မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၀

ယေရှုနဲ့ သူ့ဖခင်ရဲ့ ဆက်ဆံရေး

ယေရှုနဲ့ သူ့ဖခင်ရဲ့ ဆက်ဆံရေး

ယောဟန် ၅:၁၇-၄၇

  • ဘုရားသခင်ဟာ ယေရှုရဲ့​ဖခင်​ဖြစ်

  • ရှင်ပြန်ထမြောက်ခြင်း ကတိတော်

လူတစ်ယောက်ကို ကုသ​ပေးတဲ့​အတွက် ဥပုသ်​ပညတ်ကို ချိုးဖောက်တာပဲ​လို့ ဂျူး​တချို့ စွပ်စွဲ​တဲ့အခါ ယေရှု​က “ကျွန်တော့်ရဲ့ အဖဘုရား​ဟာ အခု​ချိန်​ထိ အလုပ်လုပ်​နေတုန်းပဲ။ ကျွန်တော်လည်း အလုပ်​လုပ်မှာ​ပဲ” လို့​ပြန်​ပြောတယ်။—ယောဟန် ၅:၁၇

တကယ်တော့ ယေရှု​က ဥပုသ်​နေ့​နဲ့ ပတ်သက်တဲ့ ဘုရား​ပညတ်ကို ချိုးဖောက်​နေတာ မဟုတ်ဘူး။ သူ့ရဲ့​ဟောပြောခြင်းနဲ့ ကုသခြင်း​က ဘုရား​ပြုလုပ်တဲ့ ကောင်းမှုတွေကို တုပ​နေတာ။ ဒါကြောင့် ယေရှုဟာ ကောင်းမှုတွေကို နေ့တိုင်း​လုပ်တယ်။ ဒါပေမဲ့ သူပြန်​ပြောတဲ့​စကား​ကြောင့် စွပ်စွဲသူတွေ​ ပို​ဒေါသ​ထွက်လာပြီး သူ့ကို​သတ်ဖို့​တောင် ကြံစည်​ကြတယ်။ ဘာကြောင့်လဲ။

ဥပုသ်​ပညတ်ကို ယေရှု ချိုးဖောက်​နေတယ်လို့ သူတို့ တလွဲ​ယူဆတဲ့​အပြင် သူ့ကိုယ်သူ ဘုရားရဲ့သား​ဆိုပြီး ပြောလို့လည်း အကြီးအကျယ် ဒေါသ​ထွက်ကြ​တယ်။ ယေဟောဝါ​ဘုရားကို ဖခင်​လို့ ပြောလိုက်တဲ့​အတွက် ကိုယ့်ကိုယ်ကိုယ် ဘုရားနဲ့​တန်းတူ​ဖြစ်အောင် လုပ်တယ်၊ ဘုရားကို စော်ကားတယ်လို့ ထင်ကြတယ်။ ယေရှု​ကတော့ ဘုရားနဲ့ သူ့ရဲ့ အထူး​ဆက်ဆံရေး​အကြောင်းကို မကြောက်မရွံ့ အခုလို ထပ်​ရှင်းပြတယ်– “အဖ​ဘုရားက သားတော်ကို ချစ်ခင်​တွယ်တာ​လို့ မိမိ​လုပ်ဆောင်သမျှ သားတော်ကို ပြတယ်။”—ယောဟန် ၅:၂၀၊။

အဖဘုရား​ဟာ အသက်ပေး​ရှင်​ဖြစ်တယ်။ အတိတ်​တုန်း​က​လည်း လူတွေကို​တန်ခိုး​ပေးပြီး သေလွန်သူတွေကို အသက်ပြန်ရှင်​စေခဲ့တယ်။ ဒါကြောင့် “အဖ​ဘုရားက သေလွန်သူတွေကို အသက်ပြန်ရှင်​စေသလို သားတော်​က​လည်း အလိုရှိတဲ့​သူကို အသက်ပြန်ရှင်​အောင် လုပ်ပေးမှာ​ပဲ” လို့ ယေရှု​ပြောတယ်။ (ယောဟန် ၅:၂၁) ဒီ​စကားတွေက တကယ့်ကို အဓိပ္ပာယ်​ရှိတဲ့​အပြင် အနာဂတ်​အတွက်လည်း မျှော်လင့်ချက်​ရှိစေတယ်။ အခု​ချိန်မှာတောင် သားတော်​က ပုံဆောင်သဘော​အရ သေနေ​သူတွေကို အသက်ပြန်ရှင်​အောင် လုပ်ပေး​နေတယ်။ “ကျွန်တော့်​စကားကို ကြားနာ​ပြီး ကျွန်တော့်ကို​စေလွှတ်တဲ့​အရှင်ကို ယုံကြည်​ရင် ထာဝရ​အသက် ရလိမ့်မယ်။ တရား​စီရင်​မခံရ​ဘဲ သေခြင်းကို ကျော်လွန်ပြီး အသက်ကို ရလိမ့်မယ်” လို့ ယေရှု​ပြောတယ်။—ယောဟန် ၅:၂၄

