မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၉

ရှမာရိအမျိုးသမီးကို သွန်သင်ပေး

ရှမာရိအမျိုးသမီးကို သွန်သင်ပေး

ယောဟန် ၄:၃-၄၃

  • ရှမာရိ​အမျိုးသမီးနဲ့ တခြား​သူတွေကို သွန်သင်ပေး

  • ဘုရား​နှစ်သက်တဲ့ ၀တ်​ပြု​ရေး

ယုဒပြည်​ကနေ ဂါလိလဲ​ပြည် အပြန်ခရီး​မှာ ယေရှုနဲ့ တပည့်တွေဟာ ရှမာရိ​ပြည်​ကို​ဖြတ်​ပြီး မြောက်ဘက်​ကို သွားကြတယ်။ သူတို့တွေ ခရီးပန်း​လာလို့ မွန်းတည့်​ချိန်​လောက်​မှာ ရှု​ခါ​မြို့​နားက ယာကုပ်​ရေတွင်း​မှာ နား​ကြတယ်။ လွန်ခဲ့တဲ့​ရာစုနှစ်တွေ​တုန်း​က အဲဒီ​ရေတွင်း​ကို ယာကုပ်​ကိုယ်တိုင် တူး​ခဲ့​တာ​ဖြစ်နိုင်သလို လူ​ငှား​ပြီး တူး​ခဲ့​တာ​လည်း ဖြစ်နိုင်တယ်။ ဒီနေ့​အချိန်မှာ အဲဒီ​ရေတွင်း​ကို နာဘလပ်စ်​မြို့​နား​မှာ တွေ့နိုင်တယ်။

ရေတွင်းနား​မှာ ယေရှု အနားယူ​နေတုန်း တပည့်​တွေ​က စားစရာ​ဝယ်​ဖို့ မြို့ထဲ​သွားကြပြီ။ သူတို့​ထွက်သွား​ချိန်မှာ ရှမာရိ​အမျိုးသမီး​တစ်ယောက် ရေ​လာ​ခပ်​တယ်။ အဲဒီအခါ ယေရှု​က “ရေ​နည်းနည်းလောက် တိုက်​ပါလား” လို့​တောင်း​လိုက်တယ်။—ယောဟန် ၄:၇

ဂျူးတွေ​နဲ့ ရှမာရိ​တွေဟာ အရိုးစွဲ​နေတဲ့ တစ်ဖက်သတ်​အစွဲတွေ​ကြောင့် အပေါင်းအသင်း​မလုပ်ကြဘူး။ ဒီတော့ အမျိုးသမီး​က အံ့အားသင့်​ပြီး “ရှင်ဟာ ဂျူးလူမျိုး​ဖြစ်လျက်နဲ့ ရှမာရိ​လူမျိုး​ဖြစ်တဲ့ ကျွန်မကို ဘာလို့ ရေ​တောင်း​သောက်တာ​လဲ” လို့​ မေးတယ်။ ယေရှု​က “ဘုရားသခင် ဘာ​ဆုလက်ဆောင်​ပေးထားမှန်း၊ ‘ရေ​နည်းနည်းလောက် တိုက်​ပါလား’ လို့​ပြောတဲ့​သူဟာ ဘယ်သူဘယ်ဝါ​ဖြစ်မှန်း ခင်ဗျား မသိဘဲ​ကိုး။ သိခဲ့ရင် သူ့ကို အသက်ရေ တောင်း​မှာ​ပဲ။ သူလည်း အသက်ရေ ပေးမှာ​ပဲ” လို့​ဖြေတယ်။ ဒီအခါ အမျိုးသမီး​က “ရေတွင်း​က အနက်​ကြီး။ ဆရာ့​ဆီမှာ ခပ်​စ​ရာ​ရေပုံး​မှ မရှိတာ။ အဲဒီ​အသက်ရေ​ကို ဘယ်​ကနေ ရမှာ​လဲ။ ဒီရေ​တွင်း​ကို ဘိုးဘေး​ယာကုပ်​က ကျွန်မတို့ကို ပေးခဲ့တာ။ သူကိုယ်တိုင်​ရော သားမြေး​တွေ၊ တိရစ္ဆာန်တွေပါ ဒီ​တွင်းရေ​ကို သောက်ခဲ့​ကြတယ်။ ဆရာက သူ့​ထက် ကြီးမြတ်လို့လား” ဆိုပြီး မေးတယ်။—ယောဟန် ၄:၉-၁၂

