မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၂

နိုင်ငံတော်က ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်မှာပြည့်စုံစေ

နိုင်ငံတော်က ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်မှာပြည့်စုံစေ

အဓိကအကြောင်းအရာ

နိုင်ငံတော်က ကမ္ဘာမြေကြီးနဲ့၊ လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတော်အားလုံးကို ပြည့်စုံစေ

၁၊ ၂။ (က) ပရဒိသုကို တကယ်ရှိတဲ့ အရာအဖြစ် မြင်ယောင်ကြည့်ဖို့ တစ်ခါတလေ ဘာကြောင့်သိပ်ခက်တာလဲ။ (ခ) ဘုရားသခင့်ကတိတော်တွေအပေါ် ယုံကြည်ခြင်းခိုင်ခံ့လာစေဖို့ ဘာကကူညီပေးမလဲ။

သစ္စာရှိညီအစ်ကိုတစ်ယောက်ဟာ တစ်နေ့လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး စည်းဝေးကိုရောက်လာတယ်။ အလုပ်ရှင်က သူ့ကို တရားလွန်အလုပ်လုပ်ခိုင်းတယ်၊ မိသားစုကို ပြုစုစောင့်ရှောက်ရတဲ့ တာဝန်လည်းရှိတယ်၊ ဒီကြားထဲ ဇနီးသည်ကလည်း မကျန်းမာဘူး။ သူ့မှာ ပူပင်သောကရောက်စရာတွေ အများကြီးပဲ။ စည်းဝေးအဖွင့်သီချင်းတီးလုံး ကြားလိုက်ရတဲ့အခါမှာတော့ စိတ်သက်သာမှုရပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။ နိုင်ငံတော်ခန်းမမှာ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ရှိနေရတာ စိတ်ချမ်းသာစရာပါပဲ။ သီချင်းက ပရဒိသုမျှော်လင့်ချက်အကြောင်းဖြစ်တယ်။ သီချင်းစာသားတွေက ဒီမျှော်လင့်ချက်ကို မြင်ယောင်ကြည့်ပါ၊ ကိုယ့်ကိုယ်ကိုယ် ပရဒိသုမှာရောက်နေသလို စိတ်ကူးကြည့်ပါလို့ ပြောနေတယ်။ သူအရမ်းကြိုက်တဲ့ ဒီသီချင်းကို မိသားစုနဲ့အတူဆိုနေရင်း အနာဂတ်မျှော်လင့်ချက်က သောကများနေတဲ့သူ့စိတ်နှလုံးကို ငြိမ်းအေးသွားစေတယ်။

သင်ကော အဲဒီလိုခံစားဖူးသလား။ ကျွန်တော်တို့အများစုကတော့ ခံစားဖူးကြတယ်။ ဒါပေမဲ့ အမှန်အတိုင်းဝန်ခံရရင် ဒီစနစ်ဟောင်းကြီးမှာ ပရဒိသုကို တကယ်ရှိတဲ့အရာအဖြစ် မြင်ယောင်ကြည့်ဖို့ သိပ်ခက်ပါတယ်။ ကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်က “ခက်ခဲကျပ်တည်းသောကာလ” ဖြစ်ပြီး ပရဒိသုနဲ့တခြားစီပဲ။ (၂ တိ. ၃:၁) ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကို တကယ်ရှိတဲ့အရာအဖြစ် မြင်ယောင်နိုင်ဖို့ ဘာကကူညီပေးမလဲ။ မကြာခင်မှာ လူသားအားလုံးကို ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တော့မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ ယေဟောဝါပြောခဲ့တဲ့ ပရောဖက်ပြုချက်တချို့ အတိတ်မှာ ဘယ်လိုပြည့်စုံခဲ့တယ်ဆိုတာ လေ့လာကြည့်ရအောင်။ အဲဒီပရောဖက်ပြုချက်တွေအပြင် တခြားဆင်တူတဲ့ပရောဖက်ပြုချက်တွေ အခုအချိန်မှာ ဘယ်လိုပြည့်စုံနေတယ်ဆိုတာကိုလည်း လေ့လာကြမယ်။ ဒီလိုလေ့လာရင်း ယုံကြည်ခြင်းခိုင်ခံ့လာတာနဲ့အမျှ အဲဒီပရောဖက်ပြုချက်တွေ အနာဂတ်မှာ ဘယ်လိုပြည့်စုံလာမယ်ဆိုတာကို ဆက်သုံးသပ်သွားကြမယ်။

အတိတ်မှာ ကတိတော်တွေကို ယေဟောဝါပြည့်စုံစေခဲ့ပုံ

၃။ ဗာဗုလုန်သုံ့ပန်းဘဝ ရောက်နေတဲ့ ဂျူးတွေကို ဘယ်ကတိတော်က နှစ်သိမ့်ပေးသလဲ။

ဘီစီခြောက်ရာစုတုန်းက ဗာဗုလုန်ပြည်နှင်ခံ ဂျူးသုံ့ပန်းတွေရဲ့ဘဝ ဘယ်လိုရှိမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အများစုက သူတို့မိဘတွေလိုပဲ သုံ့ပန်းဘဝနဲ့ကြီးပြင်းလာပြီး ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းနေရတယ်။ ယေဟောဝါအပေါ်ထားတဲ့ သူတို့ရဲ့ယုံကြည်ခြင်းကိုလည်း ဗာဗုလုန်လူမျိုးတွေ ကဲ့ရဲ့လှောင်ပြောင်ကြတယ်။ (ဆာ. ၁၃၇:၁-၃) ဒါပေမဲ့ ဆယ်စုနှစ်တွေတစ်လျှောက် သစ္စာရှိဂျူးတွေဟာ တောက်ပတဲ့မျှော်လင့်ချက်တစ်ခုကို ဖက်တွယ်ထားကြတယ်။ အဲဒါကတော့ ယေဟောဝါက သူ့လူမျိုးကို နေရင်းပြည် ပြန်ပို့ပေးမယ်ဆိုတဲ့ ကတိတော်ပဲ။ အဲဒီမှာ အခြေအနေတွေကောင်းလာမယ်လို့ ယေဟောဝါပြောတယ်။ ပြန်လည်ထူထောင်မယ့်ယုဒပြည်ကို ဧဒင်ဥယျာဉ်၊ ပရဒိသုနဲ့တောင် ကိုယ်တော်နှိုင်းယှဉ်ခဲ့တယ်။ (ဟေရှာယ ၅၁:၃ ကိုဖတ်ပါ။) ဒီလိုကတိတွေက ဘုရားသခင့်လူမျိုးကို အားရှိစေပြီး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ သံသယတွေကို ရှင်းသွားစေတယ်။ ဘယ်လိုနည်းနဲ့လဲ။ ပရောဖက်ပြုချက်တချို့ကို သုံးသပ်ကြည့်ကြစို့။

