အခန်း ၂၁
နာဇရက်မြို့ တရားဇရပ်မှာ
-
ဟေရှာယကျမ်းလိပ်ကို ယေရှု ဖွင့်ဖတ်
-
နာဇရက်မြို့သားတွေ ယေရှုကိုသတ်ဖို့ ကြိုးစား
နာဇရက်မြို့မှာ အုတ်အုတ်သဲသဲ ဖြစ်နေတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က နှစ်ခြင်းပေးသူ ယောဟန်ဆီမှာ နှစ်ခြင်းခံဖို့ ယေရှု မသွားခင် အဲဒီမြို့မှာ လက်သမားလုပ်ခဲ့တယ်။ အခုတော့ သူ့ကို တန်ခိုးကြီး အံ့ဖွယ်အမှုတွေ ပြုလုပ်သူဆိုပြီး သိနေကြတယ်။ ဒီတော့ မြို့သားတွေက အံ့ဖွယ်အမှုတချို့ကို မြင်ချင်ကြတယ်။
ယေရှုက သူလုပ်နေကျအတိုင်း နာဇရက်မြို့ တရားဇရပ်ကို သွားတယ်။ ဒီအခါ သူအံ့ဖွယ်အမှုတစ်ခုခု လုပ်ပြမလားဆိုပြီး လူတွေ ပိုစိတ်ဝင်စားလာကြတယ်။ “ဥပုသ်နေ့တိုင်း တရားဇရပ်တွေမှာ” လုပ်လေ့ရှိသလို အဲဒီတရားဇရပ်မှာလည်း ဆုတောင်းကြတယ်၊ မောရှေရဲ့ ပညတ်ကျမ်းတွေကို ဖတ်ရွတ်ဟောပြောကြတယ်။ (တမန်တော် ၁၅:၂၁) ပရောဖက်ကျမ်းတွေထဲက တချို့အပိုင်းတွေကိုလည်း ဖတ်ကြတယ်။ ကျမ်းစာဖတ်ဖို့ ယေရှု မတ်တတ်ရပ်လိုက်တဲ့အခါ တရားဇရပ်ကိုလာတဲ့သူ အတော်များများကို သူမှတ်မိနေမှာပဲ။ ဒါနဲ့ ပရောဖက် ဟေရှာယရေးတဲ့ ကျမ်းလိပ်ကို လှမ်းပေးကြတယ်။ ကျမ်းလိပ်ကိုဖွင့်ပြီး ရှာတဲ့အခါ ယေဟောဝါရဲ့ စွမ်းအားတော်နဲ့ ဘိသိက်ပေးထားသူအကြောင်း ဖော်ပြထားတဲ့ ကျမ်းချက်ကို တွေ့တယ်။ အခုချိန်မှာတော့ အဲဒီကျမ်းချက်ကို ဟေရှာယ ၆၁:၁၊ ၂ မှာတွေ့နိုင်တယ်။
ဘိသိက်ပေးထားသူဟာ သုံ့ပန်းတွေ လွတ်လပ်ခွင့်ရတော့မယ့်အကြောင်း၊ မျက်မမြင်တွေ ပြန်မြင်တော့မယ့်အကြောင်း၊ ယေဟောဝါဘုရားရဲ့ မျက်နှာသာကို ရနိုင်မယ့် အချိန်ကာလအကြောင်း ဟောပြောလိမ့်မယ်ဆိုပြီး ယေရှု ဖတ်ပြတယ်။ ဒီနောက် ကျမ်းစာကိုလိပ်၊ ဇရပ်မှူးဆီပြန်ပေးပြီး ထိုင်လိုက်တယ်။ လူတွေအားလုံး သူ့ကို အာရုံစိုက်နေကြတယ်။ ဒါနဲ့ ယေရှုက လူတွေကို စကားဆက်ပြောပြီး “ခင်ဗျားတို့ အခုကြားရတဲ့ ကျမ်းချက်ဟာ ဒီနေ့ ပြည့်စုံပြီ” လို့ပြောလိုက်တယ်။—လုကာ ၄:၂၁။