ယေရှု​က “ဒီရေ​ကို သောက်​တဲ့​သူဟာ နောက်​တစ်ခါ ရေငတ်ဦးမယ်။ ကျွန်တော်​ပေးတဲ့​ရေ​ကို သောက်​တဲ့​သူကတော့ ဘယ်တော့မှ ရေငတ်​မှာ မဟုတ်ဘူး။ သူ့​အထဲမှာ အဲဒီ​ရေဟာ ထာဝရ​အသက်​ရစေ​မယ့် စိမ့်ထွက်​နေတဲ့ စမ်းရေ​လို ဖြစ်လိမ့်မယ်” လို့​ဖြေတယ်။ (ယောဟန် ၄:၁၃၊ ၁၄) ယေရှုဟာ မောပန်း​နေပေမဲ့ အသက်​ရစေတဲ့ အမှန်တရား​အကြောင်း ရှမာရိ​အမျိုးသမီးကို ပြောပြဖို့ အသင့်​ရှိခဲ့တယ်။

အမျိုးသမီး​က “ဆရာ၊ ကျွန်မကို အဲဒီ​ရေ တိုက်​ပါလား။ ဒါဆို ရေငတ်​တော့​မှာ​မဟုတ်ဘူး။ ဒီကို​လာပြီး ရေခပ်စရာလည်း မလို​တော့​ဘူး” ဆိုပြီး​ပြောတယ်။ ဒီ​အခါ ယေရှု​က စကား​လမ်းကြောင်း ပြောင်း​လိုက်ပြီး “ခင်ဗျားရဲ့​ယောက်ျားကို သွား​ခေါ်လာ​ခဲ့” လို့​ပြောတော့ သူက “ကျွန်မ​မှာ ယောက်ျား​မရှိပါဘူး” လို့​ဖြေတယ်။ ဒါနဲ့ ယေရှု​က “‘ယောက်ျား​မရှိဘူး’ လို့ ခင်ဗျား​ပြောတာ မှန်ပါတယ်။ တကယ်​ဆိုရင် ခင်ဗျား​မှာ ယောက်ျား ၅ ယောက် ရှိခဲ့​ဖူး​တယ်။ အခု အတူ​နေတဲ့​လူဟာ ခင်ဗျားရဲ့​ယောက်ျား မဟုတ်ဘူး” လို့​ပြောလိုက်​တယ်။ ဒါကို အမျိုးသမီး​ကြားတဲ့​အခါ သိပ်​အံ့သြ​သွားမှာပဲ။—ယောဟန် ၄:၁၅-၁၈

ယေရှု တဲ့တိုး​ပြောလိုက်​လို့ အမျိုးသမီး အံ့သြ​သွားပြီး “ဆရာဟာ ပရောဖက်​ဖြစ်မှန်း ကျွန်မ​သိပြီ” လို့​ပြောတယ်။ အဲဒီနောက် ဘုရားရေးရာ​တွေကို စိတ်​၀င်​စား​ကြောင်း​ပြတဲ့အနေနဲ့ “ကျွန်မတို့ရဲ့ ဘိုးဘေး​တွေ [ရှမာရိ​တွေ] က ဒီ​တောင် [ဂေ​ရ​ဇိမ်​တောင်] ပေါ်မှာ ဘုရားသခင်ကို ကိုးကွယ်​ခဲ့​ကြတယ်။ ဆရာတို့ [ဂျူးတွေ] ပြောတာ​ကျတော့ ဂျေရုဆလင်​မြို့မှာ​ပဲ ကိုးကွယ်​ရမှာ​ဆို” လို့​ပြောတယ်။—ယောဟန် ၄:၁၉၊ ၂၀

