငွေကြေးတတ်နိုင်တယ်ဆိုရင် အဲဒါကို သခင့်အတွက် သူအသုံးပြုချင်တယ်။ ဒါပေမဲ့ သူမတတ်နိုင်ဘူးဆိုရင် သူ့ကို ဘာကြောင့်အတင်းတိုက်တွန်းနေမှာလဲ။” *

ညီအစ်ကိုရပ်စယ်လ်က တကယ့်ကို “အမှန်အတိုင်း” ပြောနေတာပါ။ အရင်ကတည်းက ဘုရားသခင့်လူမျိုးဟာ စစ်မှန်တဲ့ဝတ်ပြုရေးကို ထောက်မပေးဖို့ စေတနာအလျောက် လှူဒါန်းခဲ့ကြတယ်။ အဲဒီရှေးခေတ်နမူနာတချို့နဲ့အတူ မျက်မှောက်ခေတ်သမိုင်းကို ဒီအခန်းမှာ လေ့လာကြပါမယ်။ ဒီနေ့အချိန်မှာ နိုင်ငံတော်လုပ်ငန်းတွေကို ဘယ်လိုငွေကြေးထောက်ပံ့သလဲဆိုတာ သုံးသပ်တဲ့အခါ ‘ငါကော နိုင်ငံတော်လုပ်ငန်းကို ဘယ်လိုထောက်မပေးနိုင်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။

‘စေတနာထက်သန်သူတိုင်း ယေဟောဝါအတွက် အလှူပစ္စည်းတွေကို ယူလာကြပါ’

၃၊ ၄။ (က) ယေဟောဝါက သူ့ကို ဝတ်ပြုကိုးကွယ်သူတွေနဲ့ပတ်သက်ပြီး ဘာကိုယုံကြည်စိတ်ချသလဲ။ (ခ) တဲတော်ဆောက်လုပ်ရေးကို ထောက်မပေးကြောင်း အစ္စရေးတွေ ဘယ်လိုတင်ပြခဲ့သလဲ။

ယေဟောဝါက သူ့ကိုဝတ်ပြုကိုးကွယ်သူတွေကို ယုံကြည်စိတ်ချတယ်။ သူတို့ကိုသာ အခွင့်အရေးပေးမယ်ဆိုရင် စေတနာအလျောက်လှူဒါန်းခြင်းအားဖြင့် သူတို့ရဲ့ဆည်းကပ်မြှုပ်နှံမှုကို ဝမ်းမြောက်ဝမ်းသာတင်ပြကြမယ်ဆိုတာ ကိုယ်တော်သိတယ်။ အစ္စရေးခေတ်က ပုံနမူနာနှစ်ခုကို သုံးသပ်ကြည့်ရအောင်။

အစ္စရေးတွေ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် ယေဟောဝါက သူတို့ကို ဝတ်ပြုရေးအတွက် တဲရှင် ဒါမှမဟုတ် တဲတော် ဆောက်လုပ်ခိုင်းတယ်။ တဲတော်ဆောက်ဖို့နဲ့ အလှဆင်ဖို့ ပစ္စည်းတော်တော်များများ လိုအပ်တယ်။ ဒါကြောင့် ‘စေတနာထက်သန်သူတိုင်း ယေဟောဝါအတွက် အလှူပစ္စည်းတွေကို ယူလာကြပါ’ လို့ မောရှေကတစ်ဆင့် ယေဟောဝါပြောပြီး ဒီစီမံကိန်းကိုထောက်မနိုင်တဲ့ အခွင့်အရေးပေးခဲ့တယ်။ (ထွ. ၃၅:၅-၉ကဘ) ‘ရက်ရက်စက်စက်၊ မညှာမတာ ခိုင်းစေ’ ခံရတဲ့ကျွန်ဘဝကနေ မကြာသေးခင်ကမှ လွတ်လာတဲ့အစ္စရေးတွေ ဘယ်လိုတုံ့ပြန်ကြသလဲ။ (ထွ. ၁:၁၄ကဘ) စီမံကိန်းကို စိတ်နှလုံးအကြွင်းမဲ့ထောက်မပြီး ရွှေ၊ ငွေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကို ရက်ရက်ရောရောပေးခဲ့ကြတယ်။ ပစ္စည်းအများစုကို သူတို့ရဲ့ အီဂျစ်သခင်တွေဆီကနေ ရတာဖြစ်နိုင်တယ်။ (ထွ. ၁၂:၃၅၊ ၃၆) အစ္စရေးတွေဟာ လိုအပ်တာထက် ပိုပေးခဲ့ကြလို့ ထပ်မယူလာတော့ဖို့ သူတို့ကို တားခဲ့ရတယ်။—ထွ. ၃၆:၄-၇

