မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂

ယေရှုနှစ်ခြင်းခံ

ယေရှုနှစ်ခြင်းခံ

မဿဲ ၃:၁၃-၁၇ မာကု ၁:၉-၁၁ လုကာ ၃:၂၁၊ ၂၂ ယောဟန် ၁:၃၂-၃၄

  • ယေရှု နှစ်ခြင်းခံ​ပြီး ဘိသိက်ပေး​ခံရ

  • ယေရှုဟာ မိမိရဲ့​သားဖြစ်ကြောင်း ယေဟောဝါ​ကြေညာ

နှစ်ခြင်း​ပေးသူ​ယောဟန် စဟော​ပြောပြီး ၆ လ​လောက်​အကြာမှာ အသက် ၃၀ ရှိပြီ​ဖြစ်တဲ့ ယေရှုဟာ ဂျော်ဒန်​မြစ်​မှာ ရှိနေတဲ့ ယောဟန်​ဆီ ရောက်လာတယ်။ ဘာ​အတွက်​လဲ။ အလည်အပတ်​လာတာ မဟုတ်သလို ယောဟန်ရဲ့​လုပ်ငန်း ဘယ်လောက် တိုးတက်​နေမှန်း သိချင်​လို့ လာတာလည်း မဟုတ်ဘူး။ ယောဟန်ဆီမှာ နှစ်ခြင်း​ခံဖို့ ရောက်လာတာ။

ယောဟန်​က “ကျွန်တော့်​ဆီမှာ နှစ်ခြင်း​ခံဖို့ လာတာ​လား။ ကျွန်တော်က​သာ ခင်ဗျား​ဆီမှာ နှစ်ခြင်းခံ​ရမှာ​ပါ” ဆိုပြီး တား​တယ်။ (မဿဲ ၃:၁၄) ယေရှုဟာ ဘုရားရဲ့ အချစ်ဆုံးသား​ဆိုတာ ယောဟန်​သိတယ်။ ယေရှုကို ကိုယ်ဝန်ဆောင်​ထားတဲ့​မာရိ ဧလိရှဗက်​ဆီ လာလည်တဲ့​အခါ ဧလိရှဗက်​ဗိုက်​ထဲမှာရှိတဲ့​ယောဟန်​က ပျော်​လွန်း​လို့ လှုပ်လှုပ်ရွရွ​ဖြစ်ခဲ့တယ်​ဆိုတာ သတိရပါ။ အဲဒီ​အကြောင်းကို ဧလိရှဗက်​က ယောဟန်​ကို ပြောပြခဲ့မှာ​ပဲ။ ဒါ့အပြင် ယေရှု​မွေးဖွား​မယ့်​အကြောင်း ကောင်းကင်တမန်​ဂါဗြေလ မာရိ​ကို​ပြောခဲ့တာ၊ ယေရှု​မွေးတဲ့​ညမှာ သိုးထိန်း​တွေ​ရှေ့ ကောင်းကင်တမန်တွေ​ပေါ်လာ​တာ​ကိုလည်း ယောဟန်​သိ​မှာ​ပဲ။

ယောဟန်​က သူ့​နှစ်ခြင်း​ဟာ အပြစ်တွေကို နောင်တ​ရတဲ့​သူတွေ​အတွက် ဖြစ်မှန်း နားလည်တယ်။ ယေရှု​ကတော့ အပြစ်​မရှိဘူး။ ဒါကြောင့် ယောဟန်​တား​နေတာ။ ဒါပေမဲ့ ယေရှု​က “မတားပါနဲ့။ ဘုရားသခင် လုပ်​စေ​ချင်​တာ​မှန်သမျှ လုပ်ဆောင်​သင့်ပါတယ်။ ကျွန်တော့်​ကို အခု နှစ်ခြင်း​ပေးပါ” လို့​တောင်းဆိုတယ်။—မဿဲ ၃:၁၅

ယေရှု ဘာကြောင့် နှစ်ခြင်းခံ​သင့်​တာလဲ။ သူက အပြစ်တွေကို နောင်တ​ရတဲ့​အထိမ်းအမှတ်​အနေနဲ့ နှစ်ခြင်းခံ​တာ မဟုတ်ဘူး။ သူ့အဖေရဲ့ အလိုတော်​ဆောင်ဖို့ သူ့ကိုယ်သူ​ပေးဆက်​ကြောင်း​ပြတဲ့အနေနဲ့ နှစ်ခြင်းခံ​တာ။ (ဟီဘရူး ၁၀:၅-၇) ယေရှုဟာ လက်သမား​တစ်ဦး​ဖြစ်ခဲ့တယ်။ အခုတော့ ကောင်းကင်ဖခင် သူ့ကို​မြေကြီးပေါ်​စေလွှတ်​ပြီး လုပ်​ခိုင်းတဲ့​လုပ်ငန်းကို စတင်ဖို့​အချိန်​ကျပြီ။ ယေရှု​နှစ်ခြင်း​ခံ​ချိန်မှာ ထူးခြား​တာ​တစ်ခုခု ဖြစ်လာမယ်လို့ ယောဟန်​မျှော်လင့်​နေ​သလား။

