မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ယေရှု

မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ယေရှု

လုကာ ၁:၃၄-၅၆

  • ဆွေမျိုး​ဖြစ်သူ ဧလိရှဗက်​ဆီ​ကို မာရိ​လည်ပတ်

ယေရှုလို့​ခေါ်တဲ့ သား​ယောက်ျားလေး မွေးဖွား​မယ်၊ ဒီ​ကလေးဟာ ထာဝရ​ဘုရင်အဖြစ် အုပ်စိုး​မယ်​ဆိုတဲ့​အကြောင်း မိန်းမပျို​လေး မာရိ​ကို ကောင်းကင်တမန်​ဂါဗြေလ ပြောပြပြီး​တဲ့​နောက် မာရိ​က “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မဟာ အပျိုစင်ပါ” လို့ ပြန်​ပြောတယ်။—လုကာ ၁:၃၄

ဒီ​အခါ ဂါဗြေလ​က “ခင်ဗျား​အပေါ် သန့်ရှင်းသော စွမ်းအားတော် သက်ရောက်​ပြီး အမြင့်ဆုံး​အရှင်ရဲ့ တန်ခိုးတော် လွှမ်းမိုး​လိမ့်မယ်။ ဒါကြောင့် မွေးလာ​မယ့် ကလေးဟာ သန့်ရှင်းတဲ့​သူ၊ ဘုရားသခင်ရဲ့​သားလို့  အခေါ်​ခံရလိမ့်မယ်”  ဆိုပြီး  ပြောတယ်။—လုကာ ၁:၃၅

သူ့​သတင်းစကားကို မာရိ လက်ခံ​လာ​အောင် အခုလို ဆက်ပြောတယ်– “မြုံနေ​သူ​ဆိုပြီး လူတွေ​ပြောတဲ့ ခင်ဗျားရဲ့​ဆွေမျိုး ဧလိရှဗက်​လည်း အသက်ကြီး​နေပေမဲ့ သားလေး​ကို ကိုယ်ဝန်လွယ်​ထားတာ အခု​ဆို ခြောက်လ ရှိနေပြီ။ ဘုရားသခင်ရဲ့​စကားတွေ မပြည့်စုံ​ဘဲ မနေဘူး။”—လုကာ ၁:၃၆၊ ၃၇

ဒါနဲ့ မာရိ​က “ကျွန်မဟာ ယေဟောဝါ​ဘုရားရဲ့ အစေခံပါ။ သခင်​ပြောတဲ့​အတိုင်း ဖြစ်​လာပါစေ” လို့ ပြန်​ပြောတယ်။ အဲဒီလို ပြောတာကို​ကြည့်ရင် ဂါဗြေလရဲ့ စကားတွေကို မာရိ​လက်ခံ​လိုက်​မှန်း သိရတယ်။—​လုကာ ၁:၃၈

ဂါဗြေလ​ထွက်သွား​တာ​နဲ့ မာရိ​က ဂျေရုဆလင်​မြို့အနီး၊ ယုဒ​တောင်တန်း​ဒေသမှာ ခင်ပွန်း​ဇာခရိ​နဲ့ နေတဲ့ ဧလိရှဗက်​ဆီ အလည်​သွားဖို့ ပြင်ဆင်​တော့​တယ်။ နာဇရက်​မြို့မှာ​ရှိတဲ့ မာရိရဲ့​အိမ်ကနေ အဲဒီကို​သွားဖို့ သုံး​လေး​ရက်​လောက် ကြာတယ်။

ဇာခရိ​အိမ်ကို မာရိ​ရောက်တော့ ဧလိရှဗက်​ကို နှုတ်ဆက်​လိုက်တယ်။ ဒီ​အခါ ဧလိရှဗက်​က သန့်ရှင်းသော စွမ်းအားတော်​နဲ့​ပြည့်​ပြီး မာရိ​ကို အခုလို​ပြောတယ်– “ညီမ​ဟာ အမျိုးသမီး​တကာ​တို့ထက် ကောင်းချီး​ခံစား​ရတဲ့ သူပဲ။ ညီမ​ရဲ့​ဝမ်း​ထဲ​က ကလေးလည်း ကောင်းချီး​ခံစားရ​သူပဲ။ ငါ့​သခင်ရဲ့​မိခင် လာလည်​တာ ငါ့​အတွက် ဂုဏ်ယူ​စ​ရာ​ပါ။ ကြည့်ပါ​ဦး၊ ညီမ​ရဲ့ နှုတ်ဆက်သံ​ကို ကြား​တော့ ငါ့​ဝမ်း​ထဲ​က ကလေးဟာ ပျော်​လွန်း​လို့ လှုပ်လှုပ်ရွရွ ဖြစ်နေတယ်။”—​လုကာ ၁:၄၂-၄၄