၅။ ဒါဝိဒ်က အစ္စရေးတွေကို ဗိမာန်တော်ဆောက်လုပ်ရေးမှာ ပါဝင်လှူဒါန်းဖို့ အခွင့်အရေးပေးတဲ့အခါ သူတို့ဘယ်လို တုံ့ပြန်ကြသလဲ။

နှစ်ပေါင်း ၄၇၅ နှစ်လောက်ကြာပြီးနောက် ဒါဝိဒ်က ဗိမာန်တော်ဆောက်လုပ်ဖို့ သူ့ရဲ့ ‘ပိုင်ဆိုင်ရာ’ ထဲကနေ လှူဒါန်းခဲ့တယ်။ အဲဒီဗိမာန်တော်ဟာ မြေကြီးပေါ်မှာ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ဦးဆုံးအကြိမ် အတည်တကျရှိမယ့်အိမ်တော်ဖြစ်တယ်။ ဒါဝိဒ်က အစ္စရေးတွေကိုလည်း လှူဒါန်းဖို့အခွင့်အရေးပေးပြီး ‘ယေဟောဝါအတွက် စေတနာအလျောက် လက်ဆောင်ပေးချင်တဲ့သူ ဘယ်သူရှိသလဲ’ လို့မေးတယ်။ ဒါနဲ့ လူတွေက ‘ယေဟောဝါအတွက် နှလုံးအပြည့်အဝနဲ့ စေတနာအလျောက်ပေးကြတယ်။’ (၅ ရာ. ၂၉:၃-၉ကဘ) အလှူပစ္စည်းတွေရဲ့ပင်ရင်းကို ဒါဝိဒ်အသိအမှတ်ပြုတဲ့အတွက် ‘အရာခပ်သိမ်းဟာ ကိုယ်တော့်ဆီကနေ လာတာပါ။ ကျွန်တော်တို့က ကိုယ်တော့်လက်ထဲကလာတဲ့ ဥစ္စာတွေကို ကိုယ်တော့်ကိုပြန်ပေးတာပါ’ ဆိုပြီး ဆုတောင်းခဲ့တယ်။—၅ ရာ. ၂၉:၁၄ကဘ။

၆။ ဒီနေ့အချိန်မှာ နိုင်ငံတော်လုပ်ငန်းကိုလုပ်ဆောင်ဖို့ ငွေကြေး ဘာကြောင့် လိုအပ်တာလဲ။ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

မောရှေရော ဒါဝိဒ်ရော ဘုရားသခင့်လူမျိုးကို အတင်းအကျပ်ဖိအားပေးစရာ မလိုခဲ့ဘူး။ လူတွေက ရက်ရက်ရောရော လှူဒါန်းခဲ့ကြတယ်။ ဒီနေ့အချိန်မှာကော။ နိုင်ငံတော်လုပ်ငန်းအတွက် ငွေကြေးလိုအပ်တယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိကြတယ်။ ကျမ်းစာနဲ့ ကျမ်းစာ,စာပေတွေ ပုံနှိပ်ဖြန့်ချိဖို့၊ ဝတ်ပြုရာခန်းမတွေနဲ့ ဌာနခွဲအဆောက်အအုံတွေ ဆောက်လုပ်ဖို့၊ ပြုပြင်ထိန်းသိမ်းဖို့၊ ဘေးအန္တရာယ်ကျရောက်ချိန်မှာ ယုံကြည်သူချင်းတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ငွေကြေးအမြောက်အမြားလိုအပ်တယ်။ ဒါကြောင့် အရေးကြီးတဲ့မေးခွန်းတွေ ပေါ်လာတယ်– လိုအပ်တဲ့ရန်ပုံငွေကို ဘယ်ကရသလဲ။ လှူဒါန်းဖို့အတွက် ဘုရင့်နောက်လိုက်တွေကို အတင်းတိုက်တွန်းစရာ လိုသလား။

