မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၈

ယေရှု တိုးတက်နေပြီး ယောဟန် ဆုတ်ယုတ်သွား

ယေရှု တိုးတက်နေပြီး ယောဟန် ဆုတ်ယုတ်သွား

မဿဲ ၄:၁၂ မာကု ၆:၁၇-၂၀ လုကာ ၃:၁၉၊ ၂၀ ယောဟန် ၃:၂၂–၄:၃

  • ယေရှုရဲ့​တပည့်​တွေ နှစ်ခြင်း​ပေး

  • နှစ်ခြင်း​ပေးသူ​ယောဟန် ထောင်ကျ

အေဒီ ၃၀၊ နွေဦး​ရာသီမှာ ပသခါပွဲ​တက်ပြီး​နောက် ယေရှုနဲ့ တပည့်တွေဟာ ဂျေရုဆလင်​မြို့ကနေ ထွက်သွား​တယ်။ ဒါပေမဲ့ သူတို့ရဲ့​ဇာတိ ဂါလိလဲ​နယ်​ကို တန်း​မပြန်​ဘူး။ ယုဒပြည်မှာ​ရှိတဲ့ တော​ရွာ​တွေ​ဆီ​သွားပြီး လူတွေကို နှစ်ခြင်း​ပေး​ကြတယ်။ နှစ်ခြင်း​ပေးသူ​ယောဟန်လည်း အဲဒီ​အလုပ်ကို လုပ်​လာတာ တစ်နှစ်လောက်​ရှိပြီ။ ယောဟန်ဟာ တပည့်​တချို့​နဲ့​အတူ ဂျော်ဒန်​ချိုင့်ဝှမ်း​ဒေသမှာ ရှိနေတုန်းပဲ။

တကယ်တော့ ယေရှု​ကိုယ်တိုင် နှစ်ခြင်း​ပေးတာ​မဟုတ်ဘဲ ယေရှု​ရဲ့​ညွှန်ကြားမှု​အောက်မှာ တပည့်​တွေ နှစ်ခြင်း​ပေး​ကြ​တာ။ ဘုရား​ပညတ်ကို ချိုးဖောက်​မိ​တဲ့​အပြစ်တွေ​အတွက် နောင်တ​ရတဲ့​ဂျူး​တွေကို​ ယေရှုနဲ့ ယောဟန် နှစ်ယောက်စလုံး​က သွန်သင်​ပေးနေ​တယ်။​—တမန်တော် ၁၉:၄

ဒါပေမဲ့ ယောဟန်ရဲ့​တပည့်​တွေ​က မနာလို​ဖြစ်ပြီး “ဆရာ့​ဆီ​လာတဲ့ လူ [ယေရှု] လေ။ . . . အခု အဲဒီ​လူက နှစ်ခြင်း​ပေးနေ​တော့ လူ​အများကြီး သူ့​ဆီ​သွား​နေကြပြီ” လို့​တိုင်​ကြတယ်။ (ယောဟန် ၃:၂၆) ယောဟန်​ကတော့ မနာလို​မဖြစ်​ဘူး။ ယေရှုရဲ့ အောင်မြင်မှု​အတွက် သူ​၀မ်းသာသလို တပည့်တွေကိုလည်း ၀မ်းသာ​စေချင်တယ်။ “‘ကျွန်တော်က ခရစ်တော် မဟုတ်ဘူး။ ခရစ်တော်​ထက်​အရင် စေလွှတ်​ခံရသူ​ဖြစ်တယ်’ လို့ ကျွန်တော်​ပြောတာကို ခင်ဗျားတို့​ကိုယ်တိုင် ကြားခဲ့သား​ပဲ” လို့ သူတို့ကို ပြောတယ်။ အဲဒီ​အချက်ကို နားလည်ဖို့ ဒီ​ဥပမာ​ကို သူ​ပြောပြတယ်– “သတို့သမီး​ကို​ရတဲ့​သူဟာ သတို့သားပါ။ ဒါပေမဲ့ အနားမှာ​ရပ်နေတဲ့ မိတ်ဆွေကလည်း သတို့သားရဲ့​အသံကို​ကြား​ပြီး ဝမ်းသာ​ကြည်နူး​နေတတ်​တယ်။ အဲဒီလိုပဲ ကျွန်တော်လည်း ဝမ်းသာ​ကြည်နူး​နေတယ်။”—ယောဟန် ၃:၂၈၊ ၂၉

