မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

ဘုရားသခင်ဆီက သတင်းစကားနှစ်ခု

ဘုရားသခင်ဆီက သတင်းစကားနှစ်ခု

လုကာ ၁:၅-၃၃

  • နှစ်ခြင်း​ပေးသူ​ယောဟန် မွေးဖွား​မယ့်​အကြောင်း ကောင်းကင်တမန် ဂါဗြေလ ကြိုပြော

  • ယေရှု မွေးဖွား​မယ့်​အကြောင်း မာရိ​ကို ကောင်းကင်တမန်​ဂါဗြေလ ကြိုပြော

ကျမ်းစာ​တစ်အုပ်လုံး​ကို ဘုရားသခင်​ဆီက သတင်း​စကား​အဖြစ် ယူမှတ်​နိုင်ပါတယ်။ ကောင်းကင်ဖခင်​က ကျွန်တော်တို့ကို သွန်သင်​လမ်းညွှန်​ပေးဖို့ ကျမ်းစာ​ပေးထားတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂,၀​၀​၀ ကျော်​က ပြောခဲ့တဲ့ အရေးကြီး သတင်း​စကား​နှစ်ခု​အကြောင်း လေ့လာ​ကြည့်ရအောင်။ အဲဒီ​သတင်း​စကားတွေကို “ဘုရားသခင်​ရှေ့မှာ ခစား​ရတဲ့” ကောင်းကင်တမန် ဂါဗြေလ ပြောခဲ့တယ်။ (လုကာ ၁:၁၉) ကောင်းကင်တမန်​က ဒီ​အရေးကြီး သတင်း​စကားတွေကို ဘယ်လို အခြေအနေ​မျိုးမှာ ပြောခဲ့​သလဲ။

ပထမ​သတင်းစကားကို ဂါဗြေလ ဘယ်​နေရာမှာ ပြောခဲ့တာ​လဲ။ ဘီစီ ၃ ခုနှစ်​လောက်​မှာ​ပေါ့။ ဂျေရုဆလင်​မြို့​နဲ့ သိပ်​မ​ဝေး​တဲ့ ယုဒ​တောင်တန်း​ဒေသမှာ ယေဟောဝါရဲ့ ပုရောဟိတ်​ဖြစ်သူ ဇာခရိ နေထိုင်​တယ်။ သူနဲ့ သူ့​ဇနီး ဧလိရှဗက်​တို့ဟာ အသက်ကြီး​နေပြီ၊ သားသမီး​လည်း မရှိဘူး။ ဇာခရိ​ဟာ ဂျေရုဆလင်​မြို့ ဘုရားသခင့်​ဗိမာန်တော်မှာ ပုရောဟိတ်​အဖြစ် အမှုဆောင်ဖို့ တာဝန်ကျ​တယ်။ သူ​အမှုဆောင်​နေတုန်း နံ့သာပေါင်း​ပလ္လင်​နား​မှာ ဂါဗြေလ ရုတ်တရက် ပေါ်လာတယ်။

ဇာခရိ တအား​လန့်​သွားမှာပဲ။ ဒါပေမဲ့ သူ​ကြောက်စိတ်​ပြေသွား​အောင် ကောင်းကင်တမန် အခုလို​ပြောတယ်– “ဇာခရိ၊ မကြောက်ပါနဲ့။ ခင်ဗျား ဆုတောင်းတာကို ဘုရားသခင်​ကြားတယ်။ ခင်ဗျားရဲ့​ဇနီး ဧလိရှဗက်ဟာ သားလေး မွေး​လိမ့်​မယ်။​ အဲဒီ​သားကို ယောဟန်လို့ နာမည်​ပေးရမယ်။” ယောဟန်ဟာ “ယေဟောဝါ​ရှေ့မှာ အရေးပါ​သူ” ဖြစ်ပြီး ယေဟောဝါ​ဘုရား​အတွက်​ လူမျိုး​တစ်မျိုး​ကို အသင့် ပြင်ပေး​လိမ့်မယ်လို့​လည်း ဂါဗြေလ ပြောတယ်။—လုကာ ၁:၁၃-၁၇