၄။ နေရင်းပြည်မှာ ဘေးကင်းလုံခြုံမယ်ဆိုတာနဲ့ပတ်သက်ပြီး ဂျူးတွေကို ယေဟောဝါ ဘယ်လိုကတိပေးခဲ့သလဲ။

လုံခြုံမှု။ ဂျူးသုံ့ပန်းတွေဟာ တကယ့်ပရဒိသုဆီ ပြန်မှာမဟုတ်ဘဲ အနှစ် ၇၀ ကြာ လူသူကင်းမဲ့နေတဲ့ ရပ်ဝေးတိုင်းပြည်ဆီ ပြန်ကြမှာ။ သူတို့ထဲကတချို့လောက်ပဲ အဲဒီပြည်ကိုမြင်ဖူးကြတယ်။ အဲဒီတုန်းကဆိုရင် ခြင်္သေ့၊ ဝံပုလွေ၊ ကျားသစ်နဲ့ တခြားသားရိုင်းတိရစ္ဆာန်တွေလည်း ရှိတယ်။ ဒီတော့ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ‘ငါ့မိန်းမနဲ့ကလေးတွေကို ဘေးကင်းလုံခြုံအောင် ထားနိုင်ပါ့မလား။ သိုးနွားတိရစ္ဆာန်တွေကိုကော ကာကွယ်ပေးနိုင်ပါ့မလား’ လို့တွေးမိနိုင်တယ်။ ဒီလိုစိုးရိမ်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဟေရှာယ ၁၁:၆–၉ မှာပါတဲ့ ဘုရားသခင့်ကတိစကားကို စဉ်းစားကြည့်လိုက်တဲ့အခါ ဘယ်လောက်တောင် စိတ်သက်သာမှုရလိုက်မလဲ။ (ဖတ်ပါ။) ယေဟောဝါက သုံ့ပန်းတွေနဲ့ သူတို့ရဲ့တိရစ္ဆာန်တွေ ဘေးကင်းလုံခြုံမယ်ဆိုတာကို ကဗျာဆန်ဆန်အသုံးအနှုန်းတွေနဲ့ ကတိပေးခဲ့တယ်။ ခြင်္သေ့က မြက်ကိုစားမယ်၊ ဆိုလိုချင်တာက ဂျူးတွေရဲ့ သိုးနွားတိရစ္ဆာန်တွေကို စားမှာမဟုတ်ဘူး။ သစ္စာရှိသူတွေဟာ သားရိုင်းတိရစ္ဆာန်တွေရဲ့ရန်ကို ကြောက်စရာလိုမှာ မဟုတ်ဘူး။ ပြန်လည်ထူထောင်ထားတဲ့ ယုဒပြည်မှာသာမက တောကန္တာရနဲ့ တောထဲမှာတောင် ဘေးကင်းလုံခြုံမယ်လို့ ယေဟောဝါကတိပြုတယ်။—ယေဇ. ၃၄:၂၅

၅။ လိုအပ်ရာတွေကို ယေဟောဝါ အလျှံပယ်ပေးမယ်ဆိုတာ ပြည်တော်ပြန်ဂျူးတွေ ယုံကြည်စိတ်ချဖို့ ဘယ်ပရောဖက်ပြုချက်တွေက ကူညီပေးခဲ့သလဲ။

ပေါများကြွယ်ဝမှု။ တခြားစိုးရိမ်စရာတွေလည်း ရှိနိုင်ပါသေးတယ်။ ‘ပြန်လည်ထူထောင်ထားတဲ့တိုင်းပြည်မှာ ငါ့မိသားစုကို ကောင်းကောင်းကျွေးမွေးနိုင်ပါ့မလား။ ငါတို့ ဘယ်မှာနေကြမလဲ။ အလုပ်အကိုင်ကော ရှိပါ့မလား။ ဗာဗုလုန်သုံ့ပန်းဘဝမှာလုပ်ရတဲ့ ငြီးငွေ့စရာအလုပ်ထက် ပိုကောင်းနိုင်ပါ့မလား။’ ဒီလိုစိုးရိမ်စရာတွေကို ယေဟောဝါက ပရောဖက်ပြုချက်တွေကတစ်ဆင့် စာနာမှုရှိရှိ ဖြေရှင်းပေးခဲ့တယ်။ နာခံမှုရှိသူတွေဟာ မှီခိုအားထားစရာ မိုးရေကိုရရှိလိမ့်မယ်၊ ဒါကြောင့် မြေထွက်သီးနှံကနေရတဲ့မုန့် ပေါများ “ကြွယ်ဝ” ပြီး အဆီအနှစ်ရှိလိမ့်မယ်လို့ ယေဟောဝါကတိပြုတယ်။ (ဟေရှာ. ၃၀:၂၃) နေစရာနေရာ၊ အဓိပ္ပာယ်ရှိတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့လည်း ယေဟောဝါ အခုလိုကတိပေးတယ်– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။” (ဟေရှာ. ၆၅:၂၁၊ ၂၂) မှန်ပါတယ်၊ အယူမှားဗာဗုလုန်တိုင်းပြည်မှာနေရတဲ့ သုံ့ပန်းဘဝနဲ့စာရင် အဘက်ဘက်မှာ သာလွန်ကောင်းမွန်တဲ့အခြေအနေ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကို သုံ့ပန်းဘဝရောက်စေတဲ့ အဆိုးဝါးဆုံးပြဿနာတွေနဲ့ပတ်သက်လို့ကော၊ ဘယ်လိုလဲ။

၆။ ဘုရားသခင့်လူမျိုးမှာ ဘယ်လို ကျန်းမာရေးပြဿနာတွေ ရှိခဲ့သလဲ။ ပြည်တော်ပြန်ဂျူးတွေကို ယေဟောဝါ ဘယ်ကတိပေးခဲ့သလဲ။