“လူတွေရဲ့ထောက်ပံ့မှုကို ဘယ်တော့မှ တောင်းခံမှာ၊ အသနားခံမှာ မဟုတ်ဘူး”

၇၊ ၈။ ယေဟောဝါရဲ့လူမျိုးဟာ တခြားသူတွေဆီကနေ ငွေကြေးထောက်ပံ့မှု တောင်းခံတာ၊ အသနားခံတာ ဘာကြောင့်မလုပ်သလဲ။

ညီအစ်ကိုရပ်စယ်လ်နဲ့အပေါင်းပါတွေဟာ အမည်ခံခရစ်ယာန်ချာ့ခ်ျတွေ လုပ်နေကျဖြစ်တဲ့ ရန်ပုံငွေရှာတဲ့အစီအစဉ်တွေကို မလုပ်ခဲ့ကြဘူး။ ဒုတိယမြောက်ထုတ်ဝေတဲ့ (၁၈၇၉၊ ဩဂုတ်လ) ကင်းမျှော်စင်မှာ “‘ဇိအုန်ကင်းမျှော်စင်’ ကို သင်လိုချင်သလား” ဆိုတဲ့ဆောင်းပါး ပါလာတယ်။ ဆောင်းပါးမှာ ညီကိုရပ်စယ်လ် အခုလိုပြောတယ်– “‘ဇိအုန်ကင်းမျှော်စင်’ ရဲ့ ကျောထောက်နောက်ခံဟာ ယေဟောဝါဖြစ်ကြောင်း ကျွန်တော်တို့ယုံကြည်တယ်။ ကိုယ်တော် အဲဒီလိုလုပ်ပေးနေသရွေ့ လူတွေရဲ့ထောက်ပံ့မှုကို ဘယ်တော့မှ တောင်းခံမှာ၊ အသနားခံမှာ မဟုတ်ဘူး။ ‘တောင်များတွင်ရှိသော ရွှေငွေအားလုံးကို ငါပိုင်၏’ လို့ပြောတဲ့အရှင်က လိုအပ်တဲ့ရန်ပုံငွေကိုမပေးတော့ဘူးဆိုရင် ဒါဟာ စာပေတွေကို ရပ်ဆိုင်းရမယ့်အချိန်ပဲလို့ ကျွန်တော်တို့ယူမှတ်ပါတယ်။” (ဟဂ္ဂဲ ၂:၇-၉) အခုဆိုရင် နှစ်ပေါင်း ၁၃၀ ကျော်ကြာခဲ့ပြီ။ ကင်းမျှော်စင်ကိုထုတ်ဝေတဲ့ အဖွဲ့အစည်းဟာ တောင့်တင်းခိုင်မာနေဆဲပါပဲ။

ယေဟောဝါရဲ့လူမျိုးက ငွေကြေးမတောင်းခံဘူး။ အလှူငွေခွက်တွေ လက်ဆင့်မကမ်းဘူး။ အသင်းသားတွေဆီ အလှူငွေတောင်းခံစာတွေလည်း မပို့ဘူး။ အလှူငွေရဖို့ စျေးရောင်းပွဲတော်တွေ၊ ကံစမ်းမဲဖောက်တာတွေ၊ စတိတ်ရှိုးတွေ မလုပ်ဘူး။ ဟိုးအရင်ကတည်းက ကင်းမျှော်စင်မှာ အခုလိုပြောတယ်– “တခြားချာ့ခ်ျတွေလုပ်သလို သခင့်အတွက် ငွေကြေးတောင်းခံတာ သင့်တော်တယ်လို့ ကျွန်တော်တို့ လုံးဝမယူမှတ်ဘူး။ . . . သခင့်နာမည်ကိုသုံးပြီး ငွေကြေးတောင်းခံတဲ့ နည်းလမ်းအမျိုးမျိုးဟာ သခင့်ကိုစော်ကားရာကျတယ်။ အဲဒါတွေကို သခင်လက်မခံဘူးလို့ ကျွန်တော်တို့ယူမှတ်တယ်။ ပေးတဲ့သူရော လုပ်ဆောင်တဲ့လုပ်ငန်းပါ ကောင်းချီးရမှာမဟုတ်ဘူး။” * ဘုရားရဲ့လူမျိုးတွေဟာ အဲဒီအတိုင်း ခံယူထားကြတယ်။

“လူတိုင်း မိမိနှလုံး၌ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ”

