မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတဲ့ မာရိ

လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတဲ့ မာရိ

မဿဲ ၁:၁၈-၂၅ လုကာ ၁:၅၆

  • မာရိမှာ ကိုယ်ဝန်​ရှိနေမှန်း ယောသပ် သိသွား

  • မာရိဟာ ယောသပ်ရဲ့​ဇနီး ဖြစ်လာ

မာရိမှာ ကိုယ်ဝန်​လေးလ ရှိနေပြီ။ ကိုယ်ဝန်ဆောင်​ခါ​စ​တုန်း​က တောင်ဘက် ယုဒ​တောင်တန်း​ဒေသမှာ နေတဲ့ ဆွေမျိုး​တော်စပ်​သူ ဧလိရှဗက်​ဆီ အလည်သွား​ခဲ့တာကို သတိရပါ။ အခုတော့ နာဇရက်​မြို့ကို ပြန်ရောက်​နေပြီ။ သူ့မှာ ကိုယ်ဝန်​ရှိနေမှန်း မကြာခင် လူတွေ​သိ​ကြ​တော့​မယ်။ သူ​ဘယ်လောက် စိတ်ညစ်​နေမယ်​ဆိုတာ စဉ်းစားကြည့်ပါ။

ပို​ဆိုး​တာ​က မာရိဟာ လက်သမား​ယောသပ်နဲ့ စေ့စပ်​ထားတယ်။ အစ္စရေး​လူမျိုးကို ဘုရား​ပေးတဲ့ ပညတ်​အရ စေ့စပ်​ထားတဲ့ အမျိုးသမီး​ဟာ တခြား​ယောက်ျား​တစ်ယောက်နဲ့ ဖောက်ပြန်​ရင် ကျောက်ခဲ​နဲ့​ပေါက်သတ်​ခံရမယ်ဆို​တာ မာရိ သိထားတယ်။ (တရားဟောရာ ၂၂:၂၃၊ ၂၄) တကယ်တော့ မာရိ ဖောက်ပြန်​ခဲ့​တာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့မှာ ကိုယ်ဝန်​ရှိနေမှန်း ယောသပ်​ကို ဘယ်လို ရှင်းပြ​ရမလဲ၊ ဘာတွေ​ဖြစ်လာမလဲ ဆိုပြီး စဉ်းစားနေမှာ​ပဲ။

မာရိ ခရီးထွက်​သွားတာ သုံးလလောက်​ရှိပြီ​ဆိုတော့ သူ့ကို ယောသပ် တွေ့ချင်​နေမှာ​ပဲ။ သူတို့​တွေ့​တဲ့အခါ မာရိ​က ဖြစ်ကြောင်းကုန်စင်​ပြောပြပြီး သန့်ရှင်းသော စွမ်းအားတော်​ကြောင့် ကိုယ်ဝန်​ရှိနေမှန်း အတတ်နိုင်ဆုံး ရှင်းပြ​ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ​အကြောင်း​တွေကို ယောသပ် နားလည်​ရ​ခက်၊ ယုံရခက်​နေမှာ​ပဲ။

မာရိဟာ နာမည်ကောင်း​ရှိတဲ့ မိန်းမ​ကောင်း​ဆိုတာ ယောသပ်​သိထား​ပြီး သူ့ကို ချစ်မြတ်နိုးတယ်။ ဒါပေမဲ့ သူ ဘယ်လိုပဲ ရှင်းပြ​ရှင်းပြ တခြား​ယောက်ျားနဲ့ ဖောက်ပြန်​ပြီး ကိုယ်ဝန်​ရှိနေ​ပုံပဲ​လို့ ယောသပ် ထင်နေတယ်။ ယောသပ်​က သူ့ကို ကျောက်ခဲ​နဲ့​ပေါက်သတ် မခံ​စေချင်ဘူး၊ လူရှေ့​သူ​ရှေ့မှာ​လည်း အရှက်​မ​ကွဲ​စေချင်ဘူး။ ဒါကြောင့် သူ့ကို တိတ်တဆိတ် ကွာရှင်းဖို့ ဆုံးဖြတ်​လိုက်တယ်။ အဲဒီခေတ်​တုန်း​က စေ့စပ်​ထားသူတွေ​ကို လက်ထပ်​ပြီးသား​လို့ ယူမှတ်​ကြ​တဲ့​အတွက် စေ့စပ်​ထားတာကို ဖျက်သိမ်း​ဖို့​ဆိုရင် ကွာရှင်းဖို့​လိုတယ်။

အဲဒီ​အကြောင်း​တွေကို ယောသပ် စဉ်းစားနေရင်း အိပ်ပျော်​သွားတယ်။ ဒီ​အခါ ယေဟောဝါရဲ့ ကောင်းကင်တမန်​က အိပ်မက်​ထဲမှာ ပေါ်လာပြီး အခုလို​ပြောတယ်– “မင်းရဲ့​ဇနီး​မာရိ​ကို အိမ်​ခေါ်သွားဖို့ မစိုးရိမ်​နဲ့။ သန့်ရှင်းသော စွမ်းအားတော်​ကြောင့် ကိုယ်ဝန်​ရှိနေတာ။ သူ သားလေး​မွေး​လိမ့်မယ်။ ယေရှုလို့ နာမည်​ပေးပါ။ အဲဒီ​သားဟာ လူတွေကို အပြစ်​ကနေ ကယ်တင်​လိမ့်မယ်။”—မဿဲ ၁:၂၀၊ ၂၁

ယောသပ်​နိုးလာတဲ့​အခါ အကြောင်းစုံကို ရှင်းရှင်းလင်းလင်း နားလည်​သွား​လို့ ဘယ်လောက်တောင် ကျေးဇူးတင်​လိုက်မလဲ။ ကောင်းကင်တမန် ညွှန်ကြား​တဲ့​အတိုင်း ချက်ချင်းပဲ မာရိ​ကို သူ့​အိမ်​ခေါ်သွားတယ်။ လူအများရှေ့​မှာ အဲဒီလိုလုပ်တာက လက်ထပ်​ထိမ်းမြား​တာ​နဲ့ တူတယ်။ အခု ယောသပ်နဲ့ မာရိဟာ အ​ကြင်​လင်မယား ဖြစ်​သွားပြီ။ ဒါပေမဲ့ ယေရှုကို ကိုယ်ဝန်ဆောင်​ထားချိန်​အတွင်း ယောသပ်​က မာရိ​နဲ့ မပေါင်းသင်း​ဘူး။

လ​အနည်းငယ်​ကြာ​တော့ ယောသပ်နဲ့ မ​ပေါ့​မ​ပါး ဖြစ်နေတဲ့ မာရိ​တို့ဟာ နာဇရက်​မြို့မှာ​ရှိတဲ့ သူတို့​အိမ်နဲ့ တော်​တော်​ဝေး​တဲ့​နေရာကို ခရီးထွက်​ဖို့ ပြင်ဆင်​နေကြ​တယ်။ မာရိ မီးဖွား​ခါနီး​ကျ​မှ ဘယ်​ကို သွား​မ​လို့​လဲ။