ပုံဆောင်သဘောအရ ပြန်ကျန်းမာလာခြင်း။ ဘုရားသခင့်လူမျိုးဟာ သုံ့ပန်းဘဝမရောက်ခင်တုန်းက ပုံဆောင်သဘောအရ နာမကျန်းဖြစ်နေတယ်၊ တစ်နည်းအားဖြင့် ဘုရားသခင်နဲ့ဆက်ဆံရေး အတော်ကြာကြာမကောင်းခဲ့ဘူး။ ပရောဖက်ဟေရှာယကတစ်ဆင့် ယေဟောဝါက ‘သင်တို့တစ်ခေါင်းလုံး ဒဏ်ရာတွေပြည့်နေတယ်။ စိတ်နှလုံးကလည်း ရောဂါစွဲနေတယ်’ လို့ သူ့လူမျိုးကိုပြောခဲ့တယ်။ (ဟေရှာ. ၁:၅ကဘ) သူတို့ဟာ ပုံဆောင်သဘောအရ မျက်စိကန်း၊ နားပင်းခဲ့ကြတယ်။ ယေဟောဝါရဲ့သွန်သင်ချက်တွေကို မကြားရအောင် နားပိတ်ထားပြီး ကိုယ်တော်ပေးတဲ့ဉာဏ်အလင်းကို မမြင်ရအောင် မျက်စိပိတ်ထားကြလို့ပဲ။ (ဟေရှာ. ၆:၁၀; ယေ. ၅:၂၁; ယေဇ. ၁၂:၂) ပြည်တော်ပြန်သုံ့ပန်းတွေမှာ ဒီပြဿနာတွေရှိနေအုံးမယ်ဆိုရင် သူတို့ဘယ်လိုလုံခြုံနိုင်ပါ့မလဲ။ ယေဟောဝါရဲ့မျက်နှာသာ ထပ်ဆုံးရှုံးရုံပဲရှိမယ် မဟုတ်လား။ ဒါပေမဲ့ ယေဟောဝါရဲ့ကတိတော်က အားရှိစရာပါပဲ– ‘အဲဒီနေ့မှာ နားမကြားသူတွေက စာအုပ်ထဲကစကားတွေကို ကြားရလိမ့်မယ်။ မျက်မမြင်တွေကလည်း မှောင်ရိပ်နဲ့အမှောင်ထုကနေ လွတ်မြောက်ပြီး မြင်ရလိမ့်မယ်။’ (ဟေရှာ. ၂၉:၁၈ကဘ) ဟုတ်ပါတယ်၊ နှိမ့်ချပြီး နောင်တရတဲ့လူမျိုးကို ယေဟောဝါက ပုံဆောင်သဘောအရ ကုသပေးမယ်၊ တစ်နည်းအားဖြင့် ကိုယ်တော်နဲ့ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီပေးမယ်။ သူတို့က ပြုပြင်ပေးတာကို လိုလိုလားလားလက်ခံပြီး နာခံနေသရွေ့ ကိုယ်တော်ကလည်း အသက်ရစေတဲ့ညွှန်ကြားချက်နဲ့ ဉာဏ်အလင်းကို ပေးပါလိမ့်မယ်။

၇။ ပြည်တော်ပြန်ဂျူးတွေကိုပေးတဲ့ ဘုရားသခင့်ကတိတွေ ဘယ်လိုပြည့်စုံခဲ့သလဲ။ အဲဒီပြည့်စုံချက်တွေက ယုံကြည်ခြင်းကို ဘာကြောင့် ပိုခိုင်ခံ့စေသလဲ။

ယေဟောဝါက သူ့ကတိတွေအတိုင်း လုပ်ဆောင်ပေးခဲ့သလား။ သမိုင်းမှတ်တမ်းကိုကြည့်ရင် အဖြေသိနိုင်ပါတယ်။ ပြည်တော်ပြန်ဂျူးတွေဟာ လုံခြုံမှု၊ ပေါများကြွယ်ဝမှု ခံစားရပြီး ပုံဆောင်သဘောအရ ပြန်ကျန်းမာလာခဲ့တယ်။ ဥပမာ၊ ယေဟောဝါက သူတို့ထက်ပိုများပြီး ပိုအင်အားကြီးတဲ့ ပတ်ဝန်းကျင်လူမျိုးတွေရန်ကနေ သူတို့ကိုကာကွယ်ပေးခဲ့တယ်။ သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကလည်း သားရိုင်းတိရစ္ဆာန်တွေရန်ကနေ ကင်းလွတ်ခဲ့တယ်။ ဂျူးတွေဟာ ဟေရှာယ၊ ယေရမိ၊ ယေဇကျေလတို့ရေးခဲ့တဲ့ ပရဒိသုဆိုင်ရာပရောဖက်ပြုချက်တွေ အကန့်အသတ်နဲ့ပြည့်စုံတာကို မြင်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့မြင်ခဲ့ရတဲ့ ပြည့်စုံချက်တွေဟာ တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းပြီး အချိန်ကိုက်လိုအပ်နေတဲ့အရာပါပဲ။ အတိတ်တုန်းက လူမျိုးတော်အတွက် ယေဟောဝါလုပ်ဆောင်ပေးခဲ့တာကို ပြန်စဉ်းစားကြည့်တဲ့အခါ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ အဲဒီပရောဖက်ပြုချက်တွေ အကန့်အသတ်နဲ့ပြည့်စုံတာတောင် စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုရင် ကြီးမားတဲ့အတိုင်းအတာနဲ့ပြည့်စုံလာတဲ့အခါ ဘယ်လိုများနေမလဲဆိုတာ စဉ်းစားကြည့်ပါ။ အခုအချိန်မှာ ကျွန်တော်တို့အတွက် ယေဟောဝါလုပ်ဆောင်ပေးနေတာကို သုံးသပ်ကြည့်ရအောင်။

အခုအချိန်မှာ ကတိတော်တွေကို ယေဟောဝါစတင်ပြည့်စုံစေပုံ

၈။ အခုအချိန်မှာ ဘုရားသခင့်လူမျိုးဟာ ဘယ်လိုနိုင်ငံမျိုးမှာ ရှိနေသလဲ။

အခုအချိန်မှာ ယေဟောဝါရဲ့လူမျိုးဟာ လူမျိုးတစ်မျိုးတည်း မဟုတ်တော့ဘူး၊ တစ်နိုင်ငံတည်းမှာနေတာလည်း မဟုတ်တော့ဘူး။ အဲဒီအစား ဘိသိက်ခံခရစ်ယာန်တွေကို “ဘုရားသခင်၏အစ္စရေးလူမျိုး” အဖြစ် ဖွဲ့စည်းထားတယ်။ (ဂလ. ၆:၁၆) သူတို့ရဲ့အပေါင်းပါ “အခြားသိုး” ကလည်း သူတို့နဲ့အတူပူးပေါင်းပြီး နိုင်ငံတစ်ခုနဲ့တူတဲ့ အဖွဲ့အစည်းမှာ ယေဟောဝါဘုရားကို စည်းစည်းလုံးလုံး ဝတ်ပြုနေကြတယ်။ အဲဒီဝတ်ပြုရေးဟာ သူတို့ရဲ့ဘဝလမ်းစဉ်ပါပဲ။ (ယော. ၁၀:၁၆; ဟေရှာ. ၆၆:၈) ယေဟောဝါက ဘယ်လိုနိုင်ငံမျိုးကို ပေးထားသလဲ။ အနာဂတ်ပရဒိသုနဲ့ဆင်တူတဲ့ ပုံဆောင်ပရဒိသုဖြစ်တယ်။ အဲဒီမှာ ဧဒင်ဥယျာဉ်လိုအခြေအနေမျိုးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတော်တွေ ပုံဆောင်သဘောအရ ပြည့်စုံနေတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ရအောင်။