၉၊ ၁၀။ စေတနာအလျောက်လှူဒါန်းရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

ဒီနေ့အချိန်မှာလည်း နိုင်ငံတော်ရဲ့လက်အောက်ခံတွေဖြစ်တဲ့ ကျွန်တော်တို့ကို အလှူငွေပေးဖို့ အတင်းတိုက်တွန်းစရာမလိုပါဘူး။ နိုင်ငံတော်လုပ်ငန်းကိုထောက်မဖို့ ကျွန်တော်တို့ရဲ့ငွေကြေးနဲ့ တခြားပစ္စည်းဥစ္စာတွေကို ဝမ်းမြောက်ဝမ်းသာပေးကြတယ်။ ဘာကြောင့် အဲဒီလောက် ရက်ရက်ရောရောပေးကြတာလဲ။ အကြောင်းရင်းသုံးခုကို လေ့လာကြည့်ရအောင်။

၁၀ ပထမ၊ ယေဟောဝါကိုချစ်ပြီး ကိုယ်တော် “နှစ်သက်တော်မူရာများကို” လုပ်ဆောင်ချင်တဲ့အတွက် စေတနာအလျောက် လှူဒါန်းကြတာဖြစ်တယ်။ (၁ ယော. ၃:၂၂) စိတ်နှလုံးထဲကနေ တလိုတလားပေးလှူတဲ့သူကို ယေဟောဝါ တကယ်နှစ်သက်တယ်။ ခရစ်ယာန်တွေပေးကမ်းတာနဲ့ပတ်သက်ပြီး တမန်တော်ပေါလုပြောတာကို သုံးသပ်ကြည့်ရအောင်။ (၂ ကောရိန္သု ၉:၇ ကိုဖတ်ပါ။) ခရစ်ယာန်စစ်တစ်ယောက်က နှမြောတွန့်တိုစိတ်နဲ့၊ မလှူမနေရဆိုတဲ့သဘောမျိုးနဲ့ မလှူဘူး။ “မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း” လှူတယ်။ * ဆိုလိုတာက ဘာတွေလိုအပ်တယ်၊ အဲဒါကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မယ်ဆိုတာ သေချာစဉ်းစားပြီးမှ လှူတာဖြစ်တယ်။ “စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင်နှစ်သက်တော်မူ၏” လို့ပြောထားတဲ့အတွက် အဲဒီလိုပေးလှူတဲ့သူကို ယေဟောဝါချစ်တယ်။ ဘာသာပြန်ကျမ်း နောက်တစ်ခုမှာ “ပေးကမ်းချင်စိတ်ရှိသူကို ဘုရားသခင်ချစ်တယ်” လို့ဖတ်ရတယ်။

မိုဇမ်ဘစ်နိုင်ငံက ကလေးငယ်တွေလည်း ပေးကမ်းချင်စိတ်ရှိကြ

၁၁။ ယေဟောဝါကို အကောင်းဆုံး လက်ဆောင်ပေးဖို့ ဘာကလှုံ့ဆော်ပေးသလဲ။

၁၁ ဒုတိယ၊ ကျွန်တော်တို့ရရှိထားတဲ့ ကောင်းချီးများစွာအတွက် ယေဟောဝါကို ကျေးဇူးတင်တဲ့အနေနဲ့ လှူဒါန်းကြတယ်။ စိတ်သဘောထားကိုစစ်ဆေးတဲ့ မူတစ်ခုနဲ့ပတ်သက်ပြီး မောရှေပညတ်မှာဖော်ပြထားတာကို သုံးသပ်ကြည့်ရအောင်။ (တရားဟောရာ ၁၆:၁၆၊ ၁၇ ကိုဖတ်ပါ။) * နှစ်စဉ်ပွဲတော်သုံးခုကိုတက်ရောက်တဲ့အခါ အစ္စရေးအမျိုးသားတစ်ယောက်စီက သူ့ကို ‘ယေဟောဝါဘုရား ကောင်းချီးပေးထားတဲ့အတိုင်း’ လက်ဆောင်ယူလာရမှာဖြစ်တယ်။ ဒါကြောင့် ပွဲတော်မသွားခင်မှာ တစ်ယောက်စီက ရထားတဲ့ကောင်းချီးတွေကိုရေတွက်၊ ကိုယ့်စိတ်သဘောထားကို စစ်ဆေးပြီး အကောင်းဆုံးလက်ဆောင်ကို ယူသွားဖို့ ဆုံးဖြတ်ရတယ်။ အလားတူပဲ၊ ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ယေဟောဝါကောင်းချီးပေးနေတယ်ဆိုတာ စဉ်းစားကြည့်တဲ့အခါ ကိုယ်တော့်ကို အကောင်းဆုံးလက်ဆောင်ပေးဖို့ လှုံ့ဆော်ခံရတယ်။ ဥစ္စာပစ္စည်းတွေအပါအဝင် စိတ်နှလုံးအကြွင်းမဲ့ ပေးလှူတဲ့လက်ဆောင်က ယေဟောဝါပေးတဲ့ကောင်းချီးတွေကို ကျွန်တော်တို့ ဘယ်လောက်ကျေးဇူးတင်လေးမြတ်တယ်ဆိုတာ ဖော်ပြနေတယ်။—၂ ကော. ၈:၁၂-၁၅