ဒီ​အခါ ယေရှု​က ၀တ်​ပြုတဲ့​နေရာ အရေး​မကြီး​ကြောင်း အခုလို ရှင်းပြတယ်– “ဒီ​တောင်ပေါ်မှာ​လည်း​မဟုတ်၊ ဂျေရုဆလင်​မြို့​မှာလည်း မဟုတ်ဘဲ အဖ​ဘုရားကို ကိုးကွယ်​ရမယ့်​အချိန် ရောက်လာတော့မယ်။ . . . အဖ​ဘုရားကို နည်း​မှန်​လမ်း​ကျ ဝတ်ပြု​သူတွေဟာ စွမ်းအားတော်​လမ်းပြမှု​နဲ့​အညီ၊ အမှန်တရား​နဲ့​အညီ ကိုးကွယ်မယ့်​အချိန် ရောက်လာမယ်။ အဲဒီ​အချိန်ဟာ အခု​အချိန်ပဲ။ အဲဒီလို ကိုးကွယ်မယ့်​သူတွေကို အဖဘုရား ရှာနေ​တယ်။”—ယောဟန် ၄:၂၁၊ ၂၃၊ ၂၄

နည်း​မှန်​လမ်း​ကျ ၀တ်​ပြုသူတွေ​ဆီမှာ အဖဘုရား ရှာနေ​တာ​က ဘယ်​နေရာမှာ ၀တ်​ပြု​တာ​မဟုတ်ဘဲ ဘယ်လို ၀တ်​ပြုတယ်​ဆိုတာ​ပဲ။ အဲဒီ​အချက်ကို အမျိုးသမီး စိတ်စွဲမှတ်​သွားပြီး “ခရစ်တော်​လို့​ခေါ်တဲ့ မေရှိယ​လာမယ်​ဆိုတာ ကျွန်မ​သိပါတယ်။ သူ​လာတဲ့အခါ​ကျရင် ကျွန်မတို့ကို အားလုံး ရှင်းရှင်းလင်းလင်း ပြောပြ​ပေးလိမ့်မယ်” လို့​ပြောတယ်။—ယောဟန် ၄:၂၅

ဒီ​အခါ ယေရှု​က “အခု ခင်ဗျား​နဲ့​စကားပြော​နေတာ သူပဲ” ဆိုပြီး အရေးကြီး အမှန်တရားကို ပြောပြ​လိုက်တယ်။ (ယောဟန် ၄:၂၆) စဉ်းစားကြည့်ပါ၊ မွန်းတည့်​ချိန်မှာ ရေ​လာ​ခပ်​တဲ့​အမျိုးသမီးကို ယေရှု​က သူဟာ မေရှိယ​ဖြစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်​တယ်။ တကယ်​ဆိုရင် ဒီ​အကြောင်း ဘယ်သူ့ကိုမှ မပြောပြ​သေး​ဘူး။ ဒီ​အမျိုးသမီးကို ယေရှု မျက်နှာသာ​ပြ​လိုက်တာပဲ။

ရှမာရိ​လူ​အများကြီး ယုံကြည်​လာ​ကြ

တပည့်​တွေ ရှု​ခါ​မြို့​ထဲ​ကနေ အစား​အစား​၀ယ်​ပြီး ပြန်​လာတော့ ယာကုပ်ရဲ့​ရေတွင်း​မှာ ရှမာရိ​အမျိုးသမီးနဲ့ ယေရှု စကားပြော​နေတာကို တွေ့​လိုက်ရတယ်။ တပည့်​တွေ​ရောက်လာတဲ့​အခါ အမျိုးသမီး​က ရေ​အိုး​ကို​ထားခဲ့ပြီး မြို့ထဲ​ဝင်​သွားတယ်။