၉၊ ၁၀။ (က) ဒီနေ့အချိန်မှာ ဟေရှာယ ၁၁:၆-၉ မှာပါတဲ့ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံနေသလဲ။ (ခ) ဘုရားသခင့်လူမျိုးတွေအလယ်မှာ ငြိမ်သက် အေးချမ်းမှု ခံစားနေရတယ်ဆိုတာ ဘာကဖော်ပြနေသလဲ။

လုံခြုံမှု။ ဟေရှာယ ၁၁:၆-၉ မှာ တိရစ္ဆာန်အချင်းချင်းစပ်ကြား၊ လူနဲ့တိရစ္ဆာန်စပ်ကြား သင့်တင့်ငြိမ်သက်မှုရှိမယ်ဆိုတာကို လှလှပပပုံဖော်ထားတယ်။ အဲဒါက ဒီနေ့အချိန်မှာ ပုံဆောင်သဘောအရ ပြည့်စုံနေသလား။ ပြည့်စုံနေပါတယ်။ အခန်းငယ် ၉ မှာ အဲဒီတိရစ္ဆာန်တွေက အချင်းချင်းညှဉ်းဆဲမှာ၊ ဖျက်ဆီးမှာမဟုတ်ဘူးလို့ ပြောထားတယ်။ ဘာကြောင့်လဲ။ ‘ပင်လယ်ရေဟာ မိမိနေရာကိုလွှမ်းမိုးသလို မြေကြီးဟာ ယေဟောဝါကိုသိကျွမ်းခြင်းပညာနဲ့ ပြည့်နေမှာဖြစ်လို့ပဲ။’ ‘ယေဟောဝါကိုသိကျွမ်းခြင်းပညာက’ တိရစ္ဆာန်တွေရဲ့စရိုက်ကို ပြောင်းလဲပေးနိုင်သလား။ မပြောင်းလဲပေးနိုင်ပါဘူး။ ဒါပေမဲ့ တိရစ္ဆာန်လို အကျင့်စရိုက်ရှိတဲ့လူတွေက အမြင့်ဆုံးဘုရားသခင်အကြောင်း သိလာပြီး ကိုယ်တော်ရဲ့ ငြိမ်သက်အေးချမ်းတဲ့နည်းလမ်းတွေကို လိုက်လျှောက်ဖို့ သင်ယူတဲ့အခါ သူတို့ရဲ့အကျင့်စရိုက်တွေ ပြောင်းလဲလာကြတယ်။ ဒါကြောင့် အခုရှိနေတဲ့ ပုံဆောင်ပရဒိသုမှာ အဲဒီပရောဖက်ပြုချက်ပြည့်စုံနေတာကို တွေ့ရတာ ဝမ်းသာစရာပါပဲ။ နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ ခရစ်တော်ရဲ့နောက်လိုက်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့၊ တိရစ္ဆာန်နဲ့တူတဲ့ အကျင့်စရိုက်တွေကို ဖယ်ရှားဖို့သင်ယူနေပြီး ညီအစ်ကိုညီအစ်မတွေနဲ့အတူ စည်းလုံးငြိမ်သက်စွာ နေထိုင်နေကြတယ်။

၁၀ ဥပမာ၊ ဒီစာအုပ်မှာ ကျမ်းစာပေါ်အခြေခံပြီးသိထားတဲ့ ခရစ်ယာန်ကြားနေမှုအကြောင်း၊ ကြားနေမှုကြောင့် ဘုရားသခင့်လူမျိုးကြုံတွေ့ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုအကြောင်း လေ့လာခဲ့ကြတယ်။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရရင်တောင် ဘယ်လိုအကြမ်းဖက်မှုမျိုးမှာမဆို မပါဝင်တဲ့လူတစ်စု ဒီအကြမ်းဖက်လောကမှာရှိနေတာ အံ့ဩစရာပဲမဟုတ်လား။ ဒါက မေရှိယဘုရင်ရဲ့လက်အောက်ခံတွေဟာ ဟေရှာယပြောခဲ့တဲ့ ငြိမ်သက်အေးချမ်းမှုကို ခံစားနေရတယ်ဆိုတာ အထင်အရှားသက်သေထူပါတယ်။ ယေရှုက သူ့နောက်လိုက်တွေရဲ့အမှတ်အသားဟာ အချင်းချင်းချစ်တဲ့မေတ္တာဖြစ်တယ်လို့ ပြောခဲ့တယ်။ (ယော. ၁၃:၃၄၊ ၃၅) ခရစ်တော်က ‘သစ္စာနဲ့သတိပညာရှိကျွန်’ ကိုအသုံးပြုပြီး အသင်းတော်တွင်းမှာ ခရစ်ယာန်စစ်အားလုံး အသင့်အတင့်နေတတ်အောင်၊ အချင်းချင်းမေတ္တာပြတတ်အောင်၊ နူးညံ့သိမ်မွေ့သူတွေဖြစ်အောင် စိတ်ရှည်ရှည် သွန်သင်ပေးနေပါတယ်။—မ. ၂၄:၄၅-၄၇

၁၁၊ ၁၂။ ဒီကမ္ဘာလောကကြီးမှာ ဘယ်အငတ်ဘေးကြုံနေရသလဲ။ ဒါပေမဲ့ ယေဟောဝါက သူ့လူမျိုးကို ဘယ်လိုအလျှံပယ် ကျွေးမွေးနေသလဲ။