၁၂၊ ၁၃။ စေတနာအလျောက်လှူဒါန်းခြင်းက ဘုရင်ယေရှုကိုချစ်ကြောင်း ဘယ်လိုနည်းနဲ့ဖော်ပြသလဲ။ တစ်ယောက်စီအနေနဲ့ ဘယ်လောက် လှူဒါန်းကြမလဲ။

၁၂ တတိယ၊ စေတနာအလျောက် လှူဒါန်းခြင်းက ဘုရင်ယေရှုခရစ်ကို ချစ်ကြောင်း တင်ပြရာရောက်တယ်။ ဘယ်လိုနည်းနဲ့လဲ။ မြေကြီးအသက်တာနောက်ဆုံးညမှာ တပည့်တွေကို ယေရှုဘာပြောခဲ့သလဲဆိုတာ သတိပြုပါ။ (ယောဟန် ၁၄:၂၃ ကိုဖတ်ပါ။) “မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို စောင့်ရှောက်လိမ့်မည်” လို့ ယေရှုပြောခဲ့တယ်။ ယေရှုရဲ့ “စကား” ထဲမှာ မြေတစ်ပြင်လုံး နိုင်ငံတော်သတင်းဟောပြောပါဆိုတဲ့အမိန့်လည်း ပါတယ်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကျွန်တော်တို့ဟာ နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့ဖို့ အချိန်၊ ခွန်အား၊ ပစ္စည်းဥစ္စာတွေကို အတတ်နိုင်ဆုံး အသုံးပြုခြင်းအားဖြင့် ယေရှုရဲ့ “စကား” ကိုလိုက်နာကြတယ်။ ဒီနည်းနဲ့ မေရှိယဘုရင်ကို ချစ်ကြောင်း ဖော်ပြကြတယ်။

၁၃ မှန်ပါတယ်၊ နိုင်ငံတော်ရဲ့သစ္စာရှိလက်အောက်ခံတွေအနေနဲ့ ကျွန်တော်တို့ဟာ ငွေကြေးဥစ္စာလှူဒါန်းခြင်းအားဖြင့် နိုင်ငံတော်ကို စိတ်နှလုံးအကြွင်းမဲ့ ထောက်မပေးချင်ကြတယ်။ တစ်ယောက်စီအနေနဲ့ ဘယ်လောက်လှူဒါန်းကြမလဲ။ ဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ယောက်စီယောက်တိုင်းက အတတ်နိုင်ဆုံးပေးကြတယ်။ သက်သေခံအများစုကတော့ ချမ်းသာတဲ့သူတွေ မဟုတ်ကြပါဘူး။ (မ. ၁၉:၂၃၊ ၂၄; ယာ. ၂:၅) ဒါပေမဲ့ ယေဟောဝါနဲ့သားတော်ဟာ စေတနာစိတ်နဲ့ပေးတဲ့ အလှူငွေနည်းနည်းလေးကိုတောင် တန်ဖိုးထားတယ်ဆိုတာသိရလို့ နှစ်သိမ့်မှုခံစားရတယ်။—မာ. ၁၂:၄၁-၄၄

