မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၆

“မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ”

“မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ”

မဿဲ ၉:၁-၈ မာကု ၂:၁-၁၂ လုကာ ၅:၁၇-၂၆

  • လေဖြတ်​နေ​သူရဲ့ အပြစ်တွေကို ခွင့်လွှတ်​ပြီး ကုသ​ပေး

အခု ရပ်​နီး​ရပ်​ဝေး​ကလူ​တွေ ယေရှုရဲ့သတင်းကို ကြားကြ​တယ်။ တရား​နာ​ချင်​လို့၊ အံ့ဖွယ်​အမှုတွေ​ကို မြင်​ချင်​လို့ သိပ်ဝေး​တဲ့ နေရာတွေကနေ​တောင် လာကြတာ။ ရက်​အနည်းငယ်​အကြာမှာ ယေရှု​က အမှုဆောင်​ချိန်​အတွင်း သူ​တည်းခို​နေကျ​ ကပေရနောင်​မြို့ကို ပြန်လာတယ်။ ဂါလိလဲ​အိုင်​ဘေးနား​က ဒီ​မြို့လေးမှာ သူ​ပြန်လာတဲ့သတင်း ချက်ချင်း​ပျံ့သွား​တာ​ကြောင့် သူ​တည်းခို​နေတဲ့​အိမ်ကို လူတွေ​အများကြီး ရောက်​လာကြတယ်။ အဲဒီ​ထဲမှာ ဂါလိလဲ​ပြည်၊ ယုဒပြည်​နဲ့ ဂျေရုဆလင်​မြို့ကနေ​လာတဲ့ ဖာရိရှဲတွေ၊ ပညတ်​ကျမ်း​ဆရာတွေ​လည်း ပါတယ်။

“အိမ်တံခါး​နား​မှာ​တောင် နေရာ​လပ် မရှိတော့တဲ့​အထိ လူ​တွေအများကြီး ရောက်လာတယ်။ အဲဒီအခါ ယေရှု​က သူတို့ကို ဟောပြော​သွန်သင်တယ်။” (မာကု ၂:၂) ဒီ​အချိန်မှာ ထူးခြား​တာတစ်ခု ဖြစ်လာတယ်။ လူတွေ ရောဂါ​ဝေဒနာ​ခံစား​ရတဲ့​ အကြောင်းရင်း​ကို  ဖယ်ရှား​ပေးနိုင်စွမ်း၊  သူ​ရွေးချယ်​ထားသူ အားလုံး​ကို ပြန်​ကျန်းမာ​လာ​အောင် လုပ်ပေး​နိုင်စွမ်း ယေရှုမှာ ရှိကြောင်း အဲဒီ​အဖြစ်အပျက်က နားလည်စေ​တယ်။

လူတွေ ပြည့်ကျပ်​နေတဲ့ အခန်း​ထဲမှာ ယေရှု သွန်သင်​နေတုန်း လေဖြတ်​နေ​သူတစ်ယောက်ကို လူ​လေးယောက် ထမ်း​ခေါ်လာ​တယ်။ သူတို့ရဲ့​မိတ်ဆွေ​ကို ကုသ​ပေး​စေ​ချင်​ပေမဲ့ လူအုပ်​ကြောင့် “ယေရှု​ဆီ​ကို ဝင်​သွား​လို့ မရဘူး။” (မာကု ၂:၄) သူတို့​တော်တော်လေး စိတ်ညစ်​သွားမှာပဲ။ ဒါနဲ့ အိမ်မိုးပေါ်​တက်ပြီး မျက်နှာကြက်​ကို ဖောက်​လိုက်တယ်။ ပြီးတော့ လေဖြတ်​နေ​သူကို ထမ်း​စင်​နဲ့ လျှောချ​ကြတယ်။