၁၁ ပေါများကြွယ်ဝမှု။ ဒီကမ္ဘာလောကကြီးက ပုံဆောင်သဘောအရ ငတ်ပြတ်နေတယ်၊ တစ်နည်းအားဖြင့် ဘုရားသခင်နဲ့ပတ်သက်တဲ့အသိပညာ ငတ်ပြတ်နေတယ်။ “အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ‘မွတ်သိပ်ခြင်းဘေးကို တစ်ပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်’” လို့ကျမ်းစာက သတိပေးတယ်။ (အာ. ၈:၁၁) ဘုရားသခင့်နိုင်ငံတော်ရဲ့ နိုင်ငံသားတွေကော ပုံဆောင်အငတ်ဘေးကြုံနေရသလား။ ယေဟောဝါက သူ့လူမျိုးနဲ့ ရန်သူတွေရဲ့ကွာခြားချက်ကို အခုလိုကြိုပြောတယ်– “ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား ရှက်ကြောက်ကြလိမ့်မည်။” (ဟေရှာ. ၆၅:၁၃) အဲဒီစကားတွေ ပြည့်စုံတာကို သင်မြင်နေရသလား။

၁၂ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းစေတဲ့ ပြင်ဆင်ပေးချက်တွေဟာ ကျယ်ပြန့်နက်ရှိုင်းတဲ့မြစ်တစ်စင်းလို စီးဆင်းနေတယ်။ ပုံဆောင်အစာ ငတ်မွတ်နေတဲ့ ဒီလောကကြီးမှာ ကျွန်တော်တို့ကတော့ ကျမ်းစာအခြေပြုစာပေတွေ၊ အသံသွင်းထားတာတွေ၊ ဗီဒီယိုတွေ၊ စည်းဝေးနဲ့စည်းဝေးကြီးတွေ၊ ဝက်ဘ်ဆိုက်မှာ တင်ထားတာတွေကနေတစ်ဆင့် ပုံဆောင်အစာ အလျှံပယ်ရရှိနေကြတယ်။ (ယေဇ. ၄၇:၁-၁၂; ယောလ ၃:၁၈) ပေါများကြွယ်ဝစေမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိစကား ပြည့်စုံတာကို သင့်ရဲ့နေ့စဉ်အသက်တာမှာ မြင်နေရတာ စိတ်လှုပ်ရှားစရာမကောင်းဘူးလား။ ယေဟောဝါရဲ့စားပွဲမှာ သင် ပုံမှန်စားသုံးနေသလား။

ပုံဆောင်သဘောအရ ဝဝလင်လင်စားရဖို့၊ လုံခြုံမှုရှိဖို့၊ ကျန်းမာဖို့ အသင်းတော် တွေက ကူညီပေး

၁၃။ မျက်စိကန်းသူတွေ မြင်လာမယ်၊ နားပင်းသူတွေ ကြားလာမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိတော် ဘယ်လိုပြည့်စုံနေသလဲ။

၁၃ ပုံဆောင်သဘောအရ ပြန်ကျန်းမာလာခြင်း။ ဒီနေ့အချိန်မှာ လူများစွာက ပုံဆောင်သဘောအရ မျက်စိကန်း၊ နားပင်းနေကြတယ်။ (၂ ကော. ၄:၄) ဒါပေမဲ့ ခရစ်တော်က ပုံဆောင်သဘောအရ နာမကျန်းဖြစ်နေတာတွေကို ကမ္ဘာချီအတိုင်းအတာနဲ့ ကုသပေးနေတယ်။ မျက်စိကန်းသူတွေ မြင်လာတာ၊ နားပင်းသူတွေ ကြားလာတာကို သင်တွေ့နေရသလား။ လူတွေက တိကျမှန်ကန်တဲ့ကျမ်းစာအသိပညာကို သိလာတဲ့အခါ အမှန်တရားကို မမြင်အောင်၊ မကြားအောင် တားဆီးထားတဲ့ ဘာသာရေးလှည့်စားမှုတွေကနေ လွတ်မြောက်လာကြတယ်။ အဲဒီလိုလူတွေကို တွေ့ရတဲ့အခါ ဒီကတိစကားပြည့်စုံလာတာကို သင်တွေ့နေတာဖြစ်တယ်– ‘အဲဒီနေ့မှာ နားမကြားသူတွေက စာအုပ်ထဲကစကားတွေကို ကြားရလိမ့်မယ်။ မျက်မမြင်တွေကလည်း မှောင်ရိပ်နဲ့အမှောင်ထုကနေ လွတ်မြောက်ပြီး မြင်ရလိမ့်မယ်။’ (ဟေရှာ. ၂၉:၁၈ကဘ) ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်နှစ်တိုင်း ထောင်နဲ့ချီတဲ့သူတွေဟာ အဲဒီလိုမျိုးပုံဆောင်ကုသပေးမှုကို ရှာတွေ့နေကြတယ်။ မဟာဗာဗုလုန်ကိုစွန့်ပစ်ပြီး ပုံဆောင်ပရဒိသုဖြစ်တဲ့အဖွဲ့အစည်းမှာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလာသူတစ်ဦးစီဟာ ယေဟောဝါရဲ့ကတိတော်တွေ ပြည့်စုံလာတယ်ဆိုတဲ့ သက်ရှိသက်သေတွေပါပဲ။

၁၄။ ဘယ်အထောက်အထားကို စဉ်းစားတွေးတောခြင်းက ယုံကြည်ခြင်း ခိုင်ခံ့စေမလဲ။

၁၄ ဒီနောက်ဆုံးကာလမှာ ခရစ်တော်က သူ့နောက်လိုက်တွေကို ပုံဆောင်ပရဒိသုမှာ စုသိမ်းနေတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားကို ဒီစာအုပ်ရဲ့အခန်းတိုင်းမှာ တွေ့နိုင်တယ်။ အဲဒီပရဒိသုထဲမှာ နည်းအမျိုးမျိုးနဲ့ခံစားနေရတဲ့ ကောင်းချီးတွေအကြောင်း အမြဲစဉ်းစားတွေးတောနေကြပါစို့။ ဒီလိုလုပ်တာနဲ့အမျှ အနာဂတ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ကတိတော်တွေအပေါ် ကျွန်တော်တို့ရဲ့ယုံကြည်စိတ်ချမှု ခိုင်မာသထက်ခိုင်မာလာပါလိမ့်မယ်။

“နိုင်ငံတော်လာပါစေ”

၁၅။ ကမ္ဘာတစ်ခုလုံး ပရဒိသုဖြစ်လာမယ်ဆိုတာ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။