ငွေကို ဘယ်ကရသလဲ

၁၄။ နှစ်အတော်ကြာအထိ ယေဟောဝါသက်သေတွေဟာ စာပေတွေကို ဘယ်လိုဝေငှခဲ့သလဲ။

၁၄ နှစ်အတော်ကြာအထိ ယေဟောဝါသက်သေတွေဟာ ကျမ်းစာ,စာပေတွေကို သတ်မှတ်ထားတဲ့အလှူငွေနဲ့ ဝေငှကြတယ်။ ဒါပေမဲ့ ဆင်းရဲသားတွေလည်းဖတ်နိုင်ဖို့ သတ်မှတ်နှုန်းထားကို အနည်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ အိမ်ရှင်က စိတ်ဝင်စားပေမဲ့ သတ်မှတ်ထားတဲ့အလှူငွေပေးဖို့ မတတ်နိုင်ဘူးဆိုရင် ကြေညာသူတွေက စာပေကို လိုလိုလားလားပေးခဲ့ကြတယ်။ သူတို့ရဲ့ဆန္ဒက ဒီစာပေတွေကို စိတ်ရင်းမှန်သူတွေဖတ်ရှုပြီး အကျိုးခံစားရဖို့ပါပဲ။

၁၅၊ ၁၆။ (က) ၁၉၉၀ ပြည့်နှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က စာပေဝေငှပုံကို ဘယ်လိုပြုပြင်ပြောင်းလဲခဲ့သလဲ။ (ခ) အလှူငွေကို ဘယ်လိုထည့်ဝင်ကြသလဲ။ (“ အလှူငွေကို ဘယ်လိုအသုံးပြုသလဲ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၅ ၁၉၉၀ ပြည့်နှစ်မှာတော့ အုပ်ချုပ်ရေးအဖွဲ့က စာပေဝေငှပုံကို ပြုပြင်ပြောင်းလဲခဲ့တယ်။ အဲဒီနှစ်ကစပြီး အမေရိကန်နိုင်ငံမှာ စာပေအားလုံးကို ဝေငှတဲ့အခါ သတ်မှတ်ထားတဲ့အလှူငွေ မကောက်ခံတော့ဘူး။ စေတနာရှိသလောက် အလှူငွေထည့်ဝင်ရမှာဖြစ်တယ်။ အဲဒီနိုင်ငံကအသင်းတော်တွေဆီ ရေးတဲ့စာမှာ အခုလိုရှင်းပြတယ်– “သတ်မှတ်ထားတဲ့အလှူငွေ ကောက်ခံတာ၊ သတ်မှတ်ထားတဲ့အလှူငွေအကြောင်း ပြောတာတောင် မလုပ်တော့ဘဲ ကြေညာသူတွေကိုဖြစ်စေ၊ စိတ်၀င်စားသူတွေကိုဖြစ်စေ မဂ္ဂဇင်းနဲ့စာပေ ပေးရမယ်။ . . . ကျွန်တော်တို့ရဲ့ ပညာပေးလုပ်ငန်းအတွက် ကုန်ကျစရိတ်တွေ ကာမိစေဖို့ အလှူငွေထည့်ချင်တယ်ဆိုရင် ထည့်နိုင်ပါတယ်။ ဒါပေမဲ့ အလှူငွေထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ စာပေတွေကို ရယူနိုင်ပါတယ်။” ဒီအစီအစဉ်က ကျွန်တော်တို့ရဲ့လုပ်ငန်းဟာ စေတနာနဲ့လုပ်ဆောင်တဲ့လုပ်ငန်းဖြစ်ပြီး ဘာသာရေးသက်သက်ဖြစ်ကြောင်း၊ ကျွန်တော်တို့ဟာ “ဘုရားသခင်၏တရားစကားတော်ကို လှည့်လည်ရောင်းချ” သူတွေမဟုတ်ကြောင်း ရှင်းလင်းသွားစေတယ်။ (၂ ကော. ၂:၁၇) စေတနာအလျောက် အလှူငွေထည့်ဝင်တဲ့အစီအစဉ်ကို ကမ္ဘာတစ်ဝန်းက ဌာနခွဲတွေလည်း နောက်ပိုင်းမှာ အကောင်အထည်ဖော်ခဲ့တယ်။