အဲဒီလိုလုပ်​တာ​ကို ယေရှု စိတ်ဆိုးသလား။ စိတ်မဆိုး​ပါဘူး။ သူတို့ရဲ့​ယုံကြည်ခြင်းကို သိပ်​အထင်ကြီး လေးစား​သွားတဲ့​အတွက် လေဖြတ်​နေ​သူကို “မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်​လိုက်ပြီ” လို့​ပြောတယ်။ (မဿဲ ၉:၂) ယေရှု​က တကယ်ပဲ အပြစ်တွေကို ခွင့်လွှတ်​ပေး​နိုင်သလား။ ဖာရိရှဲနဲ့ ကျမ်းတတ်​တချို့က “ဒီ​လူ ဘာလို့ အဲဒီလို​ပြောတာလဲ။ ဒါဟာ ဘုရားကို စော်ကား​ပြောဆို​နေတာ​ပဲ။ ဘုရားသခင်က​လွဲ​ရင် ဘယ်သူ အပြစ်လွှတ်​ပိုင်ခွင့် ရှိလို့လဲ” ဆိုပြီး တွေး​နေကြ​တယ်။—မာကု ၂:၇

ယေရှု​က သူတို့ ဘာ​တွေး​နေမှန်း သိတဲ့​အတွက် “ဘာလို့ ဒီလို​တွေး​နေကြတာ​လဲ။ လေဖြတ်​နေ​သူကို ‘မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်​လိုက်ပြီ’ လို့​ပြောတာနဲ့ ‘ထပါ။ ထမ်း​စင်​ကို သယ်​ပြီး လမ်းလျှောက်​ပါ’ လို့​ပြောတာ ဘယ်ဟာ​က ပို​ပြော​လွယ်သလဲ” လို့​ မေးလိုက်တယ်။ (မာကု ၂:၈၊ ၉) မှန်ပါတယ်၊ ယေရှုဟာ အချိန်တန်​ရင် သူ​ပေးဆက်​မယ့် ပူဇော်သက္ကာ​အပေါ် အခြေပြု​ပြီး အဲဒီ​လူရဲ့​အပြစ်တွေကို ခွင့်လွှတ်​ပေး​နိုင်တယ်။

အဲဒီနောက် ယေရှု​က သူဟာ ကမ္ဘာပေါ်မှာ အပြစ်လွှတ်​ပိုင်ခွင့်​ရှိ​မှန်း လူအုပ်​ကို​ရော၊ ဝေဖန်သူ​တွေကို​ပါ သက်သေပြ​လိုက်တယ်။ လေဖြတ်​နေ​သူ​ဘက်​ကို လှည့်​ပြီး “ကျွန်တော်​ပြောမယ်။ ထပါ။ ထမ်း​စင်​ကိုသယ်​ပြီး အိမ်​ပြန်တော့” လို့​ပြောတယ်။ ချက်ချင်းပဲ လူအားလုံး​ရှေ့မှာ အဲဒီ​လူက ထပြီး ထမ်း​စင်​ကိုသယ်​ရင်း ထွက်သွား​တယ်။ လူတွေလည်း တအံ့တသြ​နဲ့ “ဒါမျိုး တစ်ခါ​မှ မမြင်ဖူး​ဘူး” ဆိုပြီး ဘုရားရဲ့​ဘုန်းတော်ကို ချီးမွမ်းကြတယ်။—မာကု ၂:၁၁၊ ၁၂

ယေရှု​က အပြစ်ကို ဖျားနာခြင်း၊ အပြစ်​ခွင့်လွှတ်​ခံရ​ခြင်း​ကို ကျန်းမာခြင်း​တို့နဲ့ ဆက်စပ်​ဖော်ပြခဲ့တာ မှတ်သား​စ​ရာ​ပဲ။ အာဒံရဲ့​အပြစ်​ကြောင့် ကျွန်တော်တို့​အားလုံး အပြစ်ရဲ့​အကျိုးဆက်​ဖြစ်တဲ့ ဖျားနာခြင်းနဲ့ သေခြင်းကို အမွေခံ​ရတယ်​ဆိုပြီး ကျမ်းစာ​သွန်သင်တယ်။ ဒါပေမဲ့ ဘုရား​နိုင်ငံတော် အုပ်ချုပ်မှု​အောက်မှာ ဘုရားကို​ချစ်​ပြီး ဝတ်ပြု​ကိုးကွယ်သူ​အားလုံးရဲ့ အပြစ်တွေကို ယေရှု ခွင့်လွှတ်​ပေးပါလိမ့်မယ်။ အဲဒီ​အချိန်ကျရင် ဖျားနာခြင်း ထာဝစဉ် ပျောက်ကွယ်​သွားပါလိမ့်မယ်။—ရောမ ၅:၁၂၊ ၁၈၊ ၁၉