မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃

လမ်းခရီးကို အသင့်ပြင်ဆင်မယ့်သူမွေးဖွား

လမ်းခရီးကို အသင့်ပြင်ဆင်မယ့်သူမွေးဖွား

လုကာ ၁:၅၇-၇၉

  • နှစ်ခြင်း​ပေးသူ ယောဟန်​ကို မွေးဖွား၊ နာမည်​ပေး

  • အနာဂတ်မှာ ယောဟန် လုပ်ဆောင်မယ့်​အရာကို ဇာခရိ​ကြိုဟော

ဧလိရှဗက်ဟာ ကိုယ်​၀​န် နေ့စေ့လစေ့ ဖြစ်နေပြီ။ မာရိ​က ဧလိရှဗက်​နဲ့ သုံးလလောက် အတူ​နေခဲ့တယ်။ အခုတော့ မြောက်ပိုင်း​မှာ​ရှိတဲ့ နာဇရက်​မြို့က သူ့အိမ်ကို ပြန်တော့​မယ်။ နောက်​ခြောက်လ​လောက်​ကြာရင် သူလည်း မီးဖွား​ရတော့မယ်။

မာရိ​ပြန်သွားပြီး သိပ်​မကြာခင်မှာ ဧလိရှဗက် သားလေး​မွေးတယ်။ သားလေး​ကို ကောင်းကောင်း မွေးဖွား​နိုင်ပြီး မိခင်​ရော ကလေးပါ ကျန်းကျန်းမာမာ​ရှိလို့ ဘယ်လောက်တောင် ပျော်​လိုက်​ကြ​မလဲ။ ဧလိရှဗက်​က သားလေး​ကို အိမ်နီးချင်းတွေ​နဲ့ ဆွေမျိုးတွေကို​ပြ​တော့ သူတို့လည်း သိပ်​ဝမ်းသာ​ကြတယ်။

အစ္စရေး​လူမျိုးတွေကို ဘုရား​ပေးတဲ့​ပညတ်​အရ မွေး​ပြီး ရှစ်​ရက်​မြောက်​နေ့မှာ ကလေးကို အရေဖျားဖြတ်​ပေး​ကြတယ်။ အဲဒီ​နေ့မှာ နာမည်လည်း မှည့်​ပေး​ကြတယ်။ (ဝတ်ပြုရာ ၁၂:၂၊ ၃) ကလေးကို ဖခင်ရဲ့​နာမည်​အတိုင်း ဇာခရိ​လို့ မှည့်​ပေးရမယ်​ဆိုပြီး တချို့​ပြော​ကြတယ်။ ဒါပေမဲ့ ဧလိရှဗက်​က “အဲဒီ​နာမည် မဟုတ်ဘူး။ ယောဟန်လို့ မှည့်​ရမယ်” လို့​ပြောတယ်။ (လုကာ ၁:၆၀) ကလေးကို ယောဟန်လို့ နာမည်​ပေးရမယ်​ဆိုပြီး ကောင်းကင်တမန်​ဂါဗြေလ ပြောခဲ့တာကို သတိရပါ။

အိမ်နီးချင်းတွေ​နဲ့ ဆွေမျိုးတွေ​က “မင်းရဲ့​ဆွေမျိုး​ထဲမှာ ဒီ​နာမည်​မှ မရှိတာ” လို့​ပြော​ကြတယ်။ (လုကာ ၁:၆၁) ဒါနဲ့ ဘာ​နာမည်​ပေးချင်​လဲ​လို့ ဇာခရိ​ကို အမူအရာနဲ့ မေးကြည့်​တော့ ဇာခရိ​က သင်ပုန်း​ကို တောင်း​ပြီး “ကလေး​နာမည်ဟာ ယောဟန်” လို့​ ရေးပြတယ်။—လုကာ ၁:၆၃

အဲဒီအချိန်မှာ​ပဲ ဇာခရိ​က အံ့ဖွယ်​နည်းနဲ့ စကားပြန်​ပြော​လာနိုင်တယ်။ ဧလိရှဗက် သား​ယောက်ျားလေး မွေး​မယ်​ဆိုပြီး ကောင်းကင်တမန်​ပြောခဲ့တဲ့​စကားကို သူ​မယုံ​လို့ စကား​အ ​သွားတယ်​ဆိုတာ သတိရ​မှာ​ပဲ။ အခု သူ​စကားပြန်​ပြောတဲ့အခါ အိမ်နီးချင်းတွေ​က အံ့သြ​သွားပြီး “ဒီ​ကလေးဟာ ဘယ်လို​လူစားမျိုး ဖြစ်လာမှာ​ပါလိမ့်” လို့​တွေးကြတယ်။ (လုကာ ၁:၆၆) ယောဟန်​ကို နာမည်​ပေးတဲ့​ကိစ္စမှာ ဘုရားရဲ့ တန်ခိုး​ပါ​မှန်း သူတို့ သိခဲ့ကြတယ်။