၁၆ အလှူငွေကို ဘယ်လိုထည့်ဝင်ကြသလဲ။ ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမမှာ အလှူငွေပုံးတွေကို သိသာလွန်းတဲ့ပုံစံမျိုးမဖြစ်အောင် ဂရုတစိုက်ထားရှိတယ်။ အဲဒီအလှူငွေပုံးတွေထဲထည့်နိုင်သလို ယေဟောဝါသက်သေတွေရဲ့ တရားဝင်အသင်းအဖွဲ့တစ်ခုခုကိုလည်း တိုက်ရိုက်ပေးပို့လှူဒါန်းနိုင်ပါတယ်။ ကင်းမျှော်စင်မှာ လှူဒါန်းနိုင်ပုံနဲ့ပတ်သက်တဲ့ဆောင်းပါးတစ်ပုဒ် နှစ်စဉ်နှစ်တိုင်းပါတယ်။

ငွေကို ဘယ်လိုအသုံးပြုသလဲ

၁၇–၁၉။ ရန်ပုံငွေကို (က) ကမ္ဘာချီ လုပ်ငန်းမှာ ဘယ်လိုအသုံးပြုသလဲ။ (ခ) ကမ္ဘာချီနိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ဘယ်လိုအသုံးပြုသလဲ။ (ဂ) ဒေသခံအသင်းတော်ကုန်ကျစရိတ်တွေအတွက် ဘယ်လိုအသုံးပြုသလဲ။

၁၇ ကမ္ဘာချီလုပ်ငန်း။ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် ကုန်ကျစရိတ်တွေ ကာမိစေဖို့ ရန်ပုံငွေကို အသုံးပြုတယ်။ အဲဒီကုန်ကျစရိတ်တွေမှာ ကမ္ဘာတစ်ဝန်းဝေငှဖို့ စာပေတွေထုတ်ဝေတဲ့စရိတ်၊ ဌာနခွဲအဆောက်အအုံတွေ ဆောက်လုပ်တဲ့၊ ပြုပြင်ထိန်းသိမ်းတဲ့စရိတ်၊ သင်တန်းကျောင်းအမျိုးမျိုးအတွက် အသုံးပြုတဲ့စရိတ်တို့ပါဝင်တယ်။ ဒါ့အပြင် သာသနာပြုတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ အထူးရှေ့ဆောင်တွေအတွက်လည်း ရန်ပုံငွေကို အသုံးပြုတယ်။ ဘေးအန္တရာယ်ကျရောက်ချိန်မှာ ယုံကြည်သူချင်းတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်း အသုံးပြုတယ်။ *

၁၈ ကမ္ဘာချီနိုင်ငံတော်ခန်းမဆောက်လုပ်ရေး။ နိုင်ငံတော်ခန်းမ အသစ်ဆောက်လုပ်ရာမှာ၊ ပြုပြင်မွမ်းမံရာမှာ အသင်းတော်တွေကို ကူညီပေးဖို့ ရန်ပုံငွေကို အသုံးပြုတယ်။ အလှူငွေတွေ ထပ်ရလာတာနဲ့အမျှ တခြားအသင်းတော်တွေကို ဆက်ကူညီပေးဖို့ ရန်ပုံငွေကို အသုံးပြုနိုင်တယ်။ *

၁၉ ဒေသခံအသင်းတော်ကုန်ကျစရိတ်များ။ နိုင်ငံတော်ခန်းမအထွေထွေကုန်ကျစရိတ်နဲ့ ပြုပြင်ထိန်းသိမ်းရေးစရိတ်အတွက်၊ နိုင်ငံတော်ခန်းမ အသစ်ဆောက်ဖို့ ဒါမှမဟုတ် ပြုပြင်မွမ်းမံဖို့ ဌာနခွဲရုံးက ငွေပေးထားတယ်ဆိုရင် အဲဒီငွေကို ပြန်ပေးဖို့အတွက် ရန်ပုံငွေကို အသုံးပြုတယ်။ အကြီးအကဲတွေက ရန်ပုံငွေတချို့ကို ကမ္ဘာချီလုပ်ငန်းအတွက်သုံးဖို့ ဒေသခံဌာနခွဲရုံးဆီ ပို့ပေးရင်ကောင်းမယ်လို့ ဆုံးဖြတ်ကောင်းဆုံးဖြတ်နိုင်တယ်။ အဲဒီလိုဆိုရင် အကြီးအကဲတွေက အသင်းတော်သဘောတူကြောင်း စည်းဝေးဆုံးဖြတ်ချက် ယူရမယ်။ သဘောတူတယ်ဆိုရင် ဆုံးဖြတ်ထားတဲ့ရန်ပုံငွေကို ပို့ပေးမှာဖြစ်တယ်။ အသင်းတော်စာရင်းအင်းကို တာဝန်ယူတဲ့ညီအစ်ကိုက ငွေစာရင်းအစီရင်ခံစာကို အသင်းတော်မှာ လစဉ်ဖတ်ပြရမှာဖြစ်တယ်။

