မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၅

အနာကြီးရောဂါသည်ကို သနားပြီး ကုသပေး

အနာကြီးရောဂါသည်ကို သနားပြီး ကုသပေး

မဿဲ ၈:၁-၄ မာကု ၁:၄၀-၄၅ လုကာ ၅:၁၂-၁၆

  • အနာကြီး​ရောဂါသည်​ကို ကုသ​ပေး

ယေရှုနဲ့ တပည့်​လေးယောက်​တို့ “ဂါလိလဲ​နယ် တစ်လျှောက်လုံးမှာ ရှိတဲ့ တရား​ဇရပ်တွေမှာ” ဟောပြောတဲ့​အခါ ယေရှုရဲ့ အံ့ဖွယ်​အမှုတွေ​နဲ့ ပတ်သက်တဲ့ သတင်းက အရပ်ရပ်​ကို ပျံ့နှံ့​သွားတယ်။ (မာကု ၁:၃၉) အနာကြီး​ရောဂါသည်​တစ်ယောက် နေထိုင်တဲ့​မြို့ကို​လည်း အဲဒီသတင်း ရောက်လာတယ်။ အဲဒီ​လူဟာ “တစ်ကိုယ်လုံး အနာကြီး​ရောဂါ​စွဲ​နေ” တယ်လို့ သမားတော်​လုကာ ပြောတယ်။ (လုကာ ၅:၁၂) ရောဂါ​ရ​င့်​လာတာ​နဲ့​အမျှ သူ့​ခန္ဓာကိုယ်​အစိတ်အပိုင်း​တွေ တဖြည်းဖြည်း ပုံပျက်ပန်းပျက် ဖြစ်လာတယ်။

သူ့​အခြေအနေ အတော်​ဆိုး​နေလို့ လူတွေနဲ့ ဝေးဝေး​မှာ နေရ​တယ်။ ဒါ့အပြင် အနီးအနားမှာ လူတွေ ရှိနေတဲ့​အခါ “မသန့်ရှင်း​ဘူး၊ မသန့်ရှင်း​ဘူး” လို့​အော်​ရတယ်။ သူ့​နား​ကို လူတွေ မ​ကပ်​လာဖို့၊ ရောဂါ​မ​ကူးစက်​ဖို့​ပဲ။ (ဝတ်ပြုရာ ၁၃:၄၅၊ ၄၆) ဒါပေမဲ့ အခု သူ​ဘာ​လုပ်သလဲ။ ယေရှု​ဆီ လာ​ဦးညွှတ်​ပြီး “သခင်၊ ဆန္ဒ​ရှိရင် ကျွန်တော့်ကို သန့်ရှင်း​သွား​အောင် လုပ်ပေး​ပါလား” လို့ အသနားခံ​တယ်။—မဿဲ ၈:၂

ယေရှု​အပေါ်​ထားတဲ့ သူ့​ယုံကြည်ခြင်း ဘယ်လောက်တောင် ပြင်းထန်​လိုက်သလဲ။ ရောဂါဆိုး ခံစား​နေရတဲ့ သူ့​အခြေအနေ​က​လည်း သိပ်သနားစရာ​ကောင်းတယ်။ ဒီတော့ ယေရှု ဘာလုပ်​ပေးသလဲ။ သင်သာ အဲဒီမှာ​ရှိနေရင် ဘာလုပ်​ပေး​မလဲ။ ယေရှု​က သူ့ကို သနား​သွားတဲ့​အတွက် လက်နဲ့​လှမ်း​ကိုင်ပြီး “ဆန္ဒ​ရှိတာပေါ့။ သန့်ရှင်း​စေ” လို့​ပြောလိုက်​တယ်။ (မဿဲ ၈:၃) တချို့​အတွက် ယုံရခက်​နိုင်ပေမဲ့ သူ့ရဲ့​အနာကြီး​ရောဂါ ချက်ချင်း ပျောက်​သွားတယ်။