ဇာခရိ​အတွက်တော့ ဒီ​စကားတွေက မယုံနိုင်စရာ​ပဲ။ သူနဲ့ ဧလိရှဗက်​က အသက်ကြီး​နေပြီ။ ဒါကြောင့် ဂါဗြေလ အခုလို​ပြောတယ်– “အချိန်တန်​ရင် ပြည့်စုံ​လာမယ့် ဒီ​စကားတွေကို ခင်ဗျား မယုံ​တဲ့​အတွက် ဒီ​စကားတွေ ပြည့်စုံမယ့်​နေ့ မရောက်မချင်း စကား​မပြော​နိုင်​ဘဲ အ​နေလိမ့်မယ်။”—လုကာ ၁:၂၀

အဲဒီ​အချိန်အတွင်း အပြင်မှာ​စောင့်နေတဲ့ လူတွေက ဇာခရိ ဘာလို့ ဒီလောက်​ကြာနေ​တာလဲ​ဆိုပြီး စဉ်းစားနေကြ​တယ်။ သူ​ထွက်လာတဲ့​အခါ စကား​မပြော​နိုင်တော့ဘူး။ အမူအရာ​ပဲ ပြ​နိုင်​တော့​တယ်။ ဒါကြောင့် ဗိမာန်တော်​ထဲမှာ စိတ်အာရုံ​မြင်ခဲ့​မှန်း သိသွား​ကြတယ်။

ဗိမာန်တော်မှာ အမှုဆောင်ချိန် ပြီးသွားတဲ့အခါ ဇာခရိ အိမ်​ပြန်​သွားတယ်။ မကြာခင်မှာ ဧလိရှဗက် ကိုယ်ဝန်​ရှိလာ​တယ်။ မီးမဖွား​ခင် ငါးလ​လုံးလုံး ဧလိရှဗက် အိမ်တွင်း​အောင်း​နေတယ်။

အခု ဂါဗြေလ ဒုတိယ​အကြိမ် ရောက်လာ​ပြန်တယ်။ ဘယ်သူ့​ဆီ​ကို​လဲ။ ဂျေရုဆလင်​မြို့​မြောက်ဘက်၊ ဂါလိလဲ​ပြည်၊ နာဇရက်​မြို့မှာ​နေတဲ့ အပျိုစင် မာရိ​ဆီ​ကိုပဲ။ ကောင်းကင်တမန် သူ့ကို ဘာ​ပြော​လဲ။ “ခင်ဗျားဟာ ဘုရားသခင့် မျက်နှာသာ​ရသူ​ပါ။ ခင်ဗျား​မှာ ကိုယ်ဝန်​ရှိလာပြီး သားလေး မွေး​လိမ့်မယ်။ အဲဒီ​သားကို ယေရှုလို့ နာမည်​ပေးရမယ်။ အဲဒီ​သားဟာ အရေးပါ​သူ ဖြစ်လိမ့်မယ်။ အမြင့်ဆုံး​အရှင်ရဲ့ သားလို့ အခေါ်​ခံရလိမ့်မယ်။ . . . သူက ယာကုပ်​အမျိုး​ကို ထာဝစဉ် အုပ်စိုး​လိမ့်မယ်။ သူ့ရဲ့​အုပ်ချုပ်မှုဟာ အဆုံးတိုင်​မှာ မဟုတ်ဘူး” လို့​ဂါဗြေလ ပြောတယ်။—လုကာ ၁:၃၀-၃၃

အဲဒီ​သတင်း​စကား နှစ်ခု​ကို ပြောရတာ တကယ့် အခွင့်ထူးပဲ​လို့ ဂါဗြေလ ခံစားခဲ့​ရမှာ သေချာ​ပါတယ်။ ယောဟန်နဲ့​ယေရှု​ အကြောင်း ဆက်​လေ့လာ​သွားတဲ့အခါ ကောင်းကင်က​လာတဲ့​ ဒီသတင်း​စကားတွေ ဘာကြောင့် အရေးကြီး​မှန်း ပို​သိလာ​ပါလိမ့်မယ်။