မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၇

ညအချိန်မှာ နိကောဒင်ကို သွန်သင်ပေး

ညအချိန်မှာ နိကောဒင်ကို သွန်သင်ပေး

ယောဟန် ၂:၂၃–၃:၂၁

  • နိ​ကော​ဒင်​နဲ့ ယေရှု စကားပြော

  • “တစ်ဖန်​မွေးဖွားခြင်း” ရဲ့​အဓိပ္ပာယ်

အေဒီ ၃၀၊ ပသခါပွဲ​အတွက် ဂျေရုဆလင်​မြို့ကို ယေရှု​ရောက်နေ​ချိန်မှာ အံဖွယ်​အမှုတွေ လုပ်ခဲ့တယ်။ ဒါကြောင့် သူ့ကို လူတွေ ယုံကြည်​လာကြတယ်။ အဲဒီ​ထဲမှာ ဖာရိရှဲ​လည်း​ဖြစ်၊ ဆဲ​န်​ဟီ​ဒ​ရင်​လို့​ခေါ်တဲ့ ဂျူး​တရားရုံးချုပ် အဖွဲ့ဝင်​လည်း​ဖြစ်တဲ့ နိ​ကော​ဒင်​လည်း ပါတယ်။ သူက ပို​သိချင်တဲ့​အတွက် ည​အချိန်​ကျ​မှ ယေရှု​ဆီ​လာတယ်။ သူ့ကို လူတွေ​မြင်​သွား​ရင် ဂျူး​ခေါင်းဆောင်​တွေ​ကြား နာမည်ပျက်​မှာ စိုးရိမ်လို့​ပဲ။

နိ​ကော​ဒင်​က “ဆရာ၊ ဆရာဟာ ဘုရားသခင် စေလွှတ်တဲ့​သူ​ဖြစ်မှန်း ကျွန်တော်တို့ သိပါတယ်။ ဘုရားသခင် အတူ​မရှိရင် ဒီလို​အံ့ဖွယ်​အမှုတွေ​ကို ဘယ်သူမှ မ​လုပ်ပြ​နိုင်ဘူး” လို့​ပြောတော့ ယေရှု​က “တစ်ဖန်​မွေးဖွားခြင်း” ခံ​မှ​သာ ဘုရားသခင့်​နိုင်ငံတော်ကို ဝင်​ရမယ်လို့ ပြန်​ပြောတယ်။—ယောဟန် ၃:၂၊ ၃

လူတစ်ယောက်​ဟာ ဘယ်လိုနည်းနဲ့ တစ်ဖန်​မွေးဖွား​ခံရ​မလဲ။ နိကော​ဒင်​က “မိခင်​ဝမ်း​ထဲ ပြန်ဝင်​ပြီး ဒုတိယ​အကြိမ် မွေးဖွား​ခံ​လို့​မှ မရ​တာ” လို့​ပြောတယ်။—ယောဟန် ၃:၄

တစ်ဖန်​မွေးဖွားခြင်း​ဆိုတာ အဲဒါကို​ပြောချင်တာ မဟုတ်ဘူး။ ယေရှု​က “ရေ​နဲ့​ရော စွမ်းအားတော်​နဲ့​ပါ မွေးဖွားခြင်း​မခံ​ရင် ဘယ်သူမှ ဘုရားသခင့်​နိုင်ငံတော်ကို ဝင်​လို့​မရဘူး” လို့​ရှင်းပြတယ်။ (ယောဟန် ၃:၅) ယေရှု​နှစ်ခြင်း​ခံ​ချိန်မှာ သန့်ရှင်းသော​စွမ်းအားတော် သူ့​အပေါ် သက်ရောက်​တဲ့​အတွက် “ရေ​နဲ့​ရော စွမ်းအားတော်​နဲ့​ပါ” မွေးဖွားခြင်း​ခံရတယ်။ အဲဒီအချိန်မှာ​ပဲ “သူဟာ ငါ​မြတ်နိုးတဲ့ ငါ့ရဲ့​ချစ်သားပဲ” ဆိုတဲ့​အသံ ကောင်းကင်က ထွက်လာ​တယ်။ (မဿဲ ၃:၁၆၊ ၁၇) ဒီလို​နည်းနဲ့ ယေရှုဟာ ဘုရားရဲ့​သား၊ ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ် ကောင်းကင်​နိုင်ငံတော် ဝင်ခွင့်​ရမယ့် မျှော်လင့်ချက် ရှိလာပြီ​ဆိုတာ ဘုရား​ကြေညာ​လိုက်တယ်။ နောက်ပိုင်း အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ​နေ့မှာ​လည်း နှစ်ခြင်းခံ​ပြီး​သူတွေ​အပေါ် သန့်ရှင်းသော​စွမ်းအားတော် သွန်းလောင်း​လိမ့်မယ်။ ဒီ​အခါ သူတို့လည်း သန့်ရှင်းသောစွမ်းအားတော်နဲ့ တစ်ဖန်မွေးဖွားခံရတဲ့ ဘုရားရဲ့​သားတွေ​အဖြစ် ကောင်းကင်​အသက်တာ မျှော်လင့်ချက်​ရှိလာ​ကြ​လိမ့်မယ်။—တမန်တော် ၂:၁-၄