အဲဒီနောက် ဇာခရိ​က သန့်ရှင်းသော စွမ်းအားတော်​နဲ့ ပြည့်​ပြီး အခုလို ပြောတယ်– “အစ္စရေး​တို့ရဲ့​ဘုရား ယေဟောဝါကို ချီးမွမ်း​ကြပါ။ လူမျိုးတော်ကို သနား​ကြင်နာ​လို့ လွတ်မြောက်​စေပြီ။ ငါတို့​အတွက် တန်ခိုး​ကြီးတဲ့ ကယ်တင်ရှင် (“ကယ်တင်ခြင်း​ဦးချို၊” အောက်ခြေမှတ်ချက်) ကို မိမိ​ကျွန် ဒါဝိဒ်​ရဲ့ မျိုးနွယ်​ထဲ​က ပေါ်ထွန်း​စေပြီ။” (လုကာ ၁:၆၈၊ ၆၉) “ကယ်တင်ခြင်း​ဦးချို” ဆိုတာ မမွေးသေးတဲ့ သခင်​ယေရှုကို ရည်ညွှန်းတယ်။ ယေရှု​အားဖြင့် ဘုရားက ‘ငါတို့ကို ရန်သူတွေ​လက်ကနေ လွတ်မြောက်​စေပြီး​တဲ့​နောက် မိမိကို ရဲရင့်စွာ ဝတ်ပြု​ရတဲ့​အခွင့် ပေးအပ်​လိမ့်မယ်။ ဒါကြောင့် ငါ​တို့ဟာ ရှေ့တော်မှာ တစ်သက်လုံး သစ္စာ​စောင့်သိပြီး ဖြောင့်မတ်​နိုင်ကြ​လိမ့်မယ်’ လို့ ဇာခရိ​ပြောတယ်။—လုကာ ၁:၇၄၊ ၇၅

သား​ဖြစ်သူ​နဲ့ ပတ်သက်ပြီး​တော့​လည်း ဇာခရိ အခုလို ကြို​ပြောတယ်– “ငါ့​သား၊ မင်း​ကတော့ အမြင့်ဆုံး​အရှင်ရဲ့ ပရောဖက်လို့ အခေါ်​ခံရလိမ့်မယ်။ ယေဟောဝါ​ဘုရားရဲ့ လမ်းခရီး​ကို အသင့်ပြင်​ဆင်​ဖို့ ရှေ့တော်​ကနေ အရင်​သွား​ရလိမ့်မယ်။ လူမျိုးတော်ကို အပြစ်တွေ ခွင့်လွှတ်ခြင်း​အားဖြင့် ကယ်တင်မယ်​ဆိုတဲ့ သတင်းကို မင်း အသိပေး​ရလိမ့်မယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကရုဏာ​ကြောင့်​ပဲ။ အထက်​အရပ်​က လာတဲ့ ဒီ​ကရုဏာ​ကျေးဇူး​ဟာ အရုဏ်ဦး​အလင်း​လို ငါ​တို့​အပေါ် ထွန်းလင်း​လိမ့်မယ်။ မှောင်မိုက်​နဲ့ သေခြင်း​အရိပ်​အောက်မှာ ထိုင်​နေ​သူတွေကို အလင်း​ပေးပြီး ငါတို့ကို ငြိမ်သက်ခြင်း​လမ်း​ဆီ ပို့ဆောင်ပေး​လိမ့်မယ်။” (လုကာ ၁:၇၆-၇၉) အဲဒီ​ကြိုဟောချက်​က တကယ့်ကို အားရှိစရာ​ပါပဲ။

ဒီ​အချိန်မှာ လက်မ​ထပ်​ရသေးတဲ့ မာရိ​ကတော့ နာဇရက်​မြို့က​အိမ်ကို ပြန်ရောက်​နေပြီ။ သူ့မှာ ကိုယ်​၀​န်​ရှိ​မှန်း သိသာ​လာတဲ့အခါ ဘာတွေ ဖြစ်လာမလဲ။