မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၈

ယေရှုရဲ့တပည့်တွေ ဘာလို့ အစာမရှောင်တာလဲ

ယေရှုရဲ့တပည့်တွေ ဘာလို့ အစာမရှောင်တာလဲ

မဿဲ ၉:၁၄-၁၇ မာကု ၂:၁၈-၂၂ လုကာ ၅:၃၃-၃၉

  • ယောဟန်ရဲ့ တပည့်​တွေ​က အစာ​ရှောင်ခြင်း​အကြောင်း ယေရှုကို​မေး

အေဒီ ၃၀၊ ပသခါပွဲ​ကို ယေရှု တက်ရောက်​ပြီးနောက် တစ်ချိန်ချိန်မှာ နှစ်ခြင်း​ပေးသူ​ယောဟန် ထောင်ချ​ခံခဲ့ရတယ်။ ယောဟန်​က သူ့​တပည့်​အားလုံးကို ယေရှုရဲ့​နောက်လိုက် ဖြစ်စေချင်တယ်။ ဒါပေမဲ့ သူ​ထောင်ချ​ခံရပြီး လ​အတော်ကြာ​တဲ့​အထိ တပည့်​တချို့​ပဲ ယေရှု​နောက်လိုက် ဖြစ်လာတယ်။

အခု အေဒီ ၃၁၊ ပသခါပွဲ ရောက်တော့​မယ်။ ယောဟန်ရဲ့​တပည့်​တချို့ ယေရှု​ဆီ​လာပြီး “ကျွန်တော်တို့​ရော ဖာရိရှဲတွေ​ပါ အစာ​ရှောင်ကြတယ်။ ဆရာ့​တပည့်​တွေ​ကျတော့ ဘာလို့ အစာ​မရှောင်​တာလဲ” ဆိုပြီး မေးတယ်။ (မဿဲ ၉:၁၄) ဖာရိရှဲတွေက ဘာသာ​ရေး​ထုံးတမ်း တစ်ခု​အနေနဲ့ အစာ​ရှောင်ကြတယ်။ နောက်ပိုင်း ယေရှု ပြောပြတဲ့ ပုံဥပမာ​တစ်ခုမှာ​ဆိုရင် ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ ထင်နေတဲ့ ဖာရိရှဲက “ဘုရားသခင်၊ ကျွန်တော်ဟာ အများ​တကာ​လို . . . မဟုတ်တဲ့​အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က တစ်ပတ်​မှာ နှစ်ကြိမ် အစာရှောင်​ပါတယ်” လို့​ဆုတောင်းတယ်။ (လုကာ ၁၈:၁၁၊ ၁၂) ယောဟန်ရဲ့​တပည့်တွေလည်း ထုံးစံ​တစ်ခု​အနေနဲ့ အစာရှောင်​တာ ဖြစ်နိုင်တယ်။ ဒါမှ​မဟုတ် ယောဟန် ထောင်ကျ​နေလို့ ဝမ်းနည်း​တဲ့​အနေနဲ့ အစာရှောင်​တာ​လည်း ဖြစ်နိုင်တယ်။ ယေရှုရဲ့​တပည့်​တွေ​ကျတော့ ဘာလို့ အစာ​မရှောင်​တာလဲ​ဆိုပြီး သူတို့ သိချင်​နေကြ​တယ်။ တကယ်​ဆိုရင် ယောဟန်​အတွက် ဝမ်းနည်း​ကြောင်း ပြတဲ့အနေနဲ့ အစာရှောင်သင့်တယ်လို့ ထင်နေ​ကြ​တာ။

ယေရှု​က ဒီ​ဥပမာ​ကို သုံးပြီး အဖြေ​ပေးတယ်– “သတို့သားရဲ့ သူငယ်ချင်းတွေက သတို့သား​နဲ့​အတူ ရှိနေ​ချိန်မှာ ဝမ်းနည်းပူဆွေး​ကြ​လို့လား။ ဒါပေမဲ့ သတို့သား​ကို သူတို့ဆီကနေ ခေါ်သွား​မယ့်​နေ့ ရောက်လာ​လိမ့်မယ်။ အဲဒီအခါ​ကျ​မှ သူတို့ အစာရှောင်​လိမ့်မယ်။”—မဿဲ ၉:၁၅