ယေရှု​လို သနား​ကြင်နာ​တတ်​ပြီး အရာရာကို စွမ်းဆောင်​နိုင်တဲ့​ဘုရင်​မျိုး သင်လို​ချင်သလား။ အနာကြီး​ရောဂါသည်​ကို ဆက်ဆံပုံ​က ကမ္ဘာ​တစ်ခုလုံးကို ယေရှု​အုပ်ချုပ်တဲ့​အခါ ဒီ​ကျမ်းစာ​ကြိုဟောချက် ပြည့်စုံ​လာမယ်​ဆိုတာ ယုံကြည်​စိတ်ချ​စေတယ်– “နိမ့်ကျ​သူတွေ၊ နွမ်းပါး​သူတွေကို သနား​လိမ့်မယ်။ ဆင်းရဲသားတွေ​ရဲ့​အသက်ကို ကယ်တင်​လိမ့်မယ်။” (ဆာလံ ၇၂:၁၃) မှန်ပါတယ်၊ အဲဒီအခါ​ကျရင် ယေရှု​က ဆင်းရဲဒုက္ခ ခံစား​နေရ​သူ အားလုံးကို သူ့​စိတ်ဆန္ဒ​ရှိတဲ့​အတိုင်း ကူညီ​ပေးပါလိမ့်မယ်။

အနာကြီး​ရောဂါသည်​ကို မ​ကုသ​ပေး​ခင်​ကတည်းက ယေရှုရဲ့ အမှုဆောင်​လုပ်ငန်း​ကြောင့် လူတွေ သိပ်​စိတ်လှုပ်ရှား​နေကြတာ။ အခုလည်း ဒီ​အံ့ဖွယ်အမှု​အကြောင်း ကြားရ​ဦး​မယ်။ ဒါပေမဲ့ ယေရှု​က တစ်ဆင့်​စကားတွေ ကြား​ပြီး သူ့ကို ယုံကြည်တာ​မျိုး မလိုချင်ဘူး။ “လမ်းမှာ သူ့​အသံကို လူတွေ​ကြား​အောင်​လုပ်မှာ မဟုတ်ဘူး” ဆိုတဲ့ ကျမ်းစာ​ကြိုဟောချက်​ကို သူ​သိထားတယ်။ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်​တာ​မျိုး သူ​မ​လုပ်​ဘူး။ (ဟေရှာယ ၄၂:၁၊ ၂) ဒါကြောင့် အနာကြီး​ရောဂါသည်​ကို “ဒီ​အကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့။ ရောဂါ​ပျောက်ပြီ​ဆိုတဲ့ အထောက်အထား​အဖြစ် ပုရောဟိတ်​ဆီ​သွားပြီး ကိုယ်ကို​ပြပါ။ မောရှေ ညွှန်ကြား​ထားတဲ့​အတိုင်း အလှူ​ကို ဆက်သ​ပါ” လို့​မှာတယ်။—မဿဲ ၈:၄

ဒါပေမဲ့ အဲဒီ​လူက ၀မ်းသာ​လွန်း​လို့ ဒီ​အကြောင်း မပြော​ဘဲ မနေနိုင်​ဘူး။ သူ​ထွက်သွား​ပြီး အဲဒီသတင်းကို လိုက်​ပြောတဲ့​အတွက် လူတွေ ပို​စိတ်ဝင်စား​လာပြီး သိချင်​လာကြတယ်။ ဒါကြောင့် ယေရှု​က မြို့ထဲ ပေါ်ပေါ်ထင်ထင် မဝင်​လာနိုင်​ဘဲ မြို့ပြင် လူသူမရှိ​တဲ့​နေရာတွေမှာ နေရ​တယ်။ ဒါပေမဲ့ အရပ်ရပ်​က လူတွေဟာ တရား​နာ​ချင်​လို့၊ ရောဂါ​ပျောက်​ချင်​လို့ သူ့​ဆီ တ​ဖွဲဖွဲ ရောက်​လာကြတယ်။