မာရိလည်း အခုလို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းတယ်– “ယေဟောဝါ​ဘုရားကို ကျွန်မ ဂုဏ်တင်​ချီးမွမ်းပါ​တယ်။ ကျွန်မရဲ့​ကယ်တင်ရှင် ဘုရားသခင်​ကြောင့် ရင်ထဲမှာ ပျော်လို့မဆုံး​ဘူး။ ဘုရားက ကျွန်မ​ရဲ့ နိမ့်ကျတဲ့​အဖြစ်ကို မြင်ပြီ။ အခု​က​စပြီး လူမျိုး​အဆက်ဆက်​က ကျွန်မကို ပျော်ရွှင်​ချမ်းမြေ့သူလို့ ခေါ်​ကြ​တော့​မယ်။ တန်ခိုး​နဲ့ ပြည့်စုံတဲ့​အရှင်​က ကျွန်မ​အတွက် အံ့ဖွယ်​အမှုတွေ လုပ်ဆောင်ပေး​တာ​ကိုး။” မာရိဟာ မျက်နှာသာ​ပြ​ခံရပေမဲ့ ဘုရားကိုပဲ ဂုဏ်တင်​ချီးမွမ်းခဲ့တယ်။ “နာမတော်​ဟာ သန့်ရှင်း​မြင့်မြတ်တယ်။ ဘုရားက သူ့ကို ကြောက်ရွံ့ရိုသေ​သူတွေကို လူမျိုး​အဆက်ဆက် ကရုဏာ​ပြတယ်” လို့​ပြောတယ်။—​လုကာ ၁:၄၆-၅၀

မာရိ​က ဘုရားကို ဒီလို ဆက်​ချီးမွမ်းတယ်– “လက်ရုံးတော်​နဲ့ တန်ခိုး​ပြတယ်။ မောက်မာ​တဲ့​စိတ်နဲ့ ကြံစည်သူ​တွေကို​တော့ တ​ကွဲ​တ​ပြား ဖြစ်စေတယ်။ မင်းအရာရှိတွေကို နန်းချပြီး နိမ့်ကျ​သူတွေကို ချီးမြှောက်တယ်။ ဆာလောင်​နေ​သူတွေကို ကောင်းမွန်​ရာတွေ ဖြည့်ဆည်း​ပေးပြီး ချမ်းသာ​ကြွယ်ဝသူ​တွေကို လက်​ချည်း​လွှတ်လိုက်တယ်။ ဘုရားသခင်က ဘိုးဘေးတွေကို ပြောခဲ့တဲ့​အတိုင်း မိမိ​ကျွန် အစ္စရေး​လူမျိုးကို မစတယ်။ အာဗြဟံ​နဲ့ သူ့​မျိုးနွယ်​ကို အမြဲ​ကရုဏာ​ပြမယ်လို့ ကတိ​ပေးခဲ့တဲ့​အတိုင်း အဲဒီ​ကတိ​ကို မမေ့ဘူး​ဆိုတာ ပြ​လိုက်တာပဲ။”—​လုကာ ၁:၅၁-၅၅

မာရိဟာ ဧလိရှဗက်​နဲ့ သုံးလလောက် အတူ​နေတယ်။ နေ့စေ့လစေ့​ဖြစ်နေတဲ့ ဧလိရှဗက်​ကို ကူညီ​ပေးဖို့ ဖြစ်နိုင်တယ်။ အဲဒီ​သစ္စာရှိ အမျိုးသမီး​နှစ်ယောက်ဟာ သူတို့​ဘဝ​အတွက် အရေးကြီးတဲ့​အချိန်မှာ အတူ​ရှိနေ​ခဲ့​ကြ​တာ ဘယ်လောက်တောင် ကောင်း​လိုက်သလဲ။

ယေရှုဟာ မမွေးခင်​ကတည်းက ဂုဏ်တင်​ခံခဲ့ရတယ်။ ဧလိရှဗက်​က ယေရှုကို “ငါ့​သခင်” လို့ ခေါ်ခဲ့တယ်။ အိမ်ထဲ​ကို မာရိ​၀​င်​တာ​နဲ့ ဧလိရှဗက်​ဗိုက်​ထဲ​က ကလေးလည်း “ပျော်​လွန်း​လို့ လှုပ်လှုပ်ရွရွ” ဖြစ်ခဲ့တယ်။ မာရိ​နဲ့ မမွေးသေးတဲ့ ကလေးကို တခြားသူတွေ ဆက်ဆံပုံ​ကတော့ အဲဒါနဲ့ တခြား​စီ​ပဲ​ဆိုတာ နောက်ပိုင်းမှာ သိရပါ​လိမ့်​မယ်။