သတို့သားရဲ့​မိတ်ဆွေ​လို​ပဲ ယောဟန်လည်း လွန်ခဲ့တဲ့ ခြောက်လ​က သူ့​တပည့်​တွေ​နဲ့ ယေရှုကို မိတ်ဆက်​ပေး​ချိန်မှာ ၀မ်းသာ​ခဲ့​ပြီးပြီ။ သူ့​တပည့်​တချို့ဟာ ယေရှု​နောက်လိုက် ဖြစ်လာတယ်။ အချိန်တန်​တဲ့အခါ သန့်ရှင်းသော​စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရမယ်။ ယောဟန်​က ကျန်တဲ့​တပည့်တွေကိုလည်း ယေရှု​နောက်လိုက် ဖြစ်စေချင်တယ်။ တကယ်တော့ ယောဟန်ရဲ့​ရည်ရွယ်ချက်​က ခရစ်တော်ရဲ့​အမှုဆောင်​လုပ်ငန်း​အတွက် လမ်းခရီး​ကို ပြင်ဆင်​ပေးဖို့ပါ။ “ခရစ်တော်ဟာ တိုးတက်​နေရမယ်၊ ကျွန်တော်ကတော့ ဆုတ်ယုတ်​သွား​ရမှာပဲ” လို့ ယောဟန်​ပြောတယ်။—ယောဟန် ၃:၃၀

မကြာသေးခင်က​မှ ယေရှု​နောက်လိုက်​ဖြစ်လာတဲ့ နောက်​ယောဟန်​တစ်ယောက်က ယေရှုရဲ့ မူလအစ​အကြောင်း၊ လူသားတွေ ကယ်တင်ခံရ​ရေး​မှာ ယေရှုရဲ့ အဓိက​အခန်းကဏ္ဍ​အကြောင်း နောက်ပိုင်းမှာ အခုလို ရေးခဲ့တယ်– “အထက်​အရပ်​ကနေ လာတဲ့​သူဟာ အားလုံး​ထက် ပို​ကြီးမြတ်တယ်။ . . . အဖ​ဘုရားက သားကို​ချစ်တဲ့​အတွက် သူ့​လက်ထဲ အရာခပ်သိမ်း အပ်နှင်း​လိုက်ပြီ။ ဘုရားရဲ့သားကို ယုံကြည်သက်ဝင်​သူဟာ ထာဝရ​အသက် ရလိ​မ့်မယ်။ သူ့​စကားကို နားမထောင်တဲ့​သူကတော့ အသက်​ရမှာ မဟုတ်ဘူး၊ ဘုရားရဲ့​အမျက်တော် ခံရလိမ့်မယ်။” (ယောဟန် ၃:၃၁၊ ၃၅၊ ၃၆) ဒါက လူတွေ​သိသင့်တဲ့ အရေးကြီး အမှန်တရား​ပဲ။

နှစ်ခြင်း​ပေးသူ​ယောဟန်​က သူ့​အခန်းကဏ္ဍ​နဲ့​အလုပ် ဆုတ်ယုတ်လာ​မယ့်​အကြောင်း​ပြောပြီး သိပ်​မကြာခင်မှာ ဟေရုဒ်​မင်း ဖမ်းဆီး​တာ​ကို ခံ​လိုက်ရတယ်။ ဟေရုဒ်​က သူ့​အစ်ကို​ဖိလိပ္ပုရဲ့​ဇနီး ဟေရောဒိ​ကို သိမ်းပိုက်​ထားတယ်။ ဒီလို​ဖောက်ပြန်​တာ​ကို ယောဟန်​က လူသိရှင်ကြား ဖော်ထုတ်​လိုက်လို့ ထောင်ချ​ခံရ​တာ။ ယောဟန်​ထောင်ကျ​နေတာကို ယေရှု​ကြား​တော့ တပည့်​တွေ​နဲ့​အတူ ယုဒပြည်​ကနေ​ထွက်ပြီး “ဂါလိလဲ​ပြည်​ကို” သွားတယ်။​—မဿဲ ၄:၁၂။ မာကု ၁:၁၄