အမျိုးသမီး​က ရှု​ခါ​မြို့ထဲ​ရောက်တာနဲ့ ယေရှု​ပြောခဲ့တာ​တွေကို တခြား​သူတွေကို ပြန်​ပြောပြတယ်။ သူက “ကျွန်မ​လုပ်ခဲ့သမျှ အတိအကျ​ပြောနိုင်​သူကို တွေ့ခဲ့တယ်” လို့​ပြောတယ်။ ပြီးတော့ တခြား​သူတွေရဲ့ သိချင်စိတ်​ကို နှိုးဆွတဲ့​အနေနဲ့ “သူဟာ ခရစ်တော်​များလား။ လာ​ကြည့်ကြ​ပါ​ဦး” ဆိုပြီး ပြောလိုက်​တယ်။ (ယောဟန် ၄:၂၉) အဲဒီ​မေးခွန်း​က သိပ်​အရေးကြီးတဲ့ မေးခွန်း​ဖြစ်ပြီး မောရှေ​အချိန်​ကတည်းက စိတ်ဝင်စား​ခဲ့​ကြ​တာ။ (တရားဟောရာ ၁၈:၁၈) ဒါကြောင့် မြို့​ထဲ​ကလူ​တွေ ယေရှုကို လာ​တွေ့ကြတယ်။

အဲဒီအချိန်မှာ တပည့်​တွေ​က ယေရှုကို အစာစား​ဖို့ တိုက်တွန်း​ကြတယ်။ ဒါပေမဲ့ ယေရှု​က “ခင်ဗျားတို့​မသိတဲ့ စားစရာ ကျွန်တော့်မှာ​ရှိတယ်” လို့​ပြောလိုက်​တယ်။ တပည့်​တွေ​က “တစ်ယောက်ယောက်​က စားစရာ ယူလာ​ပေးလို့​များလား” ဆိုပြီး အချင်းချင်း မေးကြတယ်။ ယေရှု​က “ကျွန်တော့်ကို စေလွှတ်တဲ့​အရှင်ရဲ့ အလိုတော်ကို ဆောင်​တာ၊ သူ​ခိုင်း​ထားတဲ့ အလုပ်ကို ပြီးစီး​အောင် လုပ်တာဟာ ကျွန်တော့်​အတွက် စားစရာ​ပဲ” ဆိုပြီး ရှင်းပြ​လိုက်တယ်။ ယေရှုရဲ့ နောက်လိုက်​အားလုံး​အတွက် တကယ်​အဓိပ္ပာယ်​ရှိတဲ့ စကားတွေ​ပါပဲ။—ယောဟန် ၄:၃၂-၃၄

ယေရှု​ပြောတဲ့ “အလုပ်” ဆိုတာ ကောက်နှံ​ရိတ်သိမ်းခြင်း​ကို ပြော​နေတာ​မဟုတ်ဘူး။ တကယ်တော့ ရိတ်သိမ်း​ဖို့ လေးလ​လောက် လိုသေးတယ်။ ယေရှု ဆက်ပြော​တဲ့​စကားတွေ​အရ ပုံဆောင်​ရိတ်သိမ်းခြင်း လုပ်ငန်းကို ရည်ညွှန်း​နေတာ။ သူ အခုလို​ပြောတယ်– “လယ်ကွင်း​ကို လှမ်း​မျှော်ကြည့်​လိုက်ပါ။ ရိတ်​စရာ​စပါး​တွေ မှည့်​ဝင်း​နေပြီ။ ရိတ်သိမ်း​သူတွေဟာ လုပ်ခ​ကို​ရ​နေသလို အသီးအနှံ​ကိုလည်း စုသိမ်း​နေကြ​တယ်။ အဲဒီ​သီးနှံ​တွေဟာ ထာဝရ​အသက်ကို အမွေ​ရမယ့်​သူတွေ​ပဲ။ ဒါကြောင့် မျိုးကြဲသူ​ရော ရိတ်သိမ်း​သူပါ ပျော်ရွှင်​ကြတယ်။”—ယောဟန် ၄:၃၅၊ ၃၆