၁၅ ယေဟောဝါရဲ့မူလရည်ရွယ်ချက်က ကမ္ဘာတစ်ခုလုံး ပရဒိသုဖြစ်လာဖို့ပါပဲ။ ကိုယ်တော်က အာဒံနဲ့ဧဝကို ဧဒင်ဥယျာဉ်မှာ နေရာချထားပြီး သူတို့ရဲ့သားမြေးတွေနဲ့ မြေကြီးကိုပြည့်စေဖို့၊ သတ္တဝါတွေကို အုပ်စိုးဖို့ မိန့်မှာခဲ့တယ်။ (က. ၁:၂၈) ဒါပေမဲ့ အာဒံနဲ့ဧဝဟာ စာတန်နောက်ကိုလိုက်ပြီး ပုန်ကန်ခဲ့လို့ သူတို့ရဲ့သားစဉ်မြေးဆက်အားလုံး မစုံလင်မှု၊ အပြစ်နဲ့ သေခြင်းတရားနွံထဲ နစ်မွန်းခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ်၊ ဘုရားသခင့်ရည်ရွယ်ချက်ကတော့ ဘယ်တော့မှ မပြောင်းလဲဘူး။ ကိုယ်တော့်နှုတ်ကနေ ပြောလိုက်ပြီဆိုတာနဲ့ ဖြစ်ကိုဖြစ်လာရမယ်။ (ဟေရှာယ ၅၅:၁၀၊ ၁၁ ကိုဖတ်ပါ။) ဒါကြောင့် အာဒံနဲ့ဧဝရဲ့သားမြေးတွေဟာ မြေကြီးကိုပြည့်စေပြီး အုပ်စိုးကြမယ်၊ မြေကြီးပရဒိသုမှာ ယေဟောဝါရဲ့ဖန်ဆင်းရာတွေကို မေတ္တာပါပါ ဂရုစိုက်စောင့်ရှောက်ကြမယ်ဆိုတာ အသေအချာပါပဲ။ ပရဒိသုအခြေအနေနဲ့ပတ်သက်ပြီး ဂျူးသုံ့ပန်းတွေကို ဦးဆုံးပေးခဲ့တဲ့ ပရောဖက်ပြုချက်တွေဟာ အဲဒီအချိန်မှာ အပြည့်ဝဆုံးအတိုင်းအတာနဲ့ ပြည့်စုံလာပါလိမ့်မယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ရအောင်။

၁၆။ ပရဒိသုမှာခံစားရမယ့် လုံခြုံမှုအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြသလဲ။

၁၆ လုံခြုံမှု။ ဟေရှာယ ၁၁:၆-၉ မှာ လှလှပပပုံဖော်ထားတဲ့စကားတွေဟာ နောက်ဆုံးမှာတော့ စာသားအတိုင်း တကယ်ပြည့်စုံလာမယ်။ ယောက်ျား၊ မိန်းမ၊ ကလေးတွေဟာ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို ဘေးကင်းလုံခြုံစွာ သွားလာနိုင်လိမ့်မယ်။ ဘယ်လူသား၊ ဘယ်တိရစ္ဆာန်ကမှ အန္တရာယ်ပြုတော့မှာ မဟုတ်ဘူး။ စဉ်းစားကြည့်လိုက်ပါ၊ ဒီကမ္ဘာကြီးတစ်ခုလုံးက ကိုယ့်အိမ်ပဲ။ ပင်လယ်၊ မြစ်ချောင်းအင်းအိုင်တွေမှာ စိတ်ကြိုက်ရေကူးနိုင်တယ်။ တောင်တန်းတွေပေါ် လွတ်လွတ်လပ်လပ် ခရီးဆန့်နိုင်တယ်။ မြက်ခင်းပြင်ကျယ်ကြီးမှာ ခြေဦးတည့်ရာ လျှောက်သွားနိုင်တယ်။ ဘာမှစိုးရိမ်စရာမရှိဘူး။ ညအချိန်မှာလည်း ကြောက်စရာမလိုဘူး။ ယေဇကျေလ ၃၄:၂၅ မှာပါတဲ့စကားတွေ ပြည့်စုံလာမှာဖြစ်လို့ ဘုရားသခင့်လူမျိုးဟာ ‘တောကန္တာရမှာ ဘေးကင်းလုံခြုံစွာနေထိုင်ပြီး တောထဲမှာ အိပ်စက်’ နိုင်ကြလိမ့်မယ်။

၁၇။ တစ်ကမ္ဘာလုံးကို နိုင်ငံတော် အုပ်ချုပ်တဲ့အခါ ကျွန်တော်တို့ကို ယေဟောဝါ လိုလေသေးမရှိကျွေးမွေးမယ်ဆိုတာ ဘာကြောင့်စိတ်ချနိုင်သလဲ။

၁၇ ပေါများကြွယ်ဝမှု။ ဆင်းရဲနွမ်းပါးတာ၊ အာဟာရချို့တဲ့တာ၊ ငတ်မွတ်တာ ဒါမှမဟုတ် လူမှုဖူလုံရေးလုပ်ငန်းတွေ မရှိတော့မယ့်အချိန်ကို မြင်ယောင်ကြည့်ပါ။ အခုအချိန်မှာ ဘုရားသခင့်လူမျိုးတွေ ပုံဆောင်အစာကို အလျှံပယ်စားသုံးနေရတာက အနာဂတ်မှာ မေရှိယဘုရင်ဟာ သူ့လက်အောက်ခံတွေကို လိုလေသေးမရှိကျွေးမွေးမယ်ဆိုတဲ့ အာမခံချက်ဖြစ်တယ်။ ယေရှုမြေကြီးပေါ်ရှိတုန်းက အဲဒီကတိတွေကို အသေးစားပြည့်စုံစေခဲ့တယ်။ ဆာလောင်နေတဲ့လူအုပ်ကြီးကို မုန့်နည်းနည်း၊ ငါးနည်းနည်းနဲ့ ကျွေးမွေးခဲ့တယ်။ (မ. ၁၄:၁၇၊ ၁၈; ၁၅:၃၄-၃၆; မာ. ၈:၁၉၊ ၂၀) တစ်ကမ္ဘာလုံးကို ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တဲ့အခါ ဒီလိုပရောဖက်ပြုချက်တွေ စာသားအတိုင်းပြည့်စုံလာပါလိမ့်မယ်– “လယ်၌ကြဲသောမျိုးစေ့ဖို့ မိုးကိုရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှဖြစ်သောမုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။”—ဟေရှာ. ၃၀:၂၃

၁၈၊ ၁၉။ (က) ဟေရှာယ ၆၅:၂၀-၂၂ မှာပါတဲ့ ပရောဖက်ပြုချက်က သင့်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ (ခ) “သစ်ပင်၏အသက်ကဲ့သို့” ဖြစ်မယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

