မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

ယေရှုမွေးဖွားတဲ့အချိန်နဲ့ နေရာ

ယေရှုမွေးဖွားတဲ့အချိန်နဲ့ နေရာ

လုကာ ၂:၁-၂၀

  • ယေရှုကို ဘက်သလီဟင်​မြို့မှာ မွေးဖွား

  • ယေရှု​လေး​ကို သိုးထိန်း​တွေ လာ​ကြည့်

လူတိုင်း ကိုယ့်​မြို့ရွာ​ပြန်​ပြီး မှတ်ပုံတင်​ရမယ်လို့ ရောမ​ဧကရာဇ် ဆီဇာ​သြ​ဂတ်​စ​တပ်​က အမိန့်ထုတ်​တယ်။ ဒါကြောင့် ယောသပ်နဲ့ မာရိဟာ သူတို့ရဲ့ မွေးရပ်မြေ​ဖြစ်တဲ့ ဂျေရုဆလင်​မြို့​တောင်ဘက် ဘက်သလီဟင်​မြို့ကို ခရီးထွက်​ခဲ့​ကြတယ်။

ဘက်သလီဟင်​မြို့မှာ မှတ်ပုံတင်​ဖို့ လူ​အများကြီး ရောက်နေတယ်။ ယောသပ်နဲ့ မာရိ​တို့ တည်းခိုဖို့ မြည်း​နဲ့ တခြား​တိရစ္ဆာန်တွေ​ထားတဲ့ တင်းကုပ်​ပဲ​ရှိ​တော့​တယ်။ အဲဒီမှာ ယေရှု မွေးဖွား​လာတယ်။ မာရိဟာ ကလေးကို အနှီး​နဲ့​ပတ်​ပြီး နွား​စား​ခွက်​ထဲမှာ သိပ်​ထားတယ်။

မှတ်ပုံတင်​ရမယ်ဆိုတဲ့ အမိန့်ထုတ်​ဖို့ ဆီဇာ​သြ​ဂတ်​စ​တပ်​ကို ဘုရား လမ်းညွှန်​ခဲ့​တယ်။ အဲဒါကြောင့်လည်း ယေရှုဟာ သူ့​ဘိုးဘေး ဘုရင်​ဒါဝိဒ်​ရဲ့ ဇာတိ​မြို့​ဖြစ်တဲ့ ဘက်သလီဟင်​မြို့မှာ မွေးဖွား​လာတာ။ အဲဒီမြို့မှာ ကတိပြု​ထားတဲ့​အုပ်စိုးရှင် မွေးဖွား​လာမယ်​ဆိုပြီး ကျမ်းစာထဲမှာ ရှေး​ကတည်းက ကြိုဟော​ထားတယ်။—မိက္ခာ ၅:၂

ယေရှု​မွေးတဲ့​ညဟာ တကယ့်ကို အရေးပါတဲ့ ည​တစ်ည​ပါပဲ။ ကွင်းပြင်မှာ​ရှိတဲ့ သိုးထိန်းတွေရဲ့ ပတ်လည်မှာ တောက်ပတဲ့ အလင်းရောင် ထွန်းလင်း​လာတယ်။ အဲဒါက ယေဟောဝါ​ဘုရားရဲ့ ဘုန်းအသရေ​ကြောင့်​ပဲ။ ကောင်းကင်တမန်​တစ်ပါး​က သိုးထိန်းတွေကို အခုလို ပြောတယ်– “မကြောက်ပါနဲ့။ လူတိုင်းကို အကြီးအကျယ် ဝမ်းမြောက်​စေမယ့် သတင်းကောင်း ပြောဖို့ ကျွန်တော် ရောက်လာတာ။ ဒီနေ့ ဒါဝိဒ်​ရဲ့​ဇာတိ​မြို့မှာ ခင်ဗျားတို့ကို ကယ်တင်မယ့်သူ၊ သခင်​ခရစ်တော် မွေးဖွားပြီ။ နို့စို့​ကလေးကို အနှီး​နဲ့ ပတ်​ပြီး နွား​စား​ခွက်​ထဲ သိပ်​ထားတာကို ခင်ဗျားတို့ တွေ့​ရင် အဲဒါ သူပဲ​ဆိုတာ သိ​ကြပါ။” ရုတ်တရက် ကောင်းကင်တမန် အများကြီး ပေါ်လာပြီး “ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကို ဂုဏ်တင် ချီးမွမ်းကြ။ ကမ္ဘာမြေပေါ် နေထိုင်တဲ့ ဘုရား​မျက်နှာသာ​ရသူတွေ ငြိမ်သက်ခြင်း​ရှိပါစေ” လို့​ပြော​ကြတယ်။—လုကာ ၂:၁၀-၁၄

ကောင်းကင်တမန်တွေ ပြန်သွား​တော့ သိုးထိန်း​တွေ​က “ယေဟောဝါ​ဘုရား အသိပေး​တဲ့​ကိစ္စ​ကို သွား​ကြည့်ကြရအောင်။ အခုပဲ ဘက်သလီဟင်​မြို့ကို သွား​ကြစို့” လို့​အချင်းချင်း ပြော​ကြတယ်။ (လုကာ ၂:၁၅) သူတို့ ခပ်သုတ်သုတ်​သွားပြီး ကြည့်တဲ့အခါ ကောင်းကင်တမန်​ပြောတဲ့​အတိုင်း မွေးကင်းစ ယေရှုကို တွေ့​လိုက်ရတယ်။ သိုးထိန်း​တွေ​က ကောင်းကင်တမန်​ပြော​သွားတာကို ပြန်​ပြောပြ​တော့ ကြားတဲ့​သူတွေ အံ့သြ​ကြတယ်။ မာရိ​က အဲဒီ​စကား​အားလုံးကို မှတ်ထား​ပြီး ဆင်ခြင်တွေးတောတယ်။

အခု​ချိန်မှာ လူတွေက ဒီဇင်ဘာ ၂၅ ရက်​နေ့မှာ ယေရှုကို မွေးတယ်​လို့ ယုံကြည်​ကြတယ်။ ဒါပေမဲ့ ဒီဇင်ဘာ​လ​ဆိုရင် ဘက်သလီဟင်​မြို့မှာ အေးစိမ့်​ပြီး မိုးရွာ​နေတတ်​တယ်။ တစ်ခါတလေ​ဆို နှင်း​တွေ​ကျတယ်။ အဲဒီလို​အချိန်​မျိုးမှာ သိုးထိန်း​တွေ​က ကွင်းပြင်မှာ တစ်ညလုံး သိုးကျောင်း​ကြ​မှာ မဟုတ်ဘူး။ ဒါ့အပြင် ရောမ​ဧကရာဇ်​က သူ့ကို ပုန်ကန်​ချင်​နေတဲ့​သူတွေကို အဲဒီလောက် အေးစိမ့်​နေတဲ့ ဆောင်းတွင်း​ကြီး​မှာ မှတ်ပုံတင်​ဖို့​သွား​ခိုင်း​မှာ မဟုတ်ဘူး။ ဒါကြောင့် ယေရှုဟာ အောက်တိုဘာ​လ​ထဲမှာ မွေးဖွား​ခဲ့​တာ သေချာတယ်။