ရှမာရိ​အမျိုးသမီးနဲ့ တွေ့ဆုံ​တာ အကျိုးရှိ​မှန်း ယေရှု​သိ​မှာ​ပဲ။ အမျိုး​သမီး​က “ကျွန်မ လုပ်ခဲ့သမျှ သူ​အတိအကျ ပြော​နိုင်တယ်” လို့သက်သေခံတဲ့​အတွက် ရှု​ခါ​မြို့သား အတော်များများ ယေရှုကို သက်ဝင်​ယုံကြည်​လာကြတယ်။ (ယောဟန် ၄:၃၉) ဒါကြောင့် ယေရှု​ဆီ​လာပြီး သူတို့ဆီ​မှာ တည်းခိုဖို့၊ ထပ်​သွန်သင်​ပေးဖို့ တောင်းပန်​ကြတယ်။ ယေရှုလည်း လက်ခံ​လိုက်ပြီး ရှမာရိ​ပြည်မှာ နှစ်​ရက်​နေတယ်။

နောက်ထပ်​ရှမာရိ​လူ​အများကြီး​လည်း ယေရှု​သွန်သင်​တာ​ကို ကြားနာ​ရလို့ ယုံကြည်​လာကြတယ်။ သူတို့က “မင်း​ပြောလို့ ငါ​တို့ ယုံကြည်တာ မဟုတ်ဘူး​နော်။ ကိုယ်တိုင်​ကြားရ​လို့ ယုံတာ။ သူဟာ တကယ်ပဲ လောက​ကို ကယ်တင်မယ့်သူ​ဆိုတာ ငါ​တို့​သိပြီ” လို့ အမျိုးသမီးကို ပြော​ကြတယ်။ (ယောဟန် ၄:၄၂) ခရစ်တော်​အကြောင်း ဘယ်လိုသက်သေခံ​ရမယ်၊ နားထောင်​သူတွေ ပို​စိတ်ဝင်စား​လာ​အောင် သိချင်စိတ်​ကို ဘယ်လို နှိုးဆွ​ပေးရမယ်​ဆိုတာနဲ့ ပတ်သက်ပြီး ရှု​မာရိ​အမျိုးသမီး​ဟာ ပုံသက်သေ​ကောင်း​ပြခဲ့တယ်။

ရိတ်သိမ်းချိန်​ရောက်​ဖို့ လေးလ​လိုသေးတယ်​ဆိုတာ သတိရပါ။ ဒီ​ဒေသမှာ နွေဦး​ရောက်ပြီ​ဆိုရင် မုယော​စပါး​တွေ ရိတ်သိမ်း​ကြတယ်။ ဒါကြောင့် အခု​အချိန်​က နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာ​လ ဖြစ်နိုင်တယ်။ အေဒီ ၃၀၊ ပသခါပွဲ​ပြီး​တဲ့အချိန်​က​စပြီး ယေရှုနဲ့ တပည့်တွေဟာ ယုဒနယ်မှာ သွန်သင်​တာ၊ နှစ်ခြင်း​ပေးတာကို ရှစ်​လ​လောက် လုပ်ဆောင်ခဲ့​ကြတယ်။ အခု မြောက်ဘက်မှာ​ရှိတဲ့ သူတို့ရဲ့​ဇာတိ ဂါလိလဲ​နယ်​ကို ပြန်နေ​ကြပြီ။ အဲဒီမှာ ဘာတွေ​ဖြစ်ပျက်လာ​မလဲ။