၂၀။ သင်ပိုင်ဆိုင်တဲ့ ‘အဖိုးတန်အရာ တွေ’ နဲ့ ယေဟောဝါကို ဘယ်လိုဂုဏ်တင်နိုင်သလဲ။

၂၀ ကမ္ဘာတစ်ဝန်း နိုင်ငံတော်သတင်းဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အရာအားလုံးကို သုံးသပ်လိုက်တဲ့အခါ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ‘အဖိုးတန်အရာတွေနဲ့ ယေဟောဝါကို ဂုဏ်တင်’ ဖို့ လှုံ့ဆော်ခံရတယ်။ (သု. ၃:၉၊ ၁၀ကဘ) အဲဒီအဖိုးတန်အရာတွေထဲမှာ ကာယပိုင်း၊ ဉာဏပိုင်း၊ ဘုရားရေးရာပိုင်းနဲ့ဆိုင်တဲ့ အစွမ်းအစတွေ ပါဝင်တယ်။ နိုင်ငံတော်လုပ်ငန်းမှာ ဒီအစွမ်းအစတွေကို ကျွန်တော်တို့ အပြည့်အဝအသုံးပြုချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ အဖိုးတန်အရာတွေထဲမှာ ပစ္စည်းဥစ္စာတွေလည်း ပါဝင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ကိုယ်တတ်နိုင်တာကို တတ်နိုင်တဲ့အချိန်မှာပေးဖို့ ဆုံးဖြတ်ထားကြပါစို့။ စေတနာအလျောက်ပါဝင်လှူဒါန်းမှုတွေက ယေဟောဝါကို ဂုဏ်တင်တဲ့အပြင် မေရှိယနိုင်ငံတော်ကို ထောက်ခံနေကြောင်း တင်ပြရာရောက်တယ်။

^ အပိုဒ်၊ 1 ၁၉၁၅၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် [အင်္ဂလိပ်] စာမျက်နှာ ၂၁၈-၂၁၉။

^ အပိုဒ်၊ 8 ၁၈၉၉၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် [အင်္ဂလိပ်] စာမျက်နှာ ၂၀၁။

^ အပိုဒ်၊ 10 “ဆုံးဖြတ်” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက “ကြိုတင်သတ်မှတ်ထားခြင်း သဘောဆောင်တယ်” ဆိုပြီး ကျမ်းပညာရှင်တစ်ယောက်က ပြောတယ်။ သူအခုလို ဆက်ပြောတယ်– “ပေးကမ်းတဲ့အခါ ပျော်ရွှင်တဲ့ခံစားချက် အလိုလိုပေါ်လာတာမှန်ပေမဲ့ အဲဒီလိုပေးကမ်းနိုင်အောင် စနစ်တကျကြိုတင်စီစဉ်ထားဖို့ လိုတယ်။”—၁ ကော. ၁၆:၂

^ အပိုဒ်၊ 11 တရားဟောရာ ၁၆:၁၆၊ ၁၇ (ကဘ)– ‘ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာမှာ ယောက်ျားအားလုံးက တဆေးမဲ့မုန့်ပွဲတော်၊ ခုနစ်သီတင်းပွဲတော်၊ တဲနေပွဲတော်အတွက် ရှေ့တော်ကို တစ်နှစ်သုံးကြိမ် လာရမယ်။ ယေဟောဝါဘုရားရှေ့ကို ဘယ်သူမှ လက်ချည်းသက်သက် မလာရဘူး။ လူတိုင်းက ယေဟောဝါဘုရား ကောင်းချီးပေးထားတဲ့အတိုင်း လက်ဆောင်ယူလာရမယ်။’

^ အပိုဒ်၊ 17 ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ပိုသိနိုင်ဖို့ အခန်း ၂၀ ကိုကြည့်ပါ။

^ အပိုဒ်၊ 18 နိုင်ငံတော်ခန်းမဆောက်လုပ်ရေးအကြောင်း ပိုသိနိုင်ဖို့ အခန်း ၁၉ ကိုကြည့်ပါ။