၁၈ ဒီနေ့အချိန်မှာ ကိုယ်ပိုင်အိမ်ကောင်းကောင်းနဲ့နေနိုင်ဖို့၊ အကျိုးပေးပြီး စိတ်ကျေနပ်စရာကောင်းတဲ့အလုပ်ရှိဖို့ဆိုတာ လူအများစုအတွက်တော့ မဖြစ်နိုင်တဲ့အရာပဲ။ အကျင့်ပျက်ခြစားနေတဲ့ ဒီစနစ်ကြီးမှာ လူများစွာဟာ အလုပ်ကို အချိန်အကြာကြီး ပင်ပင်ပန်းပန်းလုပ်ရပေမဲ့ ကိုယ်တိုင်နဲ့မိသားစုအတွက်တော့ အကျိုးနည်းနည်းပဲခံစားရတယ်။ သူဌေးတွေ၊ လောဘသမားတွေကပဲ အကျိုးအမြတ်အားလုံးကို ခံစားနေကြတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ ဒီပရောဖက်ပြုချက်ပြည့်စုံလာတဲ့အခါ ဘယ်လိုနေမလဲဆိုတာ စဉ်းစားကြည့်ပါ– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။”—ဟေရှာ. ၆၅:၂၀-၂၂

၁၉ “သစ်ပင်၏အသက်ကဲ့သို့” ဖြစ်မယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အင်မတန်ကြီးမားတဲ့ သစ်ပင်တစ်ပင်အောက်မှာရပ်ပြီး ဒီသစ်ပင်ကြီးရဲ့သက်တမ်း ဘယ်လောက်တောင်ရှိပြီလဲလို့ စဉ်းစားရင်း အံ့သြမှင်တက်ဖူးသလား။ ဒီသစ်ပင်ကြီးက သင့်ရဲ့အဖိုးအဖွားတွေမမွေးခင် ဟိုးအရင်ကတည်းကရှိခဲ့တာ ဖြစ်နိုင်တယ်။ အခုလို မစုံလင်တဲ့အခြေအနေမှာ ဆက်ရှိနေမယ်ဆိုရင် အဲဒီလိုသစ်ပင်ကြီးတစ်ပင်က သင့်ထက်ပိုအသက်ရှည်မယ့်ပုံပဲ။ သင်သေဆုံးပြီးနောက်မှာတောင် သစ်ပင်ကြီးက အေးအေးချမ်းချမ်း ဆက်ရှင်သန်နေမှာပဲ။ ဒါပေမဲ့ အနာဂတ်ပရဒိသုမှာတော့ ကျွန်တော်တို့ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသက်ရှည်ရှည်နေရမယ်လို့ မေတ္တာပြည့်၀တဲ့ယေဟောဝါ ကတိပေးထားတယ်။ (ဆာ. ၃၇:၁၁၊ ၂၉) ကျွန်တော်တို့ထာဝစဉ်အသက်ရှင်သွားတဲ့အခါ သက်တမ်းရှည်သစ်ပင်ကြီးတွေတောင် ခဏပဲခံတဲ့ မြက်ပင်တွေလို ဖြစ်သွားပါလိမ့်မယ်။ အဲဒီလိုအချိန် ရောက်လာတော့မယ်။

၂၀။ နိုင်ငံတော်ရဲ့သစ္စာရှိ လက်အောက်ခံတွေဟာ ပြည့်ဝစုံလင်တဲ့ကျန်းမာရေးကို ဘယ်လိုရရှိကြမလဲ။

၂၀ ပြည့်ဝစုံလင်တဲ့ကျန်းမာရေး။ ဒီနေ့အချိန်မှာ ဖျားနာမှုနဲ့သေခြင်းတရားရဲ့ အရိပ်မည်းကြီးက ကမ္ဘာကိုလွှမ်းမိုးထားတယ်။ ကျွန်တော်တို့အားလုံးဟာ အပြစ်လို့ခေါ်တဲ့ ရောဂါဆိုးကြီး ကူးစက်ခံထားရတယ်။ တစ်ခုတည်းသော ကုသမှုကတော့ ခရစ်တော်ရဲ့ရွေးနုတ်ဖိုးပူဇော်သကာပါပဲ။ (ရော. ၃:၂၃; ၆:၂၃) အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း ဘုရင်ယေရှုနဲ့ တွဲဖက်ဘုရင်တွေဟာ အဲဒီပူဇော်သကာအကျိုးကျေးဇူးကို အပြည့်အ၀သုံးပြီး သစ္စာရှိလူသားတွေဆီမှာ အပြစ်အစအနလေးတောင် မကျန်အောင် တဖြည်းဖြည်းဖယ်ရှားပေးပါလိမ့်မယ်။ အဲဒီအချိန်မှာ ဟေရှာယရဲ့ ဒီပရောဖက်ပြုချက်ဟာ အပြည့်၀ဆုံးသဘောနဲ့ ပြည့်စုံလာပါလိမ့်မယ်– “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။ ထိုမြို့၌နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။” (ဟေရှာ. ၃၃:၂၄) မျက်စိကန်းသူ၊ နားပင်းသူ၊ မသန်စွမ်းသူ တစ်ယောက်မှမရှိတော့တဲ့အချိန်ကို မြင်ယောင်ကြည့်ပါ။ (ဟေရှာယ ၃၅:၅၊ ၆ ကိုဖတ်ပါ။) ကာယပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ ယေရှု မကုနိုင်တဲ့ရောဂါရယ်လို့ မရှိဘူး။ နိုင်ငံတော်ရဲ့သစ္စာရှိလက်အောက်ခံတွေဟာ ကျန်းမာရေးဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။

၂၁။ သေခြင်းတရား ဘာဖြစ်သွားမလဲ။ အဲဒီကတိက ဘာကြောင့်နှစ်သိမ့်မှု ဖြစ်စေသလဲ။

၂၁ ဖျားနာမှုရဲ့ရလဒ်၊ အပြစ်ရဲ့ဆိုးကျိုးဖြစ်တဲ့ သေခြင်းတရားကော ဘာဖြစ်သွားမလဲ။ သေခြင်းတရားဟာ ကျွန်တော်တို့ရဲ့ “နောက်ဆုံးရန်သူ” ပါပဲ။ မစုံလင်တဲ့လူသားအားလုံး အနှေးနဲ့အမြန်ဆိုသလို အဲဒီရန်သူကြီးကို လက်မြှောက်အရှုံးပေးလိုက်ရတယ်။ (၁ ကော. ၁၅:၂၆) ဒါပေမဲ့ သေခြင်းတရားဟာ ယေဟောဝါအတွက် ဘယ်လိုမှမဟန့်တားနိုင်တဲ့ ရန်သူကြီးလား။ ဟေရှာယ ကြိုပြောတဲ့စကားတွေကို သတိပြုပါ– “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။” (ဟေရှာ. ၂၅:၈) အဲဒီအချိန်ကို သင် မြင်ယောင်ကြည့်နိုင်မလား။ ဈာပနအခမ်းအနားတွေ၊ သင်္ချိုင်းတွေ၊ ဝမ်းနည်းမျက်ရည်တွေ ရှိမှာမဟုတ်တော့ဘူး။ သေလွန်သူတွေ ပြန်ရှင်လာမယ်ဆိုတဲ့ စိတ်လှုပ်ရှားစရာကတိတော်ကို ယေဟောဝါပြည့်စုံစေတဲ့အခါ ဝမ်းသာမျက်ရည်တွေပဲ ရှိပါတော့မယ်။ (ဟေရှာယ ၂၆:၁၉ ကိုဖတ်ပါ။) နောက်ဆုံးမှာတော့ သေခြင်းတရားကြောင့်ခံစားရတဲ့ စိတ်ဒဏ်ရာအားလုံး ပျောက်ကင်းသွားပါလိမ့်မယ်။