နိုင်ငံတော်​နဲ့​ပတ်သက်တဲ့ ယေရှုရဲ့ သွန်သင်ချက်တွေ​ဟာ နိကော​ဒင်​အတွက် နားလည်ဖို့​ခက်တယ်။ ဒါကြောင့် ယေရှု​က ဘုရားရဲ့​သား​အနေနဲ့ မြေကြီး​ပေါ်မှာ သူ့ရဲ့​အရေးပါတဲ့ အခန်းကဏ္ဍ​အကြောင်း ပို​သိအောင် ရှင်းပြခဲ့တယ်။ “မောရှေ​က တော​မှာ မြွေ​ကို မြှောက်​ထား​သလို လူသား​လည်း မြှောက်​ထား​ခံရလိမ့်မယ်။ ဒါမှ လူသားကို ယုံကြည်သူ​အားလုံး ထာဝရ​အသက် ရနိုင်​ကြမယ်” လို့ ယေရှု​ပြောတယ်။—ယောဟန် ၃:၁၄၊ ၁၅

မြွေ​ကိုက်​ခံရတဲ့ အစ္စရေး​တွေဟာ အသက်​ချမ်းသာရ​ဖို့ ကြေး​နီ​မြွေ​ရုပ်​ကို ကြည့်​ခဲ့​ရတယ်။ (တောလည်ရာ ၂၁:၉) အဲဒီလိုပဲ လူတွေဟာ သေမျိုး​ဘဝကနေ လွတ်မြောက်ပြီး ထာဝရ​အသက်​ရဖို့ ဘုရားရဲ့​သားကို သက်ဝင်​ယုံကြည်​ရမယ်။ ဒီ​နေရာမှာ ယေဟောဝါ​ဘုရားရဲ့ မေတ္တာကို အလေးပေး​ချင်တဲ့​အတွက် နိကောဒင်ကို ယေရှု အခုလို ဆက်ပြောတယ်– “ဘုရားသခင်က လူ့​လောက​ကို အလွန်​ချစ်တယ်။ ဒါကြောင့် မိမိရဲ့​သားကို ယုံကြည်​သက်ဝင်​သူ​တိုင်း ဖျက်ဆီး​မခံရ​ဘဲ ထာဝရ​အသက်​ရနိုင်ဖို့ အဲဒီ​တစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့​တယ်။” (ယောဟန် ၃:၁၆) ဒါကြောင့် အမှုဆောင်​လုပ်ငန်း စတင်​ပြီး ခြောက်လ​လောက် အကြာမှာ​ပဲ ယေရှု​က သူဟာ လူသားတွေ​အတွက် ကယ်တင်ခြင်း​နည်းလမ်း ဖြစ်တယ်ဆိုတာ နိကောဒင်ကို ရှင်းပြခဲ့တယ်။

ယေရှု​က “အဲဒီ​သားကို စေလွှတ်​ရတဲ့ အကြောင်းရင်း​က လူ့​လောက​ကို ပြစ်ဒဏ်​စီရင်​ဖို့ မဟုတ်ဘူး” လို့ နိကောဒင်ကို ပြောတယ်။ ပြောချင်တာ​က သူဟာ လူသားတွေကို ပြစ်ဒဏ်​စီရင်​ပြီး ဖျက်ဆီး​ပစ်ဖို့ လာတာ​မဟုတ်ဘူး။ အဲဒီအစား “လူ့​လောက​ကို ကယ်တင်ဖို့” လာတာ။—ယောဟန် ၃:၁၇

နိ​ကော​ဒင်​က လူ​မြင်​မှာ​စိုးလို့ ညအမှောင်​မှာ လာတယ်။ ဒါကြောင့် ယေရှု​က သူ့​စကားကို ဒီလို နိဂုံးချုပ်​လိုက်တယ်– “အလင်း [ယေရှုဟာ အလင်း​ဖြစ်ပြီး သူ့​ဘဝ​အသက်တာနဲ့ သွန်သင်ချက်တွေ​အားဖြင့် အလင်းထွန်းလင်း​တယ်] က လူ့​လောက​ကို ရောက်လာပြီ။ ဒါပေမဲ့ လူတွေက သူတို့ရဲ့​မကောင်းတဲ့ အကျင့်​တွေ​ကြောင့် အလင်း​ထက် အမှောင်​ကို ပို​နှစ်သက်​ကြတယ်။ ဒါကြောင့် သူတို့ ပြစ်ဒဏ်​စီရင် ခံရလိမ့်မယ်။ ဆိုးညစ်​တဲ့​အကျင့်​ရှိသူဟာ အလင်း​ကို မုန်းတယ်။ သူ့​အကျင့်​တွေ ပေါ်​သွားမှာ​ စိုးလို့ အလင်း​ဆီ မလာ​ဘူး။ ဖြောင့်မတ်တဲ့​အကျင့် ရှိသူက​တော့ သူ့​အကျင့်​တွေ ဘုရားသခင့်​အလိုတော်​နဲ့ ကိုက်ညီ​မှန်း ဖော်ပြဖို့ အလင်း​ဆီ လာ​တတ်တယ်။”—ယောဟန် ၃:၁၉-၂၁

ဖာရိရှဲ​လည်း​ဖြစ်၊ အစ္စရေးတွေရဲ့ ဆရာလည်း​ဖြစ်တဲ့ နိ​ကော​ဒင်​အနေနဲ့ ဘုရားရဲ့​ရည်ရွယ်ချက်မှာ ယေရှုရဲ့​အခန်းကဏ္ဍ​အကြောင်း အခု သူ​ကြားခဲ့​တာ​ကို သေချာ စဉ်းစားဆင်ခြင်ရတော့မယ်။