ယောဟန်​ကိုယ်တိုင်​က ယေရှုကို သတို့သား​အဖြစ် ရည်ညွှန်း​ပြောဆို​ခဲ့​တယ်။ (ယောဟန် ၃:၂၈၊ ၂၉) ဒါကြောင့် ယေရှု ရှိနေ​ချိန်မှာ သူ့​တပည့်​တွေ အစာ​မရှောင်​ကြဘူး။ ယေရှု သေဆုံးချိန်​မှာ​တော့ တပည့်​တွေ ဝမ်းနည်းပူဆွေး​ပြီး အစာစား​ချင်စိတ်​ရှိ​မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ​ရှင်ပြန်ထမြောက်​လာချိန်​မှာ အခြေအနေ ပြောင်းလဲ​သွားပြီ။ ဝမ်းနည်း​ပြီး အစာရှောင်​စ​ရာ​အကြောင်း မရှိတော့ဘူး။

အဲဒီနောက် ယေရှု​က ပုံဥပမာ​နှစ်ခု ပြောပြတယ်– “ဟောင်းနွမ်း​နေတဲ့ အဝတ်ကို ပိတ်စ​အသစ်​နဲ့ ဖာလေ့​မရှိဘူး။ ဖာ​ရင် ပိတ်စ​အသစ်​က ရုန်း​တဲ့​အတွက် အဝတ် ပို​ပြဲ​သွားမှာ​ပေါ့။ သားရေ​ဘူး​ဟောင်း​ထဲ စပျစ်ဝိုင်​အသစ် ထည့်​လေ့​မရှိဘူး။ ထည့်​ရင် သားရေ​ဘူး ကွဲ​ထွက်ပြီး စပျစ်ဝိုင်​လည်း ယို၊ သားရေ​ဘူး​လည်း ပျက်စီး​သွားမှာ​ပေါ့။ ဒီတော့ နှစ်ခု​လုံး မဆုံးရှုံး​အောင် သားရေ​ဘူးသစ်​ထဲမှာ​ပဲ ထည့်​လေ့​ရှိတယ်။” (မဿဲ ၉:၁၆၊ ၁၇) ယေရှု ဘာကို ပြောချင်တာ​လဲ။

အစာ​ရှောင်ခြင်း​လို​မျိုး ဂျူး​ဘာသာရေး ထုံးစံ​အဟောင်း​တွေကို ယေရှုရဲ့​နောက်လိုက်​တွေ လိုက်လျှောက်​ရမယ်လို့ ဘယ်သူမှ မမျှော်လင့်သင့်​မှန်း နှစ်ခြင်း​ပေးသူ​ယောဟန်ရဲ့ တပည့်​တွေကို နားလည်စေ​ချင်​တာ။ ဖယ်ရှားခံရ​တော့​မယ့် ဝတ်ပြုရေး​စနစ်၊ ဟောင်းနွမ်း​ပြီး အသုံးမဝင်​တော့​တဲ့ ဝတ်ပြုမှု​ပုံစံကို ဖာထေး​ဖို့၊ သက်​ဆိုး​ရှည်​အောင်လုပ်ဖို့ ယေရှု​လာတာ မဟုတ်ဘူး။ ယေရှု​အားပေး​ထောက်ခံ​တဲ့ ဝတ်ပြုရေးဟာ အဲဒီအချိန်မှာ​ရှိတဲ့ ဂျူး​ဘာသာရေး​နဲ့ လူ့​ထုံးတမ်းစဉ်လာတွေ​နောက်ကို မလိုက်ဘူး။ ယေရှု​က ဟောင်းနွမ်း​နေတဲ့ အဝတ်ကို ပိတ်စ​အသစ်​နဲ့ ဖာ​မှာ​မဟုတ်ဘူး၊ သားရေ​ဘူး​ဟောင်း​ထဲ စပျစ်ဝိုင်​အသစ် ထည့်​မှာ​မဟုတ်ဘူး။