၂၂။ မေရှိယနိုင်ငံတော်က ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်မှာပြည့်စုံစေပြီးတဲ့အခါ ဘာတွေဖြစ်လာမလဲ။

၂၂ အနှစ်တစ်ထောင်ကုန်ဆုံးချိန်မှာ နိုင်ငံတော်က ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်မှာ ပြည့်စုံစေပြီးသား ဖြစ်နေလိမ့်မယ်။ အဲဒီနောက် ခရစ်တော်က အုပ်ချုပ်မှုကို ခမည်းတော်ဆီ ပြန်အပ်ပါလိမ့်မယ်။ (၁ ကော. ၁၅:၂၅-၂၈) စုံလင်တဲ့လူသားတွေဟာ တွင်းနက်ကြီးထဲက လွတ်မြောက်လာမယ့် စာတန်ရဲ့နောက်ဆုံးစမ်းသပ်မှုကို ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေကြလိမ့်မယ်။ အဲဒီနောက် ခရစ်တော်ဟာ ဆိုးယုတ်တဲ့မြွေ စာတန်နဲ့သူ့နောက်လိုက်အားလုံးကို အစတုံးဖျက်ဆီးပစ်လိမ့်မယ်။ (က. ၃:၁၅; ဗျာ. ၂၀:၃၊ ၇-၁၀) ဒါပေမဲ့ ယေဟောဝါကိုချစ်တဲ့ သစ္စာရှိသူအားလုံးမှာတော့ တောက်ပတဲ့မျှော်လင့်ချက် ရှိပါတယ်။ ဒီမျှော်လင့်ချက်အကြောင်းကို ကျမ်းစာမှာ အကောင်းဆုံးပုံဖော်ထားတယ်။ အဲဒါကတော့ “ဘုရားသခင့်သားသမီးတို့၏လွတ်လပ်မှု ဘုန်းအသရေ” ကို သစ္စာရှိသူတွေရမယ်ဆိုတဲ့ ကတိတော်ပါပဲ။—ရော. ၈:၂၁

နိုင်ငံတော်က ကမ္ဘာမြေကြီးနဲ့၊ လူသားတွေနဲ့ ပတ်သက်တဲ့ ယေဟောဝါရဲ့ကတိတော် အားလုံးကို ပြည့်စုံစေလိမ့်မယ်

၂၃၊ ၂၄။ (က) ယေဟောဝါရဲ့ကတိတွေ ဘာကြောင့် ကျိန်းသေပြည့်စုံလာမလဲ။ (ခ) သင်ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၂၃ ဒီကတိတော်တွေက မျှော်လင့်ချက်၊ ဆန္ဒ၊ အိပ်မက်လောက်ပဲ မဟုတ်ပါဘူး။ ယေဟောဝါရဲ့ကတိတွေ ကျိန်းသေပြည့်စုံလာမယ်။ ဘာကြောင့်လဲ။ ဒီစာအုပ်ရဲ့အခန်း ၁ မှာ လေ့လာခဲ့တဲ့ ယေရှုရဲ့စကားတွေကို ပြန်သတိရပါ။ “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဆိုပြီး ယေဟောဝါဆီဆုတောင်းဖို့ နောက်လိုက်တွေကို ယေရှုသင်ပေးခဲ့တယ်။ (မ. ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော်က တစ်ဦးတစ်ယောက်ရဲ့ စိတ်ကူးထဲမှာရှိတဲ့အရာ မဟုတ်ဘူး။ တကယ်တည်ရှိတဲ့အရာဖြစ်တယ်။ အခု ကောင်းကင်မှာ အုပ်ချုပ်နေပြီ။ နိုင်ငံတော်က အနှစ်တစ်ရာအတွင်း ယေဟောဝါရဲ့ကတိတွေကို ခရစ်ယာန်အသင်းတော်ထဲမှာ နည်းအမျိုးမျိုးနဲ့ ပြည့်စုံစေခဲ့မှန်း ကျွန်တော်တို့ အထင်အရှားမြင်နေရတယ်။ ဒါကြောင့် နိုင်ငံတော်လာပြီး ကမ္ဘာမြေကြီးမှာ အခွင့်အာဏာအပြည့်အဝအသုံးချတဲ့အခါ ယေဟောဝါရဲ့ကတိတော်အားလုံး ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

၂၄ ဘုရားသခင့်နိုင်ငံတော်လာမယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ယေဟောဝါရဲ့ကတိစကားမှန်သမျှ တစ်ခွန်းမကျန် ပြည့်စုံလာမယ်ဆိုတာလည်း သိတယ်။ ဘာကြောင့်လဲ။ ဘုရားသခင့်နိုင်ငံတော်စိုးစံနေပြီ ဖြစ်လို့ပဲ။ ဒီတော့ တစ်ယောက်ချင်းစီအနေနဲ့ ‘ငါ့ဘဝကို နိုင်ငံတော်စိုးမိုးနေကြောင်း ငါ့ရဲ့အသက်ရှင်နေထိုင်ပုံက ဖော်ပြနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးသင့်တယ်။ အခုကတည်းက နိုင်ငံတော်ရဲ့ သစ္စာရှိလက်အောက်ခံတွေအဖြစ် အသက်ရှင်ဖို့ အတတ်နိုင်ဆုံးကြိုးစားကြပါစို့။ ဒါဆိုရင် နိုင်ငံတော်ရဲ့ ပြည့်ဝစုံလင်တဲ့၊ တရားမျှတတဲ့ အုပ်ချုပ်မှုကနေ ကျွန်တော်တို့ ထာဝစဉ်အကျိုးကျေးဇူးခံစားနိုင်ပါလိမ့်မယ်။