ယေရှုပြောတဲ့ “ယဉ်ကျေးသိမ်မွေ့တဲ့ စကားတွေကြောင့်” လူတွေအံ့သြပြီး “ဒီလူဟာ ယောသပ်ရဲ့သား မဟုတ်လား” လို့ပြောကြတယ်။ ဒါပေမဲ့ သူတို့ကြားထားတဲ့ တန်ခိုးကြီး အံ့ဖွယ်အမှုတွေကို လုပ်ပြစေချင်ကြတယ်။ အဲဒါကို ယေရှုသိတဲ့အတွက် အခုလို ပြောတယ်– “ခင်ဗျားတို့က ‘သမားတော်ကြီး၊ ကိုယ်တိုင် ကျန်းမာအောင် အရင်လုပ်ပါဦး’ ဆိုတဲ့ ဆိုရိုးစကားကို ကိုးကားပြီး ကျွန်တော့်ကိုလည်း ‘ကပေရနောင်မြို့မှာ ခင်ဗျား လုပ်ပြခဲ့တာတွေကို ကျုပ်တို့ ကြားထားတယ်။ အခု ကိုယ့်နေရင်းမြို့မှာ အဲဒီအတိုင်း လုပ်ပြပါဦး’ ဆိုပြီးပြောချင်နေမှာပဲ။” (လုကာ ၄:၂၂၊ ၂၃) ယေရှုအနေနဲ့ ကိုယ့်နေရင်းမြို့မှာ အရင်ကုသပေးသင့်တယ်၊ တစ်မြို့တည်းသားတွေရဲ့အကျိုးအတွက် အရင်လုပ်ပေးသင့်တယ်လို့ သူတို့ယူဆကြတယ်။ ဒါကြောင့် သူတို့ကို အဖက်မတန်သလို သဘောထားတယ်လို့ ထင်နေကြတယ်။
ဒါကို ယေရှုသိတဲ့အတွက် အစ္စရေးသမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တချို့အကြောင်း ပြောပြတယ်။ ဧလိယလက်ထက်တုန်းက အစ္စရေးပြည်မှာ မုဆိုးမအများကြီး ရှိပေမဲ့ ဘုရားက ဧလိယကို အဲဒီမုဆိုးမတွေဆီ မစေလွှတ်ဘူး။ အစ္စရေးလူမျိုးမဟုတ်တဲ့ ဆိုင်ဒုန်ပြည်၊ ဇရတ္တမြို့သူ မုဆိုးမဆီကိုပဲ စေလွှတ်တယ်။ အဲဒီမှာ ဧလိယဟာ အသက်ကယ်ပေးတဲ့ အံ့ဖွယ်အမှု ပြုလုပ်ခဲ့တယ်။ (၁ ဘုရင်များ ၁၇:၈-၁၆) ပရောဖက်ဧလိရှဲ လက်ထက်တုန်းကလည်း အစ္စရေးပြည်မှာ အနာကြီးရောဂါသည်တွေ အများကြီးရှိပေမဲ့ ပရောဖက်က ဆီးရီးယားလူ နေမန်တစ်ယောက်ကိုပဲ ကုသပေးခဲ့တယ်။—၂ ဘုရင်များ ၅:၁၊ ၈-၁၄။
အဲဒီ သမိုင်းအဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ပြီး သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ယုံကြည်ခြင်းကင်းမဲ့မှုကို ယေရှုဖော်ထုတ်တဲ့အခါ ဘယ်လို တုံ့ပြန်ကြသလဲ။ တရားဇရပ်မှာရှိတဲ့လူတွေ အကြီးအကျယ် ဒေါသထွက်ပြီး ယေရှုကို မြို့ပြင် ဆွဲထုတ်သွားကြတယ်။ ပြီးတော့ နာဇရက်မြို့တည်ရာ တောင်ထိပ်စွန်းကနေ ဇောက်ထိုးကျသွားအောင် တွန်းချပစ်ဖို့ လုပ်ကြတယ်။ ဒါပေမဲ့ ယေရှုက လူအုပ်ကြားထဲကနေထွက်ပြီး ရှောင်တိမ်းသွားလိုက်တယ်။ အခု ယေရှုက ဂါလိလဲအိုင် အနောက်မြောက်ဘက် ကမ်းခြေမှာရှိတဲ့ ကပေရနောင်မြို့ကို ဆင်းသွားတယ်။