မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၇

မဿဲကို ဖိတ်ခေါ်

မဿဲကို ဖိတ်ခေါ်

မဿဲ ၉:၉-၁၃ မာကု ၂:၁၃-၁၇ လုကာ ၅:၂၇-၃၂

  • အခွန်ခံ​မဿဲ​ကို ဖိတ်ခေါ်

  • အပြစ်သားတွေ​နဲ့ ပေါင်းသင်း​ပြီး ကူညီပေး

လေဖြတ်​နေ​သူကို ကုသ​ပေးပြီး​နောက် ယေရှု​က ဂါလိလဲ​အိုင်​နား၊ ကပေရနောင်​မြို့မှာ ဆက်နေ​တယ်။ လူတွေ ထပ်​ရောက်လာတော့ စပြီး သွန်သင်​ပေးတယ်။ ဒီ​နောက် ယေရှု ထွက်သွားတဲ့​အခါ အခွန်​ရုံး​မှာ လေဝိ​လို့​ခေါ်တဲ့ မဿဲ ထိုင်နေတာ​မြင်​တော့ “ကျွန်တော့်​နောက်လိုက် လုပ်ပါ” လို့ ဖိတ်ခေါ်​လိုက်တယ်။—မဿဲ ၉:၉

မဿဲ​လည်း ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့​လို​ပဲ ယေရှုရဲ့ သွန်သင်ချက်တွေ၊ ဒီ​ဒေသမှာ​လုပ်တဲ့ အံ့ဖွယ်​အမှုတွေ​ကို အတော်အသင့် ကြား​ထားလို့ သူတို့​လို​ပဲ ချက်ချင်း တုံ့ပြန်​တယ်။ မဿဲ​က သူ​ရေး​တဲ့ ခရစ်ဝင်ကျမ်း​မှာ “သူ [မဿဲ] က ထပြီး” ယေရှု​နောက် “လိုက်​လာတယ်” လို့ ဖော်ပြ​ထားတယ်။ (မဿဲ ၉:၉) ဒီလို​နည်းနဲ့ မဿဲ​ဟာ အခွန်ခံ​အလုပ်ကို စွန့်လွှတ်​ပြီး ယေရှုရဲ့​တပည့် ဖြစ်လာတယ်။

နောက်ပိုင်းမှာ မဿဲ​က သူ့​အိမ်မှာ စားသောက်ပွဲကြီး တည်ခင်း​တယ်။ ယေရှုရဲ့ အထူး​ဖိတ်ခေါ်ချက်​အတွက် ကျေးဇူးတင်လို့​ဖြစ်မယ်။ အဲဒီမှာ ယေရှုနဲ့ တပည့်​တွေ​အပြင် မဿဲရဲ့​မိတ်ဆွေဟောင်း အခွန်ခံ​တချို့ကို​လည်း ဖိ​တ်​ထား​သေးတယ်။ သူတို့က ဂျူးတွေ​မုန်းတဲ့ ရောမ​အစိုးရ​အတွက် အခွန်ကောက်​ပေး​ရတယ်။ ဆိပ်ကမ်း​ကပ်​တဲ့သင်္ဘော​တွေ၊ လမ်းမကြီး​တွေ​မှာ သွားလာ​တဲ့ ကုန်သည်​ယာဉ်​တန်း​တွေ၊ သွင်း​ကုန်ပစ္စည်း​တွေ​အတွက် အခွန်ကောက်​တာ​လည်း ပါတယ်။ အဲဒီ​အခွန်ခံ​တွေကို ဂျူးတွေ ဘယ်လို သဘောထားသလဲ။ သူတို့က သတ်မှတ်​ထားတဲ့ အခွန်ငွေ​ထက် ပို​တောင်း​ပြီး ငွေညှစ်​တတ်​လို့ သူတို့ကို ဂျူးတွေ တော်​တော်​အထင်သေး​တယ်။ မကောင်းတာတွေ​လုပ်လို့ နာမည်​ဆိုး​ထွက်နေတဲ့ ‘အပြစ်သားတွေ’ လည်း စားသောက်ပွဲ​မှာ ပါတယ်။—လုကာ ၇:၃၇-၃၉

ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့​ထင်နေတဲ့ ဖာရိရှဲတွေက အဲဒီလိုလူ​တွေ​နဲ့ ယေရှု ပေါင်းသင်း​နေတာကို မြင်​တော့ “မင်းတို့ရဲ့​ဆရာက ဘာလို့ အခွန်ခံ​တွေ၊ အပြစ်သားတွေ​နဲ့​အတူ စားသောက်တာလဲ” လို့ တပည့်​တွေကို မေးတယ်။ (မဿဲ ၉:၁၁) ဒါကို ကြား​တော့ ယေရှု​က “ကျန်းမာ​သူတွေ​အတွက် သမားတော် မလိုဘူး။ ဖျားနာ​သူတွေ​အတွက်ပဲ လို​တာ။ ‘ပူဇော်သက္ကာ​ကို ငါ​မလိုချင်ဘူး။ သနား​ကြင်နာ​တတ်တာ​ကိုပဲ လိုချင်​တယ်’ ဆိုတဲ့ ကျမ်းစကား​ရဲ့ အဓိပ္ပာယ်​ကို ခင်ဗျားတို့ သွားပြီး လေ့လာ​လိုက်ပါ​ဦး။ ကျွန်တော်​လာတာ​က ဖြောင့်မတ်​သူတွေကို ခေါ်​ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်​ဖို့​ပဲ” ဆိုပြီး​ပြောတယ်။ (မဿဲ ၉:၁၂၊ ၁၃။ ဟောရှေ ၆:၆) ဖာရိရှဲတွေက ယေရှုကို “ဆရာ” လို့​ခေါ်​ပေမဲ့ စိတ်ရင်းနဲ့​ခေါ်​တာ မဟုတ်ဘူး။ မှန်ကန်တဲ့​အရာနဲ့ ပတ်သက်ပြီး ယေရှု​ဆီကနေ သင်ယူ​ချင်စိတ် မရှိကြဘူး။

ယေရှု ဟောပြောတာကို နားထောင်စေချင်​လို့၊ ပုံဆောင်​ကုသမှု ခံယူ​စေ​ချင်​လို့ အခွန်ခံ​တွေ၊ အပြစ်သားတွေကို မဿဲ ဖိတ်ခေါ်​ထားမှန်း သိသာ​ပါတယ်။ ဒါကြောင့်လည်း “သူတို့​ထဲ​က အများစုဟာ ယေရှုရဲ့ နောက်လိုက် ဖြစ်လာတယ်။” (မာကု ၂:၁၅) သူတို့တွေ ဘုရားနဲ့​ဆက်ဆံရေး ပြန်ကောင်း​လာ​အောင် ယေရှု ကူညီ​ပေးချင်တယ်။ ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ ထင်နေတဲ့ ဖာရိရှဲတွေ​နဲ့ ယေရှု မတူဘူး။ အခွန်ခံ​တွေ၊ အပြစ်သားတွေကို အထင်မသေး​ဘူး။ ယေရှုမှာ သနား​ကြင်နာစိတ်၊ ကရုဏာ​စိတ် ရှိတယ်။ ဘုရားနဲ့ ဆက်ဆံရေး​ကောင်း မရှိသူတွေ၊ တစ်နည်းအားဖြင့် ပုံဆောင်သဘော​အရ ဖျားနာ​နေ​သူ​အားလုံးကို ယေရှု ကုသ​ပေး​နိုင်တယ်။

အခွန်ခံ​တွေ၊ အပြစ်သားတွေကို ယေရှု ကရုဏာ​ပြတာက သူတို့​ကျူးလွန်တဲ့​အပြစ်တွေကို လျစ်လျူရှု​လိုက်တာ မဟုတ်ဘူး။​ ကာယပိုင်း မကျန်းမာ​သူတွေကို သနား​ကရုဏာ​ပြသ​လို အဲဒီ​ လူတွေကိုလည်း သနား​ကရုဏာ​ပြတာ ဖြစ်တယ်။ အနာကြီး​ရောဂါသည်​ကို လက်နဲ့​ကိုင်ပြီး “ဆန္ဒ​ရှိတာပေါ့။ သန့်ရှင်း​စေ” လို့​ပြောခဲ့တာကို ပြန်သတိရပါ။ (မဿဲ ၈:၃) ကျွန်တော်တို့လည်း အကူအညီ လိုအပ်​နေ​သူတွေကို အဲဒီလို သနား​ကရုဏာ​ပြသင့်တယ် မဟုတ်လား။ အထူးသဖြင့် သူတို့တွေ ဘုရားနဲ့​ဆက်ဆံရေး ပြန်ကောင်း​လာ​အောင် ကူညီပေးသင့်တယ် မဟုတ်လား။