ဒီ​အချိန်​ထိ​တော့ သေလွန်သူတွေကို ယေရှု​ပြန်ရှင်​စေတယ်​ဆိုတဲ့ မှတ်တမ်း​မရှိ​သေး​ပေမဲ့ ရှင်ပြန်ထမြောက်ခြင်း တကယ်​ဖြစ်လာမယ်​ဆိုတာ စွပ်စွဲသူ​တွေကို အခုလို ပြောပြတယ်– “သင်္ချိုင်းဂူ​တွေ​မှာ ရှိနေ​သူ​အားလုံး သားတော်ရဲ့​အသံကို ကြား​ပြီး ထွက်လာ​မယ့်​အချိန် ရောက်လာတော့မယ်။”—ယောဟန် ၅:၂၈၊ ၂၉

ယေရှုရဲ့​အခန်းကဏ္ဍ​ဟာ ထူးခြား​တာ မှန်ပေမဲ့ သူဟာ ဘုရားရဲ့ လက်အောက်ခံ​ဖြစ်မှန်း အခုလို ရှင်းပြတယ်– “ကျွန်တော်က ကိုယ်တိုင်​အစပြု​ပြီး ဘာတစ်ခုမှ မ​လုပ်​ဘူး။ ကိုယ့်​ဆန္ဒ​အတိုင်း မလုပ်ဘဲ ကျွန်တော့်ကို စေလွှတ်တဲ့​အရှင်ရဲ့ ဆန္ဒ​အတိုင်းပဲ လုပ်တယ်။” (ယောဟန် ၅:၃၀) ယေရှု​က ဘုရားရဲ့​ရည်ရွယ်ချက်မှာ သူ့ရဲ့​အဓိက​အခန်းကဏ္ဍ​အကြောင်း အခုလို​မျိုး လူရှေ့​သူ​ရှေ့ တစ်ခါ​မှ မပြောဖူး​သေး​ဘူး။ ဒါပေမဲ့ စွပ်စွဲသူ​တွေဟာ ယေရှုသက်သေခံ​တာ​ထက် ပို​သိထားကြတယ်။ “ခင်ဗျားတို့ ယောဟန်ဆီ လူ​လွှတ်လိုက်သား​ပဲ။ သူက အမှန်တရား​ဘက်က​နေ သက်သေခံ​ခဲ့​တယ်” လို့ ယေရှု​ပြောတယ်။—ယောဟန် ၅:၃၃

လွန်ခဲ့တဲ့ နှစ်နှစ်​လောက်​က ဂျူး​ဘာသာရေး ခေါင်းဆောင်​တွေကို ယောဟန်​က သူ့​နောက်မှာ​ရောက်လာမယ့် “ပရောဖက်၊” “ခရစ်တော်” အကြောင်း ပြောခဲ့တာကို စွပ်စွဲသူ​တွေ ကြားဖူး​မှာ​ပဲ။ (ယောဟန် ၁:၂၀-၂၅) အခု​ထောင်ကျ​နေတဲ့ ယောဟန်​ကို တစ်ချိန်က သူတို့ လေးစား​ခဲ့​တာ​နဲ့ ပတ်သက်ပြီး “ခင်ဗျားတို့​က သူ့ရဲ့​အလင်း​မှာ ခဏတာ​တော့ ပျော်ရွှင်​ချင်ကြတယ်” လို့ ယေရှု​ပြောတယ်။ (ယောဟန် ၅:၃၅) တကယ်တော့ ယောဟန်​ထက် ပို​ကြီးမြတ်တဲ့ သက်သေခံချက် ယေရှု​ဆီမှာ​ရှိတယ်။

“[အခု​လေး​တင် လုပ်ခဲ့တဲ့ ကုသခြင်း အပါအဝင်] ကျွန်တော်​လုပ်နေတဲ့ ဒီ​အလုပ်တွေ ကိုယ်နှိုက်​ဟာ ကျွန်တော့်ကို အဖဘုရား စေလွှတ်​တယ်​ဆိုတဲ့ သက်သေ​ပဲ။ ကျွန်တော့်ကို​စေလွှတ်တဲ့ အဖဘုရား​ကိုယ်တိုင်လည်း ကျွန်တော့်သက်သေ​ပဲ” လို့ ယေရှု​ပြောတယ်။ (ယောဟန် ၅:၃၆၊ ၃၇) ဥပမာ​အနေနဲ့ ယေရှု​နှစ်ခြင်း​ခံ​ချိန်မှာ ဘုရားကိုယ်တိုင် သက်သေခံ​ခဲ့​တယ်။—မဿဲ ၃:၁၇

မှန်ပါတယ်၊ စွပ်စွဲသူ​တွေ​မှာ ယေရှုကို ငြင်းပယ်ဖို့ ဘာ​အကြောင်းပြချက်​မှ မရှိဘူး။ သူတို့​ဖတ်ရှု​လေ့လာတဲ့ ကျမ်းစောင်တွေကိုယ်နှိုက်​က ယေရှု​အကြောင်း သက်သေခံ​တယ်။ ဒါကြောင့် “မောရှေ​ကို​ယုံ​ရင် ကျွန်တော့်ကိုလည်း ယုံ​ရမှာ​ပေါ့။ မောရှေ​က ကျွန်တော့်​အကြောင်း ရေးခဲ့သား​ပဲ။ သူ​ရေးခဲ့တာ​ကို မယုံ​ရင် ကျွန်တော်​ပြောတာကို ခင်ဗျားတို့ ဘယ်လိုလုပ် ယုံ​နိုင်ကြ​မှာ​လဲ” ဆိုပြီး နိဂုံးချုပ်​လိုက်တယ်။—ယောဟန် ၅:၄၆၊ ၄၇