မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

နာဇရက်မြို့မှာ ကြီးပြင်းလာ

နာဇရက်မြို့မှာ ကြီးပြင်းလာ

မဿဲ ၁၃:၅၅၊ ၅၆ မာကု ၆:၃

  • ယောသပ်နဲ့ မာရိရဲ့ မိသားစု တိုးများလာ

  • ယေရှု လက်မှုပညာ​သင်ယူ

အချက်အချာ​မကျတဲ့ နာဇရက်​မြို့လေးမှာ ယေရှု ကြီးပြင်း​လာတယ်။ အဲဒီမြို့​ဟာ ဂါလိလဲ​လို့​ခေါ်တဲ့ တောင်တန်း​ဒေသမှာ တည်ရှိ​ပြီး ဂါလိလဲ​အိုင်​ကြီးရဲ့ အနောက်​ဘက်မှာ​ရှိတယ်။

ယောသပ်နဲ့ မာရိ​က ယေရှု နှစ်နှစ်​အရွယ်​လောက်​မှာ အီဂျစ်​ပြည်​ကနေ ဒီ​မြို့ကို ခေါ်လာ​ကြတယ်။ အဲဒီအချိန်မှာ သူက တစ်ဦးတည်းသော​သား ဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ မိတူဖကွဲ​ညီ​တွေ​ဖြစ်တဲ့ ယာကုပ်၊ ယောသပ်၊ ရှိမုန်​နဲ့ ယုဒ​တို့ မွေးလာတယ်။ ဒါ့အပြင် ယောသပ်နဲ့ မာရိမှာ အနည်းဆုံး သမီး​နှစ်ယောက်​ရှိ​နိုင်တယ်။ ယေရှုရဲ့ မိတူဖကွဲ​ညီမ​တွေ​ပေါ့။ ဒါကြောင့် ယေရှုမှာ အနည်းဆုံး မောင်နှမ​ခြောက်ယောက်​ရှိတယ်။

ယေရှုမှာ တခြား​ဆွေမျိုးတွေ​လည်း ရှိသေးတယ်။ မိုင်​ပေါင်း​များစွာ​ဝေး​တဲ့ ယုဒပြည်မှာ​နေထိုင်တဲ့ ဧလိရှဗက်​နဲ့ သူ့​သား​ယောဟန်တို့​ပေါ့။ ဂါလိလဲ​နယ်​မှာ​ပဲ နေထိုင်တဲ့ မာရိရဲ့​ညီအစ်မ၊ ယေရှုရဲ့​အဒေါ် ရှာ​လုံ​လည်း ရှိသေးတယ်။ ရှာ​လုံ​ရဲ့​ယောက်ျား​က ဇေ​ဗေ​ဒဲ။ သူတို့ရဲ့ သား​နှစ်ယောက်​ကတော့ ယာကုပ်နဲ့ ယောဟန်​ဖြစ်ပြီး ယေရှုနဲ့ တစ်ဝမ်းကွဲ​တော်တယ်။ ယေရှု ငယ်ငယ်တုန်းက သူတို့​နဲ့ ပေါင်း​ခဲ့​သလား​ဆိုတာ မသိ​ရပေမဲ့ နောက်ပိုင်းမှာ သူတို့ဟာ ယေရှုရဲ့​မိတ်ဆွေရင်း​တွေ ဖြစ်လာပြီး တမန်တော်တွေ​တောင် ဖြစ်လာကြတယ်။

ယောသပ်ဟာ သူ့​မိသားစုကြီး​ကို ကျွေးမွေး​ဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်​ခဲ့​ရတယ်။ သူက လက်သမား​ဆရာ​တစ်ယောက်​ဖြစ်ပြီး ယေရှုကို သူ့​သား​အရင်း​လို ပြုစု​စောင့်ရှောက်ခဲ့တယ်။ ဒါကြောင့် ယေရှုကို “လက်သမား​ရဲ့​သား” လို့​ခေါ်​ကြတယ်။ (မဿဲ ၁၃:၅၅) ယောသပ်​က ယေရှုကို လက်သမား​ပညာ သင်ပေးတယ်။​ ယေရှုကလည်း ကောင်းကောင်း​သင်ယူ​ခဲ့​တယ်။ ဒါကြောင့် လူ​တွေက နောက်ပိုင်းမှာ ယေရှုကို “သူဟာ လက်သမား မဟုတ်လား” လို့ ပြော​ကြတာပေါ့။—မာကု ၆:၃

ယောသပ်တို့​မိသားစုမှာ ယေဟောဝါ​ဘုရားကို ဝတ်ပြု​ကိုးကွယ်ခြင်း​က အဓိက​ပဲ။ ယောသပ်နဲ့ မာရိဟာ ဘုရား​ပညတ်ကို လိုက်နာ​တဲ့​အနေနဲ့ “အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့​အခါ၊ အိပ်တဲ့အခါ၊ ထတဲ့အခါ” ကလေးတွေကို ဘုရား​တရား​အကြောင်း သင်ပေးတယ်။ (တရားဟောရာ ၆:၆-၉) နာဇရက်​မြို့မှာ တရားဇရပ်​တစ်ခု ရှိတဲ့​အတွက် အဲဒီမှာ​ဝတ်ပြု​ကိုးကွယ်​ဖို့ မိသားစုကို ယောသပ် မှန်မှန်​ခေါ်သွား​မှာ​ပဲ။ ဒါကြောင့်လည်း နောက်ပိုင်းမှာ ယေရှုဟာ “ထုံးစံ​အတိုင်း ဥပုသ်​နေ့မှာ တရားဇရပ်” ကို​သွားတာ​ဖြစ်တယ်။ (လုကာ ၄:၁၆) ဂျေရုဆလင်​မြို့မှာ​ရှိတဲ့ ယေဟောဝါရဲ့ ဗိမာန်တော်ကို ပုံမှန်​သွားတဲ့ ခရီးစဉ်​တွေ​မှာလည်း သူတို့​မိသားစု သိပ်​ပျော်​ခဲ့​ကြ​မှာ။