ယောဟန် အခုလို​ပြောတယ်– “ရေ​နဲ့​နှစ်ခြင်း​ပေးဖို့ ကျွန်တော့်ကို စေလွှတ်တဲ့​အရှင်​က ‘လူတစ်ယောက်​အပေါ် စွမ်းအားတော်​ဆင်းလာ​ပြီး နား​နေတာကို မြင်ရင် အဲဒီ​လူဟာ သန့်ရှင်းသော​စွမ်းအားတော်​နဲ့ နှစ်ခြင်း​ပေးမယ့်​သူပဲ’ လို့ ကျွန်တော့်ကို မှာ​ထားတယ်။” (ယောဟန် ၁:၃၃) ဒါကြောင့် သူ​နှစ်ခြင်း​ပေးမယ့်​သူ တစ်ယောက်ယောက်​အပေါ်မှာ ဘုရားရဲ့​စွမ်းအားတော် သက်ရောက်​မှာ​ပဲ​ဆိုပြီး ယောဟန်​မျှော်လင့်တယ်။ မျှော်လင့်​ထားတဲ့​အတိုင်း ရေ​ထဲ​ကနေ ယေရှု​ပေါ်ထွက်​လာတာ​နဲ့ “ဘုရားသခင့်​စွမ်းအားတော်​က ချိုးငှက်​သဏ္ဌာန်​နဲ့ ယေရှု​အပေါ် ဆင်းသက်” လာတယ်။ ဒါကို​မြင်တဲ့အခါ ယောဟန် အံ့သြ​မှာ​မဟုတ်ဘူး။—မဿဲ ၃:၁၆

ဒါ​တင်​မ​က​သေး​ဘူး။ ယေရှု​နှစ်ခြင်း​ခံ​ချိန်မှာ “ကောင်းကင်​ပွင့်​လာ” တယ်။ ဒါက ဘာကို​ဆိုလို​တာလဲ။ လူ့​ဘဝ​မတိုင်ခင် ကောင်းကင်​အသက်တာ​အကြောင်း ယေရှု​နှစ်ခြင်း​ခံ​ချိန်မှာ ပြန်​သတိရ​လာတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ယေဟောဝါရဲ့​သား၊ ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ်​နေခဲ့တဲ့ အသက်တာ​အပြင် မြေကြီးကို​မလာခင် ကောင်းကင်မှာ ဘုရား​သင်ပေးခဲ့တဲ့ အမှန်တရားတွေကို ပြန်​မှတ်မိ​လာပြီ။

ဒါ့အပြင် ယေရှု​နှစ်ခြင်း​ခံ​ချိန်မှာ “သူဟာ ငါ​မြတ်နိုးတဲ့ ငါရဲ့​ချစ်သားပဲ” ဆိုတဲ့​အသံ ကောင်းကင်က ထွက်လာ​တယ်။ (မဿဲ ၃:၁၇) ဘယ်သူ့​အသံ​လဲ။ ယေရှု​က ယောဟန်နဲ့​အတူ​ရှိနေတာ​ဆိုတော့ ယေရှုရဲ့​အသံ​တော့ မဖြစ်နိုင်ဘူး။ အဲဒါက ဘုရားရဲ့​အသံ​ပဲ။ ဒါကြောင့် ယေရှုဟာ အနန္တ​တန်ခိုးရှင်​ဘုရား မဟုတ်ဘူး။ ဘုရားရဲ့​သား​ဖြစ်တယ်။

မှတ်သား​စ​ရာ​က၊ ပထမ​လူသား အာဒံ​လို​ပဲ ယေရှုလည်း မြေကြီးပေါ်​ရှိချိန်မှာ​ ဘုရားရဲ့​ စုံလင်တဲ့​သား​ဖြစ်တယ်။ တပည့်ဖြစ်​သူ​လုကာ​က ယေရှု​နှစ်ခြင်းခံတဲ့​အကြောင်း ပြော​ပြီးနောက် အခုလို​ရေးခဲ့တယ်– “ယေရှု​က အသက် ၃၀ အရွယ်မှာ လူတွေကို စပြီး​သွန်သင်တယ်။ လူတွေရဲ့​အမြင်မှာ ယေရှု​က ယောသပ်ရဲ့​သား၊ ယောသပ်​က ဟေလိရဲ့သား၊ . . . ဒါဝိဒ်​ရဲ့​သား၊ . . . အာဗြဟံရဲ့​သား၊ . . . နောဧ​ရဲ့​သား၊ . . . အာဒံရဲ့​သား၊ အာဒံ​က ဘုရားသခင်ရဲ့​သား ဖြစ်တယ်။”—လုကာ ၃:၂၃-၃၈

လူသား​အာဒံ​က “ဘုရားသခင်ရဲ့​သား” ဖြစ်သလို ယေရှုလည်း ဘုရားသခင်ရဲ့​သား​ပဲ။ သူဟာ ဘုရားရဲ့​သား​ဖြစ်ပြီး ကောင်းကင်မှာ ဝိညာဉ်​ပုဂ္ဂိုလ်​ဖြစ်လာမယ်​ဆိုတာ နှစ်ခြင်း​ခံ​ချိန်မှာ သိလာတယ်။ ဒါကြောင့် ဘုရားနဲ့​ပတ်သက်တဲ့ အမှန်တရားကို သွန်သင်​နိုင်တဲ့၊ အသက်​လမ်းကို​ပြ​နိုင်တဲ့ အနေအထား​မှာ​ရှိနေပြီ။ အခု အပြစ်​ရှိတဲ့​လူသားတွေ​အတွက် သူ့​အသက်ကို ပူဇော်သက္ကာ​အဖြစ် ပေးဆက်​ရမယ့်​လမ်းစဉ်​ကို အစပြု​လိုက်ပြီ။